[irrawaddy_gallery]
မြန်မာနိုင်ငံမှာ ရိုးရာအတာသင်္ကြန် ရေသဘင် ပွဲတော်ကြီး နှစ်စဉ် စည်စည်ကားကားဆင်နွှဲသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကျင်းပပါတယ်။ မြန်မာနိုင်ငံရဲ့ သင်္ကြန်ပွဲတော် အစည်ကားဆုံးမြို့က ရန်ကုန်လို့ ပြောရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံသင်္ကြန် အစည်ကား ဆုံးမြို့ကတော့ ဇင်းမယ်လို့ ခေါ်တဲ့ ချင်းမိုင်မြို့လို့ ပြောရမှာပါ။
ထိုင်းတွေက သင်္ကြန်ကို စုန်ကရန် (Song-kran) လို့ ခေါ်ပါတယ်။ ရန်ကုန်သင်္ကြန်လိုပဲ ဇင်းမယ် သင်္ကြန်မှာလည်း လမ်းလျှောက်သူ လျှောက်၊ ကားနဲ့လည်သူက လည်နဲ့ ရေပက်ခံထွက်ကြပါတယ်။ ဆိုင်ကယ်နဲ့ လည်ပြီး ရေပက်ခံထွက်တဲ့ သူတွေလည်း များပါတယ်။ ဇင်းမယ်သင်္ကြန်ရဲ့ အစည်ကားဆုံး ရေကစားရာ ဆုံရပ်ကတော့ မြို့လယ်က ကျုံးပတ်လည် တဝိုက်မှာပဲ ဖြစ်ပါတယ်။
ကျုံးရဲ့ အတွင်း၊ အပြင်ပတ်လမ်းမှာ ရေကစား ထွက်လာကြတဲ့၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လမ်းလျှောက် လာသူတွေက ကျုံးထဲ က ရေတွေကို ရေပုံးသေးသေးလေးတွေနဲ့ ခပ်ပြီး လောင်းပက်ကြတာပါ။ တချို့ကလည်း ကျုံးထဲ ဆင်းပြီး ရေကူးကြနဲ့ သင်္ကြန် ရက် ကတော့ ကျုံးပတ်လည်မှာ ကြက်ပျံမကျ စည်ကားလို့ ပေါ့။
ရေကစားသူတွေ အဆင်ပြေစေဖို့ ဇင်းမယ် အာဏာပိုင်တွေက သင်္ကြန် မကျခင် ၂ ပတ်လောက် အလို ကတည်းက ကျုံးထဲက ရေ တွေကို ပိုးသတ်တာတွေ၊ ကျုံးရေဖြည့်တာတွေ ကြိုတင်ပြင်ဆင်ထားသလို၊ ရေကစားချိန်မှာလည်း ကျုံးပတ်လည် တဝိုက်မှာ အရက် သေစာတွေ မသောက်စားဖို့ တားမြစ်ထားပါတယ်။ ကျုံးပတ်လည်မှာ သင်္ကြန်ရေ ကစားသူတွေ မတော်တဆ ထိခိုက်မှု ဖြစ် တာ၊ ဖျားနာတာတွေ အတွက် ဆေးပေးခန်းလေးတွေ ထားပေးထားပါတယ်။
ကျုံးတလျှောက်မှာ ဆိုရင် ရေခဲဆိုင်တွေနဲ့ စားသောက်ဖွယ်ရာ ဆိုင်တွေက အပြည့်၊ ရေကစားကြဖို့ လာတဲ့ ကား၊ ဆိုင်ကယ်နဲ့ လမ်းလျှောက်လာတဲ့ သူတွေဟာ ကျုံးပတ်လည် ပြည့်နှက်နေပြီး ကားတွေဆိုရင် ရွေ့ရုံလောက်ပဲ ရွှေ့လို့ ရတာပါ။
သောင်းနဲ့ ချီတဲ့ မြန်မာ အလုပ်သမားတွေ၊ ကျောင်းလာတက်သူတွေလည်း ရှိနေကြတာမို့ သူတို့လည်း မြန်မာသင်္ကြန် အလွမ်းပြေ သဘောနဲ့ ဇင်းမယ်သင်္ကြန်မှာ ဆင်နွှဲကြပါတယ်။ နေ့စဉ် ပင်ပန်း နွမ်းနယ်ခဲ့သမျှကို သင်္ကြန် အလုပ်ပိတ်ရက်မှာ လျှောက်လည် ရေ ကစားထွက်ရင်းနဲ့ ဘဝအမောတွေ ဖြေကြတာပေါ့။
