သင်္ကြန်ကာလကို အေးဆေးစွာ ဖြတ်သန်းချင်သူတွေ၊ သင်္ကြန်ကို ရှောင်ချင်သူတွေ အတွက် အပန်းဖြေခရီး ထွက်မယ် ဆိုရင် အေးချမ်းပြီး လှိုင်းပုတ်သံ လေးတွေနဲ့ သာယာလှပနေတဲ့ ငွေဆောင်ကမ်းခြေကို သွားလို့ ရပါတယ်။
မိသားစုနဲ့ပဲ သွားသွား၊ ကိုယ့်သူငယ်ချင်း အပေါင်းအသင်း၊ ချစ်ခင်သူတွေနဲ့ပဲ သွားသွား၊ အပန်းဖြေလို့ရပြီး၊ ဒေသန္တရ ဗဟုသုတ ရှာချင်တဲ့သူတွေ၊ ပင်လယ်စာ ကောင်းကောင်း ကြိုက်သူတွေနဲ့ အလုပ်ပင်ပန်းပြီး စိတ်ဖိစီးမှု များနေတဲ့သူတွေ သင်္ကြန် အားလပ်ရက်မှာ ခရီးထွက်ကြမယ် ဆိုရင်တော့ ပင်လယ်ကမ်းခြေဟာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။
သာယာလှပတဲ့ ငွေဆောင်ကမ်းခြေဟာ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့အနီးမှာ ရှိပြီး၊ ရန်ကုန်ကနေ ကားစီး သွားမယ် ဆိုရင် ၅ နာရီလောက်ပဲ ကြာပါတယ်။
ငွေဆောင် ကမ်းခြေ သွားဖြစ်ပြီ ဆိုရင်တော့ တည်းခိုစရာ နေရာ အတွက် သေချာကြိုတင် ပြင်ဆင် သွားသင့် ပါတယ်၊ တည်းခိုခ ဈေးနှုန်းတွေက တရက် ကျပ်သုံးသောင်း ဝန်းကျင်ကနေ တသိန်းအထိ ရှိပါတယ်။
ဟိုတယ် ကောင်းရင် ကောင်းသလို ဈေးပိုပေးရပြီး၊ သင်္ကြန်ကာလမှာတော့ ကျပ်တသိန်းကနေ သုံးသိန်း အထိ ဈေးတက်လေ့ ရှိတယ်လို့ ဟိုတယ်ဝန်ထမ်းတွေက ဆိုပါတယ်။
မိသားစု အခန်းတွေ ရှိသလို နှစ်ယောက်ခန်း၊ တယောက်ခန်းတွေလည်း ရှိပါတယ်၊ မိသားစုခန်း ကတော့ ကျပ် ငါးသောင်း ဝန်းကျင် ဖြစ်ပြီး မိသားစုတစု တည်းလို့ ရပါတယ်၊ ဟိုတယ် အများစုကတော့ မနက်စာ ကျွေးလေ့ ရှိပါတယ်။
အခန်း အဆင်ပြေသွားရင် လည်ပတ်စရာ နေရာအနေနဲ့ကတော့ ငွေဆောင်ရွာထဲကို သွားပြီး အမှတ်တရ ပစ္စည်းတွေ ဝယ်လို့ ရပါတယ်။
ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက်နဲ့ ပင်လယ်ရေထွက် ပစ္စည်းတွေကို ဈေးနှုန်သင့်တင့်စွာ ဝယ်လို့ရပြီး၊ ဈေးဆစ် တတ်ရင်တော့ ဒီထက် ဈေးလျော့ဦးမယ် လို့ ထင်ပါတယ်။
ငွေဆောင်မှာ မုန့်တီသုတ် အရမ်းစားလို့ကောင်းပြီး၊ ပင်လယ်စာတွေထဲမှာတော့ ရေဘဝဲချက်၊ ကဏန်းချက်၊ ငါးကင်၊ ပုစွန်ကင်၊ ခရုချဉ်စပ်၊ ပုစွန် တန်ပူရာ၊ ပုစွန်ခေါင်းဟင်းချိုတွေ အပြင်၊ မိမိကြိုက်နှစ်သက်ရာ ပင်လယ်စာ အစုံ မှာယူ စားသောက်လို့ ရပါတယ်။
