ရှမ်းပြည်နယ်၊ ကလောမြို့မှ အင်းလေးကန်သို့သွားရာ တောတွင်းခရီးလမ်းသည် တောတောင် ရေမြေကြားတွင် ခရီးသွားရခြင်းကို ပျော်မွေ့သူ တယောက်အတွက် တန်ဖိုးရှိသည့် ခရီးဖြစ်ပါသည်။
ရာသီဥတု အေးမြမှုကြောင့် ကိုလိုနီခေတ်က ဗြိတိသျှတို့ ပျော်မွေ့ခဲ့သည့် တောင်ပေါ်မြို့ကလေးမှ ခရီးစပြီး ရှမ်းပြည်နယ်၏ အနောက်တောင်ဘက်သို့ ဦးတည်သွားသည့် ခရီးတလျှောက်တွင် စိုက်ခင်းအမျိုးမျိုး၊ ကွဲပြား သည့် ဒေသခံ တိုင်းရင်းသားလူမျိုးအစုံနှင့် ဓာတ်ပုံရိုက်ချင်စရာ ရှုခင်းများကို မြင်တွေ့ရမည် ဖြစ်သည်။
ကလောကိုသွားရန်အတွက် ရန်ကုန် သို့မဟုတ် မန္တလေးတွင် ဘတ်စ်ကားလက်မှတ်များ အလွယ်တကူ ကြိုတင်ဝယ်ယူနိုင်သည်။ ထိုသို့ မဟုတ်လျှင်လည်း ရှုခင်းအလှအပများကို ခံစားနိုင်သည့် ရထား လမ်းခရီး ဖြင့်လည်း သွားရောက်နိုင်သည်။ ကျနော်က နောက်ဆုံးလမ်းကြောင်းကို ရွေးချယ်လိုက်သည်။ သို့သော်လည်း သာစည်ဘူတာသို့ ရောက်သည့် နံနက် ၃ နာရီ အချိန်အထိ အိပ်ပျော်သွားခဲ့သည်။ ကျနော်နှင့် ရထားတတွဲ တည်းကျသည့် ခရီးသွားဖော် ဂျပန် နိုင်ငံသား ၃ ယောက်တို့က ကျနော်တို့ကြားမှ ဘာသာစကား အခက်အခဲကို ဒေသထွက် ဈေးပေါသည့် ဝီစကီက ဖြေရှင်းပေးနိုင်မည်ဟု ဆုံးဖြတ်လိုက်မိ၍ ဖြစ်ပါသည်။
ကလောမြို့တွင် ဈေးသက်သာသည့် ဟိုတယ်အနည်းငယ်နှင့် ဈေးကြီးပတ်လည်တွင် အသင့်အတင့်ကောင်း မွန်သော မြန်မာနှင့်အိန္ဒိယ စားသောက် ဆိုင်တချို့ရှိသည်။ ခရီးဆက်သွားရန် စောင့်ဆိုင်းနေစဉ် ပတ်ဝန်းကျင် တောင်ကုန်းများနှင့် ဘုန်းကြီးကျောင်းတခုသို့ အေးအေးဆေးဆေး လျှောက်သွားရင်း တနေ့တာအချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါသည်။
ဈေးတဝိုက်တွင် ဆိုင်းဘုတ်တင်ထားသည့် ဧည့်လမ်းညွှန် ရုံးခန်းများကို အများအပြားမြင်တွေ့နိုင်ပြီး ဈေးနှုန်းက အားလုံးအတူတူပင်ဖြစ်သည်။ ခရီးသွားရုံသက်သက်ပဲဆိုလျှင် အဖွဲ့တဖွဲ့နှင့် လိုက်ပါသွားဖို့ အခက်အခဲမရှိပါ။ သတ်မှတ်ဈေးနှုန်းက တရက်အတွက် ၁၅၀ဝ၀ ကျပ် ဖြစ်ပါသည်။ ၃၁ မိုင် ကွာဝေးသည့်ခရီးကို ၂ ရက်ခွဲခန့် လမ်းလျှောက်သွားရပြီး ညဖက်ရောက်လျှင် ဒေသခံ အိမ်တအိမ်နှင့် ဘုန်းကြီးကျောင်းတကျောင်းတွင် ညအိပ် ရပ်နားရပါသည်။ ရာသီဥတု အခြေအနေကိုလိုက်၍ စောင်အပိုတထည် ယူသွားကောင်းလည်း ယူသွားရနိုင်ပါ သည်။ ဒေသခံဟင်းများနှင့် အသုပ်များပါဝင်သည့် အစားအစာအတွက်က ပေးထားသည့် စားရိတ်ထဲတွင် ပါဝင်ပြီးဖြစ်သည်။ သောက်စရာအတွက်ကတော့ လမ်းတလျှောက်ရှိ ဆိုင်ငယ်များတွင် ဝယ်ယူနိုင် သည်။
နေ့ပေါင်းများစွာ လမ်းလျှောက်ခြင်းက ကြံ့ခိုင်မှုအခြေအနေကိုလိုက်၍ စိန်ခေါ်မှုဟု ပြောနိုင်ပါသည်။ သို့သော် လမ်းကြောင်းက အမြဲတမ်း မတ် စောက်မနေပါ။ ဖိနပ်က ဒီအချက်တွေကို ကောင်းစွာဖော်ပြသည့် အရာတခု ဖြစ်ပါသည်။ ခြေညှပ်ဖိနပ်စီးထားသည့် ကျနော့် လမ်းလျှောက်ဖော်တယောက်က အခက်အခဲ သိပ်မတွေ့ဘဲ ခရီးသွားနိုင်ခဲ့သော်လည်း ကျနော်စီးသွားသည့် ကင်းဗတ်စ်ဖိနပ်ဟောင်းကတော့ ပေါက်ပြဲကုန်ပါသည်။ အကယ်၍ အချိန်သိပ်မရှိခဲ့လျှင် ကျနော်လုပ်ခဲ့သလို ခရီးတဝက်ကို ဆိုင်ကယ်တက္ကစီနှင့် လွယ်လွယ်ကူကူ သွားရောက်နိုင်ပါသည်။
