ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၏ အနောက်ဘက်ရှိ ဧကပေါင်း ရာနှင့်ချီသော လယ်ကွင်းပြင်ကြီး တခုလုံးသည် အပူရှိန်ကြောင့် တံလျှပ်ရောင် တညီးညီး ထလျက်ရှိသည်။
ထန်းတပင် မြို့နယ်အပိုင် အေးမြို့ကျေးရွာနှင့် ဘေးချင်းကပ်တွင် တည်ရှိသည့် ထိုကွင်းပြင်ကြီး၏ အလယ်တွင် ဝါးတိုင်ကို ထရံပြား မိုးထားသည့် တဲငယ်တလုံး ရှိသည်။ ထိုတဲအောက်၌ စုစုပေါင်း လူ ၁၀ ဦးခန့် ရှိ၏။ ခုံငယ်လေး တလုံးလည်းရှိပြီး ထိုခုံပေါ်တွင် လယ်ဂျာ စာအုပ်များနှင့် ဇယားကွက်များပါသည့် စာရွက်စာတမ်းများ ရှိသည်။ ထိုခုံငယ်၏အောက်၌ ပလတ်စတစ်ကြိုးဖြင့် ချည်ထားသည့် ငွေများကိုလည်း တွေ့ရသည်။
ကွင်းပြင်ကြီး၏ အလယ်အူကြောင်း မြေသားလမ်းအတိုင်း လျှောက်လာသူတို့သည် အပူဒဏ်ကို အကာအကွယ်ယူရန် မြေစိုက်တဲကလေး အောက်သို့ ခိုဝင်လိုက်သည်။
တဲငယ်အတွင်းသို့ ဝင်လာသူများသည် ရန်ကုန်မြို့ပြင်ရှိ အနောက်ပိုင်း တက္ကသိုလ် အနီးတွင် အိမ်ခြံမြေကွက်များ ဈေးနှုန်း အသင့်အတင့်ဖြင့် ရောင်းချနေသည် ဆိုသည့် တဆင့်စကား သတင်းများကြောင့် စုံစမ်းရန် ရောက်လာသူများ ဖြစ်ပြီး တဲအတွင်း ထိုင်နေသူများမှာ မြေကွက်လပ်များကို ရောင်းချမည့် လယ်ပိုင်ရှင်နှင့် အဖော်များဖြစ်သည်။
မြေအရောင်းအဝယ် စာချုပ်ကို လက်မှတ်ရေးထိုးကာ ငွေရှင်းလိုက်ပြီးနောက် သူတို့ပိုင်ဆိုင်သွားပြီဖြစ်သည့် မြေကွက်အနီး သို့ လျှောက်သွားသည့် မိသားတစုကိုလည်း တွေ့ရသည်။
ထိုတဲကလေး၏ ပတ်ဝန်းကျင် တမျှော်တခေါ်တွင် “ဝယ်ယူပြီးသားဖြစ်သည်၊ ပိုင်ရှင်ရှိသည်”ဆိုသည့် သင်္ကေတ အင်္ဂတေတိုင်များက ဖွေးဖွေးလှုပ်လျက် ရှိသည်။ ကွင်းပြင်ကျယ်ကြီးတွင် မြေဖို့လမ်းများ၊ မီးကြိုး မသွယ်ရသေးသည့် ကွန်ကရစ် မီးတိုင်အသစ်များ၊ တူးလက်စ ရေနုတ်မြောင်းများနှင့် ယာယီကာရံထားသော ခြံစည်းရိုး တချို့ကိုလည်း တွေ့ရသည်။
“နေဖို့ အတွက် ဦးတည်ပြီး ဝယ်ကြတဲ့သူတွေ များတယ်၊ ရန်ကုန်မြို့ထဲမှာ နေစရိတ် မြင့်တဲ့ အတွက် ဒီဘက်မှာ လာဝယ်ကြတာ၊ ပြန်ရောင်းဖို့ အတွက် ရည်ရွယ်ကြတာတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်”ဟု ဘိုးဘွားပိုင် လယ်မြေဧကများကို အကွက်ရိုက်၍ ရောင်းချလျက်ရှိသည့် မြေပိုင်ရှင် ကိုကျော်ဆန်းက ပြောသည်။
လယ်မြေဧက ၁၀၀ အား အလျားပေ ၆၀ ၊ အနံပေ ၄၀ အကျယ် အိမ်ခြံမြေကွက်များ ဖော်လျက်ရှိရာ၊ ဧက ၉၀ ခန့် ရောင်းချပြီး ဖြစ်ကြောင်း သူက ပြောသည်။
