[irrawaddy_gallery]
ကိုမောင်တိုးက ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့နဲ့ ၁ မိုင်ခန့်သာ ကွာဝေးတဲ့ ပင်လယ်ကမ်းစပ် ကျိန္တလီရွာ ကလေးမှာ နေတဲ့ ငါးဖမ်းအဖွဲ့ခေါင်းဆောင် တဦးပါ။ သူဟာ အသက် ၁၃ နှစ်သား အရွယ်ထဲက ငါးဖမ်းလှေပေါ်မှာ ပိုက်ဆွဲသမားအဖြစ် စတင် လုပ်ကိုင်ခဲ့တာက အခုဆိုရင် ငါးဖမ်းလှေ အုပ်စုရဲ့ ခေါင်းဆောင် (ရေရှုးလို့ ခေါ်တဲ့ ငါးအုပ်များကို လိုက်ကြည့်ပြီး ဖမ်းဖို့ ညွှန်ကြားရတဲ့သူ) အဖြစ် လုပ်ကိုင်နေတာ အသက် ၃၆ နှစ်ထဲ ရောက်နေပြီလို့ ပြောပါတယ်။
အသားမာ တက်နေတဲ့ လက်တွေ၊ နေလောင်ထားတဲ့ မျက်နှာပြင် ရှိပေမယ့် သူ့ရဲ့ မျက်လုံးတွေက ညဘက်မှာတောင် စူးရှရှနဲ့ ရေပြင်ကိုကြည့်ရင်း လှေပေါ်မှာ အိပ်နေကြတဲ့ ငါးပိုက်ဆွဲ သမားတွေကို ငါးပိုက်ချဖို့ လှမ်းပြောနေပါတယ်။ သူ ကြည့်နေတဲ့ ရေပြင်က ဘာအလင်းရောင်၊ မီးရောင်မှ မရှိ၊ လရောင် ဝိုးတဝါးမှာ တခါတရံ ရေပေါ်မှာ လက်လက် ကလေးတွေ တက်တက်သွားတာကို သူ့ အတွေ့အကြုံအရ ငါးတွေ ရှိနေတာကို သိနေတယ်လို့ ဆိုပါတယ်။
မိနစ်ပိုင်း တခဏအတွင်းမှာ ငါးပိုက်သမားတွေက ပိုက်ကို အပြီး ချထားလိုက်နိုင်ပြီ။ လှေဦးမှာ တယောက်က ပိုက်အပေါ်ပိုင်းကိုဆွဲ၊ ပဲ့ပိုင်းမှာ တဦးက ပိုက်ကိုဆွဲနဲ့ ကျန်တဲ့ ပိုက်ဆွဲ သမားတွေက ပိုက်အောက်ခြေမှာ ရှိတဲ့ ကြိုးစကို အင်ဂျင်နဲ့ ပြန်ရစ်တာကို စောင့်ကြပါတယ်။ ပြီးတာနဲ့ ရေအောက် မြုပ်သွားတဲ့ ပိုက်ကို လှေပေါ်ကို ပြန်ဆွဲတင်နဲ့ ၁ နာရီ နီးပါးခန့် လုပ်လိုက်တဲ့ အခါမှာ ပိုက်ထဲက ငါးတွေကို လှေပေါ် တင်လိုက်နိုင်တာကို တွေ့ရပါတယ်။
“ကျနော်တို့ ဘဝတွေက ညနေဆို လုပ်ငန်းခွင်ကို ဆင်း၊ တညလုံး ရေပြင်ကို ကြည့်ပြီး ငါးဖမ်း၊ မနက်ရောက်မှ ကမ်းပြန် ရောက်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတယ်။ ဒီလိုပါပဲ။ နေ့စဉ်နေ့တိုင်း ဒီလိုနဲ့ပဲ လည်ပတ် နေတော့တာပဲ။ အိမ်က မိန်းမက ကျနော်တို့ ဖမ်းလာတဲ့ ငါးတွေကို နေလှန်း၊ ငါးရွေးပေါ့” လို့ ကိုမောင်တိုးက ပြောပြတယ်။
