ပွဲပျော် လူမျိုးတို့ရဲ့ အကြီးကျယ်ဆုံး ပွဲတော်ကြီးတော့ နီးကပ်လာချေပေါ့။ နိုင်ငံတဝန်းမှာ ဒီမိုကရေစီထက် ပိုပြီး မျှော်လင့် နေကြ တာ သင်္ကြန်ပွဲတော်များ ဖြစ်လေမလားပဲ။ တနှစ်တာ သင်္ကြန်ပြီးဆုံး ကတည်းက နောက်နှစ် ဘာလုပ်မယ် ဆိုကြတော့တာပဲကိုး။ သန်ရာသန်ရာ အကုသိုလ်၊ ကုသိုလ် လိုင်းပေါင်းစုံက မျှော်ကြတဲ့ သမယ ပေပေါ့။
ရဟန်းခံမယ့်သူ၊ တရားစခန်း ဝင်မယ့်သူ၊ အေးအေးဆေးဆေး တနေရာမှာ သွားအနားယူပြီး စာရေးမယ် ဆိုသူတွေ အတွက်တော့ ပြဿနာ မရှိပေမယ့် ရေပက်မယ်၊ လည်မယ်၊ ပျော်မယ် ဆိုသူတွေ အတွက်တော့ စိတ်ပူမိပါတယ်။ ကိုယ့်ဘာသာ ကိုယ်လည်း စိတ်ပူမိပါတယ်။ အဲဒီရက်ဆို လုပ်ငန်းခွင်ပြန်ပြီး ဆေးကုရမယ့် အချိန်ဆိုတော့ အတွေ့အကြုံ အရ သင်္ကြန်ရောဂါတွေ မနားတမ်း ကုရတော့မှာမို့ပါ။ အားလုံးက အရေးပေါ် အဖြစ်နဲ့ ဆေးရုံ ဆေးခန်းတွေကို ရောက်လာကြမယ့် ဝေဒနာတွေ ဖြစ်နေတာကိုး။
သင်္ကြန်ရဲ့ အန္တရာယ်တွေက အမည်စုံပေရဲ့။ အပျော်လွန် ရမ်းကားမှုတွေကြောင့် ဖြစ်တဲ့ ထိခိုက် ဒဏ်ရာရမှု တွေ၊ အသက်ဆုံးပါးမှု တွေက ရာခိုင်နှုန်းများတာ ကိုလည်း မသိကြတာ မဟုတ်ပေမယ့် စိတ်လွတ်ကိုယ်လွတ် လွှတ်ပျော်ကြတဲ့ အစဉ်အလာနဲ့ပဲ အသက် တွေလည်း ပေးဆပ်ရ၊ ဒုက္ခိတတွေ ဖြစ်ကြ။ ဒါပေမယ့် အမှတ်လည်း မရှိကြပါဘူး။ “အနာပျောက် တခေါက်” ဆိုသလို ပြန်ပြီး မိုက်မဲကြတာ ကလား။ ဒီတော့လည်း သိသင့်တာ၊ ဆင်ခြင်သင့်တာလေးတွေတော့ မပြောမဖြစ် ပြောရပါဦးမယ်။ လိုက်နာတာ မလိုက်နာ တာကတော့ အာဏာရှင်ခေတ် လေသံနဲ့ ပြောရရင် “မိမိတာဝန်သာ ဖြစ်ပါကြောင်း” ပေါ့။
ရိုးရာအစဉ်အလာလို ငွေခွက်မှာ သပြေခက်နဲ့ ရေပက်တဲ့ အစဉ်အလာက ပြယုဂ်သာ ရှိတော့တာ မဟုတ်လား။ မြို့ဆိုရင် မြို့အလျောက် မဏ္ဍပ်ဆောက်ပြီး ရေပိုက်တွေနဲ့၊ တောမှာလည်း တောအလျောက် ရေစည် ရေခွက်တွေနဲ့ ထိုးကြ၊ ပက်ကြ၊ လောင်းကြ ပေသပေါ့။ နှစ်ဦးရေစင်နဲ့ သန့်ရှင်း ကြည်လင်ဖို့ ဆိုတာမျိုးက နည်းသွားပါပြီ။ ခေတ်ကြီးက မွေးဖွားပေးခဲ့တဲ့ အရာရာကို အလို မကျမှုတွေ ပေါက်ကွဲတဲ့ ပွဲပေလား။ ရေပက်တာကို လူသတ်သလို ပက်ကြပါတော့တယ်။