“အရင်ကတော့ လယ်မြေတွေပေါ့၊ ဒါပေမယ့် စိုက်ပျိုးစားဖို့အတွက် အဆင် မပြေတော့ဘူး၊ စပါးထွက်နှုန်းလည်း မရှိတော့ဘူး၊ မြေစာရင်းကလည်း လယ်ပျက်ဆိုတာ စစ်ဆေးပေးပြီး လက်ခံသွားတယ်၊ ကျနော်တို့ကလည်း အခုလို ရောင်းလို့ ချလို့ရတဲ့ ခေတ်နဲ့ ကြုံနေလို့ ရောင်းတာပါ၊ မဟုတ်ရင် စိုက်ပျိုးလို့လည်း မရဘဲ ဒီတိုင်းထားရမှာလေ”ဟု ကိုကျော်ဆန်းက ဆက်ပြောပြသည်။
ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ် ဧရိယာအတွင်း လူနေမှု သိပ်သည်းလာပြီး၊ အိမ်ခြံမြေ ဈေးနှုန်းများနှင့် အထပ်မြင့် တိုက်ခန်း ဈေးနှုန်းများ မှာလည်း အစိုးရ၏ စီမံခန့်ခွဲနိုင်မှု အားနည်းခြင်းကြောင့် တရိပ်ရိပ် မြင့်တက်လျက် ရှိသည်။
ယခုနှစ်ပိုင်း အတွင်း အကြားရဆုံးနှင့် ရေပန်းအစားဆုံး စကားလုံးများထဲတွင် “အိမ်ငှားခတွေ အဆမတန် တက်လာတယ်။ ဝင်ငွေကို အိမ်ခန်းငှားခပဲ ပေးနေရသလို ဖြစ်နေတယ်” ဟူသည့် စကားလုံးလည်း ပါဝင်သည်။ ဝင်ငွေ၏ ၃ ပုံ ၂ ပုံ နီးပါးကို အိမ်ငှားခပေး နေရခြင်းကြောင့် ရန်ကုန်နေ အလယ်အလတ် လူတန်းစားများ အတွက် အိမ်ခန်းနှင့် ခြံမြေ ပိုင်ဆိုင်မှုသည် အလှမ်းဝေးသထက် ဝေးလာနေသည်။
ရန်ကုန်မြို့တွင် တနှစ်လျှင် မြို့ပြအိမ်ရာပေါင်း သုံးသောင်းကျော် လိုအပ်ချက် ရှိနေသော်လည်း အစိုးရက ဖြည့်ဆည်းပေးနိုင်သည်မှာ ၇ ထောင်ကျော်သာ ရှိကြောင်း မြို့ပြပညာရှင်များ၏ ခန့်မှန်းချက်များအရ သိရသည်။
“နေစရာ အပိုင်ဝယ်ဖို့က ရန်ကုန်မြို့ထဲမှာ လိုက်မမီတော့ဘူးလေ။ အိမ်ပိုင်၊ ခြံပိုင်လေးတော့ သားသမီးတွေအတွက် ဝယ်ပေးခဲ့ချင်တယ်” ဟု ထန်းတပင်မြို့နယ်သို့ မြေကွက် အခြေအနေ လာရောက်စုံစမ်းသည့် ဒေါ်လှလှရီက ပြောသည်။
ဧရိယာ စတုရန်းမိုင် ၃၀၀ ကျော်ရှိသည့် ရန်ကုန်မြို့တွင် မူလလူဦးရေ ၅ သန်းခန့်ရှိပြီး၊ တိုးပွားလာသည့် လူဦးရေနှင့် အခြားနယ်များမှ လာရောက် အခြေချသည့် လူဦးရေ များပြားလာခြင်းကြောင့် လူဦးရေ မြင့်တက်လာနေရာ ရန်ကုန်မြို့ ဧရိယာ တိုးချဲ့ရန် လိုအပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အကြံပေး ပညာရှင် ဒေါက်တာကျော်လတ်၏ အဆိုအရ သိရသည်။