သင်္ကြန် အချိန်အခါ ဆိုရင် ဇင်းမယ် ကျုံးပတ်လည်က ပိတောက်၊ ငုဝါနဲ့ ပျဉ်းမပန်းတွေ ပွင့်ကြတာကတော့ မြန်မာပြည်လို ပါပဲ။ ဒါပေမယ့် မြန်မာပြည်က သင်္ကြန်ချိန်ခါ လိုတော့ နေရာတိုင်းမှာ မန်းတောင်ရိပ်ခို၊ တူးပို့တူးပို့ စတဲ့ သင်္ကြန်သီချင်းသံတွေ၊ သင်္ကြန်သံချပ် သံတွေနဲ့ သင်္ကြန်ယိမ်းသံတွေကို မကြားရတာကတော့ မြန်မာပြည် သင်္ကြန်နဲ့ ကွဲပြားနေမှာပါ။
စတုဒီသာ ကျွေးတဲ့ နေရာတွေ၊ မုန့်လုံးရေပေါ် သာကူချိုနဲ့ မုန့်လက်ဆောင်း တွေလည်း ရန်ကုန်မှာလို တွေ့ရမှာ မဟုတ်ပါဘူး။ ဒီအချက်ကတော့ ဇင်းမယ် ရောက်နေတဲ့ မြန်မာတွေ အတွက် ရသမပြည့်တဲ့ သင်္ကြန်လို ခံစားနေကြရမှာပါ။
ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ကန်တော်ကြီး ပတ်လမ်း၊ ဆရာစံလမ်း၊ မင်္ဂလာဈေး၊ သုဝဏ္ဏ စတဲ့ နေရာတွေက ရေသဘင် မဏ္ဍပ် တွေမှာ မြန်မာခေတ်ဟောင်း ခေတ်ပေါ် အဆိုတော်တွေ သီချင်း လာဆိုကြ သလိုပဲ၊ ဇင်းမယ် ကျုံးအနီးက မဏ္ဍပ်ကြီး တချို့မှာလည်း ထိုင်းနာမည်ကြီး အဆိုတော်တွေ လာဖျော်ဖြေ တာတွေ ရှိပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ မဏ္ဍပ်ကြီး ၅၀ လောက်ရှိမှ ဒီမှာက ၅ ခု လောက်ရှိတာ ဖြစ်ပါတယ်။
ရန်ကုန်က ရေသဘင် မဏ္ဍပ်ကြီးတွေကို ကုမ္ပဏီတွေက စပွန်ဆာပေးသလို ထိုင်းကမဏ္ဍပ်တွေမှာလည်း ရှိကြပါတယ်။ အဲဒီ မဏ္ဍပ် တွေပေါ်မှာ နာမည် ကြီး အဆိုတော်တွေ သီချင်းဆိုကြသလို၊ မော်ဒယ် အချောအလှ တွေကလည်း ခေတ်ပေါ် တေးသီချင်းတွေ၊ မြူးဇစ်တွေနဲ့ ကကြခုန်ကြ၊ အောက်က ပရိသတ်လည်း ကကြခုန်ကြ ပေါ့။
ရန်ကုန်သင်္ကြန်မှာ မနက်တခင်း လည်ပတ် ရေပက်ခံထွက်ပြီး နေ့လယ်စာ စားချိန်မှာ အင်းလျားကန်စောင်း၊ ကန်တော်ကြီး စောင်း တို့မှာ သွားနားရင်း ညနေရေပက်ချိန်ကို စောင့်ကြသလို၊ ဇင်းမယ် သင်္ကြန်မှာလည်း ကျုံးဘေးပတ်လည် ရေပက်ခံထွက်ပြီး နေ့လယ် စာ စားချိန်မှာ ဇင်းမယ်မြို့က တောင်ပတ်လည် ဝိုင်းနေတဲ့ ဝှေ့သင်ထောက် ရေကန်ကြီးဘေးမှာ နေပူရှောင် အနားယူလေ့ ရှိကြပါတယ်။
