ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးနေသည့် အိမ်ရာဈေးကွက်များထဲတွင် ၎င်းဈေးကွက်ဖွံ့ဖြိုးရန် အခြေအနေ အနည်းဆုံးဖြစ်သည်ဟု ယူဆထားကြသည့် မြောက်ကိုရီးယားလည်း ပါဝင်နေသည်။ အိမ်နှင့် အခန်းများကို ရောင်းဝယ်ခြင်းသည် တရားဝင် မဟုတ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ခေတ်စား လာနေကြောင်း မြောက်ကိုရီးယား စီးပွားရေးကို လေ့လာနေသည့် ပညာရှင်များနှင့် မြောက်ကိုရီးယားမှ ထွက်ခွာလာသူများက ပြောကြသည်။
ဥပဒေအရ ဆိုရှယ်လစ်နိုင်ငံတွင် အိမ်ခြံမြေအားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်သည်။ သို့သော်လည်း အစိုးရက ချထားပေးခြင်းအား စောင့်ဆိုင်းရခြင်းကို ဆန့်ကျင်ပြီး ကိုယ်ပိုင်အိမ် ဝယ်ယူမှု ရာခိုင်နှုန်းက အလျင် အမြန် တိုးတက်လာကြောင်း မြောက်ကိုရီးယားမှ စွန့်ခွာထွက်ပြေးလာသူများထံမှ ကောက်ယူခဲ့သည့် စစ်တမ်း များက ပြသနေသည်။
ပွဲစားများကို အစားအစာနှင့် ဈေးချိုသည့် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့် ကိုယ်ပိုင်ဈေးများတွင် ရောင်းချရန်ရှိသည့် အိမ်ခြံမြေများစာရင်းနှင့်အတူ တွေ့မြင်နိုင်ကြောင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာ သူများနှင့် ကျွမ်းကျင်သူများက ပြောကြသည်။ မြောက်ကိုရီးယား နိုင်ငံတလွှားမှ မြို့ကြီး မြို့ငယ်များတွင် ရှိနေသည့် အဆိုပါ ဈေးများကို မြောက်ကိုရီးယား အစိုးရကလည်း မသိယောင် ဆောင်နေသည်ဟု သိရသည်။
“ခင်ဗျားလိုချင်တဲ့အိမ်ကို ပွဲစားကိုမေးပြီးရှာလို့ ရတယ်” ဟု မြောက်ကိုရီးယားမှ ထွက်ပြေးလာသည့် တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ကင်ယန်အေက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြောပြသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် မြို့တော် ပြုံယမ်း၌ အမေရိကန်ဒေါ်လာကို အသုံးပြုပြီး မြောက်ကိုရီးယားနှင့် ပြင်ပကမ္ဘာတို့ ကုန်သွယ်မှုပြုလုပ်သည့်နေရာဖြစ်သော တရုတ်နိုင်ငံ နယ်စပ်တွင်မူ တရုတ်ယွမ်ငွေကို အသုံးပြု သည်။ အရောင်းအဝယ်ပြုလုပ်သူတို့က ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်း ထုတ်ပေးရန် သို့မဟုတ် ပြင်ဆင်ပေးရန်အတွက် အိုးအိမ်ဌာန အရာရှိများကို လာဘ်ငွေပေးရသည်ဟုလည်း မြောက် ကိုရီးယားမှ ထွက်ပြေးလာသူများနှင့် ကျွမ်းကျင်သူများက ဆိုသည်။