ရန်ကုန်မြို့ စည်ပင်နယ်နိမိတ် အစွန်ရှိ ထန်းတပင်၊ မှော်ဘီ စသည့် မြို့နယ်များရှိ လယ်ယာမြေများကို လယ်ပိုင်ရှင်၊ ဥယျာဉ်ပိုင်ရှင် ကိုယ်တိုင်က ဖြစ်စေ၊ ငွေရှင်ကြေးရှင်များက ဧကလိုက် ဝယ်ယူ၍ ဖြစ်စေ အိမ်ခြံမြေကွက်များ ဖော်ဆောင်၍ ရောင်းချလျက် ရှိကြသည်။ ကိုယ်ပိုင်မြေဖြင့် နေထိုင်လိုသူများနှင့် အိမ်ခြံမြေ ဈေးကွက်တွင် ဝင်၍ ဈေးကစားလိုသူများ လည်း ဈေးနှုန်း သက်သာနေဆဲ မြေကွက်များသို့ ခြေဦးလှည့် လာသည်။
မြေပိုင်ရှင်များကို အမှီပြု၍ ကြားပွဲစားများလည်း အလုပ်ဖြစ်လျက် ရှိသည်။ ကိုယ်ပိုင်ခြံမြေဖြင့် နေထိုင်လိုသူများ၊ အိမ်ခြံမြေ ဘက်တွင် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ လိုသူများလည်း ထိုတံလျှပ်ထနေသော မြေကွက်များပေါ်တွင် ခြေချင်းလိမ်လျက် ရှိသည်။ မြန်မာနိုင်ငံသား အမည်ကိုငှားကာ မြေဝယ်ယူလိုသည့် နိုင်ငံခြားသားတချို့ပင်လျှင် ထန်းတပင်မြို့နယ် အတွင်းရှိ လယ်ယာမြေများကို လာရောက် လေ့လာလျက် ရှိသည်ကို တွေ့ရသည်။
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် အနောက်ဘက်ရှိ လယ်ကွင်းပြင်ကြီး၏ လမ်းလယ် အူကြောင်းတွင် စိုက်ထူထားသည့် ကွန်ကရစ် မီးတိုင်များသည် မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနမှ ဝန်ထမ်းများ ကိုယ်တိုင် စိုက်ထူပေးထားသည့် မီးတိုင်များ ဖြစ်သည်။
တချို့မှာ ဝယ်ထားသော မြေကွက်လပ်ကလေးတွင် အိမ်များ စတင် ဆောက်လုပ်နေကြသလို အရိပ်ရ သစ်ပင်များ စိုက်ပျိုးထား သည့် အိမ်သစ် တချို့ကိုလည်း တွေ့ရသည်။
၂၀၄၀ ပြည့်နှစ် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း၏ ၂၀၁၃ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် လေ့လာ တွေ့ရှိချက်အရ ရန်ကုန်မြို့သည် အနာဂတ်တွင် မြို့ပြဧရိယာများ ကျယ်ပြန့်လာမှု ကြောင့် စိုက်ပျိုးမြေနှင့် မြေလွတ် မြေရိုင်း မြေနေရာများ နည်းပါးသွားမည် ဟု ဆိုသည်။
ထိုအချက်ကို ထန်းတပင်၊ မှော်ဘီ အပါအဝင် ရန်ကုန်မြို့ အစွန်ဘက် ဧရိယာများရှိ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ အား အကွက်ဖော် ရောင်းဝယ် ဖောက်ကားနေကြသည့် အခြေအနေက သက်သေပြနေ သကဲ့သို့ ရှိသည်။
အလုပ်အကိုင် ရှားပါးသည့် နယ်မြို့များကို စွန့်ခွာကာ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး စသည်များ အထိုက်အလျောက် အဆင်ပြေ လက်လှမ်းမီနိုင်သည် ဟု ယူဆရသော မြို့ကြီးများသို့ ရွှေ့ပြောင်း ရောက်ရှိ လာကြသူများအတွက် အရေးတကြီး လိုအပ်ချက်မှာ နေထိုင်ရန် ကျောတခင်းစာ ဖြစ်လာသည်။
