မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ထဲကနေ ရေးမြို့ ဘက်ကိုသွားတဲ့ ကားလမ်းအတိုင်း ထွက်လိုက်တဲ့အခါ ရထား လမ်းနဲ့ ကားလမ်းဆုံရာ နေရာကနေ ဘယ်ဘက်ကို လှမ်းကြည့်လိုက်ရင် ကျောက်မီးသွေးနဲ့မောင်းတဲ့ ရထားခေါင်း အဟောင်းကြီးတခုကို လှမ်းမြင်နိုင်ပါတယ်။
ကိုယ်ထည် နေရာတချို့မှာ အစိမ်းရောင်သုတ်ထားတဲ့ ရထားခေါင်းပျက်ကြီးကိုတင်ထားတဲ့ ရထား သံလမ်းရဲ့ အရှည်က ပေ ၄၀ဝ ဝန်းကျင်သာသာ၊ အဲဒီရထားခေါင်းပျက်ကြီးက ချုံနွယ်တွေ ပိတ်နေတဲ့ နေရာရဲ့ အလယ်မှာ ထီးထီးကြီး။
ရထားခေါင်းတွဲကြီးထားတဲ့ ဝင်းထဲကိုဝင်ဖို့ အပေါက်ဝမှာက တံခါးကမရှိတော့၊ သစ်ပင်တွေနဲ့ ချုံနွယ်တွေ မရှင်းလင်းခဲ့တာ ဘယ်နှနှစ်ရှိနေပြီလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဒီနေရာက ဂျပန်ခေတ် သေမင်းတမန် ရထားလမ်းလို့ ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဖြတ်ဖောက်ခဲ့တဲ့ ရထားလမ်းရဲ့ အစနေရာပဲ ဖြစ်ပါတယ်။
ဒီရထားလမ်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလက စပြီး ဖောက်လုပ်ခဲ့ကာ ၁၉၄၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းမှာ ပြီးစီးခဲ့ပါတယ်။ အဲဒီ ရထားလမ်း ဖောက်လုပ်ရာမှာ မြန်မာ ချွေးတပ်သား ၈ သောင်း ကျော်၊ နိုင်ငံတကာက သုံ့ ပန်း မဟာမိတ်တပ်သား ၁ သောင်းကျော် သေဆုံးခဲ့ရပါတယ်။
လမ်းဖောက်လုပ်ရာမှာ အစာအာဟာရ မလုံလောက်မှုတွေ၊ ရာသီဥတု ကြမ်းတမ်းမှုတွေ၊ နှိပ်စက် ညှဉ်းပန်း မှုတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးခဲ့ရပြီး သေမင်းတမန် ရထားလမ်းလို့ နာမည်တွင် ထင်ရှားခဲ့ပါတယ်။
သေမင်းတမန် ရထားလမ်းက မြန်မာနိုင်ငံ၊ သံဖြူဇရပ်မြို့ကနေ ဘုရားသုံးဆူတောင်ကြားကိုဖြတ်ပြီး ထိုင်းနိုင်ငံ ဘန်ပေါင်မြို့အထိ ဖောက်လုပ်ခဲ့ကာ ရထားလမ်းအရှည် မိုင် ၂၅၀ ကျော်ရှိပါတယ်။ မြန်မာဘက်အခြမ်းမှာ တော့ မိုင် ၇၀ ဝန်းကျင်ရှိပါတယ်။
သံဖြူဇရပ်မြို့က သေမင်းတမန်လမ်းရဲ့ အစ ကျောက်တိုင်မှာတော့ တဖက်ခြမ်းမှာ စာလုံးတွေ လုံးဝ ပျောက်ကွယ်နေပြီး တဖက်မှာတော့စာလုံးတချို့က ပျက်စီးနေတာကို တွေ့ရတယ်။ မီးရထား စက်ခေါင်း ထားထားတဲ့ ရထားလမ်းတိုလေးရဲ့ ဘေးနှစ်ဖက်မှာ သမိုင်းသရုပ်ကို ဖော်ကျူးထားတဲ့ နိုင်ငံတကာက စစ်သားတွေ၊ ချွေးတပ်သားတွေရဲ့ နမူနာ ပုံစံကွန်ကရစ် ရုပ်တုတွေက ကျိုးပဲ့ပျက်စီးနေတဲ့ အပြင် ယခင်က ရှိနေခဲ့တဲ့ အရုပ်တွေတောင် ပျောက်ကွယ်နေတာကို တွေ့ရတယ်။