မြောက်ကိုရီးယား နိုင်ငံသားများက မိမိတို့၏ နေထိုင်မှု အဆင့်အတန်းကို မြှင့်တင်ရန် သို့မဟုတ် ငွေရရှိရန် တနေရာမှတနေရာသို့ ပြောင်းရွှေ့နေထိုင် ခြင်းများ ပေါ်ပေါက်လာစေသည့် မှောင်ခိုဈေးကွက်ကို ကင်ဂျုံအွန်း ဦးဆောင်သည့် အစိုးရကလည်း မျက်စိမှိတ်ထားခဲ့သဖြင့် အိမ်ဈေးများလည်း မှန်မှန် မြင့်တက်လာခဲ့ရသည်။
မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများကလည်း ငွေပြန်ပို့ပေးကြသဖြင့် သူတို့၏ မိသားစုများကလည်း ပိုကောင်းသည့်အိမ်များ ဝယ်ယူကြသည်မှာ ထုံးစံဖြစ်နေသည်။ ပြည်သူတချို့က အိမ်ခြံမြေများ ဝယ်ယူကြခြင်း မှာ နောက်ဆုံးတွင် ဆင်းရဲနွမ်းပါးသည့် ၎င်းတို့နိုင်ငံနှင့် ချမ်းသာကြွယ်ဝသည့် တောင်ကိုရီး ယားနိုင်ငံတို့ ပြန်လည်ပူးပေါင်းမည့် အချိန်ကို မျှော်လင့်၍ ရင်းနှီးမြှုပ်နှံမှုတခုအနေဖြင့် ပြုလုပ်ခြင်းဖြစ် သည်ဟု ကြားသိရ ကြောင်း ကင်ယန်အေနှင့် အခြား ထွက်ပြေးလာသူ ၂ ဦးကပြောသည်။ သို့သော်လည်း Reuters သတင်းဌာနမှ အဆိုပါအချက်ကို အတည် ပြုနိုင်ခြင်း မရှိခဲ့ပါ။
မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများက သူတို့၏ မိသားစုများထံ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀ သန်း ခန့် ပြန်ပို့ပေးနေသည်ဟု ထွက်ပြေးလာသူများကို အကူအညီပေးနေသည့် တောင်ကိုရီးယား အဖွဲ့အစည်းတခု ဖြစ်သည့် One Korea ကခန့်မှန်းခဲ့သည်။ တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်တလျှောက်တွင် ရှိနေသည့် ကိုယ်စားလှယ်များမှတဆင့် ပေးပို့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
“မြောက်ကိုရီးယားမှာ ပိုက်ဆံက အဓိကကျ တယ်။ ခင်ဗျားမှာ ပိုက်ဆံရှိတယ်ဆိုရင် ယုံကြည် စိတ်ချရတဲ့ သူတယောက်ဆီကို ပို့ပေးလိုက်။ တရုတ်နယ်စပ်ဖက်မှာ အတော်အသင့်ကောင်းတဲ့ အိမ်တလုံး ဝယ်လို့ရတယ်” ဟု ကင်ယန်အေက ပြော သည်။ သူက People for Successful Korean Reunification ဟု အမည်ရှိသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုကို ဦးဆောင် လှုပ်ရှားနေ သည်။ ကင်ယန်အေက သူ၏ သူငယ်ချင်း တယောက် သည် ပြီးခဲ့သည့် ဆောင်းရာသီအချိန်က တောင်ပိုင်း သို့ ထွက်ပြေးရန် ငွေလိုနေသည့်အတွက် တရုတ် နယ်စပ်ဒေသရှိ ဟိုင်စန် (Hyesan) မြို့မှ ၎င်း၏ တိုက်ခန်းကို တရုတ်ယွမ်ငွေ ၄၀ဝဝဝ (အမေရိကန် ဒေါ်လာ ၆၆၀ဝ) ဖြင့် ရောင်းချခဲ့သည်ဟု Reuters သို့ ပြောသည်။