ပိုက်သေးသေးတွေနဲ့ထိရင် မျက်ရည်ကျအောင် နာကျင်သွားမှ အားရတာမျိုး၊ ခွက်စောင်းခုတ်တယ်၊ ဆိုတာမျိုးတွေနဲ့ လောင်းကြ ပက်ကြလေရဲ့။ အားပြင်းတဲ့ ရေပိုက်တွေသာ အမှတ်တမဲ့ မျက်စိတည့်တည့်ထိရင်၊ နားထဲ တည့်တည့်ဝင်ရင် အကန်း၊ အပင်း ဘဝ အထိ ရောက်သွား နိုင်ပါတယ်။ ခွက်စောင်း ခုတ်ရင်း လွတ်ထွက်တဲ့ ခွက်ကြောင့် အကွဲအရှတွေလည်း အများကြီး မြင်ခဲ့ရဖူး ပါရဲ့။ မတော်တဆ ထိခိုက်မှုက ကြီးမားတဲ့ အခါ လက်တုံ့ပြန်ရန်ပွဲတွေနဲ့ ရဲစခန်းရောက်၊ ဆေးရုံ ရောက်ပြီး ခန္ဓာစဲကြတာတွေလည်း တွေ့ရမှာပါပဲ။ နံ့သာရည်လေးနဲ့ ပိတောက်ခက်နဲ့ ကျောကလေးကို တို့ခတ်တဲ့ အရသာမျိုး တမ်းတမိပါသေး။
သင်္ကြန်ဆိုတာနဲ့ မူးရမယ် ဆိုတာက ဥပဒေ ပြဋ္ဌာန်းထားတာထက် လိုက်နာကြပေရဲ့။ ဒီအတိုင်းလည်း မနားတမ်း သောက်နေသူ တွေက သင်္ကြန်ကို အကြောင်းထပ်ပြ၊ အရင် မသောက်ဘူးသူတွေကလည်း ဒီအချိန်လေးကျမှ တရားဝင် ခွင့်ပြုချက်ရသလို သောက်ကြမလား မောင်တို့ရေ လုပ်ကြတော့တာပဲ။ ရေစိုခံအောင်၊ သီချင်းဆို ကောင်းအောင်၊ သံချပ်ထိုး ကောင်းအောင် အကြောင်းပြချက် ကလည်း စုံလင် ပေသကိုး။ ပျော်ရုံမူးကြတာ ကတော့ ပြဿနာ မဟုတ်ပါဘူး။
မူးတယ် ဆိုတာမျိုးကလည်း မူးပြီးရင်း မူးချင်တာ ဆိုတော့ မလိုလားအပ်တာတွေ ဖြစ်တော့တာ ပါပဲ။ အခုခေတ် အခါမှာက အရက် လောက် မကတော့ဘဲ ဖောင်းပွလာ နေတဲ့ စိတ်ကြွဆေးတွေ ကလည်း သူ့ချည်းပဲ ဖြစ်စေ၊ အရက်နဲ့ နှစ်ပင်လိမ်ဖြစ်စေ သုံးစွဲလာကြ တယ်။ ပွဲတော်တွေ ဆိုရင် အကြောင်းပြ ကောင်းပြီး မူးမဆုံး ဖြစ်နေကြတော့တာပါပဲ။
အဲဒီမှာ အရက်ပမာဏလွန်ကဲတာက အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်ပါတယ်။ သာမန် လူတွေမှာတောင် သေစေအောင် နှလုံး ကို ထိခိုက်စေတာမျိုး ဆိုတော့ နာတာရှည်ရောဂါ တခုခု ဖြစ်နေသူတွေမှာ အရက်ကို မတန်တဆ သောက်မိကြရင်တော့ အဆိပ် ရည် ဖြစ်တော့တာပါပဲ။ နောက်ထပ် ဆိုးကျိုးကတော့ ဆင်ခြင်တုံတရား ပျောက်ရှတာ၊ အားနည်းတာတွေ ကနေ မူးပြီး ယာဉ်မောင်း လို့ ဖြစ်မယ့် ထိခိုက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားလို့ ရမယ့် ထိခိုက်မှုတွေက နောက်ဆက်တွဲ လိုက်ပါလာတတ်တာကလည်း မြေကြီး လက်ခတ်မလွဲပေါ့။
