လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။
ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။ လူငယ် ၂ ဦးကို အဲဒီ စက္ကူထုပ် လှမ်းပေးလိုက်တယ်။
“အားလုံးပေါင်း ဆေးပြား ၁၀ဝ၊ ကျပ် ၅ သိန်းဖိုး ပဲ၊ လိုသေးရင်တော့ သိပ်မကြာနဲ့နော်၊ ပစ္စည်းက ပြတ်တော့မှာ၊ အခု သင်္ကြန်အချိန် နီးလာတော့ ဆေးပြား ဝယ်တဲ့သူက တအားကို များနေတာ၊ ညီလေးတို့လိုပဲ ကြိုတင် စုထားတဲ့ သူတွေပေါ့”လို့ ပြောရင်း ငွေကို ရေတွက်လိုက်တယ်။
အဲဒီ မြင်ကွင်းလေး ကတော့ သင်္ကြန်ကာလမှာ မဏ္ဍပ်ထိုင်ကြမယ့် လူငယ်တစုက WY လို့ ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေကို ရာစီး အလိုက် ဝယ်ယူနေတဲ့ မြင်ကွင်းလေးပါ။ သင်္ကြန်ကာလမှာ ဒီနေ့ခေတ် လူငယ်ထု အကြား စိတ်လွတ်ကိုယ်လွတ် မြူးကြွဖို့ အတွက် ဒီလို စိတ်ကြွဆေးပြားတွေ အသုံးပြုတာက ခေတ်စားလို့ နေပါပြီ။
သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ သင်္ကြန်တွင်းမှာ ဆိုရင် ဝယ်ရလည်းခက်၊ လုံခြုံရေး ကလည်း တင်းကြပ်၊ ရောင်းတဲ့သူတွေ ကလည်း ပုံမှန် မရောင်းတော့တာကြောင့် အခက်တွေ့မှာ စိုးလို့ အခုကတည်းက ကြိုတင်စုဆောင်း ထားကြတာ ဖြစ်ပြီး အခုလို စိတ်ကြွဆေးပြား ရာနဲ့ချီပြီးတော့ ဝယ်တဲ့အခါမှာ တော်ရုံ အဆက်အသွယ်နဲ့တော့ ဝယ်လို့ မရဟု သိရတယ်။
လူငယ်တွေက ဘာကြောင့် ဒီလို ကြိုတင်ဝယ်ယူ ရတာလဲ ဆိုတော့ မဏ္ဍပ်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်အောင် စိတ်ကြွဆေးပြား တွေသုံးဖို့၊ တချို့ကတော့ အုပ်စုလိုက် ရေကစားထွက်ရာမှာ သုံးဖို့နဲ့ စသဖြင့် အမျိုးမျိုးပါပဲ။ ဝယ်တဲ့ လူငယ်တွေ အများစု ကလည်း လက်လုပ်လက်စား လူတန်းစားတွေထက် ငွေကို အတိုင်းအတာ တခုအထိ သုံးစွဲနိုင်တဲ့ မိသားစုက လူငယ်တွေ ဖြစ်နေ တာ တွေ့ရတယ်။
“အခု ကျနော်တို့ ဆေးပြားကို ရာစည်းလိုက် ဝယ်စုထားတာ၊ ဒီလို အချိန်က နှစ်စဉ်စုနေကျပါ၊ ဒါကြောင့်လည်း ဆေးပြားဈေးက တက်သွားတယ်၊ အရင်က တပြားကို ၄ ထောင်ကျော် လောက်ပဲ ပေးရပေမယ့် ဒီအချိန်ကျရင် တထောင်ကျော် နီးပါး ဈေးတက် တယ်၊ ဒါပေမယ့် သင်္ကြန်တွင်းက ဝယ်ရပိုခက်တာကြောင့် အခုအချိန် ကတည်းက စုနေကြရတာ”လို့ အင်းစိန်မြို့နယ်ထဲကို စိတ်ကြွဆေးပြား သွားဝယ်တဲ့ လူငယ်တဦးက ဆိုပါတယ်။