သူ့အသက် ၆ နှစ် အရွယ်ကတည်းက ဖခင်ဖြစ်သူ သေဆုံးသွားတာကြောင့် အတန်းပညာကို ၃ တန်း အထိသာ သင်ယူခဲ့ရပြီး အခုဆိုရင် အသက် ၇ နှစ် အရွယ်နဲ့ အသက် ၄ နှစ်ကျော် သားနှစ်ယောက်ရဲ့ ဖခင်၊ အိမ်ထောင် ဦးစီးတဦး ဖြစ်လို့ နေပါပြီ။ သူ့ ဇနီးသည်က ကလေးတွေကို ထိန်းရင်း ကိုမောင်တိုး ဖမ်းလာသမျှ ငါးများကို နေလှမ်း၊ ငါးရွေးတဲ့ အလုပ်ကို နေ့တဓူ၀ လုပ်ကိုင် လည်ပတ်နေရတယ်လို့ ဆိုပါတယ်။
ကိုမောင်တိုးတို့ ငါးဖမ်းအုပ်စုမှာ ဝေစုစား ၆ ဦး ရှိပြီး၊ လခစားနဲ့ နေစားဆိုပြီး ပိုက်ဆွဲ သမားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဝေစုစား ဆိုတာက ရလာတဲ့ ငါးများကို အခြောက်လှမ်းပြီး တနှစ်ပတ်လုံး ငါး ဘယ်လောက်ရသလဲ ဆိုတဲ့ အပေါ် မူတည်ပြီး၊ လှေပိုင်ရှင် ဖြစ်တဲ့ ကမ်းနီး ငါးဖမ်းလုပ်ငန်းရှင်က တဝက်၊ ဝေစုစား ဆိုတဲ့သူတွေ အားလုံးက တဝက် ရပါတယ်။ ဝေစုစားတွေက သူတို့ရတဲ့ တနှစ်ပတ်လုံး အပေါ် မူတည်ပြီး ဝေစုစားတွေရဲ့ အဆင့် သတ်မှတ်ချက်အရ ပြန်လည် ခွဲဝေရတယ်လို့ ပြောပါတယ်။
လခစား ပိုက်ဆွဲ လုပ်သား တယောက်အနေနဲ့ တလကို လစာ ကျပ် ၆ သောင်း မှ ၈ သောင်း အထိ ရကြပြီး နေ့စား လုပ်သားတွေက ငါးဖမ်းလှေနဲ့ တည လိုက်ရင် ၄ ထောင်ကျပ် ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နေ့စားတွေ ဆိုတာက အမြဲတမ်း လှေလိုက် နေရတာ မဟုတ်တဲ့အပြင် လှေတစုပြီး တစု ပြောင်းပြီး လိုက်ကြတယ်လို့ သိရတယ်။
ကိုမောင်တိုးတို့ လှေပေါ်မှာ ငါးပိုက် ဆွဲလိုက်၊ တက်မကိုင်လိုက် လုပ်နေတဲ့ မောင်ဖေငယ်က အတန်းပညာကို ပထမတန်း အထိသာ နေခဲ့ရပေမယ့် အခုချိန်မှာ လှေတက်မကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်အောင် သင်ယူရင်း ငါးဖမ်းနည်းတွေကို တတ်အောင် သင်ယူမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။
မောင်ဖေငယ်က အသက် ၁၄ နှစ်အရွယ်ရှိပြီး ဒီနှစ် ငါးဖမ်းရာသီမှ ငါးဖမ်း လုပ်ငန်းထဲကို စတင် ဝင်ရောက်လုပ်ကိုင်တဲ့ သူပါ။ သူက ငယ်ရွယ်တဲ့သူ ဖြစ်တာကြောင့် ငါးဖမ်း လုပ်ငန်းရဲ့ သဘာဝအရ ပင်ပင်ပမ်းပမ်း လုပ်ကိုင်ရတဲ့ အလုပ်မှ အနည်းငယ် သက်သာခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများနည်းတူ တရက်ကို နေ့စားခနှုန်း ငွေကျပ် ၄ ထောင် ခံစားခွင့် ပေးထားတယ်လို့ ဆိုပါတယ်။