ရန်ကုန် သင်္ကြန်က နောက်ပိုင်း နှစ်တွေမှာ ခေတ်ပေါ် မလုံ့တလုံ ဝတ်စားဆင်ယင်မှုတွေ ပိုများလာတာ အထူးအဆန်းလို ဖြစ်နေပေ မယ့် ဇင်းမယ်မှာကတော့ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ရန်ကုန် သင်္ကြန်မှာ မလုံ့တလုံဝတ်စားပြီး မူးယစ်ခွေလဲနေ အောင် ကဲသူတွေတော့ မရှိသလောက် နည်းပါးလှပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်မှာ ရန်ကုန်သင်္ကြန် မဏ္ဍပ်ပေါ် လူမြင်ကွင်းတွေမှာ နှုတ်ခမ်းချင်း နမ်းရှိုက်တာတွေ အင်တာနက် စာမျက်နှာတွေပေါ် တက်လာသလို မဏ္ဍပ်အောက်က အလုံခန်းတွေမှာ ချစ်ရည်လူးတာ၊ စိတ်ကြွဆေးသုံးစွဲတာ စတာတွေကလည်း ခေတ်မီပါတယ် ဆိုတဲ့ ထိုင်းကိုတောင် ကျော်လွန်သွားပြန် ပါတယ်။
ဇင်းမယ်က နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ များပြားတာနဲ့ အညီ သင်္ကြန်ကာလမှာလည်း နိုင်ငံခြားသား တွေက ရေကစားထွက်ကြပါတယ်။ တချို့ဆိုရင် ဘန်ကောက်၊ ဖူးခတ်နဲ့ တခြားမြို့တွေမှာလည်း သင်္ကြန် ရှိပေမယ့် ဇင်းမယ်သင်္ကြန်ကို တကူးတကန့် လာပျော်ကြပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေရှိလာတဲ့ မြန်မာ နိုင်ငံက ဒီနှစ်ရန်ကုန် သင်္ကြန်မှာလည်း နိုင်ငံခြားသားတွေကို အရင်နှစ်တွေကထက် ပိုတွေ့လာ နိုင်ပါတယ်။
ဇင်းမယ်နဲ့ ရန်ကုန်သင်္ကြန်တွေမှာ တူတာတွေ ရှိသလို၊ မတူတာတွေလည်း ရှိကြပါတယ်။ ရန်ကုန်မှာ လိုပဲ သင်္ကြန်လည်ပတ်တဲ့သူ တချို့က သောက်စားကြ ပါတယ်။ ဒါပေမယ့် ခိုက်ရန်ဖြစ်ပွားမှု၊ ရန်လိုမှုတွေက ရန်ကုန်မှာလောက် မဆိုး၊ ကားတစီးနဲ့တစီး အတင်း ကျော်တက် မောင်းနှင်တာတွေ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် ထိုင်းမှာ နှစ်စဉ် သင်္ကြန်ကာလမှာ ယာဉ် မတော် တဆ မှုတွေနဲ့ သေဆုံးမှုဟာ ရန်ကုန်ထက် များပါတယ်။
မိန်းကလေးတွေကို ကာယိန္ဒြေ ပျက်လောက်အောင် စနောက်တာတွေလည်း ရှားသလို တဖက်လူ စိတ်အနှောင့်အယှက် ဖြစ် လောက် အောင် ရေပက်ကြမ်းတာ တွေလည်း မတွေ့ရပါဘူး။
ရေခဲ ဖောဖောသီသီ အသုံးပြုတဲ့ ထိုင်းနိုင်ငံသားတွေဟာ ရေပက်တဲ့အခါ ရေခဲရေနဲ့ ပက်ကြပေမယ့် ရန်ကုန်မှာလို မီးသတ်ပိုက်နဲ့ ထိုးတာမျိုး၊ ရေပက်ခံထွက်တဲ့ မိန်းကလေးရဲ့ အဝတ်အစားလွတ်နေတဲ့ အသားကို ရွေးပြီး ပိုက်နဲ့ဆက်တိုက် ထိုးတာမျိုးတော့ မရှိကြပါဘူး။ ရေကစားတဲ့ ပုံစံကတော့ ဇင်းမယ်က တော်တော်လေး ညင်သာတယ် ဆိုရမှာပါ။ ပုံးလေးနဲ့ ခပ်ပြီး ဖျန်းလိုက်တာမျိုးပဲ လုပ်ကြပါတယ်။ မြန်မာပြည်မှာလို အိုးမည်းနဲ့ သုတ်တာမျိုး မဟုတ်ဘဲ ဇင်းမယ်သင်္ကြန်မှာ ကိုယ်လိမ်းပေါင်ဒါ ဖြူဖြူတွေနဲ့ ရေစိုမျက်နှာကို သုတ်လိမ်းတဲ့ ဓလေ့ကတော့ စိတ်ဆိုးချင်စရာ မကောင်းဘဲ ချစ်စရာ ကောင်းလှပါတယ်။
