မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေ သော ဂျက်လေယာဉ်၏ လေယာဉ်မှူးတဦးက လေကြောင်းထိန်းသိမ်းရေး စခန်းသို့ ပြဿနာ တစုံတရာ မရှိကြောင်း ပြောဆိုခြင်းမပြုမီ အချိန်ကတည်းက လေယာဉ်၏ အချက်ပြစနစ်တခုကို ပိတ်ထားခဲ့ပြီး ဖြစ်ကြောင်း မလေးရှား ထိပ်တန်းအရာရှိကြီးတဦးက မတ်လ ၁၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက် သည်။
မတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပို့ဆောင်ရေးဝန်ကြီးအဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်နေသူ မလေးရှား ကာကွယ် ရေးဝန်ကြီး Hishammuddin Hussein က “ဟုတ် ပါတယ်၊ အဲဒီအချိန်မတိုင်မီကတည်းက ပိတ်ထားခဲ့ ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် လေယာဉ်လမ်းကြောင်းပြောင်းလဲ သွားခြင်းတွင် လေယာဉ်မှူး ၁ ဦး သို့မဟုတ် ၂ ဦး စလုံး ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် အယူအဆကို ပိုမိုအားကောင်းစေခဲ့ပြီး ၎င်းတို့၏ နောက်ကြောင်း ရာဇဝင်များနှင့် ဖြစ်နိုင်ဖွယ်ရာ အကြောင်းရင်းများကို အရေးတကြီး စုံစမ်းဖော်ထုတ်ဖို့ ထပ်ဖြစ်လာရသည်။
MH370 လေယာဉ်သည် မူလလမ်းကြောင်းမှ နေ၍ ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပြီး မိုင်ပေါင်း ထောင်နှင့်ချီကာ ဆက်လက်ပျံသန်းခဲ့သည်ဆိုသော ဖြစ်နိုင်ခြေက အားကောင်းလာသည့် အချိန်တွင် မလေးရှားအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုတွေ ပိုများလာသည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) က စစ်တပ်ရေဒါနှင့် ဂြိုဟ်တုမှ အချက် အလက်များအရ လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း အင်ဒိုနီးရှား ပိုင်နက်တနေရာ သို့မဟုတ် လာအိုနိုင်ငံမြောက်ပိုင်းမှသည် တရုတ်နိုင်ငံအနောက် ပိုင်းတလျှောက် အာရှအလယ်ပိုင်း အလွန်ကျယ်ပြန့် သော နယ်မြေများအထိ ရောက်ရှိသွားနိုင်ကြောင်း မတ်လ ၁၅ ရက်နေ့တွင် အသိအမှတ်ပြု ပြောကြားခဲ့သည်။ လေယာဉ်ကို ရှာဖွေရန်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံကို ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို ကြောင်းလည်း မလေးရှားအာဏာပိုင်များက ပြော သည်။ ထိုအထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။
မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏အဆိုအရ မလေးရှားအာဏာပိုင်များက ပျောက်ဆုံး နေသောလေယာဉ်ကို မြန်မာ့ရေပိုင်နက်အတွင်းတွင် ၇ ရက်ကြာ ရှာဖွေခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး မြန်မာ အစိုးရက ခွင့်ပြုချက်ပေးလိုက်ကြောင်း၊ ပျောက်ဆုံး မလေးရှား လေယာဉ်ရှာဖွေမှုကို အကူအညီပေးရန် မြန်မာအစိုးရက ကယ်ဆယ်ရေးကော်မတီတခုဖွဲ့စည်း ထားသော်လည်း မလေးရှားနိုင်ငံက တရားဝင်အကူ အညီတောင်းခံလာမှသာ ရှာဖွေရေးတွင် ပါဝင်ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက်အတွင်း ရှာဖွေရာတွင် ကပ္ပလီပင်လယ်ပြင်အနီး တနင်္သာရီ တိုင်း ကော့သောင်းမြို့ ဝန်းကျင်ဒေသကို အဓိက ရှာဖွေနေပြီဟု သိရသည်။
၁၉၈၇ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကိုရီးယား လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၀၇ သည် မြန်မာနိုင်ငံ ထားဝယ်မြို့မှ ၆၂ မိုင်ကျော်အကွာ အန်ဒမန် ပင်လယ်အတွင်း ပျက်ကျပျောက်ဆုံးသွားဖူးသည်။ လေယာဉ်သည် အီရတ်နိုင်ငံ ဘဂ္ဂဒက် လေဆိပ်မှ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ပျံသန်းမည်ဖြစ်ပြီး UAE နိုင်ငံ အဘူဒါဘီနှင့် ထိုင်းနိုင်ငံ ဘန်ကောက်တို့တွင် ခေတ္တရပ်နားမည်ဖြစ်ကာ လေယာဉ်ပေါ်တွင် ခရီးသည် ၁၁၅ ဦးနှင့် လေယာဉ် အမှုထမ်း ၁၁ ဦး ပါဝင်သည်။ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဒေသခံ စက်လှေတစီးက အပျက်အစီးများကို တွေ့ရှိခဲ့ပြီး လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးခဲ့သည်။ ယင်း လေယာဉ်သည် ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက သံသယရှိခဲ့သည်။
မလေးရှား ကာကွယ်ရေးဝန်ကြီးက MH370 နှင့် ပတ်သက်၍ မြေပြင် ထိန်းချုပ်စခန်းနှင့် အဆက်အသွယ် ပြတ်တောက် မသွားမီ မိနစ် ၄၀ အတွင်းတွင် လေယာဉ်မောင်းခန်း အတွင်း မည်သို့ဖြစ်ပျက်ခဲ့သည် ဆိုခြင်းနှင့်ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာများကို ထပ်မံရှင်းပြခဲ့သည်။ လေယာဉ်မှူးတဦးက ထိန်းချုပ်မျှော်စင်သို့ “ကောင်းပါပြီ၊ ကောင်းသောညပါ” ဟု နောက်ဆုံး ဆက်သွယ်ပြောဆိုမှု မပြုလုပ်မီအချိန်ကပင် အရေးပါသည့် အချက်ပြသင်္ကေတ ထုတ်လွှင့်ခြင်း ရပ်တန့် နေခဲ့ပြီး ပိတ်ထားခြင်းလည်း ဖြစ်နိုင်သည့်အတွက် ဝါရင့်လေယာဉ်မှူး Zaharie Ahmad Shah (အသက် ၅၃ နှစ်) နှင့် သူ၏ လက်ထောက်ဖြစ်သူ Fariq Abdul Hamid (အသက် ၂၇ နှစ်) တို့ကို အာရုံစိုက်၍ စုံစမ်းစစ်ဆေးရန် ဖြစ်လာသည်။
ခရီးသည်တင် လေယာဉ်များသည် Aircraft Communications Addressing and Reporting System (ACARS) ဟု ခေါ်သည့် စနစ်ဖြင့် သတင်းအချက်အလက်များ ပေးပို့ရန် ရေဒီယို သို့မဟုတ် ဂြိုဟ်တုအချက်ပြမှုကို အသုံးပြုကြသည်။ အဆိုပါစနစ်က လေယာဉ်၏ စက်များနှင့် တခြား ကိရိယာများမှ မြေပြင်သို့ဆင်းသက်သည့်အခါ သတိ ထားရမည့် ပြဿနာများကို စောင့်ကြည့်စစ်ဆေးနိုင် သည်။