“ကျနော်က ပညာကို ကောင်းကောင်း သင်ယူခွင့် မရပါဘူး။ မိဘက ကျောင်းထား ပေးနိုင်တဲ့ အနေအထား မရှိဘူးလေ။ ကျနော် အသက်မွေးဖို့ အတွက် အခု ဒီ ငါးဖမ်းပညာတွေကို နားလည် တတ်ကျွမ်းအောင် သင်ယူမယ်။ တချိန်မှာ ငါးဖမ်းလှေအဖွဲ့မှာ ကျနော် ကိုယ်တိုင် ဦးစီး နိုင်တဲ့သူ ဖြစ်အောင်ပေါ့” လို့ မောင်ဖေငယ်က ပြောပါတယ်။
ကမ်းနီး ငါးဖမ်းလှေတွေက ညနေ ၄ နာရီ ကနေ ၆ နာရီ အကြား ပင်လယ်ပြင်ထဲ စတင် ထွက်ခွာကြရပြီး လှေအုပ်စု တစုမှာ အလျား ၅၅ ပေ (သို့) ၆၀ ပေ လောက်ရှိတဲ့ ပိုက်ဆွဲ လှေတစီးနဲ့ အလျား ၃၀ ပေ၊ ၃၅ ပေ လောက်စီ ရှိတဲ့ မီးပြလှေ ၂ စီးစီ ပါဝင်တယ်လို့ သိရပါတယ်။
မီးပြလှေ ဆိုတာက ပင်လယ်ပြင်ထဲမှာ ဝပ် ၂၀၀ အား ရှိတဲ့ လျှပ်စစ်မီးသီး အလုံး ၄၀ လောက်ကို ထွန်းညှိထားရင်း ရေထဲက ငါးတွေကို မျှားခေါ်ရတဲ့ လှေပါ။ ပိုက်ဆွဲလှေနဲ့ အမြဲတမ်း အတူတူ သွားလာနေတာ မဟုတ်ပါဘူး။ မီးပြလှေက ငါးရနိုင်တဲ့ နေရာတွေကို အရင်သွားပြီး မီးထွန်းထားကာ ကျောက်ချ ရပ်နား နေရတယ်လို့ ဆိုပါတယ်။ ပိုက်လှေက မီးထွန်းတဲ့ လှေဆီ အရင်မသွားသေးဘဲ ရှိသမျှ အလင်းရောင်လေးနဲ့ ငါးအုပ်စုတွေကို လိုက်ရှာ ရပါတယ်။ တခါတရံ မီးပြလှေနား မဟုတ်ပေမယ့် ငါးအုပ်ကို ရတတ်တာကြောင့်လို့ ဆိုပါတယ်။
တကယ်လို့ ညဘက် ၁၀ နာရီခန့် အထိ ငါးမရရင် မီးပြလှေဆီကို သွားတယ်။ လှေလုပ်သားတွေက အဲဒီအချိန်မှာ နားတဲ့သူနား၊ အိပ်တဲ့သူအိပ် နေကြပါတယ်။ မီးပြလှေနားကို ရောက်သွားပြီ ဆိုရင် ငါး အခြေအနေကို အကဲခတ်နေရင်း နံနက် ၁ နာရီလောက်မှာ ပိုက်စ ချတယ်လို့ ဆိုပါတယ်။
ငါးပိုက်ကို ဒေသ အခေါ် ဝိုင်းချုပ်ပိုက် (ကျော့ပိုက်) လို့ ခေါ်ပြီး ပိုက်အကျယ်က ရေမိုင် ၁ မိုင် နီးနီး အထိ ဝိုင်းနိုင်ကာ အောက်ခြေ ပေ အနက် ၂၀၀ ကျော် အထိ ချလို့ ရပါတယ်။ ပိုက်အောက်ခြေ အစ တဖက်စီမှာ ကြေးကွင်း ပိဿာ ၅၀ ကျော် အလေးချိန် တပ်ထားတယ်လို့ ဆိုပါတယ်။
