မြန်မာလူမျိုးအများစုဟာ မွေးဖွားချိန်ကစလို့ သေဆုံးသည့် အချိန်ထိ ဘဝတလျှောက်လုံးမှာ အဆိုးအညံ့တွေ နည်းနိုင်သမျှ နည်းပါးအောင်၊ မိမိရဲ့ အနာဂတ်မှာ ဘာဖြစ်နိုင်မလဲ ဆိုတာကို ကြိုတင်သိချင်လို့၊ လုပ်သမျှကိစ္စ တွေမှာ အဆင်ပြေ ချောမွေ့စေချင်လို့ စသည့် အကြောင်းပြချက်ပေါင်း များစွာဖြင့် ဗေဒင်အပေါ် ယုံကြည်လေ့ ရှိကြသည်။
စာမေးပွဲအောင်ဖို့ အဆောင်ပစ္စည်း လုပ်တာ၊ အိမ်ထောင်ပြုဖို့ နေ့ကောင်းရက်မြတ်နဲ့ အဝတ်အထည် အရောင် ရွေးချယ်မှုက စလို့ ဘဝအတွက် အရေးပါမည် ထင်သည့် ကိစ္စ တော်တော်များများမှာ ဗေဒင်ဆရာကို ပြေးပြီး တိုင်ပင်တတ်ကြတဲ့ စရိုက်က မြန်မာလူမျိုး တော်တော်များများမှာ ရှိကြသည်။
ခေတ်မီပြီး တိုးတက်ပြောင်းလဲလာပြီဟု ဆိုကြသော်လည်း လူအများစုကတော့ ယနေ့အချိန်ထိ ဗေဒင်တွက်ချက်လို့ ထွက်လာတဲ့ ရလဒ်ကိုကြည့်ပြီးမှသာ ဘာဆက်လုပ်သင့်သည် တွက်ဆတတ်ကြဆဲဖြစ်ပြီး ထိုဟော ကိန်းများအတိုင်း လက်တွေ့ဖြစ်လာ ပြီဆိုရင်တော့ ဗေဒင်အပေါ် ယုံကြည်သက်ရောက်မှုက ပိုပြီး အရှိန်မြင့် လာတတ်ကြသည်ဟု ဗေဒင် ပညာရှင် တဦးဖြစ်သည့် ဆရာစံဇာဏီဘိုကရှင်းပြသည်။
“အခုခေတ်လူတွေက အနာဂတ်ကို ကြိုတင်သိချင်ကြတယ်၊ ရှေ့ရေးကိုတွက်ဆပြီးတော့ အလုပ်လုပ်ကြတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲသိချင်လို့ မေးကြတာ၊ ဗေဒင်ဆရာကို ယုံတာမဟုတ်ဘူး၊ ပညာကို ယုံကြည်ကြတာ” ဆရာစံဇာဏီဘိုကပြောသည်။
ဗေဒင်ပညာရှင်များသည် လူတဦးချင်းစီ၏ မွေးဖွားလာမည့် အချိန်မှစ၍ ပညာရေး၊ အိမ်ထောင် ရေးတို့အပြင် အသက်အရွယ် ကြီးမြင့်လာချိန် ကျန်းမာရေး အခြေအနေနှင့် အမွေအနှစ်ကိစ္စများအထိ အသက်အရွယ် အလိုက် ကိစ္စပေါင်းစုံကို တွက်ချက်ပေးရသည်ဟု သိရသည်။
ဒီဘက်ခေတ်မှာတော့ လူငယ်နှစ်ဦးအိမ်ထောင် ပြုတော့မည်ဆိုလျှင် လူကြီးမိဘအများစုက “ဥသာ စိန်ပန်း၊ ဒါန်းလှကိုရှာ”၊ “ဓမ္မာသောက၊ အင်းဝ ရာဇာ” စသည့် စာချိုးတွေနဲ့ ညီ မညီ၊ နောက်ပြီး “သတို့သား သတို့သမီး တို့ရဲ့အိမ်ထောင်ဖက်နက္ခတ် ချင်းတည့်မတည့်” စသဖြင့် အရင်ဆုံးတွက်ချက်တတ်ကြသည်။ အဲဒီအရာတွေရဲ့နောက်မှာ အိမ်ထောင် ဖက်လောင်းရဲ့အိမ်တွင်းရေး၊ စီးပွားရေးနဲ့အသောက်အစား ကင်းမကင်း စတဲ့အခြေအနေတွေကို ဒုတိယ ဦးစားပေးအဆင့်ကို ပို့ပစ်တတ်ကြသူတွေလည်း ရှိပြန်သည်။
