မပြောမပြီးမတီးမမြည် . . . တို့စည်တီးတာ ပြည်သူ့အတွက်
ပြောမှသိလို့ ထိမှနာ . . . တို့ရင်ထဲမှာ မချိ မချိ
ဒီမိုကရေစီအနှစ်ဟာ . . . အာဏာပိုင်ရှင် ပြည်သူဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ . . . အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း …
စည်းချက်၊ ဝါးချက်နှင့် ဗုံတို ဒိုးက ထွက်ပေါ်လာတဲ့ အချက်ကျကျ မြူးကြွတဲ့ တီးသံနဲ့ အတူ လူငယ် သံချပ် အဖွဲ့သားတို့ရဲ့ အား မာန် အပြည့်နဲ့ အချီအချ ကျကျ သံပြိုင် သီဆိုပုံက ကြားရသူ၊ မြင်ရသူ အားလုံးရဲ့ စိတ်နှလုံးကို သိမ်းကျုံး ဆွဲဆောင် နှိုးဆွ ပေးနိုင် တာကတော့ အမှန်ပါပဲ။
ဒီ အသံတွေက မနှစ်က သင်္ကြန်တွင်းမှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ လူငယ်ကျောင်းသားအဖွဲ့တွေ မြို့နယ်စုံကို လှည့် လည်ပြီး စုပေါင်းတင်ဆက်ခဲ့ကြတဲ့ အတိုင်အဖောက် သံချပ်ပါ။
သူတို့ဟာ လှည်းကူးမြို့နယ်ထဲက အဝေးပြေး ကားလမ်းမကြီး တနေရာမှာ ခေတ္တခဏ ရပ်နားပြီး သံချပ်အလှပြ ကားပေါ်ကနေ ဖျော်ဖြေနေတာ ဖြစ်ပါတယ်။
အခုလို သင်္ကြန်နဲ့ သံချပ် အချိတ်အဆက်မိမိနဲ့ ဖျော်ဖြေလာတဲ့ ခေတ်အဆက်ဆက် သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် သံချပ်အစဟာ သာမန် ပြည်သူ တောင်သူ လယ်သမားတွေရဲ့နေ့စဉ် ဘဝက အခြေတည် မွေးဖွားလာတာလို့ ဆိုပါတယ်။
သံချပ်ဆိုတာ ကဗျာအမျိုးအစား တခုဖြစ်ပြီး ပြည်သူ့ဟစ်တိုင်၊ ပြည်သူတွေရဲ့ ဘဝရင်ခုန်သံ လို့လည်း တချို့ အနုပညာရှင်တွေက သတ်မှတ် ယူဆထားကြသလို အစိုးရ၊ အုပ်ချုပ်သူတွေရဲ့ အမြီးအမောက် မတည့်တဲ့ လုပ်ရပ်တွေ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ပြောင်းလဲလာတဲ့ ပြည်သူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေကို ထင်ဟပ် ထောက်ပြ တင်ပြတဲ့ ပြုပြင်ရေး အနုပညာ တရပ်လို့လည်း တချို့က တင်စားခဲ့ ကြပါတယ်။
ခေတ်အဆက်ဆက် ရှေးဘုရင် မြန်မာမင်းများ လက်ထက်ကတည်းက လယ်သမားတွေဟာ ကောက်ရိတ်သိမ်းတဲ့အခါ သံချပ်လို သီချင်းတွေ ကဗျာတွေကို ပျော်ပွဲရွှင်ပွဲနဲ့ လယ်တောယာတောတွေ ထဲမှာ ရေးစပ်သီဆို ခဲ့ကြပါတယ်။