သူငယ်ချင်းဖြစ်သူ၏အမည်ကို ပြောပြရန်တော့ သူက ငြင်းဆန်ခဲ့သည်။ သူ၏ သူငယ်ချင်းဖြစ်သူသည် ယခုအခါ တွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ များကို တောင်ကိုရီယားနိုင်ငံတွင် နေသားတကျ ဖြစ်စေရေး အတွက် ကူညီပေးရန် ဆိုးလ်မြို့တွင် တည်ထောင်ထားသည့် ပြန်လည်နေရာချထားရေး စခန်းတွင်ရှိနေသည် ဟု ဆိုသည်။
လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ အဘိုးဖြစ်သူ ကင်အီဆွန်း တည်ထောင်ခဲ့သည့် ဆိုရှယ်လစ်စနစ်အရ အစိုးရက အိမ်ရာများ တည်ဆောက်ပြီး နိုင်ငံသားများကို နေရာချထားပေးရသည်။
၁၉၉၀ နှစ်များ အလယ်ပိုင်းတွင် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် လူ ၁ သန်းခန့် ဆုံးခဲ့ရ ပြီး အစိုးရ၏ အစားအစာဖြန့်ဝေရေးစနစ် ယိုယွင်းမှုကြောင့် ၁၉၉၀ နှစ်များ နောက်ပိုင်းတွင် အစား အစာများ ရောင်းချသည့် ကိုယ်ပိုင်ဈေးများ ပေါ်ပေါက်လာခဲ့သည်။
ငွေကြေးလိုအပ်မှု တိုးတက်လာနေသော်လည်း အစိုးရက ပြည်သူအတွက် အိမ်ရာများ တည်ဆောက်ပေးမည့် အစား တပ်ဖွဲ့ဝင် ဦးရေ ၁ ဒသမ ၂ သန်း ရှိသည့် စစ်တပ်ကို အင်အားဖြည့်တင်းရေးအတွက်သာ ပိုက်ဆံသုံးနေ သည့်အတွက် အိမ်ခြံမြေ ရောင်း ဝယ်ခြင်းလည်း မကြာမီမှာ ထပ်မံပေါ်ပေါက်လာခဲ့သည်။
မြောက်ကိုရီးယားဥပဒေအရ နေအိမ်ကို ဝယ်ယူသူ၊ ရောင်းချသူ၊ ငှားရမ်းသူ မည်သူမဆို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံရမည်ဖြစ်သည်။သို့သော်လည်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ ၁၃၃ ဦးကို ယမန်နှစ်က ဆိုးလ်အမျိုးသားတက္ကသိုလ်၊ Institute for Peace and Unification Studies မှ စစ်တမ်းကောက်ယူကြည့် သည့်အခါ ၎င်းတို့ထဲမှ ၆၇ ရာခိုင်နှုန်းသည် ကိုယ်ပိုင်အိမ်များ ဝယ်ယူထား ပြီးဖြစ်ကြောင်း တွေ့ရှိရပြီး အစိုးရ ချထားပေးသည့် နေအိမ်ရရှိခဲ့သူ ၁၄ ရာခိုင်နှုန်းသာ ရှိသည်။ ၎င်းတို့မှာ ၂၀၁၂ ခုနှစ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။
အလားတူပင် ၂၀၁၁ ခုနှစ်အတွင်း ထွက်ပြေး လာသူ ၁၂၆ ဦးကို စစ်တမ်းကောက်ယူကြည့်သည့် အခါတွင် လည်း ၄၆ ရာခိုင်နှုန်းက ကိုယ်ပိုင်အိမ် ဝယ်ယူပြီးဖြစ်သည်ဟု တွေ့ရှိရသည်။