MH 370 လေယာဉ်နှင့် လေယာဉ်အမှုထမ်း ၁၂ ဦး၊ ခရီးသည် ၂၂၇ ဦး ပျောက်ဆုံးသွားခြင်းသည် အလွန်ကျယ်ပြန့်သည့် အကြောင်းအရာတခုဖြစ်လာ ပြီး အကြမ်းဖက်မှုအလားအလာ၊ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများ၏ နောက်ခံအကြောင်းအရာများ၊ လေကြောင်းနည်းပညာနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ဝေးလံကျယ်ပြန့်သော အာရှဒေသအပါအဝင် ကြီးမားသော ဧရိယာအတွင်းတွင် ရှာဖွေနေခြင်းနှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်လာသည်။
“ကျနော် တခါမှမမြင်ဖူးတဲ့ အကျယ်အဝန်း ဖြစ်ပါတယ်” ဟု ရှာဖွေရေးအတွက် ဖျက်သင်္ဘော နှစ်စီး စေလွှတ်ပေးထားသော အမေရိကန်ရေတပ် အမှတ် (၇) သင်္ဘောအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး William Marks က တယ်လီဖုန်း အင်တာဗျူးတခုတွင် ပြောသည်။
မလေးရှား အနောက်ဘက်ရှိ စစ်တပ် ရေဒါ စခန်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး နောက်ထပ် ၆ နာရီ ကြာသည်အထိ လေယာဉ်လမ်းကြောင်း ပြောင်း၍ ဆက်လက်ပျံသန်းသွားခဲ့သည်ဟု ဂြိုဟ်တုသတင်းများက ညွှန်ပြနေသည့် နေရာနှစ်ခုတွင် ရှာဖွေရန် နိုင်ငံပေါင်းများစွာက ကူညီလိမ့်မည်ဟု မလေးရှား အာဏာပိုင်များက ပြောသည်။ ယခုအခါ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာခမန်နစ္စတန်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဩစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံက ကူညီကြမည် ဖြစ်သည်။
သို့သော်လည်း လေယာဉ်မည်သို့ဖြစ်ခဲ့သည် ဆိုခြင်းကို ကြံဆကြည့်ရေးသည် မတ်လ ၈ ရက်နေ့ က ထိုင်းပင်လယ်ကွေ့အတွင်း မလေးရှားမြောက်ပိုင်း နှင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကြားကို ဖြတ်ကျော် ပျံသန်းနေချိန် လေယာဉ်မောင်းခန်း အတွင်းရှိ အခြေအနေများကို ပြန်လည်ဆန်းစစ်ကြည့်ရေးပေါ် တွင် မူတည်နေသည်။
အခြေအနေ ထူးခြားရှုပ်ထွေးမှုကို အကြောင်း ပြု၍ အမေရိကန်အစိုးရ တာဝန်ရှိသူများက လေ ကြောင်းအတွေ့အကြုံ ရှိသူများဖြစ်သည့် လေယာဉ်မှူးတဦး သို့မဟုတ် နှစ်ဦးလုံးက မိမိဆန္ဒအလျောက် ဖြစ်စေ၊ အကျပ်ကိုင်မှုကြောင့်ဖြစ်စေ ပါဝင်ပတ်သက် ခဲ့ခြင်းရှိနိုင်ကြောင်း ပြောကြသည်။