အုန်းစိမ်းရည် ကြိုက်တတ်သူတွေ အတွက်ကတော့ အုန်းသီးဖတ်နုနု ရွရွလေးတွေက စားချင်စဖွယ်ပါ၊ အရက်၊ ဘီယာ ကြိုက်တတ်ရင်လည်း ပင်လယ်ကမ်းခြေမှာ သောက်လို့ရပြီး ပင်လယ်လေနဲ့အတူ တငြိမ့်ငြိမ့်ခံစားရမှာ မလွဲပါဘူး။
ပင်လယ် ကမ်းခြေမှာ ဘောကွင်းငှားကာ လှိုင်းစီးလို့ ရသလို၊ မြင်းစီးလို့လည်းရတယ်။ ဆိုင်ကယ် စီးလို့ရတယ်၊ ပြေးလို့ရတယ်၊ ဘောလုံးကန်လို့ ရပါတယ်။
ဒီရေ ကျသွားရင်တော့ ချစ်သူများကျွန်း ဆီကို လမ်းလျှောက်သွားလို့ ရသလို၊ တချို့တလေတော့ ဒီရေ မကျသေး ပေမယ့် ရေကူးပြီး သွားကြသူတွေ ရှိပါတယ်။
ငွေဆောင်ရောက်ရင် အပန်းဖြေစရာတွေ ထဲက အကောင်းဆုံး အပန်းဖြေ စရာတခုလို့ ဆိုနိုင်ပြီး စွန့်စွန့်စားစား သွားလာရတဲ့ ငှက်ကျွန်း ခရီးစဉ် ရှိပါတယ်။
အဏ္ဏဝါ ရေပြင်ကျယ်ကြီးရဲ့ သဘာဝကို လေ့လာလိုသူတွေ ၊ ပင်လယ်ရေအောက်ငုပ် ရေသတ္တဝါတွေကို ကြည့်ချင်သူတွေ ၊ ငါးမျှားလိုသူတွေ အတွက်ကတော့ ငွေဆောင်ကမ်းခြေနဲ့ ရေမိုင် ၈ မိုင်ခန့်ဝေးတဲ့ ငှက်ကျွန်းကို သွားရောက် လေ့လာသင့်ပါတယ်။
မိုးရာသီမှာ ဇီဝဇိုးငှက်တွေ အသိုက်လုပ်တဲ့ အပြင်၊ ငှက် အမျိုးအစားပေါင်းစုံ ပေါများလွန်းလို့ ငှက်ကျွန်းလို့ ခေါ်တာဖြစ်ပြီး၊ ဇီဝဇိုးငှက်တွေဆီက အန်ဖတ်ရဖို့ အတွက် စီးပွားရေး သမားတဦးက ဒီကျွန်းကို ကန်ထရိုက် ဆွဲထားတယ် လို့လည်း သိရပါတယ်။
ဒါပေမယ့် အခုလို နွေရာသီမှာတော့ ဘယ်သူမှ မရှိပါဘူး၊ မိုးတွင်းရောက်မှသာ ငှက်သိုက် လုပ်ငန်းတွေ စတာပါ၊ ငှက်ကျွန်းကို သွားမယ် ဆိုရင် စက်လှေခက တသိန်းကနေ တသိန်းခွဲ ဝန်းကျင်အထိ ရှိပါတယ်။
လူများရင် တယောက်ကို ကျပ်နှစ်သောင်းနှုန်း နဲ့ သွားလို့ ရတယ်လို့လည်း သိရပါတယ်။ လှေကြီးရင် ဈေးပိုပေးရ တတ်ပါတယ်။
ငွေဆောင်ကနေ သွားရင် တနာရီခွဲလောက် စက်လှေစီးရတဲ့ ဒီခရီးကို နိုင်ငံခြားသားတွေသာ အများဆုံး သွားရောက်ကြ တာပါ။