ရန်ကုန် သင်္ကြန်မှာတော့ အဓိကအားဖြင့် အမျိုးသမီးတွေကို ကာယိန္ဒြေ ပျက်အောင် အားပြင်းတဲ့ ရေပိုက်တွေနဲ့ ထိုးပက်တာတွေက နှစ်စဉ် ကြားမြင်နေကြရဆဲပါ။
မြန်မာတွေလိုပဲ သူတို့လည်း သင်္ကြန်ရေဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောတယ် ဆိုတဲ့ ယူဆမှုတွေ ရှိသလို နှစ်သစ် မရောက်ခင်မှာ အိမ်သန့်ရှင်းရေးလုပ်တာ ငါးလွှတ်တာ ကောင်းမှုကုသိုလ်ပြုတာ တွေလည်း ရှိကြပါတယ်။
မြန်မာတွေလိုပဲ ထိုင်းတွေကလည်း သင်္ကြန်ကာလ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလဆောက် တည်ကြ သလို တရားစခန်း ဝင် သူတွေ၊ ဘုန်းကြီးဝတ်သူတွေ ရှိကြပါတယ်။ ရက်မြတ်မှာ လူကြီးသူမတွေကို ခေါင်းလျှော်၊ ခြေသည်း လက်သည်း ညှပ်ပေးတာ၊ ကန်တော့ကြတာ၊ အမွှေးနံ့သာ ရေတွေနဲ့ ဘုရားကို သွန်းလောင်းကြတာ တွေလည်း မြန်မာ့ ယဉ်ကျေးမှုနဲ့ တူကြပါတယ်။
လန်းနား တိုင်းရင်းသားတွေ နေထိုင်လာခဲ့တဲ့ ထိုင်း မြောက်ပိုင်းက ဇင်းမယ်ဟာ ယဉ်ကျေးမှုအရ ထင်ရှားတဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ မြန်မာဘုရင် ဘုရင့်နောင် လက်ထက်က ထိုင်းနိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်စဉ်မှာ ဇင်းမယ်မြို့လည်း အပါအဝင် ဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက တည်ထား ကိုးကွယ်ခဲ့တဲ့ မြန်မာ ဘုန်းတော်ကြီး ကျောင်းတွေလည်း ဇင်းမယ် အပါအဝင် ထိုင်းနိုင်ငံမြောက် ပိုင်းမှာ တည်ရှိနေကြဆဲ ဖြစ်ပါတယ်။
လန်းနားတွေက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို ထိန်းသိမ်းနေကြဆဲ ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ကွာဟမှု သိပ်မရှိပါဘူး။ သင်္ကြန်ရောက်ရင် သူတို့ရဲ့ လန်းနားယဉ်ကျေးမှု ဝတ်စုံတွေဝတ်ပြီး လှည့်လည်လေ့ ရှိသလို လွန်ခဲ့တဲ့ သုံးနှစ်လောက်က စပြီး ဇင်းမယ်ကျုံး အတွင်းမှာ ရှိတဲ့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီး ကျောင်းကို မြန်မာ့ယဉ်ကျေးမှု ဝတ်စုံတွေဝတ်ပြီး သင်္ကြန်ထွက် က ဖို့ ဇင်းမယ် မြို့တော်ဝန်က ဖိတ်ခေါ်ခဲ့ ပါတယ်။