“ဒီနေရာကို မပြုပြင်တော့တာ နှစ်ပေါင်းကြာပြီ ဗျ။ တချို့နှစ်တွေမှာ စက်ခေါင်းကြီးကို ဆေးသုတ်တာတော့ တွေ့ရတယ်။ ဒါပေမယ့် ဝင်းထဲမှာ ချုံတွေက တအားကိုထူနေပြီ။ ပြင်မယ်လို့ ကြားနေတာ ကြာပြီ။ အခုထိ ဘာမှမပြင်သေးဘူး” လို့ စက်ခေါင်း ထားတဲ့ ပြတိုက်နဲ့ ပန်းခြံရဲ့ နံဘေးရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီး တဦးက ပြောပြတယ်။
ဒီရထားစက်ခေါင်းနဲ့အတူ သေမင်းတမန် ပြတိုက်ကို ၁၉၉၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ပြတိုက်ထဲမှာ သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ်က သေဆုံးခဲ့ကြတဲ့ ချွေးတပ်သားတွေ၊ နိုင်ငံတကာ မဟာမိတ် စစ်သားတွေရဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပြသထားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ပြတိုက်လို့ ဆိုလို့ရမယ့် အရာတွေ ပျောက်ဆုံးနေပါပြီ။
ပြတိုက်လုပ်ထားတဲ့ အဆောက်အအုံက ဒီ မီးရထား စက်ခေါင်းထားတဲ့ ဝင်းထဲမှာ မရှိတော့ပါဘူး။ ဒီပြတိုက် ထဲက ကျန်ခဲ့တဲ့ သမိုင်းအထောက်အထား၊ ပစ္စည်းတချို့ကိုတော့ ပြတိုက်နဲ့ မလှမ်း မကမ်းမှာရှိနေတဲ့ ဘုန်းကြီးကျောင်းတခုက စောင့်ရှောက် ထိန်းသိမ်းထားတယ်လို့ ဒေသခံတချို့က ပြောပြကြတယ်။
ဒါပေမယ့် သမိုင်းဆိုင်ရာ အထောက်အထားတွေ တော်တော်များများက ပျောက်ဆုံးနေပါပြီ။ ဒီ သမိုင်းနဲ့ ပတ်သက်တဲ့ဟာတွေကို တန်ဖိုးထား ထိန်းသိမ်းဖို့ အဲဒီခေတ် အစိုးရကလည်း အားမပေးသလို ပြည်သူ တွေကြားမှာလည်း စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် တန်ဖိုးထား ထိန်းသိမ်းမှုတွေ မလုပ်နိုင်ခဲ့ကြပါဘူး။
“အရင်က ဓားကိုင်ထားတဲ့ ဂျပန်စစ်သားအရုပ် တွေ၊ ချွေးတပ်သားတွေရဲ့ လုပ်ငန်းခွင်ထဲမှာ ပင်ပန်းဆင်းရဲစွာ လုပ်နေရတဲ့ နမူနာအရုပ်တွေကို စတည်တုန်းက ထည့်ဆောက်ခဲ့တာ။ ဒါပေမယ့် အခု အဲဒါတွေအားလုံး ပျက်စီး ပျောက်ကွယ်နေပြီ။ ဘယ်သူကမှလည်း ဂရုတစိုက် ထိန်းသိမ်းမှုတွေ မလုပ်ခဲ့ဘူး” လို့ သံဖြူဇရပ်ဒေသခံ ဦးမောင်ရီက ဆိုပါတယ်။
