လွန်ခဲ့တဲ့ နှစ် ၃၀ အရှေ့ပိုင်း ကာလတွေက စာနယ်ဇင်း သရုပ်ဖော်ပန်းချီ တခေတ်ဆန်းခဲ့တယ် ဆိုတာ အခု အချိန်မှာတော့ ပုံပြင် တပုဒ် လိုပါပဲ။ စာနယ်ဇင်း ပန်းချီ သရုပ်ဖော်ပုံခေတ်ဆိုတာ မှေးမှိန်ခဲ့ပါပြီ။
ထင်ရှားခဲ့ကြတဲ့ စာနယ်ဇင်း ပန်းချီဆရာကြီးတွေ တော်တော်များများလည်း အခုအချိန်မှာ ကွယ်လွန်ခဲ့ပါပြီ။ စာနယ်ဇင်း ပန်းချီကို အလေးအမြတ် ထားတဲ့ မဂ္ဂဇင်းကြီးတွေလည်း ကွယ်ပျောက်တာ ကွယ်ပျောက်၊ တချို့ ခပ်ယဲ့ယဲ့သာ အသက်ဆက် ရှင်သန်နေရ တဲ့ အချိန်၊ စာနယ်ဇင်း ပန်းချီဆရာတွေကို အားပေးမြှင့်တင်ပေးခဲ့တဲ့ မဂ္ဂဇင်း အယ်ဒီတာကြီးတွေ အများစုလည်း လူ့လောကမှာ မရှိတော့တဲ့ အချိန်ကာလမှာ စာနယ်ဇင်း သရုပ်ဖော်ပန်းချီ ကွက်လပ်ကို ဖြည့်ဖို့ လိုအပ်လို့ ဒါကိုပဲ စိုက်လိုက် မတ်တတ် ရေးမယ် ဆို တဲ့ ပန်းချီဆရာတယောက် ရှိပါတယ်။ သူကတော့ ပန်းချီမျိုးမြင့် ဖြစ်ပါတယ်။
ပန်းချီကားတွေ ရေးရတာ လွတ်လပ်တယ်၊ ချုပ်ကိုင်မယ့်သူ မရှိ၊ ဘယ်သူ့ အကြိုက် ကိုမှလည်း ထည့်စဉ်းစားစရာ မလို၊ ကိုယ့်စိတ်ကြိုက် ကိုယ့်သဘော၊ ကိုယ်တိုင်ကလည်း လွတ်လပ်မှုကို မြတ်နိုးတယ် ဆိုပေမယ့် သရုပ်ဖော်ပုံ ကွက်လပ်ကို ဖြည့်ဖို့ တာဝန်တရပ် လို့ယူဆတဲ့ သူ့စိတ်ဓာတ်ကြောင့် ပန်းချီ မျိုးမြင့်ဟာ အခုအချိန်မှာ စာနယ်ဇင်း ပန်းချီ၊ မျက်နှာဖုံး သရုပ်ဖော် ပန်းချီတွေကို အားကြိုးမာန်တက် ရေးဆွဲ နေဆဲ ဖြစ်ပါတယ်။
စင်ကာပူမှာ ၉ နှစ်၊ ထိုင်းနိုင်ငံမှာ ၁၄ နှစ် နီးပါး နေထိုင်ခဲ့တဲ့ သူဟာ မြန်မာပြည် ပြန်ရောက်ချိန်မှာ စာနယ်ဇင်း သရုပ်ဖော်ပန်းချီ Trend ဟာလည်း လုံးဝ ပြောင်းလဲခဲ့ပါပြီ။ အနှစ် ၂၀ ကျော် မြန်မာပြည်နဲ့ ကင်းကွာခဲ့ပေမယ့် သူ့ အနုပညာကတော့ သစ်လွင်ဆဲ၊ လတ်ဆတ်ဆဲလို့ ဆိုရမှာပါ။
ပန်းချီမျိုးမြင့် အကြောင်း ပြောမယ်ဆိုရင် သူ ကျင်လည်ခဲ့၊ သူချစ်မက် မြတ်နိုးခဲ့တဲ့ တက္ကသိုလ် ပန်းချီခန်းကို ချန်လှပ်ထားလို့ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ ပန်းချီဝါသနာနဲ့ အထုံပါရမီက ငယ်စဉ် ကလေးဘဝ ကတည်းက ရင်ထဲမှာ ကိန်းဝပ်ခဲ့တယ် ဆိုပေမယ့် တကယ့် တကယ် သူ့ကို ပန်းချီ မျိုးစေ့ ချပေးလိုက်တာ၊ ပန်းချီနဲ့ ပတ်သက်တဲ့ သဘောတရားတွေ၊ ပန်းချီပညာ အခြေခံတွေ သင်ပေးလိုက် တာ ကတော့ သူ့ရဲ့ အမိ တက္ကသိုလ် ဖြစ်ပါတယ်။