တချို့ကလည်း လုပ်ဆောင်သည့်အလုပ်အပေါ်မူတည်၍ နတ်မေးကြ နတ်များကို ပူဇော်ပသ ကြသည်။
ရာထူးနေရာ တိုးတက်ရေး၊ စီးပွားရေးအဆင် ပြေရေးစသည့် လူမှုစီးပွားရေးကိစ္စများတွင် အောင်မြင်မှုများ ရလို၍ ယတြာချေခြင်း၊ ဗေဒင်လက္ခဏာ ကြည့်ခြင်း၊ နာမည်ကြီးနတ်နန်းများတွင် အားကိုးတကြီး ပူဇော် ပသသူများနှင့် ပြည့်နှက်နေသည်ကို အစဉ်အမြဲတွေ့နိုင်သည်တွေကို သူ့အနေဖြင့် ငယ်စဉ် အချိန်ကစလို့ လက်ရှိအချိန်ထိ ယုံယုံကြည်ကြည် ပြုလုပ်နေဆဲဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ဟောင်းတဦး၏ သမီးတဦးက ပြောပြသည်။
သူတို့မိသားစုဝင်အားလုံး မြန်မာနိုင်ငံ၏ နာမည်ကြီး အကြားအမြင်ဆရာမဖြစ်သည့် အီးတီ (ခေါ်) ဒေါ်အေးအေးဝင်း၏ ဟောပြောချက်၊ အကြံ ပြုချက်များအတိုင်း လိုက်နာခဲ့၍ ရာထူးနေရာမှအစ အိမ်ထောင်ပြုခဲ့သည့်ကိစ္စအထိ အဆင်ပြေမှုများစွာ ရှိခဲ့သည်ဟုလည်း သူကပြောပြသေးသည်။
ရာထူးရာခံကြီးမားသူ ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ပင်လျှင် ရာထူး၊ အာဏာ၊ နေရာရရှိရေး၊ ခိုင်မြဲရေး စသည့် ကိစ္စအဝဝအတွက် ဗေဒင်၊ ယတြာကို အားကိုးမှုတွေ ရှိသည်ဟုလည်း ပြည်သူတွေအကြား သုံးသပ်ယူဆ ချက်တွေ ရှိနေသည်။
“ကိုယ်လုပ်ချင်တဲ့ကိစ္စလေး အဆင်ပြေအောင်၊ မြန်မြန်ဆန်ဆန် ဖြစ်သွားအောင်ဆိုပြီး ယတြာ ခဏခဏ ချေရတယ်၊ တကယ်တော့ ဗေဒင်ဆိုတာက လူတယောက်အတွက် စိတ်သက်သာရာရအောင် လုပ်ပေးနိုင် တဲ့နည်းတခုပဲ” ဟု အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
ဗေဒင်ပညာရှင်တဦးမှ ကလေးမွေးဖွားမည့် အချိန် တွက်ချက်ပေးခြင်း၊ နာမည်ပေးခြင်း၊ နေ့ကောင်းရက်သာ ရွေးပေးခြင်း၊ ကုမ္ပဏီနာမည်ပေး ခြင်း စသည့် ကိစ္စအမျိုးမျိုး မေးမြန်းရန်အတွက် ဉာဏ်ပူဇော်ခသည် အနည်းဆုံး ၅၀ဝ၀ ကျပ်မှ ကျပ် ၅ သိန်းကျော်အထိရှိသည်။
တချို့ ဗေဒင်ဆရာများသည် လူကိုယ်တိုင်လာ ရောက်ရန်ပင် မလို၊ ဖုန်းဆက်ရုံဖြင့် အနာဂတ် အတွက် ကြိုတင်အကြံပေးမှုများပင် ရှိလာသည်ကို သတင်းစာ၊ ဂျာနယ်စာမျက်နှာများတွင် ဖော်ပြထားသည့် ကြော်ငြာများတွင် တွေ့နိုင်မည်ဖြစ်သည်။