ဒါပေမယ့်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ရဖို့ စီစဉ်ကြတဲ့သူတွေက လူငယ်တွေဖြစ်တဲ့ အပြင် ကိုယ့်မဏ္ဍပ် အတွက် တာဝန်ခံရတာကြောင့် ဒီနောက်ပိုင်း နှစ်တွေမှာ မဏ္ဍပ်မှာ လာကစားတဲ့ သူတွေကို ဒီလို စိတ်ကြွဆေးပြားတွေ ဝေကြတဲ့အသံ သိပ်မကြားရတော့ ဘူး လို့ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ် တည်ထောင်ခွင့် ရထားတဲ့ 14 Club မဏ္ဍပ်မှ တာဝန်ရှိသူ မမြနှင်းရီလွင်က ပြောပြတယ်။
ရေလာကစားတဲ့ သူတွေက သုံးစွဲထားသလား၊ မသုံးဘူးလား ဆိုတာကိုတော့ မဏ္ဍပ်တာဝန်ခံတွေ အနေနဲ့ အတိအကျ မသိနိုင်ပေ မယ့် လာကစားကြတဲ့ သူတွေထဲမှာ ဒီလိုဆေးပြားတွေ သုံးစွဲလာကြသူတွေ များလာတာ တွေ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြ တယ်။
“ကိုယ့်မဏ္ဍပ်ထဲမှာ အဲဒီလို စိတ်ကြွဆေးတွေ ရောင်းဝယ်နေတာ၊ ဖြန့်ဖြူးနေတာ၊ သုံးစွဲနေတာ မဖြစ်ရအောင်လို့ CCTV လို လုံခြုံရေး ကင်မရာတွေနဲ့ သတိထားစောင့်ကြည့် သွားရမှာပေါ့၊ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင် အဲဒီလူကို မဏ္ဍပ်ပေါ်ကနေ အောက်ကို ဆင်း ဖို့ ပြောရမှာပဲ”လို့ မမြနှင်းရီလွင်က ဆက်ပြောတယ်။
အဲဒါကြောင့် မဏ္ဍပ်မှာ ရေလာကစားတဲ့ ဈေးနှုန်းကို မြှင့်ထားလိုက်တာက လူတန်းစား ခွဲခြားတာမျိုး မဟုတ်ပေမယ့် လာကစားကြ မယ့် သူတွေကို စိစစ်ရာ ရောက်ကြောင်း၊ လူငယ်တွေမှာ သင်္ကြန် ဆိုရင် တရားဝင် အရက်သောက်လို့ ရတဲ့၊ တရားဝင် ရန်ဖြစ်လို့ ရတဲ့ ကာလလိုမျိုး ဖြစ်လာကြောင်း၊ သူတို့ ဆေးသုံးထား သလား၊ မသုံးထားသလား ဆိုတာကို မသိနိုင်ကြောင်း၊ မဏ္ဍပ်က ဒီလို ဆေးပြားတွေ ဝေတယ်ဆိုတာ နောက်ပိုင်းမှာ မကြားတော့ကြောင်း၊ လာကစားသူ အချင်းချင်း ဝေတာမျိုးလောက်တော့ ရှိမယ် ထင်ကြောင်းလည်း မမြနှင်းရီလွင်က ရှင်းပြပါတယ်။
ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်၊ စည်းကမ်းတွေ သတ်မှတ်၊ ပြီးတော့ မူးယစ် ဆေးဝါးတွေ ရောင်းချမှု မရှိအောင်၊ အရက်သေစာတွေ ရောင်းချမှု မရှိအောင်လို့ စည်းကမ်းတွေထုတ်မှာ ဖြစ်သလို လူစည်ကားမယ့် နေရာအနီးတဝိုက်မှာ လုံခြုံရေးကွပ်ကဲမှု ရုံးတွေ ဖွင့်သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုထားပါတယ်။
“သင်္ကြန်မှာ လူငယ်တွေ အကြား ဒီလို မူးယစ်ဆေးဝါးတွေ သုံးစွဲမှု မြင့်တက်လာတာကြောင့်ပဲ သရုပ်ပျက် ဝတ်စားပျော်ပါးမှုတွေ ဖြစ် လာရတာ၊ ဒါကို အစိုးရအနေနဲ့ သီးသန့် စီမံဆောင်ရွက်ဖို့ လိုအပ်လာပြီ”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောပါတယ်။
