ပျော်ရွင်မြူးကြွ သင်္ကြန်အခါသမယ ရောက်သည်နှင့် တပြိုင်နက် တူးပို့ တူးပို့ သီချင်းသံများနှင့်အတူ အပြိုင်အဆိုင် ပေါ်လာတတ်ကြ သည့် ပျံတက်တော့မယောင် ငွေငန်းဖြူ ဂီတအလှပြ ယာဉ်ကြီးများ၊ အဆင်တန်ဆာမျိုးစုံ ဆင်ယင်ထားသည့် သင်္ကြန် အလှပြ ယာဉ်များ၏ ခမ်းနားမှုတို့က ယနေ့ခေတ်တွင် ပုံပြင်တပုဒ်သဖွယ်၊ ယုံတမ်းစကားသဖွယ် ဖြစ်လာတော့မလားဟု စိုးထင့် မေးမြန်း စရာ ဖြစ်လာပါသည်။
ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် သင်္ကြန်ကာလ နီးကပ်လာသည်နှင့် အလှပြယာဉ်များက မြို့နေ ပရိသတ်များ စိတ်ဝင် တစား ဖြစ်အောင် မည်သို့ အဆင်တန်ဆာ ဆင်ယင်ကြမည်၊ အဆိုတော်များကလည်း မည်သည့် သီချင်းများနှင့် ပရိသတ်ကို ဖျော်ဖြေမည် စသည်ဖြင့် ကြိုတင်စဉ်းစားကြ၊ ရင်ခုန်ခဲ့ကြသည်။
ယင်းတို့မှာ လွန်ခဲ့သည့် ၁၀ စုနှစ် ၃ ခု၏ အရှေ့ပိုင်း သင်္ကြန် အခါအချိန်ရောက်တိုင်း လူတိုင်း စိတ်လှုပ်ရှားခဲ့ရမှုများ ဖြစ်သည်။
အလှပြယာဉ် ဆိုသည်မှာ သင်္ကြန်၏ ပြယုဂ်တခုအဖြစ် ၁၉၃၀ မတိုင်ခင်ကတည်းက ပေါ်ပေါက်လာခဲ့ပုံရသည်။ မန္တလေး အခြေစိုက် စာရေးဆရာ ဆူးငှက်၏ ဘလော့ဂ် စာမျက်နှာတွင် မန္တလေးက အလှပြယာဉ် ဓလေ့မှာ ၁၉၂၅ ခုနှစ်ခန့်က စတင်လာခဲ့ခြင်း ဖြစ် သည် ဟု ရေးသားထားသည်။
လူထုက သင်္ကြန် တတွင်းလုံး မနက်ပိုင်း ရေပက်ခံထွက်ကြ၊ ရေကစားကြပြီး ညနေခင်းနှင့် ညချမ်းအချိန်များတွင် ရိုးရာမဏ္ဍပ်များရှေ့ လာရောက် ဖျော်ဖြေကြသည့်၊ အလှပြယာဉ်များနှင့် အတူပါလာသည့် အဆိုတော်များ ၏ ဖျော်ဖြေမှုကို စောင့်ဆိုင်း နားထောင်ကြ သည်။ တနေ့လုံး မောပန်းသမျှ အပန်းပြေခဲ့ကြသည် ဟု စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပြသည်။
“အခုဆိုရင် မန္တလေးမှာ အလှပြယာဉ်က မြို့မတခုပဲ ကျန်တော့တယ်၊ အလှပြယာဉ်တင် မဟုတ်ဘူး၊ ယာဉ်တွေ လှည့်လည် ဖျော်ဖြေ ဖို့ အတွက် ရိုးရာမဏ္ဍပ်တွေလည်း မရှိတော့ဘူး၊ အလှပြယာဉ်တွေက နောက်ဆို ပျောက်သွားမှာပဲ၊ ဌာနဆိုင်ရာတွေ ကလည်း အားပေးမှုမှ မရှိတာကိုး”ဟု ဆရာ ဆူးငှက်က ရှင်းပြသည်။