ဗေဒင်ပညာဆိုင်ရာ လူမှုကွန်ရက် Facebook စာမျက်နှာများ၊ ဘလော့ဂ်စာမျက်နှာများနှင့် ဝက်ဘ်ဆိုက် များတွင်လည်း အနည်းဆုံးကြည့်ရှုသူဦးရေ သိန်းချီရှိနေတတ်ပြီး ထောက်ခံသူ (Like) ဦးရေ ၅ သောင်းမှ ၁ သိန်းနှင့်အထက်တွင် ရှိနေသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် အကြံဉာဏ်တောင်းခံမှု များစွာလည်း ရှိနေ တတ်သည်။
“ကျမ ယောက်ျားနဲ့ ကွာရှင်းချင်လို့ ယတြာ ချေဖူးတယ်။ အဆင်ပြေတယ်လို့ ပြောရမှာပဲ၊ ဗေဒင် ဆရာကတော့ သူငရဲကြီးခံပြီး လုပ်ပေးရတယ်လို့ ပြော သေးတယ်။ အရင်တုန်းက ဗေဒင်အပေါ် အဲလောက်မဟုတ်ဘူး၊ အဲဒီ ကိစ္စပြီးတော့ ကိစ္စတခုခု ရှိတိုင်း ဗေဒင်ဆရာဆီ သွားတတ်လာတယ်” ဟု မမြတ်ဆုက ပြောပြသည်။
ဗေဒင်ပညာပေါ် ယုံကြည်သူတွေထဲ မမြတ်ဆု လည်း အပါအဝင်ဖြစ်သည်။ အိမ်ထောင်ပြုတုန်း ကလည်း အဆင်ပြေချင်၍ဟုဆိုကာ ဗေဒင်ယတြာ ဖြင့် ပြုလုပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဖက်ကို ကွာရှင်းချင်လာပြန် တော့လည်း ထိုနည်းအတိုင်းပင်။
ဗေဒင်အပေါ် စိတ်ဝင်စားမှု မြင့်မားမှုအပေါ် ဆန်းစစ်ထားသည့် အင်တာနက်စာမျက်နှာတချို့တွင် ဗေဒင် ပညာကို စိတ်ဝင်စားသူများ၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြပြီး ၃၀ ရာခိုင်နှုန်းကသာ အမျိုးသား များဖြစ်သည်ဟု ဖတ်ရှုရဖူးသည်။
“လူတွေက ဗေဒင်ကို ဝါသနာပါတယ်လို့ ပေါ် ပေါ်တင်တင် ဝန်မခံချင်ကြဘူး။ ဝါသနာမပါဘူးလို့ ပြောရတာကို ပိုပြီးဂုဏ်ယူကြတယ်” ဟု ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက သုံးသပ်သည်။
ဗေဒင်အပေါ် လူများ၏ အားကိုးလိုမှု၊ အယုံ အကြည်ပြင်းပြမှုတွေကိုအခွင့်ကောင်းယူကာ ဗေဒင်ပညာ အနည်း ငယ်မျှ တတ်ကျွမ်းရုံဖြင့် ယတြာချေ ပေး၊ လက္ခဏာကြည့်ပေးသည်ဟု စီးပွားဖြစ်သက်သက် လုပ်ကိုင်နေကြ သည့် ဗေဒင်ဆရာများလည်း ရှိလာသည်ဟု ဗေဒင်ပညာရှင် တချို့က ဝေဖန်ထောက်ပြကြသည်။
“ဗေဒင်ဆိုတာက ဖြစ်ရမယ်လို့ အတိအကျ ပြောနေတာ မဟုတ်ဘူး၊ မေးတဲ့သူတွေအတွက် သူတို့လုပ်လို့ ရနိုင်မယ့် လမ်းကြောင်းကို ပြောပြပေး တာ” ဟု လက္ခဏာနှင့် နက္ခတ်ဗေဒင်ပညာရှင် ဆရာဒေဝကရှင်းပြသည်။