အထူးသဖြင့် ဆောင်းနှောင်းကာလ နွေးဦးအစ ဖြစ်တဲ့ တပို့တွဲ တပေါင်းလတွေမှာ စပါးရိတ်သိမ်းပွဲတွေမှာ ကဗျာတွေ သီချင်းတွေ၊ သံချပ်တွေကို အလွယ်တကူ ရနိုင်တဲ့ ဝါးလက်ခုပ်၊ ဗုံတိုတွေကို တီးပြီး မြူးမြူးကြွကြွ သီဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ကောက်ရိတ်သိမ်း အောင်ပွဲ အပြီး တဆက်တည်း တပေါင်းလရဲ့ သဲပုံစေတီပွဲမှာလည်း သံချပ်ထိုးတဲ့ ဓလေ့တွေ ပါလာပြီး အဲဒီကမှ တဆင့် ကောက်သိမ်းပွဲ အပြီး စပါးရောင်းလို့ ရလာတဲ့ ငွေကြေးတွေနဲ့ လယ်သမား သား၊ သမီးတွေရဲ့ ရှင်ပြု မင်္ဂလာပွဲတွေ ကျင်းပကြရာမှာလည်း သံချပ်ထိုးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ပျော်ပွဲရွှင်ပွဲတွေမှာ သံချပ်တွေထိုးတဲ့ ဓလေ့ဟာ သင်္ကြန်အထိအောင် ပါလာတာကို စာအုပ်တွေမှာ ဖော်ပြထားတယ် လို့ လူရွှင်တော် ဇာဂနာက သံချပ်ရဲ့ သမိုင်းကြောင်းတချို့ကို ပြောပြခဲ့တယ်။
“သင်္ကြန် သံချပ်ဟာ လွတ်လပ်ရေး ရပြီးတဲ့နှစ် နောက်ပိုင်းမှာ ကြော်ငြာအနေနဲ့ ပြန်ပေါ်လာခဲ့တယ်။ သင်္ကြန် သံချပ်ကားတွေကို ထွက်ခိုင်းပြီး ကုမ္ပဏီအသီးသီးက သင်္ကြန်သံချပ်ကားကြီးတွေ ထွက်ပြီးတော့ သီချင်းတွေ ဆိုကြတယ်။ အကတွေ ကကြတယ်။ သံချပ် တွေ တိုက်ခဲ့ကြတယ်။ များသော အားဖြင့် အဲဒီ သံချပ်တွေက ကြော်ငြာသံချပ်တွေ ပါ။ အဲဒီ ကုမ္ပဏီတွေရဲ့သံချပ်တွေက ဖျော်ဖြေရေး သက်သက်သာ ဖြစ်ပြီး အစိုးရကို ဝေဖန်တာ၊ ပုတ်ခတ်တာတွေ မရှိခဲ့ဘူး”လို့ သံချပ်ထိုးတဲ့ ဓလေ့တွေ ဆက်လက် ပြောင်းလဲ တည်ရှိလာပုံနဲ့ ပတ်သက်ပြီး ဦးဇာဂနာက ဆိုပါတယ်။
အဲဒီကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ သံချပ်တွေဟာ မဆလ အစိုးရကို သရော်တဲ့ သံချပ်စာသားတွေအဖြစ် ပြောင်းလဲ ရေးစပ် သီဆို ဟစ်ကြွေးလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ခေတ်တုန်းက ဆူးကြားက ဘူးခါး၊ တောက်တီးတောက်တဲ့၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ အနန္တစွမ်းအားရှင်၊ ကဗျာဆရာတွေ စုပေါင်းထားတဲ့ နွေဒေသ၊ ပိတောက်တစ္ဆေ စတဲ့ အဖွဲ့တွေဟာ အစိုးရကို သရော်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ခဲ့ကြတယ်။
ဒါပေမယ့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေထဲက အမြီးအမောက်မတည့်တာတွေကို ထောက်ပြသရော်တဲ့ သံချပ် အနုလိုင်းနဲ့ အစိုးရကိုဝေဖန် တိုက်ခိုက်တဲ့ သံချပ်အကြမ်းလိုင်း ဆိုပြီး အမျိုးအစားနှစ်မျိုး ကွဲပြားခဲ့ပါသေးတယ်။