ယခင်က မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ် အများအပြားရှိပြီး ညချမ်း အချိန်ဆိုလျှင် မြန်မာ့ရိုးရာအက၊ သီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများ ရှိခဲ့သလို ထိုမဏ္ဍပ်များရှေ့တွင် အလှပြယာဉ်များက ဖျော်ဖြေခြင်း၊ မဏ္ဍပ်က ကျင်းပသည့် ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့ပြီး နေအောင်၊ ခင်သန်းနု၊ သီတာသိမ့်၊ ဇင်ဝိုင်းနှင့် မေသန်းနုတို့ သရုပ်ဆောင်ခဲ့သည့် သင်္ကြန် ကာလရောက်တိုင်း မရိုးနိုင်အောင် ဖြစ်ရသော “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကားတွင် ခေတ် ၂ ခေတ်စာ မန္တလေးသင်္ကြန် အလှပြ ယာဉ် နှင့် အလှဆင်မဏ္ဍပ် ယဉ်ကျေးမှုတို့ကို တစေ့တစောင်း မြင်တွေ့နိုင်သည်။
ထိုကာလက ဌာနဆိုင်ရာ အလိုက် အလှပြယာဉ်များ ပြုလုပ်ကြသလို မြို့နယ်အလိုက် အလှပြယာဉ်များလည်း ရှိခဲ့သည်။ သို့သော် ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်း သင်္ကြန်များတွင် မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲကို တက်ရောက်ရန်အတွက်သာ မြို့နယ် အလှပြယာဉ် တချို့ရှိတော့သည်။
သဘာဝ၊ အလှ၊ အကနှင့် သံချပ် စသည့် အမျိုး အစားစုံလင်သော သင်္ကြန် အလှပြယာဉ်များ၏ တခေတ် ဆန်းချိန်သည် ၁၉၅၀ ခုနှစ် ဝန်းကျင်က ဖြစ်သည်။ ထိုစဉ်က သင်္ကြန်ကာလများတွင် မြန်မာ့ ရိုးရာဓလေ့ အခင်းအကျင်းနှင့် မဏ္ဍပ်များတွင် အလှပြယာဉ်ပေါင်း ၁၀ဝ နီးပါး ဖျော်ဖြေခဲ့ကြသည်။ ၁၉၇၈ ခုနှစ် လောက်တွင် အလှပြယာဉ်က အစီး ၅၀ ခန့်သာ ကျန်တော့သည်။
တနေ့တခြား အလှပြယာဉ် နည်းပါးလာခဲ့ရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် ငွေငန်းဖြူ အမှတ်သညာ မြို့မ အလှပြယာဉ် တစီး သာ ရှိတော့သည်။ ရန်ကုန်မြို့တွင် မြို့တော်ဝန် မဏ္ဍပ်နှင့် သက်ဆိုင်သည့် အလှပြယာဉ် ၁ စီး၊ ၂ စီးခန့်သာရှိတော့ဟု သိရသည်။