“ဈေးကွက် အင်အားကျယ်ပြန့်လာတာနဲ့ အမျှ မြောက်ကိုရီးယား နိုင်ငံသားတွေလည်း ပိုကောင်းတဲ့ အိမ်တလုံး ကို ပြောင်းရွှေ့ဖို့ အိပ်မက်မက်နိုင်လာကြတယ်” ဟု စစ်တမ်းကောက်ယူရာတွင် ပါဝင်ခဲ့သော ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ ဂျွန်အီယံ မီးက ပြောသည်။
“မြောက်ကိုရီးယားနိုင်ငံရဲ့ နည်းပါးတဲ့ အရင်း အမြစ်တွေထဲကတခုဖြစ်တဲ့ အိမ်တွေလည်း ခုချိန်မှာ ကျယ်ကျယ် ပြန့်ပြန့် တရားမဝင် ရောင်းဝယ်နေပါပြီ။ အစိုးရကလည်း လွှတ်ထားဖို့ကလွဲပြီး ရွေးစရာမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အာဏာပိုင်တွေလည်း ဒီကိစ္စတွေထဲမှာ ပါဝင်နေလို့ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
တောင်ကိုရီးယား အစိုးရက ဖွဲ့စည်းထားသည့် ပညာရှင် အဖွဲ့တခုဖြစ်သော Korea Institute for National Unification ၏ ၂၀၁၃ ခုနှစ် အစီရင်ခံ စာတွင် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကို အတည်ပြုပေး ရန်အတွက် ကမ္ဘာ ပေါ်တွင် အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းဝင် နိုင်ငံတခုဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံ၏ အိုးအိမ်ဌာနမှ အရာရှိများကို လာဘ်ပေးသည့်အနေဖြင့် စီးကရက်များ အစား အစာများပေးရကြောင်း ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံမှ အခြေအနေများနှင့် ပတ်သက်၍ လွတ်လပ်စွာအတည်ပြုရန် မဖြစ်နိုင်သော်လည်း အခြားသော အလားတူလေ့လာမှုများကလည်း အိမ်ခြံမြေပိုင်ဆိုင်မှု တိုးပွားလာကြောင်း ဖော်ပြနေသည်။
၎င်းတို့၏မိသားစုများနှင့် ဆက်သွယ်ရန် လမ်း ကြောင်းများ ပွင့်သွားသည့်အချိန်ကစ၍ မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်လာသူများသည် သတင်း အချက်အလက် ရရှိရေးအတွက် အကောင်းဆုံး အရင်းအမြစ်များ ဖြစ်လာကြသည်။ ဆိုးလ်မြို့ရှိ ထွက်ပြေးလာသူ အဖွဲ့များက တနေ့လျှင် အကြိမ် ၃၀ဝ၀ ခန့် မြောက်ပိုင်းသို့ ဖုန်းခေါ်ဆိုကြသည်ဟု ခန့်မှန်းရသည်။ နယ်စပ်တလျှောက်ရှိ တရုတ်မိုဘိုင်း ဖုန်းကွန်ရက်များမှတဆင့် ဆက်သွယ်ကြခြင်း ဖြစ်သည်။
ခိုင်မာစွာ သက်သေပြနိုင်သည့် ကိန်းဂဏန်း အချက်အလက်များ မရှိသော်လည်း ပြီးခဲ့သည့် ၁၀ စုနှစ် အတွင်းတွင် မြို့တော် ပြုံယမ်းနှင့် တရုတ်နယ်စပ်ရှိ မြို့ငယ်များတွင် အိမ်ခန်းဈေးနှုန်းများ မြင့်တက်လာခဲ့ သည်ဟု ထွက်ပြေးလာသူများက ပြောကြသည်။