အစိုးရကို ထောက်ပြဝေဖန်တဲ့ သံချပ်ထိုးသံတွေက ၁၉၇၀ ဝန်းကျင်လောက်မှာ သိသိသာသာ များပြားခဲ့ပါတယ်။ အစိုးရရဲ့ အမြီး အမောက် မတည့်တာတွေကို ထောက်ပြဝေဖန်တဲ့ သံချပ်တွေ အပြင် ကွန်မြူနစ်စနစ် အရိပ်အငွေ့တွေ လွှမ်းနေတဲ့ သံချပ်ထိုးသံ တွေလည်း များပြားလာခဲ့တယ် လို့ ၎င်းက ဆိုပါသေးတယ်။
“၁၉၇၀ ဝန်းကျင်မှာ တော်တော်ခေတ်ထ သွားတယ်၊ ဒါပေမယ့် မဆလ အစိုးရက အကုန်ဖမ်းတယ်၊ အဲလို ဖမ်းတဲ့ အတွက်ကြောင့် အဲဒီသံချပ်တွေက နည်းနည်းအရှိန် လျော့သွားတယ်၊ ဒါပေမယ့် “ပြီးပါပြီ” တို့လို၊ “မဟာရန်ကုန် ၃၆၅” တို့လို “မောင်မောင် ဆိုလေထီးရိုးရှည်” တို့လို အနုလိုင်းနဲ့ ပြောတဲ့ အဖွဲ့တွေကတော့ ကျန်ခဲ့တယ်၊ အနုလိုင်းက ၁၉၈၈ ခုနှစ်လောက်အထိ ကျန်နေ တယ်”လို့ သံချပ်ထိုးသံတွေနဲ့ ညံစီခဲ့တဲ့ အကြောင်း စစ်အာဏာရှင်ခေတ် မတိုင်ခင်က အခြေအနေတွေကို ဦးဇာဂနာက ပြန်လည် ပြောပြခဲ့ပါတယ်။
အဲဒီ ကနေ ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရ လက်ထက်မှာ သံချပ်တွေ အားလုံးကို ပိတ်ပင် တားမြစ်ခဲ့ပြီးနောက် သင်္ကြန်မှာ သံချပ် ထိုးသံတွေ လုံးဝဆိတ်သုဉ်း သွားခဲ့ရ ပါတော့တယ်။ မြန်မာ့သင်္ကြန်ရဲ့ အင်္ဂါရပ်တခုလို ပြည်သူတွေ ရင်ထဲ တင်စားသတ်မှတ်ခံထား ရတဲ့ သံချပ်သံတွေ ဆိတ်သုဉ်းနေတဲ့ လွန်ခဲ့တဲ့ သင်္ကြန်တွေဟာ စိုပြည်ခြင်းကင်းမဲ့စွာ ခြောက်ကပ်တိတ်ဆိတ် နေခဲ့ပါတယ်။
နှစ်ပေါင်း ၂၃ နှစ်ခန့် အကြာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သင်္ကြန်မှာတော့ အနုပညာရှင် လူရွှင်တော် သရုပ်ဆောင် ဇာဂနာ ဦးဆောင်တဲ့ သံချပ်အဖွဲ့က သင်္ကြန်ရဲ့ အင်္ဂါရပ်တွေ ပြည့်စုံစေဖို့ သင်္ကြန်ကို သံချပ်ထိုးသံတွေနဲ့ ပြန်လည် အသက်သွင်းခဲ့ ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ သင်္ကြန်မှာတော့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ တဖန် ပြန်လည်မွေးဖွားလာတဲ့ သင်္ကြန် သံချပ် သီချင်းသံတွေကို ဝေဝေဆာဆာ ပြန်လည်ကြားခဲ့ရ ပါတယ်။
ဒါပေမယ့် သံချပ်စာသားတွေကို စိစစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သင်္ကြန်သံချပ် စစ်ဆေးရေး ကော်မတီကို တင်ပြရ မယ် လို့ ဆိုလာတာကြောင့် လွတ်လပ်တဲ့ သံချပ်ဖျော်ဖြေမှုတွေ မဟုတ်ဘဲ ကန့်သတ် ချုပ်ချယ်မှုတွေနဲ့ အမှောင်ချ ခံနေရဆဲပဲလို့ သင်္ကြန်သံချပ် အဖွဲ့တွေကြားမှာ အသံမျိုးစုံ ထွက်လာခဲ့ ပါတယ်။