“ရိုးရာ ယဉ်ကျေးမှု တခု ပျောက်သွားမှာ စိုးရိမ်တယ်၊ မြန်မာ့ရိုးရာအက၊ မဏ္ဍပ်တွေ ပျောက်သွားပြီ၊ အလှပြယာဉ်တွေလည်း အခု လို နည်းပါးလာတော့ စိတ် မကောင်းဘူး၊ မြို့မယာဉ် ဆိုရင် မြို့တော်ဝန် မဏ္ဍပ် ဖွင့်ပွဲ ပြီးတာနဲ့ ဖိတ်ထားတဲ့ အိမ်တွေမှာပဲ လိုက်ပြီး ဖျော်ဖြေရတော့တယ်”ဟု မြို့မအသင်း အတွင်းရေးမှူး ဦးလွင်ဦးက ပြောပြသည်။
နောက်ပိုင်းတွင် မဏ္ဍပ်များ ပျောက်ကွယ်လာသည့် အတွက် အိမ်များ၌သာ လိုက်လံ ဖျော်ဖြေရခြင်း ဖြစ်သည်။
ယခုနှစ် သင်္ကြန်တွင် မြို့မအသင်းနှင့် အတူ အဆိုတော် မာမာအေး၊ ဖိုးသောကြာတို့က မန္တလေး ပရိသတ်များကို ဖျော်ဖြေကြမည် ဟု မြို့မအသင်း၏ အတွင်းရေးမှူး ဦးလွင်ဦးက ပြောသည်။
“ဒီနှစ်တော့ အလှပြယာဉ်ကို ဆယ်ဘီးကားကြီးနဲ့ လုပ်မယ်လို့ စိတ်ကူးထားတယ်။ အလှအပတွေ ထည့်ဖို့လည်း စဉ်းစားပြီးပြီ။ သီချင်း တွေလည်း တိုက်နေကြပြီ”ဟု ဦးလွင်ဦးက မြို့မအလှပြယာဉ်ရဲ့ ကြိုတင်အစီအစဉ်တွေကို ရှင်းပြသည်။
ရန်ကုန်မြို့တွင် ယခင်ကတည်းက အလှပြယာဉ်က နည်းပါးသည်။ ယခုနောက်ပိုင်းတွင် အလှပြယာဉ်ကို လူငယ်အများစု မမြင်ဘူး သလောက် ဖြစ်လာပြီဟု တချို့ကဆိုကြသည်။ မြို့တော်ဝန်မဏ္ဍပ် ရှေ့ဖွင့်ပွဲကို လာရောက်သော အလှပြယာဉ်သာ ရှိတော့သည်။ မနှစ်က သင်္ကြန်တွင် သံချပ်ယာဉ်အနည်းငယ် တွေ့ခဲ့ရ သည်။ အလှပြ ဖျော်ဖြေရေး ယာဉ်များကို မတွေ့ခဲ့ရပေ။
“မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဦးစီးသည့် ကျားခေါင်းကြီးနှင့် အလှပြယာဉ်ကိုလည်း ယနေ့တိုင် သတိရကြဆဲ ဖြစ်သည်။ ထို့နောက် အခြားသင်္ကြန် အဖွဲ့ပေါင်း များစွာ၏ မြင်ကွင်းတွေကိုလည်း အမှတ် ရကြဆဲ”ဟု မန္တလေးမြို့ခံတွေရဲ့ အလှပြယာဉ်အပေါ် အမှတ်တရ ရှိနေပုံကို ဆရာဆူးငှက်က သူ၏ ကိုယ် ပိုင်ဘလော့ဂ် စာမျက်နှာတွင် ရေးသားထားသည်။
အလှပြယာဉ်တွေ တနှစ်ထက် တနှစ် နည်းပါး လာရခြင်းမှာလည်း ယာဉ်နှင့် ပတ်သက်သည့် ကုန်ကျစရိတ်က ငွေကျပ် သိန်း ၂၀ဝ နှင့် ၃၀ဝ ကြား အထိ ဖြစ်နေခြင်းက အကြောင်းရင်း တခုဖြစ်သည်။ မန္တလေးမြို့က မြို့မ အလှပြ ယာဉ်ဆိုလျှင် အစိုးရပိုင်းက ငွေ ၁၀ သိန်း ဝန်းကျင်သာ ချထားပေးပြီး ကျန်သည့် ကုန်ကျစရိတ်က အသင်း ရန်ပုံငွေဖြင့် စိုက်ထုတ် သုံးစွဲကြရသည် ဟု သိရသည်။