မီးပြလှေကို ဗဟိုပြုပြီး ရေမိုင် တမိုင် ဝန်းကျင် ပိုက်ဝိုင်းကိုချ၊ ပြီးတော့ မီးပြလှေက ပိုက်ဝိုင်း အလယ်ကနေ အစွန်ဘက် တနေရာကို လှော်တက်နဲ့ လှော်သွား၊ ပိုက်လှေက ပိုက်ကို ပြန်ဆွဲနဲ့ ပိုက်ထဲက ငါးကို လှေ ၂ စီးကြားမှာ စုလိုက် ကြရတယ်။ ပြီးတော့မှ မီးထွန်းလှေပေါ်ကို ငါးတွေ ကဲ့တင်တယ်။ မီးပြလှေ ဆိုတာက ငါးတွေကို မီးထွန်းမျှားရတဲ့ အပြင် ငါးပါ သယ်ကြရတဲ့လှေပါ။ ငါးတွေ တင်ပြီးရင် အဲဒီ မီးပြလှေက လာရာကမ်းဆီကို ပြန်သွား၊ ပိုက်လှေက နောက် မီးပြလှေတစီးဆီကို ခရီး ဆက်ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ မီးပြလှေတွေမှာ နီကျင့်ကျင့် မာကျူရီ မီးသီးတွေကို အသုံးများတယ်။ အဲဒီမီးရောင်က အောက်ခြေအထိ အလင်းစူးတော့ ငါးတွေက ပိုလာတတ်လို့။ တခါတလေ ကျနော်တို့ ဒီနေရာမှာ မီးထွန်းထားပေမယ့် ငါး သိပ်မလာဘူး ဆိုရင် နောက်တနေရာ ပြောင်းရတာမျိုးလည်း ရှိတယ်။ ဒီနေ့ဘယ်နား ငါးဖမ်းရတာ ပိုများလဲ ဆိုတာ ကိုယ့်ငါးဖမ်းသမား အချင်းချင်း သတင်းဖြန့်ရတာမျိုးလည်း ရှိတယ်” လို့ မီးပြလှေမှာ လိုက်ရတဲ့ ကိုဝင်းမော်က ပြောပါတယ်။
“မနက် အာရုံတက်ချိန် ဖြစ်တာရယ်၊ မီးထိုးလှေ ကြာကြာနေရတဲ့ အချိန် ဖြစ်တာရယ်ကြောင့် ငါးတွေက ပိုမြူးကြတယ်။ ကျနော်တို့ ဒေသမှာ ငါးနီတူ၊ ငါးလုံးညို၊ ငါးလုံး၊ ငါးတံခွန် စတဲ့ အမျိုး ၃၀ လောက် ရတတ်တယ်။ နောက် ရေအောက်ကြမ်း ပြင်မှာ အများဆုံး နေထိုင်လေ့ ရှိတဲ့ ပင်လယ်ပုဇွန် အကြီးကြီးတွေ (ဒေသအခေါ် တိုက်ဂါး ပုဇွန်လို့ ဆိုတဲ့ ပင်လယ် ပုဇွန် အနီကြား) လည်း ရတတ်တယ်။ အဲဒီကောင်တွေ ရရင် ဈေးကောင်း ရတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသရဲ့ အဓိက ထွက်တဲ့ ငါးကတော့ ငါးနီတူပဲ” လို့ သူက ပြောပါတယ်။
ဒုတိယ မီးပြလှေ တဝိုက်မှာ ငါးဖမ်းကြရာမှာ မနက် ၄ နာရီ ဝန်းကျင်မှာ အများဆုံး ဖမ်းလေ့ ရှိကြပေမယ့် တခါတရံ ဒုတိယ မီးပြလှေကနေ ငါး ပိုရတတ်တယ်လို့ ကိုမောင်တိုးက ဆိုပါတယ်။ ဒုတိယ မီးပြလှေကို ဝိုင်းချုပ်ပိုက်နဲ့ဝိုင်း၊ ပိုက်အောက်ခြေ ကြိုးကိုသိမ်း၊ ပိုက်တွေကို ဆွဲတင်နဲ့ လုပ်လိုက်တာ မနက် ၆ နာရီ ထိုးကာနီးမှာ မီးထိုးလှေနဲ့ ပိုက်လှေကြားက ငါးတွေကို မီးပြလှေထဲကို ခပ်တင်လို့ ရပြီ ဆိုပါတယ်။