စုဆောင်း ရရှိထားသည့် ငွေပမာဏဖြင့် ဈေးနှုန်းအရ လိုက်မီနိုင်သည့် ယင်းမြေကွက်များကို ဝယ်ယူရန် စဉ်းစားသော်လည်း အစိုးရ၊ စစ်တပ်နှင့် စီးပွားရေးသမား တချို့၏ ဥပဒေမဲ့ မြေသိမ်းဆည်းမှုများက ကြီးမားသည့် စိန်ခေါ်ချက်တရပ် အဖြစ် ရှိနေပြန် သည်။ မြေ ဝယ်ယူနေသူများ အတွက် တိကျသော အာမခံချက်ကို မည်သူက ပေးနိုင်မည် ဆိုသည်မှာ မသေချာ မရေရာလှပေ။
“ရန်ကုန်မြို့ထဲမှာ အိမ်ပိုင်၊ မြေပိုင်ဝယ်နိုင်ဖို့ လက်လှမ်းမမီတော့ဘူးလေ၊ အိမ်ငှားခတွေ ကလည်း ၆ လ တကြိမ် လောက် ဆတိုးနဲ့ အဆမတန် တက်တက်နေတယ်၊ ဒါကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာလဲ။ အခု ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ရလို့ ဝယ်ဖို့ စဉ်းစားတဲ့ မြေကိုလည်း အာမခံချက် ရှိချင်တယ်၊ အိမ်ဆောက်နေပြီးမှ ဘယ်အချိန် ဘူဒိုဇာနဲ့ လာထိုးမလဲ ဆိုပြီး ထိတ်လန့်နေရတာမျိုးတော့ မဖြစ်ချင်ဘူး”ဟု မှော်ဘီမြို့စွန်ရှိ ဥယျာဉ်ခြံမြေ ဈေးနှုန်းများကို သွားရောက်စုံစမ်းသည့် ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။
လူဦးရေ သိပ်သည်းမှု မြင့်မားလာခြင်းကြောင့် လူနေအိမ်များ၊ မြေကွက်သစ်များ တိုးချဲ့ဖော်ဆောင်ပေးရန် လိုအပ်ချက်ရှိနေပြီး၊ အစိုးရတွင် တာဝန်ရှိသော်လည်း နှောင့်နှေးနေဆဲဖြစ်သည်။ အစိုးရက တာဝန်ယူ ဆောက်လုပ်ပေးနေသည့် တန်ဖိုးမျှတ အိမ်ရာများသည်ပင်လျှင် အလယ်အလတ် လူတန်းစားများအတွက် လိုက်မမီသေးသည့် တန်ဖိုးများ ဖြစ်နေသည်။
ဒေါက်တာကျော်လတ်က “ရန်ကုန်မြို့ ကတော့ မတိုးချဲ့လို့ မရတော့ဘူး၊ တိုးချဲ့ဖို့ ဆိုတာလည်းပဲ နိုင်ငံတော်မှာ မြေကို သိမ်းရင် မြေကို ဘယ်လို လျော်မယ် ဆိုတဲ့ ဥပဒေတွေ ကလည်း တိတိကျကျ မပြဋ္ဌာန်းရသေးဘူး၊ အခုထက်ထိအောင် မပြဋ္ဌာန်းရသေးဘူး၊ ဆိုတော့ မြို့တွေက တိုးချဲ့ဖို့ခက်တယ်” ဟု ဧရာဝတီကို ပြောဆိုဖူးသည်။
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဝင်းကမူ နိုင်ငံတော် စီမံကိန်းအရ လယ်ယာများကို မြေကွက် ဖော်ဆောင်ခြင်း မရှိသေးဘဲ၊ လယ်မြေများအား ယခုကဲ့သို့ ရောင်းချခြင်းသည် လက်ရှိ လယ်ယာမြေ ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