သူ တက္ကသိုလ် စရောက်တဲ့ နှစ်က တက္ကသိုလ် ရွှေရတု ကျင်းပတဲ့ ၁၉၇၁ ခုနှစ်ပါ။ အနုပညာခန်း၊ ပန်းချီဌာနစိတ်မှာ မြန်မာ ပန်းချီဆရာကြီးတွေ ဖြစ်တဲ့ ဦးလွန်းကြွယ်၊ ဦးသုခ၊ ဦးသိန်းဟန်၊ ဦးစံဝင်း စတဲ့ သူတွေက ပန်းချီဝါသနာ ပါသူတွေကို ပန်းချီပညာ လက် ဆင့် ကမ်းခဲ့ပါတယ်။ တက္ကသိုလ် ရုက္ခစိုးလို့ ဆိုရမယ့် ပန်းချီ ဦးနန်းဝေ ကတော့ သူတို့ ကျောင်းသားတွေ၊ လူငယ်တွေနဲ့ ရင်းရင်းနှီးနှီး ရောရောနှောနှော နေတတ်တဲ့ အတွက် သူတို့ သိလိုသမျှ မေးမြန်းနိုင်တဲ့ ပန်းချီ အဘိဓာန်ကြီး ဖြစ်ခဲ့ပါတယ်။
“ပန်းချီဆရာကြီးတွေက အခြေခံပဲ သင်ပေးလိုက်တာ၊ အခြေခံကို တတ်မြောက်သွားတဲ့ အခါ ရပ်နေလို့ မရဘူး၊ ကိုယ် သန်ရာ သန် ရာ ဆက်လက် လေ့လာလိုက်စားမှ ကိုယ်ဖြစ်ချင်တဲ့ အနေအထားကို ရောက်တာ”လို့ ပန်းချီမျိုးမြင့်က ဆိုပါတယ်။
သူက အနုပညာတရပ်နဲ့ ကိုယ်ပိုင်ဟန် အကြောင်းကို ဆက်ပြောပါတယ်။
“ကိုယ်ပိုင်ဟန် ဆိုတာကို ကိုယ်တိုင်ပန်းချီသမား ဖြစ်လာချိန်မှာ တော်တော် စိတ်ဝင်စားခဲ့တယ်၊ အစက ကျနော် ထင်ထားတာက ကိုယ်ပိုင်ဟန်ဆိုတာ ကိုယ်တိုင်လုပ်ယူရတယ်လို့ ထင်တာ၊ ကိုယ့်စိတ်ကြိုက် ဟန်တခုကို လုပ်ယူ၊ ဒီဘောင်ထဲကနေပဲ ဆွဲ၊ အဲဒါ ကိုယ်ပိုင်ဟန်လို့ ထင်တာ၊ တကယ်တော့ မဟုတ်ဘူး၊ တကယ်တော့ ကိုယ်ပိုင်ဟန် ဆိုတာ အလိုလို ဖြစ်လာတာ၊ အဲဒီလို အလိုလိုဖြစ်ဖို့ များများ အလုပ် လုပ်ရမယ်၊ များများ အလုပ်လုပ်ရင်းမှ ကိုယ်ပိုင်ဟန် တခု ထွက်လာတာ၊ အဲဒီလို ဖြစ်မှပဲ အဲဒီကိုယ်ပိုင်ဟန် ဟာ တည်မြဲမယ်၊ ခိုင်မာမယ်၊ ဘယ်အနုပညာမှာ မဆို ဇွတ်လုပ်ယူတဲ့ ဟန်တခုဟာ မတည်မြဲဘူး၊ မခိုင်မာဘူး”လို့ ပန်းချီမျိုးမြင့်က သူ့ယူဆချက်ကို ပြောပြတယ်။