ပြတိုက်ရှိခဲ့တဲ့ ခေတ်ကာလက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကြီးစိုးနေတဲ့ ကာလဖြစ်တဲ့ အပြင် စစ်တပ်က တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်လည်း ဖြစ်တယ်။ အဲဒီလို တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ၊ စစ်တပ်က တည်ဆောက်တဲ့ လမ်းတံတားစီမံကိန်းတွေမှာ ပြည်သူတွေ ကို ပေါ်တာဆွဲတာ၊ အဓမ္မလုပ် အားပေး စေခိုင်းတာတွေ ရှိနေတာကြောင့် ဒီလို ဂျပန်ခေတ်က ချွေးတပ်သားတွေ၊ အဓမ္မစေခိုင်းမှုတွေရဲ့ ပြယုဂ်ဖြစ်တဲ့ သေမင်းတမန်လမ်းသမိုင်းကို ဖျောက်ဖျက်ထားတာလို့လည်း ဒေသခံတွေက ယုံကြည်နေ ကြပါတယ်။
သေမင်းတမန် မီးရထားလမ်းဖောက်ခဲ့တဲ့လမ်း ဟောင်း ကုန်းတွေက သံဖြူဇရပ်မြို့အပိုင်ထဲမှာ မရှိ တော့ပါဘူး။ အကုန်လုံး နေအိမ်တွေနဲ့ ပြည့်နေပါပြီ။ ဒီလမ်းဟောင်းနေရာမှာ သံလမ်းဟောင်းတွေများ ရှိမလားလို့ စုံစမ်း လိုက်တဲ့အခါမှာတော့ ကရင်ပြည် နယ်၊ ဘုရားသုံးဆူဘက်ကို အခုဖောက်လုပ်ဆဲဖြစ်တဲ့ မြေသားလမ်းအတိုင်း သွားမယ်ဆိုရင် တွေ့နိုင်သေး တယ်ဆိုတာကြောင့် သံဖြူဇရပ်မြို့ကနေ ရေးဘက်ကိုသွားတဲ့ ကားလမ်းအတိုင်း သွား၊ ဘုရားသုံးဆူ လမ်းခွဲလမ်းဆုံကို ရောက်ခဲ့ပါတယ်။
အခု အသစ်ဖောက်လုပ်နေတဲ့ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူ လမ်းက သေမင်းတမန် ရထားလမ်း ဟောင်းနဲ့ တချို့ နေရာတွေမှာ ကပ်လျက်ရှိနေပြီး တချို့နေရာတွေမှာတော့ ကားလမ်းအူကြောင်း တည်ဆောက်မှုအရ အနည်း ငယ် အလှမ်းဝေးတာကို တွေ့ရတယ်။
ရေးမြို့နဲ့ ဘုရားသုံးဆူ လမ်းခွဲကနေ စတင် ဝင်လိုက်တယ်ဆိုတာနဲ့ မြေသားလမ်းက အခုမှ ရေလောင်း၊ မြေကျစ်အောင်ပြန် သိပ်တာတွေ လုပ်နေ တုန်းကာလဆိုတော့ ကားတစီး ဖြတ်သွားတာနဲ့ ဖုန်တွေ အလိပ် လိုက်တက်လာပါတယ်။ အောက်ခံ မြေကလည်း မြေသိပ်ယန္တရားတွေနဲ့ လုပ်နေတုန်းဆိုတော့ အထစ်လိုက်၊ အထစ်လိုက်ဖြစ်နေပါတယ်။
ဒီမြေသားလမ်းကို ဂျပန် အင်ဂျင်နီယာတွေက ကြီးကြပ်ပြီးတော့ လမ်းအရှည် ၄ မိုင်အကွာကို ဆောက်လုပ်ရေး ကုမ္ပဏီတခုစီကို လုပ်ခွင့်ပေးထားတယ်။ လုပ်ခွင့်ရ ကုမ္ပဏီတွေကလည်း ကိုယ့်နယ် နိမိတ်အစမှာ ဘယ် ကုမ္ပဏီ၊ ဘယ်အင်ဂျင်နီယာက ကြီးကြပ်တယ်ဆိုတာ ဆိုင်းဘုတ် ထောင်ထားပေးတယ်။
ဒီလိုနဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အကြား ဇီးနှစ်ပင်ရွာကို ရောက်တော့ သေမင်းတမန် ရထား လမ်းဟောင်း နေရာတွေဟာ ရွာတန်းထဲက တချို့ နေအိမ်တွေအောက်မှ ကျရောက်နေပြီး သံလမ်းဟောင်း နေရာတချို့က ရွာအပြင်ဘက် ရော်ဘာတောထဲမှာ ကျရောက်နေတာ တွေ့ရပါတယ်။
“ဒီရွာမှာ ကျမတို့လက်ထက် မပြောနဲ့ ကျမတို့ အမေ ငယ်ငယ်ကတည်းက ဒီရထားလမ်းကုန်းပေါ်မှာ သံလမ်း တွေ မရှိတော့ပါဘူး။ တချို့ လူတွေကလည်း ကိုယ့်ခြံဝင်းထဲ ရောက်နေတဲ့ ရထားလမ်းကုန်းကို ဖြိုချတာတွေ လည်း ရှိတယ်။ တချို့အိမ်တွေမှာတော့ ရထားလမ်းကုန်းက ကျန်နေသေးတယ်။ ကျမတို့ မွန်ပြည်နယ်ဘက် အခြမ်းမှာ ရထားလမ်းကုန်းဟောင်းက ရွာထဲမှာ ရောက်နေတာများတယ်။ကရင် ပြည်နယ်ဘက်မှာက တောထဲ ကို၊ ရော်ဘာခြံတွေထဲ ကို ရောက်တာက ပိုများတယ်” လို့ ဇီးနှစ်ပင်ရွာက ဒေသခံ မစန္ဒာက ပြောပြတယ်။
ဇီးနှစ်ပင်ရွာကို ကျော်သွားတဲ့အခါ ကရင် တိုင်းရင်းသားရွာတွေ တရွာပြီးတရွာ ဝင်ရောက်မေးမြန်းတဲ့အခါမှာ သူတို့ရွာရဲ့ နယ်နိမိတ်ထဲမှာတော့ သေမင်းတမန် ရထားလမ်းရဲ့ ကုန်းတချို့ ရှိနေပြီး ဘယ်ရွာ၊ ဘယ်တောထဲမှာ ရထားလမ်းဟောင်းတချို့ ရှိနိုင်သေးတယ်ဆိုတဲ့ လမ်းညွှန်မှုကြောင့် ဆက်သွား ခဲ့ပေမယ့် ဘယ်နေရာမှာမှ ရထားလမ်းဟောင်းကို မတွေ့ရတော့ပါဘူး။
တချို့နေရာတွေမှာ ရော်ဘာပင်တွေကို စိုက် ပျိုးထားပေမယ့် တချို့နေရာတွေမှာတော့ ရထားလမ်း ဟောင်းရဲ့ ကုန်းနေရာမှာ အလေ့ကျပေါက်အပင်တွေ တောလို ထူထပ်နေပါပြီ။ တချို့ အပင်များဆိုလျှင် လုံးပတ် ၂ ပေခွဲ လောက်အထိ ရောက်နေပြီ။
“ဒီနေရာမှာ ထင်းလာရှာ၊ ဟင်းရွက်တွေ လာ ခူးခဲ့တာ နှစ် ၅၀ လောက်ရှိနေပါပြီ။ ဒါပေမယ့် တိတိပပ ရထား သံလမ်း အဟောင်းကို ကျနော်မမြင် ဖူးဘူး။ ကျနော်တို့ မိဘတွေရဲ့ အပြောအရဆိုရင် ဒီသံလမ်းတွေကို ဖြုတ်ပြီး ပြန်ရောင်းစားသွားကြတာ နှစ်ပေါင်းကြာပါပြီ” လို့ အသစ်ဖောက်နေတဲ့ ကား လမ်းနဲ့ တမိုင်နီးပါး အဝေးမှာရှိနေတဲ့ သေမင်းတမန် လမ်းဟောင်းကို သွားကြည့်စဉ် ကရင်တိုင်းရင်းသား အသက် ၆၀ ကျော် နေပြီဖြစ်တဲ့ ဦးနော်ခူးက ပြောပြတယ်။