လယ်ယာမြေများ ပေါ်တွင် သီးနှံစိုက်ပျိုးခြင်း မဟုတ်ဘဲ ခြံစည်းရိုး ခတ်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောင်အအုံ ဆောက်လုပ်ခြင်းများ ပြုလုပ်ပါက ဒဏ်ငွေချမှတ်ခြင်း၊ ထိုမြေမှ နှင်ထုတ်ခြင်းနှင့် ဆောက်လုပ်ပြီး အဆောက် အအုံများကို ဖယ်ရှားခြင်းများ ပြုလုပ် အရေးယူနိုင်ကြောင်း သူက ဆိုသည်။
“လ/ယ (၃၀-က) လျှောက်ထားကြတဲ့ လယ်သမား ၃၀ လောက် ရှိတယ်၊ ကျနော်တို့ဘက်က ခွင့်ပြုချက် ပေးထားတာ တဦးမှ မရှိသေးဘူး၊ ခွင့်ပြုသင့်၊ မပြုသင့်ဆိုတာ အဆင့်ဆင့် စဉ်းစားရဦးမယ်၊ ဝယ်နေတဲ့ လူတွေကို ပြောချင်တာက မဝယ်ကြပါနဲ့၊ ဝယ်ရင် ဆုံးမယ်၊ လုပ်နေတာတွေက ဥပဒေနဲ့ မညီဘူး” ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဝင်းက သတိပေးစကား ပြောသည်။
သို့သော် ရောင်းသူနှင့် ဝယ်ယူသူများကြားတွင် မည်သူမျှ သတိပေးခြင်း၊ တားမြစ်ခြင်း မရှိဘဲ လွတ်လပ်စွာ ရောင်းဝယ် အလုပ်ဖြစ် နေကြသည်ကို တွေ့ရသည်။
ထို မြေကွက်လပ်များ ပေါ်တွင် နေအိမ် ဆောက်လုပ်ခွင့် လ/ယ (၃၀-က) အတွက် သက်ဆိုင်ရာသို့ တင်ပြထားဆဲ ဖြစ်ပြီး၊ ခွင့်ပြုချက် ပြန်ချ မပေးသေးသော်လည်း မြေ အရောင်းအဝယ် စာချုပ်များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသိ သက်သေ အဖြစ် လက်မှတ်ရေးထိုး ပေးကြသည်။
လယ်ပိုင်ရှင် ကိုကျော်ဆန်းက “အခုရောင်းတဲ့ မြေတွေက ရေမရလို့ ကျနော်တို့ လယ်စိုက်လို့ မရဘူး၊ သီးနှံ စိုက်စေချင်ရင် စိုက်လို့ရအောင် ကျနော်တို့ကို အစိုးရက ပံ့ပိုးပေးမှ ရမယ်၊ စိုက်လို့ရတဲ့ လယ်တွေကိုတော့ ကျနော်တို့ မရောင်းပါဘူး၊ ချန်ထားပါတယ်” ဟု ရှင်းပြသည်။
ထန်းတပင် မြို့နယ် အတွင်းရှိ အိမ်ခြံမြေကွက် ဈေးနှုန်းများမှာ အလျားပေ ၆၀ ၊ အနံပေ ၄၀ ရှိ မြေကွက် တကွက်လျှင် ကျပ်ငွေ ၁၅ သိန်းမှ သိန်း ၄၀ ဝန်းကျင် အထိ ရှိသည်။ ကျေးရွာမြေ အဖြစ် သတ်မှတ်ပြီးသား အိမ်ရာများမှာ သိန်း ရာဂဏန်း အထိ ဈေးခေါ်လျက် ရှိသည်။ ရန်ကုန်မြို့တွင်းနှင့် နှိုင်းယှဉ်လျှင် များစွာ သက်သာနေသော ဈေးနှုန်းများ ဖြစ်သည်ကို တွေ့ရသည်။
ထိုမြေများတွင် ကျေးရွာများနှင့် ကပ်လျက်ရှိသည့် လယ်ယာမြေများကို ကျေးရွာတိုးချဲ့မြေ အဖြစ် လူနေအိမ်များ ဆောက်လုပ်ခွင့် လျှောက်ထားဆဲ ဖြစ်ပြီး၊ အချို့မြေကွက်များမှာမူ ကျေးရွာနှင့် အလှမ်းဝေးသည့် လွင်တီးခေါင် ကွင်းပြင် လယ်မြေများ ဖြစ်သည်။
လက်ရှိ အရောင်းအဝယ် ပြုလုပ်နေသည့် ထန်းတပင်မြို့နယ်က မြေ ရောင်းချသူများ အနေဖြင့် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သက်သေအထောက်အထားနှင့် အာမခံချက်ကို ပေးနိုင်သော်လည်း ထိုမြေပေါ်တွင် အိမ်ရာ ဆောက်လုပ်ခွင့် ရှိ၊ မရှိ ဆိုသည့် အချက်ကိုကား တာဝန် မယူနိုင်ကြချေ။