သူဟာ စာနယ်ဇင်း သရုပ်ဖော်ပုံကို ၁၉၇၆ ခုနှစ်လောက်က ရုပ်ရှင်ပဒေသာ မဂ္ဂဇင်းမှာ စရေး ဖြစ်ခဲ့တာပါ။ တကယ်တော့ သူစာနယ်ဇင်း သရုပ် ဖော်ပုံရေးဆွဲဖြစ်ဖို့ စေ့ဆော်မှုတွေထဲမှာ အသိုင်းအဝိုင်း တခုကလည်း အရေးပါနေ ပါတယ်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း ဖြစ်တော့ ပါဝင်လှုပ်ရှားခဲ့မှုနဲ့ ပန်းချီမျိုးမြင့်ဟာ မဆလ အကျဉ်းထောင်မှာ စံခဲ့ရပါတယ်။ သူ ထောင်ထဲမှာ ရင်းနှီးခဲ့ရသူကတော့ အခု ကွယ်လွန်သူ စာရေးဆရာ မင်းလူလို့ သိရတယ်။ အဲဒီတုန်းက မောင်မျိုးမြင့်ဟာ ပန်းချီမျိုးမြင့်မဖြစ်သေး သလို၊ စာရေးဆရာ မင်းလူဟာလည်း မောင်ဉာဏ်ပေါ် အဖြစ်ပဲ ရှိသေးတဲ့ ကာလပါ။ သူတို့နှစ်ဦး ထောင်ထဲမှာ ရင်းနှီးမှု ရခဲ့ပြီး ပြန် လွတ်လာတော့လည်း တတွဲတွဲ ရှိခဲ့ရာက ဘားလမ်းမှာ ရှိတဲ့ သာဓုရုပ်ရှင် ရုံးခန်းကို ပန်းချီမျိုးမြင့် မကြာခဏ ရောက်ခဲ့ပါတယ်။
အဲဒီမှာ သဘာဝ အုပ်စုဝင်တွေ ဖြစ်တဲ့ မင်းသား သုမောင်၊ ဒါရိုက်တာ မောင်ဝဏ္ဏ၊ သူတို့ဖခင် ဦးသာဓု တို့နဲ့ သာမက ဒီရုံးခန်းကို ဝင်ထွက်နေတဲ့ စာရေးဆရာ သရုပ်ဆောင် အောင်ပြည့်နဲ့ တခြား အနုပညာရှင်တွေ နဲ့ပါ ရင်းနှီးမှုရခဲ့ပြီး ပန်းချီဝါသနာပါ၊ အခြေခံရှိတဲ့ သူ့ကို ရုပ်ရှင်ပဒေသာ မဂ္ဂဇင်းမှာ သရုပ်ဖော်ပုံ စရေးဖို့ တွန်းအားတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို လူသိများလာတာ ကတော့ စစ်ပြန်မဂ္ဂဇင်း စထွက်တဲ့ ၁၉၇၆ ဝန်းကျင် ကာလမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ရှုမဝ မဂ္ဂဇင်း ကလည်း ကလောင်အား ကောင်းကောင်းတွေနဲ့ အရှိန်တော်တော် ကောင်းနေတဲ့ အချိန်ပါ။
“အဲဒီခေတ်က ရှုမဝမဂ္ဂဇင်းမှာ ပုံရေးရဖို့ ဆိုတာ တကယ့်အခွင့်အရေးကြီး ပဲ၊ ကျနော်တို့ သိပ်ရေးချင်ခဲ့တာ ပေါ့၊ မျက်နှာဖုံး ပန်းချီ ရေးရဖို့ ဆိုတာကတော့ တကယ့်အိပ်မက်ပဲ၊ ကျနော် ရှုမဝမျက်နှာဖုံးတော့ မရေးခဲ့ရဘူး၊ ဒါပေမယ့် အတွင်းက သရုပ်ဖော်ပုံတော့ ရေးခွင့်ရခဲ့တယ်” လို့ ပန်းချီမျိုးမြင့်က ပြောပါတယ်။ သူ့ဟန်ပန်က တကယ်ကို ဂုဏ်ယူ ကျေနပ်နေတဲ့ပုံပါ။
အဲဒီနောက်ပိုင်း မှာတော့ ပန်းချီမျိုးမြင့် ဆိုတာကို မဂ္ဂဇင်း အယ်ဒီတာတွေ သတိပြုမိနေကြပါပြီ။
