ဒီမိုကရေစီ အကျိုးတော်ဆောင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဈာပနကို မီးခိုးတိတ် ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်ခဲ့သော နေပြည်တော် အစိုးရသည် အေးစေသက်သာ အမိန့်ကို ပြန်လည် ထုတ်ခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောကြားခဲ့ပါသည်။
“ဒီလူ့ကိုလုပ်တာ အရင်အစိုးရပါဗျာ။ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ကိုခင်ညွန့်တို့ အုပ်စုပါ” ဟု သမ္မတကြီးက နွားနို့ကိုသောက် ရှက်ပြုံးပြုံးရင်း ကက်ဘိနက် အစည်းအဝေးတွင် မိန့်ကြားခဲ့ကြောင်း သတင်းဆက်လက် ရရှိပါသည်။ တက်ရောက်လာသော ဝန်ကြီးများကလည်း အလျင်အမြန် ခေါင်းငြိမ့်လိုက်ကြသည်။
သဘောမတူ အမြင်မကွဲ သော်လည်း ဝမ်းနည်းပါသည်ဟု ပြောခဲ့သော ဝန်ကြီးများနှင့် ပြောရေးဆိုခွင့် ရှိသူတို့ကိုလည်း ဝန်ထမ်းကောင်း တံဆိပ်များ လက်သိပ်ထိုး ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။
သမ္မတရုံးမှာ မှူးဇော်ဆိုသူကိုလည်း Facebook တွင် ယခင်လိုဘဲ လက်သရမ်းခြင်း ထင်ရာမြင်ရာများ ရေးခြင်း၊ ဝါဒဖြန့်ချိရေးနှင့် လူမျိုးရေး မုန်းတီးမှုများ ဆက်လက် ဖန်တီးရန် ပြန်လည်ပြီး မီးစိမ်းပြလိုက်ပြီဟု နောက်ဆက်တွဲ သိရသည်။
“ကျနော်တို့က ဦးဝင်းတင်သေတော့ ဈပနကို ဘယ်လိုချမှာလဲ။ ဘယ်သူတွေ တက်မလဲ စောင့်ကြည့်နေတာ” ဟု ဝန်ကြီးအောင်မင်းက ပြောကြားခဲ့သည်။ “အေးဗျာ ဘယ်လိုစိတ်ကောင်းနိုင်မှာလဲ။ သူ့မှာ သွားတွေမရှိတော့ဘူး ဆိုတော့ ကွမ်းတွေ ဘာတွေဝါးရင် ခက်မှာပေါ့” ဟု ဆက်ပြောပြီး ပါးစပ်ထဲတွင် ဆက်ပြီးဝါးဖို့ ကိစ္စကို ပြောခဲ့ကြောင်း သိရသည်။
“ကျနော်တို့က NDSC အစည်းအဝေး မှာတောင် ဒီကိစ္စကို ဆွေးနွေးခဲ့တာ” ဟု ပြည်ထဲရေးဝန်ကြီးက ဖုန်းဆက်ပြီး ပွင့်လင်းမြင်သာမှု ရှိကြောင်း ပြောဆိုခဲ့ပါသည်။
ဆက်ပြီး ဈာပနတက်ရောက်သော သံတမန်များကို ခေါ်ယူပြီး သူများနိုင်ငံရေးတွင် ဝင်ရောက် မစွပ်ဖက်ရန် နောက်တခါ ဈာပန သွားတက်လိုလျှ င် နေပြည်တော်ကို အသိပေးသင့်ကြောင်း သံတမန် ကျင့်ဝတ်အတိုင်း သေသေဝပ်ဝပ် ပိပိပြားပြား စည်းကမ်းတကျ နေထိုင်ရန် ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။
သို့သော်လည်း သမ္မတဖြစ်ချင်နေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက် နာကြောင်း သူသာလျှင် Reformist ဖြစ်ကြောင်း ပြသလိုသော လွတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းကလည်း လွတ်တော် ပြန်စလျင် စစခြင်း ဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် တမိနစ်ငြိမ်သက် အလေးပြုခြင်းကို လုပ်ဆောင်ရန် လိုလားနေသည်ဟု သတင်းရရှိပါသည်။