သူတို့၏ ဧည့်လမ်းညွှန်များပေါ်မူတည်၍ ခရီးသည်တွေ အတွေ့အကြုံ ကွဲပြားကြသည်။ အချို့က ရုက္ခဗေဒဆိုင် ရာနှင့် လူမျိုးစုရေးရာများ သိနားလည် သူများဖြစ်ကြပြီး အခြားသူတွေကတော့ သာမန်ထက် အနည်းငယ်မျှပိုပြီး လေ့လာနိုင်ဖို့လောက်သာ ကူညီနိုင်ကြသည်။ သို့သော်လည်း သူတို့တွေအားလုံး အနည်းဆုံးတော့ ဒီဒေသက လှေခါးထစ် စိုက်ခင်းတွေ သို့မဟုတ် ပအို့ဝ်လူမျိုးတို့၏ ခေါင်းပေါင်းကို ခွဲခြားပြနိုင်သင့်ပါသည်။
သူတို့တွေက ဒေသတွင်း နိုင်ငံရေး အခြေအနေ များကိုပင်လျှင် စွန့်စားပြီး ပြောကောင်းပြောပြနိုင်ပါသည်။ ဒေသခံတိုင်းရင်းသား မိသားစုများကို သူတို့၏ ကလေးငယ်များကို မြန်မာဘာသာသင်သည့် အစိုးရကျောင်းများ ကိုပို့ဖို့ ငွေကြေးနှင့် မက်လုံးပေး မြှူဆွယ်ခြင်းများရှိနေသည်ဟု ကျနော်၏ ဧည့်လမ်းညွှန်က ပြောပြခဲ့ပါသည်။ အစိုးရပညာရေးအရ တိုင်းရင်းသားဒေသများ အားလုံးတွင် လူနည်းစု ဘာသာစကား စာပေများ မသင်ယူနိုင်ပါ။
ခြေလျင်ခရီးက သင့်ကို တောင်များပေါ်သို့ လည်းကောင်း၊ သီးနှံစိုက်ခင်း အမျိုးမျိုးကြားသို့လည်းကောင်း၊ တောင်ကြောများ တလျှောက်ကိုလည်းကောင်း၊ စမ်းချောင်းငယ် အမြောက်အမြားကို ဖြတ်သန်း၍လည်းကောင်း ခေါ်ဆောင်သွားပါလိမ့်မည်။ ထို့နောက် ခရီးဆုံးပန်းတိုင်ဖြစ်သည့် အင်းလေးကန်ရှိရာ တောင်ကြားချိုင့်ဝှမ်းကို နီးကပ်လာသည်နှင့်အမျှ တောင်ပေါ်ဒေသ၏ စိမ်းလန်းစိုပြည်သော မြင်ကွင်းက ပြောင်းလဲသွာသည်။ လမ်းက တောင်ကြားချိုင့် ဝှမ်းဆီသို့ ခန်းခြောက်နေသည့် အောက်ကြမ်းပြင်မှာ တောက်ပသည့် အစိမ်းရောင်အပင် ငယ်တွေ နေရာအနှံပေါက်နေသော ကျောက်တုံးထူထူ မြစ်တစင်းနှင့် အတူနိမ့်ဆင်း ဝင်ရောက်သွားသည်။
လာခဲ့ရာလမ်းအတိုင်း ပြန်သွားလို့လည်း ရနိုင်ပါသည်။ သို့သော်လည်း ဒီတိုင်းပြန်သွားလျှင် တောင်တက် လမ်းကို ပိုလျှောက်ရပြီး မြင့်မားသည့် အစိမ်းရောင် တောင်စောင်းတွေက ကာရံထားသည့် အင်းလေးကန်၏ မြင်ကွင်းကြောင့် ရရှိခဲ့သည့် ပျော်ရွှင်မှုတွေ ပျောက်ကွယ်သွားပါလိမ့်မည်။ ဆက်သွားလျှင် ခရီးက မြစ်ဆိပ်တခု တွင် အဆုံးသတ်ပါသည်။
ထိုနေရာတွင် အင်းလေးကန်ဒေသသို့ဝင်ကြေး (ကမ္ဘာလှည့် ခရီးသည်များအတွက်) ကျပ် ၁၀ဝဝဝ ခန့်ပေး ဆောင်ရပါသည်။ ပြီးလျှင်တော့ သက်သောင့်သက်သာရှိသည့် စက်လှေတစီးက ဆက်တိုက်ဆိုသလို တွေ့မြင်နေရသည့် ငါးဖမ်းမြှုံးတွေကြားမှာ အရှိန်ပြင်းပြင်းနှင့် ဖြတ်သန်းခေါ်ဆောင်သွားပါလိမ့်မည်။
တနာရီခန့်ကြာသည့်ရေပြင်ခရီးတွင် အင်းလေးဒေသ၏ ကျော်ကြားသည့် လှေသမားများကို ကျော်ဖြတ်သွား ပြီးနောက် ညောင်ရွှေသို့ ရောက်သည်။ ညောင်ရွှေတွင် နေချင်စရာ တည်းခိုခန်းများ၊ ကောင်းမွန်သည့် စားသောက်ဖွယ်ရာများ ရရှိနိုင်သလို ညောင်းညာပင်ပန်းနေသော ခြေထောက်များ သက်သာစေဖို့ အနှိပ်ခံလို့ လည်း ရနိုင်ပါသည်။