“အဲဒီခေတ်က အယ်ဒီတာတွေက သိပ်တော်ကြတယ်၊ သိပ်လည်း အရှိန်အဝါ ကြီးတယ်၊ သူတို့နဲ့ စကားပြောဖို့ အခွင့်အရေးလေး ရရင်ကို တကယ့် ဒုလ္လဘကြီးပဲ” လို့ ပန်းချီမျိုးမြင့်က ပြန်ပြောင်း ပြောပြတယ်။
ရှုမဝ၊ စစ်ပြန်၊ မိုးဝေ စတဲ့ မဂ္ဂဇင်းကြီးတွေ အရှိန်ကောင်းနေချိန် နောက်ထပ် ကလျာ၊ လုံမလေး၊ ပေဖူးလွှာ၊ မဟေသီ၊ ချယ်ရီ စတဲ့ မဂ္ဂဇင်းတွေ ထွက်လာပြန်တော့လည်း သရုပ်ဖော်ပန်းချီတွေဟာ အားကောင်းမောင်းသန် အရေးပါနေဆဲ ပါပဲ။
“အဲဒီခေတ်က အယ်ဒီတာကောင်း ဆိုတဲ့ အရည်အချင်းထဲမှာ သရုပ်ဖော် ပန်းချီဆရာကို ရွေးချယ်တတ်တာလည်း ပါတယ်၊ ရွေးချယ်ခွင့် လည်း သူတို့မှာ ရှိတယ်၊ သူတို့က ဝတ္ထုတပုဒ်၊ တဗျာတပုဒ်ကို ဖတ်ပြီး ဘယ်သူနဲ့ လိုက်ဖက်သလဲ ဆိုတာ အရင်ဆုံး စဉ်းစား တယ်၊ ပြီးမှ ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ အပ်တယ်၊ ပြီးရင်လည်း သူတို့ အဲဒီပုံကို တကယ် သုံးတယ်” လို့ ပန်းချီမျိုးမြင့်က ဆိုတယ်။
ပန်းချီမျိုးမြင့် အတွက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီနဲ့ ပတ်သက်လို့ မြင်ဆရာ၊ ကြားဆရာတွေ၊ သူနှစ်သက်ခဲ့သူတွေ ကတော့ ပန်းချီမောင်မောင်သိုက်၊ ပန်းချီကျော်သောင်း၊ ပန်းချီဝသုန်၊ ပန်းချီ မောင်ညိုဝင်း၊ ပန်းချီတင်လှဝင်းထင် စတဲ့ ဆရာတွေ လို့ ပြောပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးတွေ ဆီမှာ စာနယ်ဇင်း ပန်းချီနဲ့ ပတ်သက်လို့ လေ့လာရင်း၊ ဆွဲရင်းကပဲ စာနယ်ဇင်း ပန်းချီလောကမှာ ပန်းချီမျိုးမြင့် ဆိုတဲ့ နာမည်တခု တည်ဆောက်နိုင်လာခဲ့တာပါ။
“စာနယ်ဇင်း ပန်းချီကတော့ ကိုယ့်စိတ်တခု တည်းနဲ့ မပြီးဘူး၊ ကိုယ့်အကြိုက်၊ အယ်ဒီတာအကြိုက်၊ စာရေးဆရာ သို့မဟုတ် ကဗျာဆရာရဲ့ အကြိုက်၊ နောက်ပြီးတော့ စာဖတ်ပရိသတ် အကြိုက်တွေ ကိုပါ ထည့်တွက်ရတယ်၊ ဒါပေမယ့် ကိုယ့်အကြိုက်က အများဆုံး ဖြစ်ရမှာပေါ့၊ ကိုယ့်အကြိုက် များမှလည်း ကိုယ့်ဟန်ပါမယ်” လို့ ပန်းချီ မျိုးမြင့်က ပြောတယ်။