လန်းနား လူမျိုးတွေကလည်း သူတို့ရဲ့ ရိုးရာဝတ်စုံတွေနဲ့ ပွဲထွက်ခဲ့ သလို မြန်မာတွေကလည်း ခေါင်းမှာ ပိတောက်ပန်းတွေ ဝေဝေ ဆာဆာ ပန်ထားပြီး ရင်ဖုံးအကျႌ၊ ချိတ်ထဘီတွေ ပါဝင်တဲ့ ယိမ်းသမတွေရယ် ငွေငန်းဖြူကြီးရယ် ကချင်၊ ကရင်၊ ရှမ်း၊ ဗမာ အစရှိတဲ့ တိုင်းရင်းသား ဝတ်စုံတွေရယ်နဲ့ မြန်မာ့ယဉ်ကျေးမှု အလှကို ဇင်းမယ်သင်္ကြန်မှာ ပါဝင်ဆင်နွှဲခဲ့လို့ ထိုင်းတွေ အပါအဝင် နိုင်ငံခြား သား တွေတောင် စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ ပါတယ်။ ၂၀၁၃ ခုနှစ်ပွဲမှာတော့ မြန်မာယိမ်းအဖွဲ့ဟာ ဆုတံဆိပ်တွေတောင် ချီးမြှင့် ခံခဲ့ရ ပါသေးတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေ မကြာခဏ ရှိပေမယ့် သင်္ကြန်ပွဲတော် ကိုတော့ ထိခိုက်လေ့ မရှိပါဘူး။ ခိုက်ရန် ဖြစ်ပွားမှုတွေ နည်းအောင် အရက်သေစာ သောက်စားမှုတွေ နည်းအောင်လည်း လုံခြုံရေးတွေ စနစ်တကျ ထားရှိလေ့ ရှိတာကြောင့် ဇင်းမယ် သင်္ကြန်က အထူးတလည် စိုးရိမ်နေစရာ မရှိပါဘူး။
အရက်သေစာ အလွန်အကျွံ သောက်စားမှု၊ မူးယစ်ဆေးဝါးတွေ လွတ်လွတ်လပ်လပ် သုံးစွဲနေမှုတွေနဲ့ ခိုက်ရန် ဖြစ်ပွားမှုတွေ အတွက် စည်းကမ်း ထိန်းသိမ်းမှုနဲ့ လုံခြုံရေး အားနည်းမှု နှစ်တိုင်းရှိနေတဲ့ ရန်ကုန် သင်္ကြန် ကိုတော့ စိုးရိမ်စိတ်ရှိတာ အမှန်ပါ။
ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်းက ဆိုရင်လည်း ရခိုင်ပြည်နယ် ဘက်မှာ ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ဆက်စပ်ပြီး အက်ဆစ်နဲ့ ပက်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဟာလည်း ရန်ကုန်သင်္ကြန် လည်သူတွေအတွက် စိတ်မချမ်းမြေ့ဖွယ် စိုးရိမ်စရာ ဖြစ်ခဲ့ပါသေးတယ်။
ဘယ်လိုပဲ ထိခိုက်မှုတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ အန္တရာယ်တွေ ဖြစ်ခဲ့ဖြစ်ခဲ့ ဧပြီလဆန်းလို့ သင်္ကြန်အကြို တေးသံတွေ၊ ဒီဂျေသံ၊ တူးပို့သံတွေ ပျံ့လွင့်လာပြီ ဆိုရင်တော့ မြန်မာ ပြည်သားတိုင်းဟာ သင်္ကြန်မှာ ပျော်ဖို့ မြူးဖို့၊ တချို့လည်း ဘုရားသွား ကျောင်းတက် ကောင်းမှုကုသိုလ် လုပ်ကြဖို့ ပြင်ဆင်ကြတော့ တာပါပဲ။
ဇင်းမယ်ကို အလုပ်လုပ်ဖို့ ရောက်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက်ကတော့ လာမယ့် အတာသင်္ကြန် အချိန် မှာ မြန်မာပြည် သင်္ကြန် အလွမ်းပြေ ဇင်းမယ် ကျုံးဘေးမှာ လည်ပတ်ကြဖို့၊ အချင်းချင်း စတုဒီသာမုန့်တွေ ဖိတ်ကြွေးကြဖို့ လက်ရှိ အလုပ်တွေ ကျုံးလုပ်ရင်း ပြင်ဆင်နေကြပါပြီ။ ။