မြန်မာရိုးရာ ဗေဒင်ပညာရပ်ကို မြန်မာနိုင်ငံ သားများသာမကဘဲ ပြည်တွင်းသို့ အလည်အပတ် ရောက်လာကြ သည့် နိုင်ငံခြားသား အများအပြား ကလည်း စိတ်ဝင်စားလာကြသည်။ နာမည်ကြီး ဗေဒင်နှင့် လက္ခဏာ ပညာရှင်များ၏ ဟောခန်းများ တွင် အနောက်နိုင်ငံသားများ အပါအဝင် အာရှနိုင်ငံ များမှ နိုင်ငံခြားသား ဧည့်သည်များကလည်း မကြာခဏ လာရောက်ကာ မေးမြန်းကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံရှိ ဗေဒင်ပညာရှင် အများစုက လက္ခဏာ၊ ဆန်းကျမ်း၊ တားရော့၊ ကြွေ၊ အကြား အမြင်၊ နက္ခတ်စသည်ဖြင့် အမျိုးအစားများစွာရှိပြီး နည်းအမျိုးမျိုးဖြင့် ဟောပြောကြသည်။
ယခင်က ဗေဒင်ပညာရှင် လောကတွင် ဆရာစန္ဒြ၊ ပျဉ်းမနား ဦးသန်းမောင်၊ ဦးနေလင်း၊ ဆရာ ဒဂုန်တို့ကဲ့သို့ နာမည်ကျော် ဗေဒင်ပညာရှင်ကြီးများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပညာရှင်များ နည်းပါးလာသည်ဟုလည်း သိရသည်။
ထီးအနက်ပေါ်တွင် “ဗေဒင်ဟောသည်” ဟု ရေးသားထားကာ လမ်းတကာသို့လျှောက်ရင်း လှည့်လည် ဟောသည့် ဗေဒင်ဆရာများ၊ ပန်းခြံများ၊ လမ်းဘေးပလက်ဖောင်းများအနီးတွင် ထိုင်ခုံငယ်များချထား ဟောပြောကြသည့် ဗေဒင်ဆရာများ၊ စာကလေးကဲ့သို့ ငှက်များ၏ လှုပ်ရှားမှုကိုကြည့်ကာ ဟောပြောသည့် ဗေဒင်ဆရာများမှာလည်း နည်းပါး လာသည်ဟု ဆရာစံဇာဏီဘိုက ရှင်းပြသည်။
“ဗေဒင်ပညာက တဖြည်းဖြည်းနဲ့ ပျောက်ကွယ် လာပြီ။ ဒါပေမယ့် ဗေဒင်ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့၊ ပါမောက္ခဘွဲ့ရတဲ့သူတွေ ဒီလောကထဲ ရှိနေသေးတာ တော့ တွေ့နေရသေးတယ်” ဟု သူကဆိုသည်။
လက်တွေ့ဆန်ခြင်းကိုသာ ယုံကြည်ပြီး အကောင် အထည် မမြင်ရသည့် ခန့်မှန်းတွက်ချက်မှုတွေကို မယုံကြည်ဟု ပြောဆိုသူတွေ ရှိကြသော်လည်း၊ အမှန်တကယ် တတ်ကျွမ်းနားလည်သည့် ဗေဒင် ပညာရှင်ကြီးတွေ နည်းပါးလာသည်ဟု ပြောနေကြ သော်လည်း လူသားတို့ရဲ့ အဆုံးမသတ်နိုင်သော လိုအင်ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ၊ ပရိဒေဝသောက တွေ အလျှံတညီးညီး တောက်လောင်တတ်ဆဲကာ လပတ်လုံးတော့ မြန်မာ့လူမှုဝန်းကျင်တွင် အားကိုး အားထားရာအဖြစ် ဗေဒင်ဆရာတွေကို၊ ဗေဒင် ပညာရပ်ကို လိုအပ်နေဦးမည်သာဖြစ်ပါသည်။