စာတပုဒ်ကို ဖတ်ပြီး သရုပ်ဖော်ပုံ ရေးရတာနဲ့ ပန်းချီကားရေးရတာရဲ့ ကွာခြားချက်ကို သူကရှင်းပြတာပါ။ အခုနောက်ပိုင်း သရုပ် ဖော်ပုံ ရေးရာမှာတော့ ဝတ္ထုဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ပုံကို ရေးတာမျိုး မဟုတ်တော့ဘဲ စာရေးသူရဲ့အတွေးကို မိအောင်ဖမ်းပြီး ရေးတယ်လို့ ဆိုပါတယ်။
တကယ်တော့ ပန်းချီမျိုးမြင့် အတွက် ပထမဆုံး မြင်ဆရာက စာအုပ်တွေ ဖြစ်ပါတယ်။ ပဲခူးဇာတိဖြစ်တဲ့ သူဟာ ငယ်ငယ် ကလေး ဘဝကတည်းက စာအုပ်တွေနဲ့ ယဉ်ပါးခဲ့ ရသူဖြစ်ပါတယ်။ သူရဲ့ဖခင် ရွှေပန်းထိမ်ဆရာကြီး စုဆောင်း ထားတဲ့ စာအုပ်တွေထဲက ပန်းချီပုံတွေဟာ သူပန်းချီ ရေးချင်အောင် လှုံ့ဆော်ပေးတဲ့ ပထမအကြောင်းရင်း ပါပဲ။ စာအုပ်တွေကို ချစ်တတ်ပြီး စာအုပ်တွေထဲက ပန်းချီပုံတွေကို အမြဲ ကြည့်ခဲ့တာကြောင့်ပဲ စာနယ်ဇင်း ပန်းချီဆရာ တယောက် ဖြစ်ခဲ့တာလို့ ယူဆရမယ် ထင်ပါတယ်။
ဒုတိယ တခုကတော့ ရုပ်ရှင်ပိုစတာတွေလို့ သူက ပြောပြပါတယ်။ အဲဒီခေတ်တုန်းက ရုပ်ရှင် ပိုစတာတွေဟာ အခုခေတ်လို ဓာတ် ပုံတွေကို ဗီနိုင်းနဲ့ ထုတ်ထားတာ မဟုတ်ဘဲ ပိတ်ကားကြီးတွေပေါ်မှာ ရေးရတာဖြစ်ပါတယ်။
စာနယ်ဇင်းပန်းချီနဲ့ ပတ်သက်လို့ စိတ်အား ထက်သန်လှတဲ့ သူက “စာနယ်ဇင်း ပန်းချီဆိုတာ ပရဟိတ အလုပ်လိုပဲ၊ အနုပညာ ပရဟိတပေါ့ဗျာ” လို့ ဆိုပါတယ်။
သူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်စဉ်က မြဝတီနယ်စပ် မဲဆောက်မှာ နာမည်ကြီးနေတဲ့ မြန်မာ ပန်းချီဆရာ တယောက်နဲ့ သိကျွမ်း ခဲ့တော့ အဲဒီပန်းချီ ဆရာက သူ့ရဲ့ ပန်းချီစာအုပ်လေးတအုပ် လက်ဆောင်ပို့လိုက်တာ ကနေ စာနယ်ဇင်း ပန်းချီဆိုတာ ပရဟိတ လို့ သူ ပိုယုံကြည်တဲ့ အကြောင်း ပြောပြတာပါ။ အဲဒီ ပန်းချီစာအုပ်ရဲ့ အမှာစာမှာ ပန်းချီဆရာရဲ့ လက်ဦးဆရာတွေက ပန်းချီမျိုးမြင့် နဲ့ ပန်းချီဝသုန် ဆိုပြီး ရေးထားကြောင်း ပါတယ်လို့ သိရပါတယ်။