တကယ်တမ်း သင်္ကြန်သံချပ် စာသားတွေကို စိစစ်ဖို့တင်ပြတဲ့ အခါမှာတော့ ထင်သလောက် စိစစ် ဖြတ်တောက်တာမျိုး မတွေ့ခဲ့ရ ဘူးလို့ သံချပ်အဖွဲ့တွေ ထံက ပြန်လည်ကြားရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ စိစစ်ရေးကို ကြိုတင် တင်ပြရမယ်လို့ ကန့်သတ် ထားပေမယ့် နှစ်တော်တော်ကြာ ပိတ်လှောင်ခံထားရတဲ့ သံချပ်ထိုးသံတွေကတော့ နိုင်ငံရေး အသိုင်းအဝိုင်းဘက်ကရော၊ အနုပညာ အသိုင်းအဝိုင်းဘက်တွေကပါ အင်နဲ့အားနဲ့ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာခဲ့ကြပါတယ်။
အဲဒီကြားထဲမှာပဲ သင်္ကြန်သံချပ် ပြိုင်ပွဲဆိုပြီး ဘိုဘို Entertainment က ကြီးမှူးကျင်းပတဲ့ “လူထု ပဲ့တင်သံ” သံချပ်ပြိုင်ပွဲဟာ ဆုကြေး ငွေ များများချီးမြှင့်ပြီး သံချပ်အဖွဲ့ အတော်များများကို ရဲရဲရင့်ရင့် ထွက်ပေါ်လာအောင် စင်ပေါ် ဆွဲခေါ်လိုက်တဲ့ ပွဲတခုဖြစ်ခဲ့ ပါတယ်။
အဲဒီပွဲမှာပဲ အနှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ သံချပ်အဖွဲ့ဟောင်းတွေ အပါအဝင် အဲဒီနှစ်ကမှ စတင်ထွက်လာတဲ့ သံချပ် အဖွဲ့သစ် တွေ လည်းပါဝင်လာပြီး အဖွဲ့ပေါင်း ၁၆ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အဲဒီ သံချပ်အဖွဲ့တွေဟာ ဒီမိုကရေစီနဲ့ ဝေးကွာနေတဲ့ ပြည်သူတွေရဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရတဲ့ ရင်ထဲက ခံစားချက် ရင်ဖွင့်သံ တွေကို ကိုယ်စားပြု ရင်ဖွင့်ဟစ်ကြွေး ပေးခဲ့ကြပါတယ်။
သံချပ်သံဟာ ပြည်သူရဲ့ဘဝ ဖြစ်တဲ့ အကြောင်းကို သင်္ကြန် အတွက် သံချပ်စာသားတွေ ရေးစပ်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကလည်း အခုလို ရင်ဖွင့်ပြောပြပါတယ်။
“ကျနော်တို့ မီလိုက်မိသမျှ ကာလ တလျှောက်လုံး သင်္ကြန်ဟာ သံချပ်မပါရင် အသက်ဝိညာဉ် မပါသလို ဖြစ်နေတာပေါ့၊ ပြည်သူ တွေရဲ့ ချွေးနံ့တွေ လည်းပါတယ်၊ ပြည်သူတွေ နေ့တိုင်း နေ့စဉ်လှုပ်ရှား ရုန်းကန်ရတဲ့ ဘဝကို ပြတာဗျ၊ အထူးသဖြင့် ကျနော် ပြောချင်တာက ဟိုးထိပ်ပိုင်းက လူ့မလိုင်တွေ မပါဘူးဗျာ၊ အောက်ခြေ ဘတ်စ်ကား တိုးစီးရတဲ့ ပြည်သူတွေရဲ့ ကားအိတ်ဇောက ထွက်တဲ့ အနံ့တွေပါတယ်ဗျာ၊ ချွေးနံ့တွေ၊ မီးခိုးနံ့တွေ၊ စားအုန်းဆီတွေ၊ အချိုမုန့်နဲ့ ဟင်းကောင်း နေ့စဉ်မစားရတဲ့ ပြည်သူတွေရဲ့ မျက်နှာ ဖောယောင်ယာင် ပုံရိပ်တွေလည်း ပါတယ်ဗျာ၊ သင်္ကြန်မှာတော့ဗျာ ပြည်သူ့တွေရဲ့ ဘဝကို သံချပ်တွေနဲ့ အသက်ဝင်ပြီး ပေါ်လွင် စေချင်တယ် ဗျာ”ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ဒီနှစ် ၂၀၁၄ သင်္ကြန်မှာလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သင်္ကြန်သံချပ် စာသားတွေကို ကြိုတင် တင်ပြပေးဖို့ အသိ ပေး ထားပါတယ်။ သင်္ကြန် သံချပ် စစ်ဆေးရေး ကော်မတီ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရတော့ ဒီနှစ် သင်္ကြန်သံချပ် စာသား တွေမှာ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှု၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ သက်ဆိုင်တဲ့ စာသားတွေကို ဖြတ်တောက် စိစစ်သွားမယ် လို့ ဆိုထားပါတယ်။
တချို့ သံချပ်စာသားတွေဟာ ခေတ် အဆက်ဆက်က အသုံးပြုလာခဲ့ တာကိုပဲ ပြန်လည်ပြင်ဆင်၊ အရောင်တင်ပြီး အသုံးပြုနေတာ တွေ ရှိပါတယ်။
တကယ်တမ်း နှစ်စဉ် သံချပ်စာသား အသစ်တွေ ထွက်လာဖို့ ဆိုရင် လူထုတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်၊ ပြောစကား၊ အကြောင်း အရာတွေကို အဓိကလေ့လာ စောင့်ကြည့်ရသလို၊ တနှစ်တာလုံး လူသိရှင်ကြား ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို လည်း လေ့လာစောင့်ကြည့်ပြီး အနုပညာရှုထောင့်ကနေ တင်ဆက် ပြသရကြောင်း သံချပ်စာသား ရေးသားသူ အနုပညာရှင်များက ဆိုပါတယ်။
ဒီနှစ် သင်္ကြန်သံချပ် အဖွဲ့ထွက်ဖို့ ပြင်ဆင်နေတဲ့ သီးလေးသီး အဖွဲ့မှ ကိုကြယ်သီးက အခုနှစ် ထူးထူးခြားခြား ဖြစ်နိုင်မယ့် သံချပ် စာ သားတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါတယ်။
“ဥပမာအနေနဲ့ ဒီနှစ် လူသိရှင်ကြား ဖြစ်သွားတဲ့ စကားတခွန်းဆိုရင် “နယ်လှည့်ပါးရိုက်မယ်”ဆိုတဲ့ စကားမျိုး ပေါ့၊ သံချပ်မှာ ဒါတွေလည်း ပါကောင်းပါမှာပဲ၊ ဒါပေမယ့် အဲဒီ စကားကိုပဲ ပုဂ္ဂိုလ်ရေး အရ ငယ်ကျိုးငယ်နာ ဖော်တာမျိုး မဟုတ်ဘဲ၊ အနုပညာ ရှုထောင့် ကနေ ဟာသပြက်လုံး သဘောမျိုးနဲ့ အသိပေး ပြောလိုက်တာမျိုး ပေါ့၊ အဲဒီကိစ္စကို ကြားရတဲ့ ကာယကံရှင်လည်း အော် ငါပြော လိုက်တာ ဒီလိုမျိုး ဖြစ်သွားတယ်၊ နောင်ဆို သတိထားရမယ် ဆိုပြီး နားလည် သွားတာမျိုးတွေ ပါနိုင်တယ်”လို့ သူကဆိုပါတယ်။