အခုခေတ်အခါမှာက မိန်းကလေး အသောက်သမား တွေလည်း တိုးပွားလာသလို အဝတ်အစားတွေကလည်း မြှူဆွယ်တဲ့ အနေ အထားမျိုး ဖြစ်လာနေကြတော့ မူးလို့ မှားယွင်းကြမယ့်အထဲမှာ လိင်မှုကိစ္စတွေကလည်း ကျွဲကူးရေပါ ဖြစ်လာနိုင်သေးရဲ့။ ချစ်သူများနေ့ တုန်းကလိုပဲ သင်္ကြန်အတွက် တည်းခိုခန်း၊ ဟိုတယ်တွေမှာ အခန်းတွေက ကြိုတင် ဘွတ်ကင်နဲ့ ပြည့်နေကြပြီလို့ မိတ်ဆွေ ခရီးသွားလုပ်ငန်းရှင် တယောက်က ညည်းတွားတာ ကြားခဲ့ရလို့ပါ။
ဒါကတော့ သင်္ကြန် အစဉ်အလာပါပဲ။ ဆေးရုံတွေရဲ့ အရေးပေါ်ဌာနတွေမှာ ထမင်းစားချိန် မရအောင် အလုပ်များပေရဲ့။ မတော် တဆမှုတွေ ကြည့်လိုက်ရင်လည်း ဆင်ခြင်မဲ့ အပျော်လွန်တာက အဓိကဆိုတာ တွေ့ရတာပါပဲ။ ရေလောင်းရေပက် မဏ္ဍပ်တွေ ခိုင်ခံ့မှု မရှိလို့ ဖြစ်ရတဲ့ အပြိုအပျက်ကြောင့် ထိခိုက်ဒဏ်ရာ ရတာမျိုး လေးတွေကအစ ယာဉ်မတော်တဆမှုကြောင့် အစုအပြုံလိုက် ထိခိုက် ဒဏ်ရာရတာတွေလည်း ဖြစ်ကြရတာပါပဲ။
ရေပက် ကြမ်းလို့၊ ကျီစားသန်လို့၊ မူးပြီးရမ်းကား ရန်ဖြစ်လို့၊ လောင်းသူပက်သူ ပဋိပက္ခကြောင့် ရန်ဖြစ်လို့၊ မူးယစ်ပြီး ယာဉ်မောင်းလို့ စသဖြင့် “ကြောင့်” ပေါင်းများစွာ၊ “လို့” ပေါင်းများစွာက သင်္ကြန်ရဲ့ သင်္ကေတတွေ ဖြစ်နေခဲ့တာပါပဲ။ သာမန် ကွဲရှ၊ ကျိုးပဲ့ကနေ အသက်သေတဲ့ အထိ ဖြစ်ကြရတာပါ။
ကိုယ်တွေဆီမှ မဟုတ်ပါဘူး၊ ထိုင်းမှာလည်း သင်္ကြန်သေနှုန်းက များလှပါတယ်။ အခန့်မသင့်ရင်တော့ ကိုယ်လက် အင်္ဂါတွေ ချွတ် ယွင်းပြီး ဖြစ်စေ၊ ဦးနှောက် အာရုံကြော ထိခိုက်မိတဲ့ မတော်တဆမှုတွေကြောင့် ဖြစ်စေ တသက်တာ ဒုက္ခိတ ဖြစ်စေတော့တာပါပဲ။
မလွဲမသွေ ကြုံနိုင်တဲ့ အန္တရာယ်တခုပါပဲ။ ဒီရာသီဥတုက ပူပြင်းလွန်းတဲ့ အချိန်မှာ အပြင်ထွက်ပြီး အချိန်တွေ အများကြီးပေး လည် ပတ် အပျော်ကြူးကြမှာ ဆိုတော့ အပူနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေကလည်း အနည်းနဲ့ အများ ရရှိခံစားကြရ မှာပါပဲ။ တနေ့လုံး ရေစို နေတယ် ဆိုပေမယ့် သင်္ကြန်အချိန် ရာသီဥတုရဲ့ အပူချိန်က ရေတွေကိုတောင် ပူလောင်နေစေတာမျိုး မဟုတ်လား။ နေပူထဲ အချိန်ကြာကြာ နေလေ အပူရှပ်ဖို့ အခွင့်အလမ်း ပိုလေပေါ့။ အဲဒီလိုအနေအထားမှာမှ အရက်သောက်ကြပြီ ဆိုရင်တော့ ကိုယ်တွင်း အရည်ခန်းခြောက်ပြီး အပူရှပ်ဖို့ တွန်းပို့နေတာပါပဲ။ နေပူထဲမှာ နေတာ၊ ရေဓာတ်ခန်းခြောက် စေတာတွေက အပူရှပ်ခြင်းကို ဖိတ် ခေါ်တယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။