“အဲဒီမှာ ကျနော်အံ့ဩ သွားတယ်၊ သူ့ကို ကျနော် တခါမှလည်း မဆုံဖူးဘူးလေ၊ ဘယ်လိုလုပ်ပြီး ကျနော်က သူ့ဆရာ ဖြစ်မှာလဲ ပေါ့၊ ဒါပေမယ့် နောက်မှသိရတာ သူက မဂ္ဂဇင်းတွေက တဆင့် ကျနော်တို့ ပုံတွေကို ကြည့်ပြီး သဘောကျရာက လိုက်ရေးဆွဲရင်း ပန်းချီဆရာ ဖြစ်ခဲ့တာကိုး၊ အဲဒါကြောင့် စာနယ်ဇင်း ပန်းချီ အလုပ်ဟာ ပရဟိတ အလုပ်လို့ ကျနော်ပြောချင်တာပါ၊ ပန်းချီကားတွေရေးမယ်၊ ပြခန်းတင်မယ်၊ တတ်နိုင်လို့ ရန်ကုန်မှာကော၊ မန္တလေးမှာကော လုပ်မယ် ထား၊ အဲဒီပြခန်းကို လူ ဘယ်နှယောက် လာ မလဲ၊ လာရင်လည်း မြို့ပေါ်က လူတွေပဲ လာနိုင်မှာပေါ့၊ စာနယ်ဇင်းကျတော့ တောရော၊ ရွာရော၊ နယ်စပ် အထိပါရောက်တယ်၊ အဲဒီကမှ ပန်းချီစိတ်ဝင်စားတဲ့ ကလေးတွေ၊ လူငယ်တွေဟာ ကျနော်တို့ စာနယ်ဇင်း ပန်းချီလေးတွေကို ကြည့်ပြီး၊ အတုယူပြီး ကြိုးစားကြရင်း ပန်းချီဆရာ၊ ဆရာမတွေ ဖြစ်လာနိုင်တယ်လေ”လို့ သူ့ယူဆချက်ကို ရှင်းပြပါတယ်။
ပန်းချီမျိုးမြင့် ဟာ Portrait ပန်းချီတွေ ရေးရာမှာလည်း ထင်ရှားတဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ Portrait တွေဟာ ပုံတူ ဆိုတာထက် အဆွဲခံသူရဲ့ စရိုက်၊ သဘာဝတွေ ထင်ရှားနေတာ သတိထားမိကြ ပါလိမ့်မယ်။ အဲဒီလို စရိုက်၊ သဘာဝတွေ ပါအောင် ရေးနိုင်တဲ့ အကြောင်းရင်းကတော့ သူဟာ Portrait ကို သူသိတဲ့၊ သူရင်းနှီးတဲ့ သူတွေရဲ့ ပုံတွေပဲ ရေးလေ့ရှိတာကြောင့် ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူနဲ့ သိကျွမ်း ရင်းနှီးသူတွေ ကျတော့ စရိုက်သဘာဝ၊ တွေးခေါ်ပုံ တွေက အစ သိနေလို့ ရေးရတာ ပိုပျော်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်လည်း ပန်းချီကားတွေ ရေးချင်ပါတယ်။ အသက်ကြီးတဲ့အချိန်မှာ ပန်းချီကားတွေ ရေးရတာက ပိုပြီး စိတ်ပျော်ဖို့ ကောင်း မယ်လို့ ယူဆတယ်လေ၊ ဒါပေမယ့် လစ်ဟာနေတဲ့ စာနယ်ဇင်းပန်းချီ ကွက်လပ်ကိုလည်း ဖြည့်ချင်တယ်၊ ဖြည့်ဖို့လည်း လိုအပ် တယ်လို့ ယူဆတယ်၊ ဒါကြောင့် ကျနော်ကတော့ စာနယ်ဇင်းပန်းချီကို ဆွဲနိုင်သလောက်အထိ ဆွဲနေမှာပဲ”လို့ သူက ပြောပါတယ်။
အသက် ၆၁ နှစ် ရှိပြီ ဖြစ်တဲ့ ပန်းချီမျိုးမြင့်ဟာ ဇနီးသည်နဲ့ အတူ ရန်ကုန်မြို့ ကျောက်မြောင်း သီတာလမ်းမှာ နေထိုင်ပါတယ်။ ။