ဒီနှစ်အတွင်း လေ့လာကြည့်မယ် ဆိုရင် မီဒီယာ လွတ်လပ်ခွင့် တောင်းဆိုမှုတွေ၊ ဝန်ကြီးတချို့ရဲ့ လုပ်ဆောင်မှုတွေ၊ ပြောစကား တွေ၊ ဆက်သွယ်ရေး အကြောင်းအရာတွေ၊ ပညာရေး ဥပဒေ ပြဋ္ဌာန်းချက်တွေ၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုတွေ၊ ကျေးရွာပြောင်းရွှေ့တဲ့ အခြေအနေတွေ၊ လျှပ်စစ်မီတာခ တိုးသွားတဲ့ ကိစ္စတွေ အပြင် သန်းခေါင်စာရင်း ကောက်ခံတဲ့ ကိစ္စတွေဟာ ဒီတနှစ်တာလုံးရဲ့ လူအများ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
အဲဒီ အဖြစ်အပျက် တွေထဲကမှ သံချပ် စာသားတွေ အဖြစ် ပါဝင်လာဖို့ သင့်တာတွေနဲ့ ပတ်သက်ပြီး ဦးဇာဂနာက သူ့အမြင်ကို ပြော ပါတယ်။
“အသစ် ဖြစ်လာနိုင်တဲ့ သံချပ်မှာ ဆိုရင် မီဒီယာလွတ်လပ်ခွင့် ကိစ္စမျိုးတွေကို ထည့်ကို ပြောရမယ် နောက်ပြီး နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီတွေနဲ့ ခရိုနီတွေ သိပ်ပြီး ရင်းနှီးလွန်း တာတွေကို ထည့်ပြောရမယ်၊ နောက်တခုက ကျောက်ဖြူ ရေနံ ပိုက် လိုင်း ကိစ္စ အဲဒါတွေကို ထည့်ပြောသင့်တယ် လို့ ကျနော်မြင်တယ်၊ အခုနှစ် အတွင်းမှာ ဖြစ်နေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ သံချပ်မျိုး ဆိုရင်လည်း ဥပဒေကို ကျေညက်အောင် ဖတ်ရှုထားပြီးမှ ထောက်ပြ ဝေဖန်မယ် ဆိုရင်ကောင်းတယ်”လို့ သူကဆိုပါတယ်။
ဝေဖန် စရာတွေ၊ တို့ထိ စရာတွေ များလှတဲ့ ဒီကနေ့ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ရင်ထဲ ထိမိအားရ ကျေနပ်နိုင်ကြမယ့် သံချပ်ထိုးသံတွေကို ဒီနှစ်မှာလည်း မြိုင်မြိုင်ဆိုင်ဆိုင် ကြားကြရဖို့ ရှိပါတယ်။
နောက်ကြောင်း မလှည့်ဘူး ပြောထားတယ် . . . ရှေ့ရောက်အောင်လည်း ချီတက်ပါဦး
ရွေးကောက်ပွဲကြီး ပြီးသွားပြီ . . . ကချင် ပြည်နယ်မှာ ပြေးနေကြတုန်း
ကားဈေးတွေလည်း ကျသွားပြီ . . . အသားဈေးတွေလည်း ချပေးပါဦး
ကားဈေးတွေလည်း ကျသွားပြီ . . . ငါးဈေးတွေလည်း ချပေးပါဦး
မြစ်ဆုံကြီး ခဏရပ်ထားတယ် . . . တသက်လုံးရပ်ရင် ပိုမကောင်းဘူးလား
ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် . . . တို့ ပြည်သူတွေ သတ္တိရှိကြ
ဒီမိုကရေစီလိုချင်ရင် . . . တို့ပြည်သူတွေ ပွင့်ကြ လင်းကြ
ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ . . . ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။ ။