လက်ရှိအချိန်အထိ သံဖြူဇရပ်မြို့ကို ရောက်တဲ့ နိုင်ငံခြားသားမှန်သမျှ ဒီသေမင်းတမန် လမ်းအစ ပြတိုက်နဲ့ ပန်းခြံကို လာကြည့်ကြတယ်၊သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ်မှာ သေဆုံးခဲ့ကြတဲ့ နိုင်ငံ တကာက မဟာမိတ် တပ်သားတွေကို မြုပ်နှံထားတဲ့ စစ်သချႋုင်းကိုလည်း သွားကြည့်ကြတယ်။
စစ်သချႋုင်းဟာ မဟာမိတ်တပ်သား ၃၇၀ဝ ကျော်ကို မြှုပ်နှံထားတဲ့ စစ်သချႋုင်းဖြစ်တဲ့အပြင် ဒီစစ်သချႋုင်းကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန်က မြန်မာ နိုင်ငံရဲ့ ဘုရင်ခံချုပ်ဖြစ်တဲ့ ဆာဟူးဘတ်ရန့်တို့က ဖွင့်ပေးခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
သေမင်းတမန်ပြတိုက်နဲ့ ပန်းခြံကို ပြင်ပ ပုဂ္ဂလိ က ကုမ္ပဏီတခုကို ပြန်လည်ပြုပြင်ဖို့နဲ့ တည်ဆောက်ဖို့ မူလက စီမံထားပေမယ့် ဒီမြေနေရာကို သံဖြူဇရပ် မြို့နယ် စည်ပင်သာယာအဖွဲ့နဲ့ ပြီးပြတ်အောင် မလုပ်နိုင်သေးတဲ့ အတွက်ကြောင့် ရပ်တန့်ထားရာ၊ ယခု မတ်လ ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ဒီနှစ် ဧပြီလမှာစပြီးတော့ ပြန်လည်ပြုပြင် တည်ဆောက်မယ့် အကြောင်း ပြော သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း တကယ်တမ်း ပြတိုက်တခုဖြစ် ဖို့ဆိုတာ ရေရှည်ထိန်းသိမ်းရေး၊ မွမ်းမံရေးများ အတွက် ပြတိုက်ဝင်ငွေ တခုတည်းနဲ့ ရပ်တည်လို့မရ တာကြောင့် ပြန်လည်ပြုပြင် တည်ဆောက်ခွင့်ရမယ့် ကုမ္ပဏီ အတွက် တခြားစီးပွားရေး အခွင့်အလမ်းတခုခုကို စီမံပေးမှရမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက သုံးသပ်ပါတယ်။
“ကျနော်တို့က အခု ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်ကို ရပြီဆိုတော့ ဒီကိစ္စကို မကြာခင် အကောင်ထည် ဖော်တော့မှာပါ။ ဒီပြတိုက်ဝန်းကျင်ကို ရေရှည်ရပ်တည်နိုင်ဖို့ ပြတိုက်လုပ်ခွင့် ရတဲ့သူကိုလည်း ပြတိုက်နားမှာ အဆင့်ရှိရှိဟိုတယ်မျိုး၊ တခြား ဝင်ငွေရလမ်း တခုခုကို ပြန်ဖန်တီးပေးရမယ်။ ပြတိုက်မြေနေရာကိုလည်း သူ့ကို အပိုင်ပေးတာမျိုး မဟုတ်ဘဲ နှစ်ရှည် ငှားရမ်းလုပ်ကိုင်တာမျိုး လုပ်ခွင့် ပေးမယ်” လို့ သူက ဆိုတယ်။