“ကျနော်တို့ ငါးဖမ်း ရာသီက တနှစ်လုံးမှာ နိုဝင်ဘာလက စပြီး ဧပြီလအထိ နေ့စဉ် ငါးဖမ်း ထွက်ကြတယ်။ ကျန်တဲ့ အချိန်တွေမှာ ကျနော်တို့ ဝေစုစားတွေက လှေကို ပြန်ပြင်တာ၊ ငါးဖမ်း ပိုက်တွေ ပြန်ချုပ်၊ ဖာထေးနဲ့ပဲ အချိန်ကုန် ရတာပဲ။ တခြား လစားတွေနဲ့ နေ့စားတွေက အဲဒီ အချိန်ဆို ကျပန်း အလုပ်လုပ် ကြတာပေါ့။ ကျနော်ဆို တနှစ်လုံး ဝင်ငွေကို တွက်ကြည့်မယ် ဆိုရင် ပုံမှန် မဟုတ်ပေမယ့် ကျပ် သိန်း ၂၀ လောက်တော့ ဝင်တယ်” လို့ ကိုမောင်တိုးက ဆိုတယ်။
ရာသီဥတု အခြေအနေနဲ့ ပတ်သက်ပြီး ၂၀၀၆ ခုနှစ် ဧပြီ လကုန်ပိုင်းမှာ မာလာ မုန်တိုင်း တိုက်ခတ်ခဲ့စဉ်တုန်းက ကျိန္တလီမြို့နဲ့ ရွာတွေက မုန်တိုင်းဒဏ် သိပ်မခံရဘူးလို့ သိရပါတယ်။ သဘာဝကပေးတဲ့ တောတောင်တွေကြောင့် မုန်တိုင်းဒဏ် သက်သာတဲ့အပြင် မုန်တိုင်း သတင်းကို ကြိုတင် သိနေခဲ့တာကြောင့် လှေတွေ၊ ပိုက်တွေကို လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်း ထားနိုင်ခဲ့လို့ ဘာမှ အပျက်အစီး မများခဲ့ဘူးလို့ ကျိန္တလီ မြို့ပေါ်က ကမ်းနီး ငါးဖမ်းလုပ်ငန်းပိုင်ရှင် ဦးကျော်စိုးလင်းက ပြောပါတယ်။ ယင်းအပြင် ရေဒီယိုက ကြေငြာပေးတဲ့ မုန်တိုင်း သတိပေးချက်ကို စောင့်ပြီး နားထောင်တဲ့ အကျင့် ရနေပြီလို့လည်း ဆိုပါတယ်။
“ကျနော်တို့ ကျိန္တလီက မာလာ မုန်တိုင်းကို သိပ်မခံစားရဘူးဗျ။ ဂွမြို့မှာသာ အပျက်အစီးတွေ အများအပြား ဖြစ်ခဲ့တာ၊ အဲဒီ မုန်တိုင်း တိုက်ချိန်က ပင်လယ်ပြင် ဆင်းဖို့တောင် လေကိုကြည့်ပြီး ဆင်းနေချိန်လေ။ ညတိုင်း ငါးဖမ်း မထွက်တော့တဲ့ အချိန် ဆိုတော့ အားလုံးက ပြင်ဆင်ချိန် ရလိုက်တယ်” လို့ သူက ဆက်ပြောတယ်။ ငါးဖမ်းရတာ တညတာထဲ ဆိုပေမယ့် တချို့ရာသီတွေမှာ မုန်တိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို သတိထား ကြရတယ်လို့ သူတို့က ဆိုပါတယ်။
ကမ်းနီး ငါးဖမ်းလှေ လုပ်ကွက်ထဲကို ကမ်းဝေး ငါးဖမ်းလှေတွေက နှစ်ပေါင်းများစွာ ဥပဒေမဲ့ ဝင်ဖမ်း နေတာကြောင့် ကမ်းနီး လုပ်ကွက်ထဲမှာ ငါး အရ တော်တော်လေး နည်းသွားတဲ့ အကြောင်း ကျိန္တလီမြို့နယ်၊ သဲကုန်း ကျေးရွာက ကမ်းနီး ငါးဖမ်း လုပ်ငန်းပိုင်ရှင် ကိုဇော်မျိုးထွဋ်က ပြောပါတယ်။