ထိုကိစ္စကို တင်ပြရာ ဆွမ်းဆန်အိုးထဲ ကြွက်ချေးမရောသင့်ကြောင်း ခေါင်းမာသော အုပ်စုများက ကန့်ကွက်ခဲ့ပြီး ဘူလက် လှဆွေက “ဘာလဲ သွားကျွတ်တာ အားမရသေးဘူး၊ ဘူလက် လွတ်လိုက်ရမလား” ဟု ကြိမ်းဝါးကြောင်း သတင်းရရှိပါသည်။ တမတ်သား အုပ်စုကမူ ဤကိစ္စတွင် ကြားနေမည်ဟု အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်တစ်ဦးက မိမိတို့ သတင်းထောက်အား လက်သိပ်ထိုး ပြောကြားခဲ့သည်။
မိမိတို့၏ ရန်ကုန်အခြေစိုက် သတင်းထောက်မှာ အယ်ဒီတာ၏ ခိုင်းစေချက်အရ ဦးခင်ညွန့်ဖွင့်ထားသော နဝေဒေး ကော်ဖီဆိုင်သို့ သွားရောက် ခဲ့သော်လည်း ဦးခင်ညွန့်က ထွက်မတွေ့သောကြောင့် သတင်းထောက်မှ ဦးခင်ညွန့် အိမ်ထဲကို ဝင်ရောက်ရန် ကြိုးစားခဲ့ရာ ပိုင်နက် ကျူးလွန်မှုဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကာ နောက်ဆုံးမှာ ဦးခင်ညွန့်က သစ်ခွပန်းများကြားမှ ထွက်လာပြီး မိမိတို့ သတင်းထောက်အား “နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူ တွေကို စစ်ထောက်လှမ်းရေး အနေနဲ့ တာဝန်အရ၊ အထက် အမိန့်အရ ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ကြောင်းနဲ့ ဒီအတွက် သူ့အနေနဲ့ မည်သူ့ကိုမျှ တောင်းပန်စရာ မလိုဘူး” လို့ မျက်လုံးများမှာလည်း တောင်ကြည့် မြောက်ကြည့် ဂနာမငြိမ်ဖြစ်နေပြီး အိမ်ထဲသို့ ဝင်ပြေးသွားကာ “ညွန့်ညွန့်တို့ ဘာမှ မသိဘူးနော်၊ ရွှေကြီးခိုင်းလို့ လုပ်ရတာဗျ။ သူ့ကို သွားမေးကြပါဗျာ။ ဒို့တောင်မှ အကျယ်ချုပ်နဲ့ နေပြီး သစ်ခွပန်း ရောင်းစားခဲ့ရတာ” ဟု မကြားတကြား အော်သွားခဲ့လေသည်။
ဦးဝင်းတင် ဈာပန ကျင်းပသော ဒီမိုကရေစီ လူကြီးများလည်း ယခုမှ သက်ပြင်းချနိုင်ပြီး စိတ်အေး လက်အေးနားရန် စီစဉ်နေကြောင်း သိရပြီး ဦးဝင်းတင်၏ အလောင်းအား ရေချိုးပေးပြီး publicity လုပ်ခဲ့သော ဦးမိုးသီးဇွန်အား ခုံရုံးတင် စစ်ဆေးရန် စီစဉ်နေကြောင်း ဓာတ်ပုံရိုက်သူများအားလည်း စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါသည်။ အမည်မဖော်လိုသော လူကြီးတစ်ဦးက “ဒီလို ဈာပနမျိုး တစ်နှစ်တစ်ခါ လုပ်ရရင် သေပြီဆရာ” ဟု ညည်းတွား ပြောဆိုခဲ့သည်။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)