ထိုင်းနိုင်ငံမှာ သေမင်းတမန်ရထားလမ်းကို ပြန်လည် တည်ဆောက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ရထားပြေးဆွဲနေတဲ့ လုပ်ငန်းက နိုင်ငံခြားသား ခရီးသွားများအပေါ် အလွန်ဆွဲဆောင်မှုရှိတဲ့ လုပ်ငန်းအဖြစ် အောင်မြင်နေပါပြီ။ သေမင်းတမန် ရထားလမ်းဟောင်း နေရာကို ပြန်ဖောက်ပြီးတော့ ရထားပြေးဆွဲနေတာက ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းအတွက် နှစ်စဉ်ဝင်ငွေများစွာ ရနေခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဘက်မှာတော့ သေမင်းတမန် ရထားလမ်းဟောင်းကို ပြန်လည် ဖောက်လုပ်ပြီး ရထားပြေးဆွဲဖို့ဆိုတာ လောလောဆယ် မဖြစ်နိုင် သေးဘူးလို့ ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။
“အခု ထိုင်းဘက်က သေမင်းတမန် ရထားလမ်း နဲ့ ပြန်ချိတ်ဆက်ဖို့က ထိုင်းနိုင်ငံဘက်မှာ ရေကာတာ ဆည်ကြီး တခုက လမ်း၂ ခုကြားမှာခံနေပြီ။ တကယ် လို့ မြန်မာဘက်က ရထားလမ်းဟောင်းကို ပြန် ဖောက်ပြီး ခရီးသွား တွေကို ဆွဲဆောင်ဖို့ဆိုတာ လမ်း ၂ ခု ချိတ်နိုင်မှဖြစ်မှာ။ ဆည်ကြီးကို ပတ်ပြီးဖောက်ဖို့ ကလည်း ခက်ခဲတယ်။ ဒီသေမင်းတမန် ရထားလမ်း ကို ပြန်လုပ်ဖို့ထက် အခုလောလောဆယ် ပြတိုက်နဲ့ ပန်းခြံကိုပဲ ပီပီပြင်ပြင်ဖြစ် အောင် အရင်လုပ်ရဦး မယ်” လို့ သူက ဆက်ပြောပါတယ်။
လွန်ခဲတဲ့ ၁ နှစ်ကျောက် သေမင်းတမန် ရထား လမ်း ပြတိုက်နဲ့ ပန်းခြံပြန်ဆောက်ဖို့အတွက် မွန် ပြည်နယ်က အဝေးပြေးကားလုပ်ငန်း လုပ်ကိုင်နေတဲ့ တလမွန်ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးခဲ့ပေးမယ့် မြေ နေရာကိစ္စတွေနဲ့ ပက်သက်ပြီး ပြန်လည်ဆိုင်းငံ့ထားရာ အခုချိန်အထိ သေချာရေရာမှု မရှိသေးဘူးလို့ တလမွန် ကုမ္ပဏီပိုင်ရှင် ဦးနိုင်မောင်တိုးက ပြောပြတယ်။
ဒါပေမယ့် ဘယ်ကုမ္ပဏီကို လုပ်ခွင့်ပေးမလဲဆို တာ တိတိကျကျ မသိရသေးဘူး၊ မိမိတို့က ယခင်က လုပ်ခွင့်ရ ထားတဲ့ ကုမ္ပဏီဖြစ်ပေမယ့် အခုချိန်အထိ ပြည်နယ်အစိုးရအဖွဲ့က ဆက်သွယ်အကြောင်းကြားတာ မရှိသေးဘူး လို့ ဦးနိုင်မောင်တိုးက ဆိုပါတယ်။