ကမ်းဝေး ငါးဖမ်းလှေတွေက ခေတ်မီ ငါးဖမ်းပိုက်၊ ခေတ်မီ သင်္ဘော၊ ခေတ်မီ စက်ကြီးတွေနဲ့ လူအင်အား များများ သုံးစရာမလိုဘဲ ပိုက်တွေကို စက်နဲ့ဆွဲနေတော့ အောက်ခြေက ငါးအသေး အကြီး၊ ပုဇွန် အသေး အကြီးတွေ သာမက ရေအောက်မှာ ရှိနေတဲ့ ငါး၊ ပုဇွန်တွေ ကျက်စား ရတဲ့ ကျောက်တန်းတွေ၊ ရေမှော်တွေကိုပါ ငါးဖမ်းပိုက် အောက်ခြေမှာ တပ်ထားတဲ့ သံကြိုး ကြီးတွေက တိုက်ဖဲ့ ဖျက်ဆီးလိုက်တော့ ငါးတွေ ခိုအောင်း နေထိုင်ဖို့ နေရာပါ ရှားပါးလာရတဲ့ အကြောင်း သူက ဆိုပါတယ်။
အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပင်လယ်ငါးဖမ်း လုပ်ကွက် ပြင်ဆင်သတ်မှတ်လိုက်ရာမှာ ကမ်းနီး ငါးဖမ်း လုပ်ကွက်ကို မြန်မာ့ ပင်လယ်ပြင် ရေမိုင် ၁၀ မိုင် အတွင်းဘက်၊ ကမ်းဝေး ငါးဖမ်းလုပ်ကွက်ကို မြန်မာ့ ပင်လယ်ပြင် ရေမိုင် ၁၀ မိုင် အပြင်ဘက်ဟု ပိုင်းခြား သတ်မှတ်ထားသော်လည်း ယနေ့ အချိန်အထိ ကမ်းဝေး ငါးဖမ်းလှေများက ကမ်းနီး ငါးဖမ်း လုပ်ကွက်ထဲကို ဝင်ဖမ်းမှု ရှိနေဆဲလို့ ကိုဇော်မျိုးထွဋ်က ဆက်ပြောတယ်။
“ကျနော်တို့ ငါးဖမ်းတဲ့ နှစ်ပေါင်း ၂၀ ကျော် အတွင်း ဒီနှစ်ပိုင်းလောက်မှာ ငါးရတာ ၅၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျ နေပြီ။ အဲဒီအတွက် ကျနော်တို့ ကျိန္တလီမှာ ဖေဖော်ဝါရီ ၁၈ ရက်က ဆန္ဒထုတ်ဖော်မယ် ဆိုတော့ အရင်ကလို တညကို အစီး ၂၀၊ ၃၀ လောက်က ဝင်မဖမ်းတော့ဘဲ ၅ စီးလောက်က ဝင်ဖမ်းတယ်။ ဝင်ဖမ်းတာ နည်းတော့ ကျနော်တို့ ငါးအရ တော်တော်လေး ပြန်များလာတယ်” လို့ သူက ဆိုတယ်။
ကမ်းဝေး ငါးဖမ်းလှေတွေက ကမ်းနီး ငါးဖမ်းသမားတွေ အပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့တာ နှစ်ပေါင်းများစွာ ကြာပေမယ့် အရင် အစိုးရ လက်ထပ်က အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံ ရွာသူရွာသားများမှာ မပြောရဲ၊ မဆိုရဲခဲ့သော်လည်း အခုလို ပွင့်လင်းတဲ့ အချိန်မှာတော့ ခေါင်းငုံခံမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ယင်းကိစ္စကို အစိုးရက ကြပ်မတ် ဆောင်ရွက်သင့်တဲ့အချိန် ရောက်နေပြီလို့ ငါးဖမ်း လုပ်ငန်းရှင် ဦးကျော်စိုးလင်းက ဆိုပါတယ်။
ပင်လယ်ပြင်ထဲ ငါးဖမ်းရာမှာ ကိုယ်လှေ အချင်းချင်းရော၊ ကမ်းပေါ်နဲ့ပါ ဆက်သွယ်ရေး လုပ်ရာမှာ ဝေါ်ကီတော်ကီလို့ လူသိများတဲ့ ဆက်သွယ်ရေး စကားပြောစက်ကို အသုံးပြုလို့ ရပြီး၊ မိုဘိုင်းဖုန်းသုံးလို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။ ပိုက်လှေ လှေအုပ်စု ခေါင်းဆောင်က မီးပြလှေ၊ ငါးဖမ်းလှေနဲ့ ကမ်းကို အချင်းချင်း ဆက်သွယ်ပြီး အမြဲတမ်း စကား ပြောနေရတယ်လို့ ကိုမောင်တိုးက ဆိုပါတယ်။