သင်္ကြန်မှာ အပျော်လွန်ကြရာက ဖြစ်နိုင်ခြေ ရှိတဲ့အန္တရာယ် တွေကတော့ များလွန်းပါတယ်။ နေပူလိုက်၊ ရေစိုလိုက် တနေ့လုံး နေရာက ဖျားနာတတ် သလို စတုဒီသာ မဏ္ဍပ်တွေမှာ အစားအသောက် မသန့်ရှင်းလို့ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ လည်း ရှိတာပါပဲ။ အရက်နဲ့ တကွသော အစားအသောက်တွေ ပေါင်းစုံအောင် လွေးရင်း အစာ အဆိပ်သင့်တာမျိုးကလည်း ဖြစ်နိုင်သေးတာပါပဲ။
လမ်းပိတ်ဆို့မှုတွေ ကနေလည်း မတော်တဆမှုတွေ ဖြစ်နိုင်ပြန်ပါတယ်။ အဆိုးမြင်လို့ ပြောနေတာတွေ မဟုတ်ပါဘူး။ တတ်နိုင်သမျှ အန္တရာယ် ကင်းကြစေ ချင်တာပါ။ ပြောရမယ်ဆို မလုံမလဲ ဝတ်မိတဲ့ မိန်းကလေးတွေ အတွက် မပေါ်တပေါ်ပုံတွေ အွန်လိုင်း တက်လာ၊ အခွေထုတ်ပြီး စီးပွားရေး လုပ်စားခံရနိုင်တဲ့ အန္တရာယ်ကလည်း ခေတ်ပေါ် အန္တရာယ်တခု မဟုတ်ဘူးလား။ (အဲဒီလို ဖြစ်ချင်လို့ လုပ်တာဆိုရင် တော့လည်း မပြောတတ်ဘူးပေါ့)။
ပြောမယ့်သာ ပြောရတယ်။ သင်္ကြန် နောက်ဆက်တွဲ အန္တရာယ်တွေ ကတော့ ပပျောက်မှာ မဟုတ်ပါဘူး။ ကြုံနေကျတွေကိုပဲ ထပ် ခါထပ်ခါ ကြုံနေရဦး မှာပါပဲ။ မျိုးဆက်တွေပြောင်းသွားလို့ ပျော်ရွှင်မှုပုံစံတွေ ပြောင်းပေမယ့် သင်္ကြန်ကတော့ ပန်းပန်လျက်ပဲ ရှိနေဦးမှာပါ။ စီးပွားရေး ဈေးကွက်တခု ဖြစ်လာတာလည်း အမှန်ပါ။
အပြိုင်အဆိုင်နွှဲကြတဲ့ အပျော် ကြူးမှုတွေမှာ ရိုးရာအငွေ့အသက်က ပြင်းပြင်းရှူ ကြည့်လို့မှ မသင်းပျံ့ နိုင်တော့တဲ့ ကာလမှာ ဆုံးမ စကားကြီးတွေကို အစဉ်အလာလို ပြောတော့လည်း ဟောရင်းသာ ပျံတော်မူမယ့် ကိန်း မဟုတ်လား။ အဓိက ဖြစ်စေချင်တာက တော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို လျှော့ချဖို့ပါပဲ။ သင်္ကြန် ကာကွယ် ဆေးလည်း ရှိမှ မရှိတာကိုး။
မူးယစ် သောက်စားတာလျှော့၊ ယာဉ်ကို အဆင်အခြင်နဲ့ မောင်း၊ သည်းခံစိတ်ကလေး မွေး၊ နေပူကြီးထဲ အပျော်ကျူးချိန်ကို တတ်နိုင်သမျှ လျှော့၊ ဒါဟာ ယဉ်ကျေးမှု အမွေအနှစ် တခု ဆိုတဲ့ အသိလေးထားပြီး ထိန်းထိန်းသိမ်းသိမ်းလေး နေနိုင်ရင်တော့ “ပျော်ပါစေ” ဆိုတဲ့ သင်္ကြန် သီချင်းတပုဒ်ထဲကလို “သင်္ကြန် ရေဆိုတာ အန္တရာယ်ကင်းတယ် ပက်စမ်းခင်ရယ်”လို့ တေးချိုချို သီဆိုလန်းဆန်းနိုင်ပါလိမ့်မယ်။ ။