လွန်ခဲ့တဲ့ တနှစ်တုန်းက ပြည်နယ်ဝန်ကြီးတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာကို စည်ပင် မြေဖြစ်အောင် လုပ်နေလို့ ဆိုင်းငံ့ထားရာ ကနေ ပြတိုက်ဝန်းကျင်မှာ အစိုးရရုံးတွေ တည် ဆောက်လာတာကို တွေ့ရပေမယ့် အခုပြတိုက်ကို ပြန်ပြင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ပြည်နယ်အစိုးရက ကုမ္ပဏီတွေကို တင်ဒါပြန်ခေါ်မယ့် အခြေအနေမျိုးလားဆိုတာ တိတိကျကျ ဘာမှမသိ သေးဘူးလို့ သူကဆက်ပြောတယ်။
“ကျနော်တို့ ပထမလျာထားတာက ကျပ်သိန်း ၂ ထောင် ဝန်းကျင်နဲ့ ပြတိုက်ကို ပြန်ဆောက်ဖို့ပါ။ အရှေ့ပိုင်းက ဆိုင်ခန်းတွေဆောက်ဖို့ တင်ပြထားတာ ကို မသင့်လျော်လို့ ပြတိုက်အနောက်ဘက် ရွှေ့ဆို တာနဲ့ ပြန်ပြောင်းပြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဆိုင်းငံ့ထားတဲ့ တနှစ်ကျော်အတွင်း ဘာမှ တိတိကျကျ မသိရသေး ဘူး။ ကျနော်တို့ကိုပဲ လုပ်ပိုင်ခွင့်ပြန်ပေးမှာလား၊ အရင်လို လုပ်ခွင့်ရဖို့ တင်ဒါ ပြန်တင်ရမှာလားဆိုတာ ဘာမှ မသိဘူး။ နောက်လဆိုပဲ ပြန်ဆောက်တော့မယ် ပြောနေတယ်” လို့ ဦးနိုင်မောင်တိုးက ဆိုတယ်။
သေမင်းတမန်လမ်းရဲ့အစ ပြတိုက်နဲ့ ပန်းခြံနေ ရာက ပြည်တွင်းပြည်ပ ခရီးသွားတွေ ဘယ်သူမဆို သံဖြူဇရပ် မြို့ကို ရောက်ရင် အမြဲသွားဖြစ်ကြတဲ့ နေရာပါ။ ဒါပေမယ့် ပြတိုက်ကို ပြုပြင်ထိန်းသိန်းဖို့နဲ့ နိုင်ငံတကာ အဆင့်မီ ပြတိုက်တခုဖြစ်ဖို့ဆိုတာ တကယ့်ကို လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။
အစ္စရေးနိုင်ငံက ဒုတိယ ကမ္ဘာစစ်အတွင်း ဂျူး လူမျိုးတွေ အသတ်ခံရလိုက်ရပုံကိုပြထားတဲ့ ပြတိုက် မျိုးလို ခေတ်မီနည်းပညာတွေကိုအသုံးချပြီး သေမင်း တမန်သမိုင်းတွေ၊ ဖြစ်ရပ်တွေကို ရုပ်သံမှတ်တမ်း၊ အသံစနစ်၊ အရုပ်စနစ်တွေနဲ့ ပြသနိုင်မယ်ဆိုရင်တော့ ခရီးသွားတွေအပေါ် ပိုမိုဆွဲဆောင်မှု ရှိစေမှာဖြစ်တယ်လို့ ဒေါက်တာ မင်းနွယ်စိုးက သုံးသပ်ပါတယ်။
“ကျနော် အစ္စရေးက ပြတိုက်တွေမှာ တွေ့ခဲ့ရ သလို အခန်းထဲကို ဝင်လိုက်တာနဲ့ ပရိုဂျက်တာနဲ့ ရုပ်သံ မှတ်တမ်းတွေကို ထိုးပြထားသလို တချို့နေရာ တွေမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အရုပ်တွေ၊ အသံတွေနဲ့ ပုံဖော်ပြီးတော့ တကယ့် ဖြစ်ရပ် အတိုင်း ခံစားနိုင်အောင် လုပ်မယ်ဆိုရင် တကယ့်ကို ကောင်းမယ်။ သာမန် ဓာတ်ပုံတွေ၊ ရုပ်တုတွေနဲ့ ပြ ထားရင်တော့ ဆွဲဆောင်မှု အားနည်းမယ်”လို့ သူက ဆိုပါတယ်။