ငှက်ကျွန်းကို မနက်ပိုင်း စောစောလေးသွားရင် ပိုကောင်းပြီး၊ ကျွန်းပေါ်မှာ နေချိန်ပိုရတဲ့ အတွက် ရေကူး၊ ငါးဖမ်း၊ ရေငုပ်၊ ဖမ်းဆီးရ တဲ့ ငါးပုစွန်တွေကို ကင်စား၊ ချက်စား လုပ်နိုင်ပါတယ်။
တကယ်လို့ ကိုယ်က ဗိုက်ဆာတတ်တယ် ဆိုရင် ကော်ဖီမစ်၊ ရေနွေးဓာတ်ဘူး နဲ့ ခေါက်ဆွဲခြောက် ထုပ်လေးတွေ ထည့်သွားသင့် ပါတယ်။ ပြီးရင် အသင့်စားလို့ ရတဲ့ ဘီစကစ်လို မုန့်မျိုးတွေ ဆောင်သွားသင့်တယ်။ မဟုတ်ရင် ရေကူး၊ ရေငုပ်ရတာ အရမ်းပင်ပန်းတဲ့ အခါ အရမ်း ဆာလောင်နေပါလိမ့်မယ်။
ငှက်ကျွန်း ခရီးစဉ် စတင်ပြီ ဆိုရင်တော့ ပထမဆုံးလုပ်ရမှာက ငါးဖမ်းစက်လှေကို ချစ်သူများ ကျွန်းနားမှာ သွားပြီး စီးရပါမယ်။ စက်လှေက ကမ်းခြေအထိ ကပ်လို့ မရတဲ့ အတွက် လှေအသေးလေးနဲ့ စက်လှေသမားက လာခေါ် ပါတယ်။
ပင်လယ်ထဲမှာ လှေစီးရတဲ့ အရသာက ပြောပြလို့တောင် မရနိုင်ပါ။ ပင်လယ်လေ အေးအေးလေးကလည်း တိုက်နေတော့ အပူဒဏ်ဆိုတာ မရှိတော့သလို၊ ရေကလည်း စိမ်းလဲ့လဲ့နဲ့ ကြည်လင်နေတဲ့ အတွက် စိတ်ကို အေးမြစေပါတယ်။ ရေထဲမှာလည်း ငါးသေးသေးကလေးတွေက အုပ်စုလိုက် လှုပ်ရှားနေပါတယ်။
လှေကလေးပေါ် ကနေ စက်လှေပေါ်ကို ရောက် ပြီဆိုတာနဲ့ အသက်ကယ် အကျႌ၊ ငါးမျှားတံနဲ့ ရေငုပ် ကိရိယာ တွေကို အဆင်သင့် မြင်တွေ့ရပါပြီ။
လှေ စထွက်တာနဲ့ အရမ်းလတ်ဆတ်တဲ့ ပင်လယ်လေ အရသာကို စတင်ခံစားလို့ ရပါပြီ၊ သတ္တိ နည်းနည်း ပိုရှိရင်တော့ လှေဦးမှာ ထိုင်ပါ။ ချားရဟတ်စီးရတဲ့ အရသာထက် အများကြီး ပိုကောင်းပါတယ်။
ပင်လယ်ထဲ ရောက်တာနဲ့ ငှက်တွေ၊ ငါးအုပ် တွေကို အဝေးက မြင်နေရပါပြီ၊ အနီးရောက်သွားရင်တော့ စက်လှေသံကြောင့် ငါးတွေက ရေငုပ်ပျောက်သွား ကြပါတယ်။
ငှက်ကျွန်းကို ရောက်ပြီ ဆိုတာနဲ့ ပင်လယ်ရေရဲ့ အရောင်ဟာ အစိမ်းရောင်ကနေ အပြာရောင်ကို ပြောင်းလဲ သွားပါပြီ၊ ငါးကလေးတွေကလည်း စက်လှေ နံဘေးမှာ ဟိုဒီ ကူးခတ်နေပါတယ်။
ကျွန်းကို တိုက်ရိုက်စက်လှေ မကပ်နိုင်ပါဘူး၊ ပင်လယ်ပြင်ထွက် ငါးဖမ်းရင်း ကျွန်းပေါ်မှာ ခေတ္တ တည်းခို နေထိုင်နေတဲ့ တံငါလှေလေးတွေက အခကြေးငွေ ယူပြီး အကြို၊ အပို့ လုပ်ပေးပါတယ်။