အခုလို လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲကြတာက လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက်သလို နိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေနဲ့လည်း များစွာသက်ဆိုင်တယ်၊ မိဘ၊ လူငယ်တွေကျင်လည်ကြတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတော် အားလုံးရဲ့တာဝန် မကင်းဘူး လို့လည်း သူက ဆိုပါတယ်။
အဲဒီ အပြင် ဒီနေ့ခေတ် လူငယ်တွေမှာ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေ ရှိသလို၊ သုံးစွဲမှု ပိုများလာတဲ့ လူငယ် တွေလည်း ရှိတယ်၊ တချို့ လူငယ်အစည်းအဝေးတွေမှာ ဒီကိစ္စက အထူးဆွေးနွေးစရာ ကိစ္စအဖြစ် ရှိလာတာကို တွေ့မြင်ရ တယ်လို့လည်း ဒေါ်ခင်ဝိုင်းကြည်က ပြောပါသေးတယ်။
“လူငယ် အစည်းအဝေးပွဲတွေ တက်တဲ့အခါမှာ ဒီဆေးဝါးပြဿနာကို အမြဲပြောကြတယ်၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်စေချင်ရင် ဒါတွေက တကယ့် အဆိပ်အတောက်တွေပဲ၊ နိုင်ငံတော်ကို ဒီအရေးနဲ့ ပတ်သက်ပြီး အထူးတလည် သီးသန့်ဆောင်ရွက် စေချင်တယ်၊ ဒီလိုဖြစ်နေလို့ လူငယ်တွေကို အပြစ် မပြောချင်ဘူး၊ နိုင်ငံရေး ယဉ်ကျေးမှု အခြေအနေနဲ့ ဒီအခြေအနေတွေက တိုက်ရိုက် သက်ဆိုင် တယ်”လို့ သူက ဆိုပါတယ်။
တကယ်တော့ ဒီစိတ်ကြွဆေးပြားတွေ ထုတ်လုပ်ကြတဲ့သူတွေဟာ ငွေကြေးရလိုမှု တခုတည်းကို ကြည့်ပြီးတော့ မတော်လောဘကြီး နေတဲ့ အတွက် ထုတ်လုပ်သူတွေ ကိုယ်တိုင်က အသိစိတ်ရှိဖို့ လိုအပ်တယ်၊ လူငယ်အရေး တက်ကြွလှုပ်ရှားနေကြတဲ့ သူတွေကလည်း ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို ဒီမူးယစ်ဆေးဝါးတွေရဲ့ အကြောင်း မကြာခဏ ပြောဆို ဆွေးနွေးနေဖို့ လိုအပ်တယ် လို့လည်း ဒေါ်ခင်ဝိုင်းကြည်က အကြံပြုလိုက်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တဲ့ သူတွေက လူငယ်တွေ မဟုတ်ပါဘူး၊ လူကြီးတွေပါ၊ လူကြီးတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့်ပဲ လူငယ်တွေမှာ ခါးစည်းခံနေရတာလို့ စာရေးဆရာ ချစ်ဦးညိုကလည်း သုံးသပ်တယ်။
လူငယ်တွေ လက်လှမ်းမီရာမှာ အဆင်သင့်ဖြန့်ကျက်ထား၊ ဆိုးကျိုးတွေ ဖြစ်လာမှ လူငယ်တွေကို အရေးယူမယ်၊ အပြစ်တင်မယ် ဆိုရင်တော့ မတရားတဲ့ လုပ်ရပ်ပဲလို့ သူက ဆက်လက် ပြောဆိုပါတယ်။
“ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မှာပဲ၊ အရင်းစစ်တော့ အမြစ် မြင်တာပေါ့ဗျာ၊ ထုတ်လုပ်သူတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ တာတွေ လုပ်နေကြတာ၊ ဒီကိစ္စတွေက နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကြောင့်ပဲ၊ နှစ်ဖက်စလုံးက ဒီကိစ္စတွေရဲ့ စီးပွားရေးတွေကို လက်မလွှတ်ချင် ဖြစ်နေတာ ပါတယ်၊ နိုင်ငံရေး အကျပ်အတည်းနဲ့ တိုက်ရိုက်ကို ဆိုင်တယ်”လို့လည်း ဆရာချစ်ဦးညိုက ဆိုပါတယ်။
သင်္ကြန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက်တာမျိုး နည်းပါးပြီး အရက် သေစာ မူးယစ်မှုကြောင့် ဖြစ်ပျက်တာ များတယ်၊ စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက်တာကတော့ မိန်းကလေး၊ ယောက်ျားလေး အား လုံးမှာ သရုပ်ပျက် ဝတ်စား ကခုန်တာ၊ မြူးတူးပျော်ပါးတာနဲ့ ပတ်သက်တယ်လို့ သူနာပြု တက္ကသိုလ် နည်းပြဆရာဝန် ဒေါက်တာ နန္ဒထွန်းက ပြောပြတယ်။
ရပ်ကွက်အတွင်းမှာလည်း ဒီလို စိတ်ကြွဆေးပြားတွေ အလွယ်တကူ ဝယ်လို့ ရနေသလို ဒီနေ့ခေတ် လူငယ်တွေမှာ အရင်အချိန်က ခေတ်စားခဲ့တဲ့ စိတ်ငြိမ်ဆေး (ဒိုင်ယာစီပင်၊ ဖန်စီဒိုင်း) တို့တွေထက် ပိုမို အသုံးပြုလာတာ တွေ့ရတယ်လို့ သူက ဆက်ပြောတယ်။
“တကယ်ရောင်းတယ် ဆိုတဲ့ဆိုင်ကို ကျနော်တို့ သွားဝယ်လို့ မရောင်းဘူး၊ လူငယ်တယောက်လောက်ကို သွားဝယ် ခိုင်းကြည့် လိုက်၊ လွယ်လွယ် လေးပဲ၊ ဆေးဆိုင်တွေမှာက စိတ်ငြိမ်ဆေးတွေ၊ ဖန်စီဒိုင်းတွေက ဥပဒေနဲ့ အရေးယူခံရမှာ ကြောက်လို့ လွယ်လွယ်နဲ့ မရောင်းတော့ ဒီလိုလွယ်လွယ်ရတဲ့ စိတ်ကြွဆေးတွေကို ပိုသုံးလာကြတာပေါ့၊ သင်္ကြန်ဆိုတော့ ဆေးခြောက်တို့၊ စိတ်ငြိမ်ဆေး တို့ထက် ဒီဆေးတွေက ပိုအဆင်ပြေတော့ အခုလို ဝယ်စုလာကြတယ် ဆိုတာ မဆန်းပါဘူး”လို့ ဒေါက်တာ နန္ဒထွန်းက ဆိုတယ်။
ဒါပေမယ့် သင်္ကြန်ကာလမှာ စိတ်ကြွဆေးပြားတွေကြောင့် လူငယ်ထုအကြား မလိုလားအပ်တဲ့ လူမှုရေး အဖြစ်အပျက်တွေ၊ ရောဂါ ကူးစက်ခံရတွေ ကိုတော့ အထူး သတိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။
“လူငယ်တွေ စိတ်တွေက ကြွနေတော့ ဘာမှတွေးမနေတော့ဘူး၊ ကိုယ်လက် နှီးနှောကြတာမျိုးတွေလည်း ဖြစ်လာနိုင်တာကို သတိပြု ရမယ်၊ အဲဒီရဲ့ နောက်ဆက်တွဲ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါရှိတဲ့ သူနဲ့သွားပြီး ကျူးလွန်မိလို့ ကိုယ်လည်း ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်တာကိုတော့ ကြိုတင်ကာကွယ် ထားသင့်တယ်”လို့လည်း သူက ပြောဆိုပါတယ်။ ။