အစိုးရထံမှရရှိသည့် နည်းပါးသော လစာငွေ အပြင် အခြားက ငွေရလမ်းကို ရှာဖွေနေသည့် မြောက်ကိုရီးယား နိုင်ငံသားများအတွက် အိမ်ခြံမြေ သည် အကျိုးအမြတ်ရနိုင်သော ရင်းနှီးမြှုပ်နှံမှုတခု သဖွယ်ဖြစ်နေသည်ဟု ထွက်ပြေးလာသူများက ပြောကြသည်။
၂၀ဝ၅ ခုနှစ်တွင် ဆိုးလ်မြို့သို့ ရောက်လာခဲ့သော ဇီဝဗေဒပညာရှင် လီယွန်ကျူက တချိန် သူပိုင်ဆိုင်ခဲ့သည့် ပြုံယမ်းမြို့မှ အိမ်ခန်းတခုသည် ယခု အချိန်တွင် အမေရိကန်ဒေါ်လာ ၁၀ဝဝဝ၀ တန်နေပြီဟု ကြားသိရကြောင်း ပြောသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က သူပေးခဲ့ရသည့် တန်ဖိုး၏ ၁၅ ဆ နီးပါး ဖြစ်နေသည်။
မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့သူ ကင်အီဆွန်း သို့မဟုတ် ၎င်း၏သားဖြစ်သူ ကင်ဂျုံအီးတို့၏ ရုပ်တု များနှင့် နီးသည့် ပြုံယမ်းမြို့လယ်ပိုင်းမှ အိမ်များ၊ တိုက်ခန်းများသည် ရေနှင့် လျှပ်စစ်မီး မှန်မှန်ရသဖြင့် ဈေးနှုန်း မြင့်မားကြောင်း ထွက်ပြေး လာသူများက ပြောပြသည်။
ပိုင်ဆိုင်မှု ဈေးကွက်တွင် ပွဲစားများက အဓိက ဖြစ်ကြောင်းနှင့် ၎င်းတို့က ပုဂ္ဂလိကဈေးများတွင် လူမသိသူမသိ ရှိနေတတ်သော်လည်း မေးမြန်းရှာဖွေ နိုင်ကြောင်းလည်း သိရသည်။ ရောင်းသူနှင့် ဝယ်သူတို့ ဈေးနှုန်းသဘော တူညီချက် ရရှိပြီးလျှင် သူတို့က အိုးအိမ်ဌာနမှ အရာရှိများကို နေထိုင်ခွင့်ပါမစ်တွင် နာမည်ပြောင်းပေးရန် အတွက် လာဘ်ထိုးရသည်။မြောက်ကိုရီးယားနိုင်ငံတွင် လူတဦးလျှင် အိမ်တလုံးသာ မှတ်ပုံတင်ခွင့်ရှိသည်။ ထို့ကြောင့် အပိုဝယ်ချင် သူများက ၎င်းတို့ ဆွေမျိုးသားချင်းတို့၏ အမည်ကို သုံးစွဲကြရသည်။
ပြုံယမ်းမြို့ အပြင်ဖက်တွင် အစိုးရ၏ ထိန်းချုပ်မှုကလည်း လျော့ရဲသဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ် ကိုင်မှုများ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်သည်။ ပိုင်ဆိုင်မှု ဈေးကွက်တွင်လည်း အစိုးရ၏ အုပ်ချုပ်ရေးစနစ်ကို ချိုးဖောက်ကာ ဆောက်လုပ်ရေးပစ္စည်း များ ဝယ်ယူရန်ငွေကြေးရှာဖွေပြီး အလုပ်သမားများ ငှားရမ်းလုပ်ကိုင် နေသည့် စီးပွားရေးသမား လူတန်း စား အသစ်တမျိုး ပေါ်ပေါက်လာခဲ့ကြောင်း ကျွမ်း ကျင်သူများနှင့် ထွက်ပြေး လာသူများက ပြောကြ သည်။
၂၀ဝ၈ ခုနှစ်တွင် ထွက်ပြေးလာသည့် မြောက် ကိုရီးယား သိပ္ပံသုတေသန ပညာရှင်တဦးဖြစ်သော ကင်ဂျူးဆွန်း က သူ၏ ဇာတိမြို့မှ သူငယ်ချင်းတဦး သည် ၂၀ဝ၂ ခုလောက်မှစ၍ ဆောက်လုပ်ရေး ကန်ထရိုက် ဖြစ်လာခဲ့ သည်ဟု ပြောပြသည်။