မတ်လ ၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၄၁ မိနစ်တွင် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှ လူ ၂၃၉ ဦးကို တင်ဆောင်၍ တရုတ် နိုင်ငံ ဘေဂျင်းမြို့သို့ ထွက်ခွာသွားသော MH 370 လေယာဉ်သည် ခရီးစဉ်အတွက် သတ်မှတ်အမြင့်ပေ ၃၅၀ဝ၀ သို့ နံနက် ၁ နာရီ ၁ မိနစ်တွင် ရောက်ရှိခဲ့ သည်။ နောက်ထပ် ၆ မိနစ်အကြာ နံနက် ၁ နာရီ ၇ မိနစ်တွင် နောက်ဆုံး ACARS သတင်းပို့ချက်များ ရရှိခဲ့ပြီး မည်သည့်မှားယွင်းမှုမျှ မပါဝင်ကြောင်း မလေးရှား အာဏာပိုင်များကဆိုသည်။
ACARS သတင်းပေးပို့မှု ပိတ်သွားခြင်းအတွက် မည်သို့ ကောက်ချက်ချကြောင်းနှင့် မည်သည့်အချိန်တွင် ရပ်တန့်သွားကြောင်းကို စုံစမ်းစစ်ဆေးသူများက ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ စနစ်ကို ပိတ်လိုက်လျှင် အလိုအလျောက် သတင်းပို့ခြင်း မလုပ်တော့ပါ။ သို့ သော်လည်း မလေးရှားကျွန်းဆွယ်အရှေ့ဘက်ကမ်းခြေသို့ မရောက်မီအချိန်တွင် ACARS ကို ပိတ်ပစ်ခဲ့ကြောင်း မစ္စတာနာဂျစ်က ပြောသည်။ လွတ်လပ်သည့် ရေဒါတခုက နံနက် ၁ နာရီ ၈ မိနစ်တွင် လေယာဉ်လမ်းကြောင်းကို မှတ်တမ်းတင်ထားနိုင်ခဲ့ သည်။
မလေးရှား တာဝန်ရှိသူများ၏ ရှင်းလင်းချက် မှန်ကန်၍ လေယာဉ်မှူးတဦးက အချက်ပြစနစ်ကို ပိတ်ပစ်ခဲ့သည်ဆိုလျှင် သတင်းပို့ချက်တခုထုတ်လွှင့် ပြီးပြီးချင်း ပိတ်ခဲ့သည်ဟု ယူဆရမည်ဖြစ်သည်။
လေယာဉ်မောင်းခန်းနှင့် လေကြောင်းထိန်း သိမ်းရေးစခန်းတို့ နောက်ဆုံး ဆက်သွယ်ပြောဆိုခဲ့ သည့်အချိန်ကို မလေးရှားတာဝန်ရှိသူများက အတိ အကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သို့သော်လည်း Mr.Hishammuddin ၏ သတင်းထုတ်ပြန်ချက်အရ နောက်ဆုံးဆက်သွယ်မှုသည် နံနက် ၁ နာရီ ၈ မိနစ်နှင့် ၁ နာရီ ၂၁ မိနစ်အတွင်း ဖြစ်နိုင်ပါသည်။ နံနက် ၁ နာရီ ၂၁ မိနစ်တွင် လေယာဉ်၏ ဆက် သွယ်ရေးစက်က ထုတ်လွှင့်မှုရပ်တန့်သွားပြီး မြေပြင် ထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ် ပြတ် တောက်သွားခဲ့သည်။
ဆက်တိုက်ဖြစ်လာသော ဖြစ်ရပ်များကလည်း လေယာဉ်မောင်းခန်းကို တစုံတယောက်ကထိန်းချုပ် ပြီး လေယာဉ်မှူးများအား ACARS ကို ပိတ်ပစ်ရန် ဖိအားပေး၍ မြေပြင်ထိန်းချုပ်စခန်းသို့ ကောင်းသောညပါဟု နှုတ်ဆက်စကားပြောခိုင်းပြီးနောက် ဆက်သွယ်ရေးစက်ကို ပိတ်လိုက်သည်ဆိုသော ဖြစ်နိုင်ခြေ အကြောင်းတခုကို မဖယ်ထုတ်နိုင်ခဲ့ပါ။ သို့သော် လည်း ယင်းသို့ဖြစ်ခဲ့သည်ဆိုလျှင် လေယာဉ်အပိုင်စီး သူများသည် ပျံသန်းချိန်၏ ပထမ ၂၆ မိနစ်အတွင်း တွင် လေယာဉ်မောင်းခန်းကို စီးနင်းနိုင်ဖို့ လိုအပ်သည်။