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် အနီးရှိ အိမ်ခြံမြေများအား ဝယ်ယူသူများက ထိုအချက်ကို သိသော်လည်း မြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ဌာနက စိုက်ထူပေးထားသော လမ်းမီးတိုင်ကြီးများကို ကြည့်၍ သော်လည်းကောင်း၊ သက်သေအဖြစ် လက်မှတ်ထိုးပေးသော ကျေးရွာ အုပ်ချုပ်ရေး မှူး၏ လက်မှတ်ကို ကြည့်၍ လည်းကောင်း၊ လယ်ပိုင်ရှင်၏ လက်ဗွေရာကို ကြည့်၍ လည်းကောင်း ဝယ်ယူကြလေသည်။
လယ်ပိုင်ရှင် ကိုဆန်းဝင်းကလည်း“ရှေ့နေနဲ့ ချုပ်ချင်တယ် ဆိုရင်လည်း ခေါ်လာခဲ့လို့ ရပါတယ်” ဟု သူ၏ လယ်မြေ ပိုင်ဆိုင်မှုကို အာမခံသည်။
တချို့က ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ထားပြီးဖြစ်သည့် မြေကွက်များကို ဝယ်ယူခဲ့သော်လည်း၊ အများစုမှာမူ ကျေးရွာနှင့် အတန်ငယ် အလှမ်းဝေးသည့် လွင်တီးခေါင်ကွင်းပြင် လယ်မြေကွက်များကို ဝယ်ယူထားခြင်း ဖြစ်သည်။ ယခင်က တဦးတည်း ပိုင်ဆိုင်သည့် ထိုလယ်ယာမြေများကို ထောင်နှင့်ချီသော ပိုင်ရှင်အသစ်များက ခွဲခြမ်း ပိုင်ဆိုင်သွား ကြပြီ ဖြစ်သည်။
“ဝယ်တုန်းကတော့ ရင်တထိတ်ထိတ်ပေါ့၊ အခုနောက်ပိုင်း စစ်တပ်ကလည်း အကွက် ၃၀ တောင် လာဝယ်သွားတာ တွေ့တယ်၊ ဗိုလ်ချုပ် ကတော်တွေတောင် ဝယ်ထားကြတယ် ဆိုတော့ ကိုယ်တွေချည်းပဲ မဟုတ်ဘူးဆိုပြီး နည်းနည်း စိတ်အေးသွားတယ်၊ ပြန်သိမ်းရင်လည်း မြေအစား ပြန်ရမယ်ထင်တယ်” ဟု ခြံမြေကွက် ၄ ကွက်ဝယ်ထားသူတဦးက အင်္ဂတေတိုင် အဖွေးသားနှင့် ကွင်းပြင်ကြီးကို လှမ်းကြည့်ရင်း ကျေနပ်နေဟန်ဖြင့် ပြောလိုက်လေသည်။
နိုင်ငံတော် အနေဖြင့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရေး အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို စတင် ဖိတ်ခေါ် နေပြီ ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ထို့နောက် မကြာမီ ကာလတွင် လိုအပ်ချက် ကြီးထွားလာနေသည့် မြို့ပြအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်တော့မည်လား ဟု မျှော်လင့်နေကြသည်။ သို့သော်လည်း ယင်း မျှော်လင့်ချက် မည်သည့် အချိန်တွင် မည်သို့ အကောင်အထည် ပေါ်လာမည်ကိုမူ မည်သူမျှ ရေရေရာရာ မသိရှိနိုင်ကြသေးပေ။ ။