“အလှပြယာဉ်တွေ လုပ်ဖို့ဆိုတာ ဘယ်လိုလုပ်ရမှန်း မသိတော့ မလုပ်ကြတော့ဘူး၊ ဒါတွေက ပိုက်ဆံနဲ့ ရင်းနှီးပြီး လုပ်ကြရတာ လေ၊ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကလည်း ခေတ် ၂၀၊ ၃၀ လောက် ကွာသွားတဲ့ အချိန်မှာ ဘာဖြစ်လို့ ယဉ်ကျေးမှုတွေ ဆိတ်သုဉ်း ကုန်တာလဲ မသိဘူး”ဟု ဟာသ သရုပ်ဆောင် ဦးအရိုင်းက ပြောသည်။
အရပ်သား အလှပြယာဉ်များ နည်းပါးလာခြင်းသည် စိတ်ဝင်စားမှု မရှိတော့ခြင်းကြောင့် လား၊ အစိုးရပိုင်းက အားပေးမှု နည်းခြင်းကြောင့် လား၊ အသေအချာ မပြောနိုင်သော်လည်း နောက်ပိုင်းဆိုလျှင် အလှပြယာဉ် ဆိုသည် ပုံပြင်အဖြစ်သာ ပြောဆိုဖွယ် ရှိသည် ဟု မန္တလေးမြို့ခံ တချို့က ဆိုသည်။
“သီချင်းတွေ တိုက်ကြ၊ အလှပြယာဉ်တွေ လုပ်ကြ၊ ကကြ၊ အပြန်အလှန် ဖေးမပြီးတော့ သင်္ကြန် ညချမ်းတွေကို ဖြတ်သန်းခဲ့ရတာ အင်မတန်ကို လွမ်းစရာ ကောင်းတယ်”ဟု ရုပ်ရှင် သရုပ်ဆောင် ဦးဇင်ဝိုင်းက ပြောပြသည်။
သူတို့ခေတ် အခါတုန်းက သင်္ကြန်နှင့် ယခုခေတ် သင်္ကြန်ဆိုတာ ခေတ်အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲ လာခဲ့သော်လည်း လူငယ်များ အနေနှင့် မြန်မာ့ရိုးရာ သင်္ကြန်၏ အနှစ်သာရကို မမေ့စေချင်ကြောင်း သူက ဆိုသည်။
သင်္ကြန်ကာလ တခုလုံး မြို့မ အလှပြယာဉ်နှင့်အတူ လှည့်လည် ဖျော်ဖြေမည့် တေးသံရှင်မာမာအေး သင်္ကြန်မှာ မြို့မနှင့် သက် ဆိုင် သည့် သီချင်းများဖြင့် မန္တလေး ပရိသတ်ကို ဖျော်ဖြေမည်ဟု ဧရာဝတီကို ပြောသည်။
ဟိုတုန်းက တခေတ် ဆန်းခဲ့သော အလှပြယာဉ်များက မြို့မ၊ ရှုတိုင်းယဉ်၊ မိုးကေသီ၊ သီရိမွန်၊ သင်္ဂဟ၊ တေးလုလင်၊ တေးချစ်သူ၊ ကျားခေါင်းနှင့် ရွှေမန်းရေယာဉ် အစရှိသည့် အလှပြယာဉ်များ ဖြစ်ကြသည်။
သင်္ကြန် ဆိုသည့် အသံကြားသည်နှင့် တပြိုင်နက် လူထု၏ စိတ်ထဲ ယှဉ်တွဲပါလာသည်မှာ အလှပြယာဉ်၊ သံချပ်ယာဉ် များနှင့် မန်းတောင်ရိပ်ခို၊ သင်္ကြန်မိုး ရုပ်ရှင် စသော မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်၏ အနှစ်သာရများ ဖြစ်သည်။ သို့သော် အနှစ် သာရ ၏ ပြယုဂ်များမှာ တနှစ်ထက် တနှစ် ပါးလျားနည်းပါး လာပေပြီ။ ။