ခေတ်မီလေယာဉ်တစီးတွင် ACARS စနစ် ရပ်ဆိုင်းသွားခြင်း သို့မဟုတ် ချို့ယွင်းနေခြင်းကို ထိန်းချုပ်စက် ခလုတ်ခုံတွင် သတိပေးခြင်းအား လေယာဉ်မှူးက မသိနိုင်ဖွယ်ရာမရှိကြောင်း လန်ဒန်ရှိ City University လေကြောင်း အင်ဂျင်နီယာဌာန မှ ဝါရင့်ကထိက Cengiz Turkoglu က ပြောသည်။ သူက လေကြောင်းဘေးကင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတဦးလည်း ဖြစ်သည်။
“သူတို့ သေချာပေါက်ကိုသတိထားမိမှာပါ” ဟု Cengiz Turkoglu က ပြောသည်။ “ACARS စနစ် ရပ်ဆိုင်းသွားရင်၊ ဒါမှမဟုတ် ချို့ယွင်းချက်ရှိလာ ရင် သတိပေးပါတယ်။ ဝန်ထမ်းတွေကို သတိပေးရပါ မယ်” ဟု သူက တယ်လီဖုန်း အင်တာဗျူးတခုတွင် ပြောကြားလိုက်သည်။
အဓိကအကျဆုံးအချက်ကို ယခုအထိ မသိရ သေးကြောင်း Cengiz Turkoglu က ပြောသည်။ သို့သော်လည်း လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်သည့် ရရှိပြီးသော အထောက်အထားများက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းဟု ညွှန်ပြနေသည်ဟု သူကဆိုသည်။
“တစုံတယောက်ရှိတယ်။ သူက ကျွမ်းကျင်မှု လည်းရှိတယ်။ သူက တစုံတခုကို စီစဉ်ခဲ့တယ်ဆိုတဲ့ ဆွေးနွေးငြင်းခုံစရာ အကြောင်းတခု ရှိလာတယ်။ ဘယ်သူလဲ ဆိုတာတော့ ကျနော် မသိပါဘူး” ဟု Cengiz Turkoglu က ပြောသည်။
မလေးရှားအာဏာပိုင်များက လေယာဉ်မှူးများ နှင့် ဝန်ထမ်းများကိုသာ သံသယဖြစ်ဖွယ်ရာရှိသူများ အဖြစ် ထုတ်ပြန်ခြင်းမဟုတ်ပါ။ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ခရီသည်နှင့် ဝန်ထမ်းအားလုံး၏ နောက်ခံများကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့ သည်။ လေယာဉ်အတွက် အလုပ်လုပ်ခဲ့သည့်မြေပြင် ဝန်ထမ်းနှင့် အင်ဂျင်နီယာများကိုလည်း စစ်ဆေး မည်ဟု သိရသည်။
လေယာဉ်ပျောက်ဆုံးသွားပြီး မကြာမီမှာပင် အမေရိကန် FBI အရာရှိများနှင့် အမေရိကန် စုံစမ်းရေးသမားများ က ခိုးယူလာသော နိုင်ငံကူးလက်မှတ်များနှင့် ခရီးသွားခဲ့သည့် အီရန်နိုင်ငံသား ၂ ဦး အပါ အဝင် လေယာဉ်မှူးနှင့် ခရီးသည်များ အားလုံး၏ အမည်များကို အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ချက် ရှိ မရှိ စစ်ဆေးကြည့်ခဲ့ရာ ဆက်သွယ်မှု မတွေ့ ရှိခဲ့ရကြောင်း တာဝန်ရှိသူများကပြောသည်။ ခရီး သည်တချို့၏ မိခင်နိုင်ငံများက လေယာဉ်ပေါ်လိုက် ပါသွားသော ၎င်းတို့ နိုင်ငံသားများ၏ နောက်ခံ အကြောင်း အချက်အလက် အပြည့်အစုံကို ယခု အချိန်အထိ ထုတ်ပေးခြင်းမရှိသေးဟုလည်းပြောသည်။
လေယာဉ်ကို မည်သည့်နေရာကို ရှာဖွေရမည် ကို သိရှိနေလျှင်ပင် ရှာဖွေရန်က ခက်ခဲနေသည်။ အိန္ဒိယသမုဒ္ဒရာ၏အထက် မိုင် ၂၂၂၅၀ အထက် တွင် ကမ္ဘာကိုပတ်နေသော ဂြိုဟ်တုတလုံးက နောက် ဆုံးထုတ်လွှင့်မှုကို ဖမ်းယူရရှိခဲ့သည်။ ဖမ်းယူနိုင်စွမ်း ရှိသည့် ဒီဂရီများကို အခြေခံ၍ တွက်ချက်ကြည့်ပါက ယခုရှာဖွေနေသည့် ဧရိယာ ၂ ခုအတွင်း တနေရာမှ ထုတ်လွှင့်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။