ငါးဖမ်းလှေ အုပ်စုတစုမှာ ကိုယ့်ဆက်သွယ်ရေးလိုင်း သတ်မှတ်ချက် တခုစီ ရှိတယ်လို့ ဆိုပါတယ်။ ဘယ်နေရာမှာ ငါးရနေလဲ၊ ကိုယ့် မီးပြလှေနားမှာ ငါးအခြေအနေ ဘယ်လိုရှိလဲ၊ ပင်လယ်ပြင်ရဲ့ ဘယ်နေရာမှာ မီးထွန်းထားလဲ၊ ဘယ်နေရာကို ပြောင်းရွှေ့မီးထွန်းရမလဲ ဆိုတာ တညလုံး မအိပ်ရဘဲ ဆက်သွယ် ညွှန်ကြား နေရတယ်လို့ ပြောပါတယ်။
ယင်းအပြင် ငါးဖမ်းလုပ်သားတွေက အိမ်ထဲက ထွက်လာကတည်းက ညစာအတွက် ထမင်း ထည့်လာကြရတယ်။ ညနေခင်း လှေထွက်လာချိန်မှာ ထမင်းစားကြရသလို သန်းခေါင်အချိန် ဗိုက်ဆာလာတတ်တာကြောင့် ထမင်းကို လုံလုံလောက်လောက် ထည့်လာကြ ရတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ဟင်းတွေက ငါးပိစိမ်းကို မီးဖုတ်ပြီး ဆီဆမ်းထားတာ တခွက်၊ ငရုတ်သီးစိမ်း ထောင်းထားတဲ့ ဟင်းတခွက်၊ ငါးဟင်းတခွက်နဲ့ တို့စရာ အများအပြားကို စားသောက် ကြတာကို တွေ့ရပါတယ်။
မနက် အာရုံတက်ချိန် အရောက်မှာတော့ တနေ့တာ ငါးဖမ်းအလုပ်ခွင် ပြီးဆုံးလို့ အိမ်အပြန်လမ်းကို လှေဦးလှည့်လိုက်ကြတယ်။ အားလုံးသော လှေလုပ်သားတွေလည်း ပင်ပန်းပြီး အိပ်တဲ့သူက အိပ်၊ စကား ထိုင်ပြောကြတဲ့သူက ပြော၊ အေးတဲ့ ပင်လယ်လေကို အံတုဖို့ စောင်တွေကို အသီးသီး ခြုံထားကြတာကို တွေ့ရပါတယ်။
“ပင်လယ်ပြင်ထဲမှာ အေးတဲ့အတွက် အနွေးထည်တွေ၊ စောင်တွေ ယူလာကြ ရတယ်။ ဒါပေမယ့် တကယ်တမ်း ငါးဖမ်းပြီ၊ ပိုက်ဆွဲပြီဆိုရင် အကုန် ပြန်ချွတ်ရတယ်။ ရေမစိုအောင် တနေရာမှာ စုထားလိုက် ရတယ်။ ပိုက်ဆွဲ၊ ငါးကဲ့ပြီးလို့ ပိုက်ကို ပြန်ရှင်းပြီးပြီ ဆိုရင် အဲဒါတွေ ပြန်ဝတ်၊ ခြေထောက် အေးနေလို့ ပီနံအိတ်ထဲကို ခြေထောက် တစုံလုံး စွပ်ထားလိုက် ရတယ်။ ဒါမှ အအေး သက်သာတာ” လို့ လှေလုပ်သား ကိုခင်မောင်စိုးက ဆိုပါတယ်။