လှေ မစီးချင်တဲ့ သူတွေကတော့ ကျွန်းဆီကို ရေကူးသွားကြတယ်။ တတ်နိုင်ရင် ရေကူးပြီးသွား သင့်တယ်လို့ အကြံပေး ပါရစေ။ ကျွန်းကိုရေကူး သွားတဲ့လမ်းမှာ ရေးကူးရင်း၊ ရေငုပ်ရင်းနဲ့ရေအောက် ရေသတ္တဝါ မျိုးစုံကိုလည်း ကြည့်ရှုလို့ ရပါတယ်။
ဖြူ နီ ပြာ ဝါ ခရမ်း စတဲ့ အရောင်စုံ ငါးလေးတွေ အပြင် jelly fish လို့ခေါ်တဲ့ ငါးလေးတွေ ရေအောက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားကူးခတ် နေတာကို လိုက်ကြည့်ရတာက အရသာ ကောင်းတခုလို့ ဆိုရမှာပါ။
အသက်ကယ် အကျႌဝတ်ပြီး ကူးရင် အန္တရာယ် မရှိနိုင်ပေမယ့် ရေငုပ်တဲ့ အခါမှာတော့ ကျောက်ဆောင်တွေ နားကို သိပ်မကပ်ဘဲ ခပ်လှမ်းလှမ်းမှာ ငုပ်သင့်ပါတယ်။ ပင်လယ်လှိုင်းဒဏ်ကြောင့် လွင့်စင်သွားရင် ကျောက်ဆောင်တွေ နဲ့ ရိုက်မိနိုင်တဲ့ အတွက်ကြောင့်ပါ။
ပြီးရင် အကြာကြီး ရေထဲမှာ မငုပ်ဘဲနဲ့ ရေပြင် ပေါ်တက်ပြီး အသက်ရှူပါ၊ ဘာကြောင့်လဲဆိုတော့ ပင်လယ် အောက်ခြေက အရမ်းလှတော့ တော်တော်နဲ့ အပေါ်ကို ပြန်မတက်ချင်ပဲ ငုပ်ရင်းကနေ နားတွေ အူလာပြီး မွန်းကျပ်လာရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။
သတိထားရမှာက တချို့နေရာတွေမှာ ရေအောက်မှာ ဖြစ်နေတဲ့ ကျောက်ဆူး၊ ကျောက်ခက်တွေက ခြေထောက် ရှတတ်ပါတယ်၊ ကြိုးသိုင်းဖိနပ် စီးထားရင်တော့ ပြဿနာ မရှိပါဘူး။
ငါးဖမ်းလိုက်၊ ရေကူးလိုက်နဲ့ မောလာရင်တော့ ကျွန်းပေါ်တက်ပြီး ဖမ်းမိထားတဲ့ ငါး၊ ပုစွန်ကို ကင်စား၊ ချက်စားရင်း အနားယူနိုင်ပါ သေးတယ်။
ညနေ ၃ နာရီ၊ ၄ နာရီ နေကျပြီ ဆိုရင်တော့ ကျွန်းကနေ ပြန်သင့်ပါပြီ။ မှောင်လာရင် စက်လှေမောင်းရတာ အန္တရာယ်ရှိပါတယ်။
အပြန်ခရီး တနာရီခွဲသာသာ လောက်မှာ စက်လှေကို ချစ်သူများ ကျွန်းဆီကိုပဲ ပြန်ပို့ပေးမှာပါ။ မမောသေးဘူး ဆိုရင် ချစ်သူများကျွန်းနားက စားသောက်ဆိုင်တွေမှာ အပန်းဖြေရင်း ရေငုပ်လို့ ရပါသေးတယ်။
ကျွန်းဆီက ကမ်းခြေကို ပြန်ရောက်ရင် နေဝင်ပါတော့မယ်၊ ပင်လယ်ထဲကို ထိုးစိုက်ဝင်နေတဲ့ နေလုံးကြီးကို မလွတ်တမ်းကြည့်ရင်း ပင်လယ်ရဲ့ နေဝင် ဆည်းဆာအလှကိုလည်း အပြည့်အ၀ ခံစားနိုင်ပါတယ်။ ။