မြောက်ဘက်စက်ဝိုင်းခြမ်းသည် အာရှအလယ်ပိုင်းရှိ ကာဇက်စတန် တောင်ပိုင်းနှင့် ကာဂျစ္စတန် မြောက်ပိုင်းမှသည် အလွန်ကျယ်ပြန့်သည့် တရုတ် နိုင်ငံအနောက်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများကို ဖြတ်သန်း၍ လာအိုနိုင်ငံ မြောက်ပိုင်းတွင် အဆုံးသတ်သည်။ ထိုဒေသအများစုသို့ ရောက်ရှိနိုင်ရန် စစ်အင်အားကြီးမားသည့် ဧရိယာများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ကာဇက်စတန် နိုင်ငံများကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်မှ ပင်လျှင် ဖြတ်ကျော်ပျံသန်းရန် ကြိုးစားခဲ့နိုင်ပါသည်။
တောင်ဘက်အခြမ်းတွင် အင်ဒိုနီးရှား နိုင်ငံမှ စ၍ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ ရေပြင်ကြီးနှင့် ကျွန်းအနည်းငယ်ပေါ်မှ ပျံသန်းသွားရမည်ဖြစ်သည်။ အကယ်၍ လေယာဉ်က ထိုလမ်းကြောင်းအတိုင်း သွားမည်ဆိုလျှင် ဩစတြေးလျပိုင် ကျွန်းများအနီးမှ ဖြတ်သန်းသွားရမည်ဖြစ်သည်။ ဝေးလံခေါင်ဖျား သည့် အဆိုပါ ဩစတြေးလျကျွန်းများတွင် နေထိုင် သူ လူဦးရေ ၁၀ဝ၀ ထက်နည်းပြီး လေဆိပ်ငယ်တခု ရှိသည်။
“သမုဒ္ဒရာကြီး တခုလုံးကိုရှာဖွေဖို့ ဘယ်လို စလုပ်ရမလဲဆိုတာကို စီစဉ်ရတာတောင်မှ တော် တော်ခက်တဲ့ အလုပ်တခုပါဗျာ” ဟု အမေရိကန် ရေတပ် ဒုဗိုလ်မှူးကြီး William Marks ကဆိုသည်။
ထိုအချိန်တွင် ကွာလာလမ်ပူမြို့ အနောက်ပိုင်း လူချမ်းသာများရပ်ကွက်တွင် နေထိုင်ကြသော လေ ယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ မိသားစုဝင် များနေထိုင်ရာ အိမ်များအပြင်ဘက်တွင် ပြည်တွင်း ပြည်ပ သတင်းထောက်များက စခန်းချပြီးဆက်လက် စောင့်ဆိုင်းနေကြသည်။
လက်ထောက် လေယာဉ်မှူး Fariq Abdual Hamid သည် မောင်နှမ ၅ ယောက်တွင် အကြီးဆုံး သားဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်သည်ဟု အိမ်နီးချင်းများက ပြောကြသည်။ သူတို့မိသားစုသည် ကြင်နာရက်ရောပြီး ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သည်ဟုလည်း သိရသည်။
“သူက အရမ်းသဘောကောင်းတဲ့သူပါ၊ သူ ခရီးဆောင်အိတ်ကိုဆွဲပြီး ပြန်လာတဲ့အခါတိုင်း ကျနော့်ကို ဦးလေးတယောက်လို နှုတ်ဆက်တယ်” ဟု Fariq Abdual Hamid နှင့် နှစ်အိမ်ကျော်တွင် နေထိုင်သော အငြိမ်းစား ဝန်ထမ်းတဦးဖြစ်သည့် Ayop Jantanက ပြောပြသည်။
Ref: New York Times, Aviation-Safety.net