ကမ်းခြေကို ပြန်ရောက်ချိန်မှာတော့ လှေထဲက ငါးတွေကို လှမ်းစင်အရောက် တင်ပေးရသလို အိမ်အတွက်လည်း ဟင်းရံငါးကို မပါမဖြစ် ယူသွားကြရတယ်လို့ ဆိုပါတယ်။ သူတို့ ဒေသမှာ ဟင်းသီးဟင်းရွက်ဆိုတာ ငါးလောက် မပေါ များတာကြောင့် လှေလုပ်သားတွေရဲ့ နေ့စဉ်ဟင်းလျာက ငါးတမျိုးမျိုး အမြဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ငါးဖမ်းအပြီး ကမ်းခြေကို ပြန်ရောက်ပေမယ့် ကိုမောင်တိုးကတော့ သူများတွေလို နားနားနေနေ မနေတာကို တွေ့ရပါတယ်။ သူက သူတို့ထက်အရင် ရောက်နှင့်နေပြီ ဖြစ်တဲ့ ပထမ မီးထိုးလှေက ငါးတွေကို ကမ်းပေါ် ချပြီးလို့ ပြီးမပြီးကို ဝေါ်ကီတော်ကီနဲ့ လှမ်းမေးလိုက်၊ သူနဲ့ အတူ ပါလာတဲ့ လှေလုပ်သားတွေ ကမ်းပေါ်ရောက်ချိန် ဝမ်းဟာနေတာကြောင့် စားစရာ မုန့်တွေ အဆင်သင့့် ဖြစ်မဖြစ်နဲ့ ယမန်နေ့က စင်ပေါ်မှာ လှမ်းထားတဲ့ ငါးတွေကို ဖယ်ပြီးမပြီး မေးမြန်း ညွှန်ကြားနေတာကို တွေ့ရပါတယ်။
သူတို့ ဘဝက ဒီပင်လယ်ပြင်ကြီးမှာ နေ့စဉ် ကျင်လည်ရင်း ဝမ်းကျောင်း နေရတော့ ပင်လယ်ပြင်ကို ချစ်တတ်နေပြီလို့ ကိုမောင်တိုးက ပြောပါတယ်။ ဒါပေမယ့် ပင်လယ်ပျော်တို့ရဲ့ ဘ၀ ကြမ်းတမ်းမှုကိုတော့ သူတို့ တော်တော်လေး နားလည် သဘောပေါက် နေကြပြီလို့ သူက ဆက်ပြောတယ်။
“ကျနော့်မှာ သား ၂ ယောက် ရှိတယ်။ သူတို့ကို အမြဲ ပြောတယ်။ ကျနော်တို့ ဘဝက တကယ့်ကို ကြမ်းတမ်းတဲ့ဘဝ။ ဒီဘဝထဲကို သူတို့ကို ဝင်မလာစေချင်ဘူး။ ပညာတတ်သာ ဖြစ်အောင်လုပ်၊ ဒါမှ ခုံပေါ်မှာ အေးအေးဆေးဆေး ထိုင်ရင်း ဘဝကို ဖြတ်သန်းလို့ ရမှာ။ ဒါပေမယ့် သူတို့ ရွေးချယ်မှုပေါ့ဗျာ။ သား ၂ ယောက်ထဲက တယောက်ကိုတော့ အနည်းဆုံး ဘွဲ့ရပညာတတ် ဖြစ်အောင် လုပ်ကိုလုပ်မယ်လို့ မှန်းထားတယ်” လို့ ကိုမောင်တိုးက ပြောရင်း နောက်တည ငါးဖမ်းထွက်ရင် ဘယ်နေရာမှာ ငါးပိုရမယ် ဆိုတာကို ငါးဖမ်းအုပ်စု အချင်းချင်း ဆက်သွယ် စကားပြောနေပါတယ်။
ကိုမောင်တိုး ဦးဆောင်တဲ့ ငါးဖမ်းလှေ အုပ်စုမှာ လုပ်ကြတဲ့သူ အများစုက ကျိန္တလီ ဒေသခံတွေ ဖြစ်ပေမယ့် ရခိုင်ပြည်နယ်၊ မင်းပြား၊ မြောက်ဦး မြို့နယ်တွေက လာကြတဲ့ သူတွေ ပါသလို၊ ဧရာဝတီတိုင်း ဒေသကြီးထဲက လာကြတဲ့ သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အခုအချိန်မှာတော့ ပင်လယ်ပြင်ကြီးကို ချစ်တတ်နေပြီ ဖြစ်သလို၊ ပင်လယ်နဲ့ တသားတည်း ဖြစ်နေပြီလို့ သူတို့က ဆိုကြပါတယ်။