အဆိုပါ သူငယ်ချင်းက ပွဲစားများနှင့် အလုပ် လုပ်ပြီး ဆောက်လုပ်ခြင်း မပြုရသေးမီအချိန်မှာပင် တယ်လီဖုန်း မှတဆင့် အခန်းများကို ကြိုတင်ရောင်းချ ကြသည်ဟု ကင်ဂျူးဆွန်းကဆိုသည်။ အစိုးရအာဏာ ပိုင်များကို အိမ်သစ်များပေးခြင်းဖြင့် လာဘ်ထိုးသည် ဟုလည်း သူကထပ်ပြောသည်။
“သူက ကျနော်တို့မြို့မှာ အချမ်းသာဆုံးသူတွေ ထဲက တယောက်ဖြစ်လာတယ်” ဟု ကင်ဂျူးဆွန်းက ပြော သည်။ မြောက်ကိုရီးယားတွင် ကျန်ရစ်ခဲ့သည့် သူ၏ မိသားစုများ လက်တုံ့ပြန် နှိပ်စက်ခံရမှာကို စိုးရိမ်သည့် အတွက် သူ၏ဇာတိမြို့အမည်ကို ပြောပြ ရန် ငြင်းဆန်ခဲ့သည်။ သူငယ်ချင်းဖြစ်သူ၏ အမည်ကို ပြောပြရန်လည်း ငြင်းခဲ့ပါသည်။ မြောက်ကိုရီး ယားမှ ထွက်ပြေးလာကတည်းက အဆက်အသွယ် ပြတ်သွားခဲ့သည်ဟု သူက ဆိုသည်။
မြောက်ကိုရီးယားအစိုးရ ကိုယ်တိုင်ကလည်း ပိုင်ဆိုင်မှု စီးပွားရေးထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ အာဏာရရှိ ခဲ့သည့် လွန်ခဲ့သော ၂ နှစ်ကျော်ကစ၍ ကင်ဂျုံအွန်းက မြောက်ကိုရီးယားကို အဓိက ကျောထောက်နောက်ခံ ပေးနေသည့် တရုတ်နိုင်ငံနှင့် စစ်အေးခေတ် မဟာမိတ်ဖြစ်သော ရုရှားတို့၏ ငွေကြေး အထောက်အပံ့ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းကို ဦးစီးခဲ့သည်။
မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနဖြစ် သည့် KCNA ကလည်း ပြုံယမ်းမြို့မှ သိပ္ပံပညာရှင် များ၏ မိသားစု ၁၀ဝ၀ အတွက် အစိုးရက တိုက် ခန်းများ တည်ဆောက်ပြီးစီးခဲ့ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ ပြုံယမ်းမြို့တွင် အသစ်ဆောက်လုပ်ခဲ့ သည့် တိုက်ခန်းအချို့ကို အစိုးရလုပ်ငန်းများက ရောင်းချပြီး ရရှိသော ငွေကို ဆက်လက်ရပ်တည်နိုင်ရေးအတွက် အမြတ်အစွန်းအဖြစ်သိမ်းဆည်းကြောင်း ကျွမ်းကျင်သူများနှင့် ထွက်ပြေးလာသူများက ပြောကြသည်။
“အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အစိုးရ လုပ်ငန်းတွေ အဖွဲ့အစည်းတွေက သူတို့ဆောက်ပြီးတဲ့အိမ်တွေကို ရောင်းချ နေကြတယ်” ဟု ၂၀ဝ၈ ခုနှစ်တွင် ဆိုးလ် သို့ ထွက်ပြေးလွတ်မြောက်လာသော မြောက်ကိုရီးယား အကြီးတန်း ထောက်လှမ်ရေးအရာရှိတယောက် က ဆိုသည်။ သူ၏ လုံခြုံရေးကို စိုးရိမ်ရသည့်အတွက် သူ မည်သူဖြစ် ကြောင်းပြောပြရန် အဆိုပါ အရာရှိက ငြင်းဆန်ခဲ့သည်။