မြန်မာနိုင်ငံမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ မကြာခဏ ဆိုသလို ဆန္ဒပြတာတွေ၊ သပိတ်စခန်း ဖွင့် တောင်းဆိုမှု တွေ သာမက ခုံသမာဓိရုံး အထိ ရောက်သွားပြီး ခုံသမာဓိရုံးက ပြီးပြတ်အောင် မဖြေရှင်းနိုင်တဲ့ အလုပ်ရှင် နဲ့ အလုပ်သမား ပြဿနာတွေ အများအပြား ရှိနေတာမို့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးက ဘာမှ ထူးခြားမှု ရှိမလာသေးဘူးလို့ ဆိုနိုင်ပါတယ်။
အစိုးရ အပြောင်းအလဲနဲ့ အတူ အလုပ်သမား ဥပဒေ တချို့ကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲပြင်ဆင် ပြဋ္ဌာန်း ခဲ့ပေမယ့် တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းမှာ ဒီနေ့အထိ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မတွေ့ရ သေးဘူးလို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ ကောင်စီမှ အလုပ်သမား ကိုယ်စားလှယ် ဦးရန်နိုင်ဝင်းက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ နိုင်ငံရဲ့ ရှိပြီးသား အလုပ်သမား ဥပဒေတွေက နိုင်ငံတကာ စံချိန်စံံညွှန်းထက် ညံ့တဲ့ ဥပဒေတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဥပဒေ အတိုင်း လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းချက်တွေ ဖြစ်နေတာ။ ဒီနေ့ ဒီအချိန် အထိ ထိထိမိမိ ခံစားရတဲ့ အနေအထားမျိုး မတွေ့ရသေးဘူး။ ဆိုလိုချင်တာက ဥပဒေတွေက စာအုပ်ရဲ့ အပြင်ဘက်ဆီကို ထွက်မလာသေးဘူး” လို့ သူက ဆိုပါတယ်။
၂၀၁၂ ခုနှစ် ဝန်းကျင်က စတင်ပြီး အလုပ်သမားတွေက လုပ်ခလစာ နည်းပါးမှုနဲ့ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှု တွေ ကြောင့် ဆန္ဒပြခဲ့ကြပြီး ၂၀၁၃ ခုနှစ် အတွင်း အလုပ်ရှင်နဲ့ အလုပ်သမား ပဋိပက္ခဖြစ်ပွားမှု အကြိမ်ရေ ၉၀၀ ကျော် ဖြစ်ခဲ့ ပါတယ်။
အလုပ်သမားဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် ၂၀၁၃ ခုနှစ် မေလ ၁ ရက်မှာ အလုပ်သမား သမဂ္ဂများ ကွန်ရက် ကို အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၃ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းခဲ့ပေမယ့် သမဂ္ဂ အဖွဲ့တွေရဲ့ လုပ်နိုင်စွမ်း တွေကို အကန့်အသတ် တွေများစွာနဲ့ ကန့်သတ် ခံနေရတုန်းပဲလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါ တယ်။
အလုပ်သမားသမဂ္ဂအဖွဲ့မှာ ပါဝင်သူတွေ၊ အလုပ်သမား အခွင့်အရေး အတွက် တက်ကြွ လှုပ်ရှားခဲ့တဲ့ သူတွေဆိုရင် အလုပ်ရှင်တွေက အကြောင်း အမျိုးမျိုးပြပြီး အလုပ်ကနေ ထုတ်ပယ်တာမျိုးတွေ ယနေ့အချိန် အထိ ရှိနေပါ သေးတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်ရှင်တွေနဲ့ ကုမ္ပဏီတွေဘက်က အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်တွေ ပတ်သက်လို့ လိုက်နာမှု အားနည်းပြီး အလုပ်ချိန်နဲ့ပတ်သက်ရင်လည်း အလုပ်သမားတွေကို လိုသလို ခိုင်းစေနေကြတာတွေ အမြောက်အမြား ရှိနေပါတယ်။ အနည်းဆုံးလုပ်ခလစာ နှုန်းထား သတ်မှတ်ထားတာမျိုး မရှိတာ၊ ကျန်းမာရေး ခံစားခွင့်၊ လူမှုရေးခံစားခွင့် တွေနဲ့ ပတ်သက်လို့လည်း အလုပ်ရှင်တွေဘက်က ပျက်ကွက်မှု များစွာရှိနေပြီး အစိုးရ ဘက်ကလည်း အလုပ်သမား ဥပဒေ တွေကို လိုက်နာဖို့ အရေးယူဆောင်ရွက်မှုအပိုင်း အလွန်အားနည်း လွန်းလှပါတယ်။
အလုပ်သမား ဥပဒေတွေ အသက်မဝင်လာဘဲ လျစ်လျူရှု ခံထားရတာနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေကိုချည်းပဲ အပြစ်ပုံ ချလို့ မရဘဲ အစိုးရမှာလည်း တာဝန်ရှိတယ်လို့ အလုပ်သမား အရေး တက်ကြွလှုပ်ရှားသူ ဦးရန်နိုင်ဝင်းက ပြောပါတယ်။
အလုပ်သမားတွေကို အကာအကွယ် ပေးမယ့် ဥပဒေတွေ ရှိနေပေမယ့် ကြပ်ကြပ်မတ်မတ် ထိထိမိမိ ကိုင်တွယ် ဖြေရှင်းမှု မရှိတာကြောင့် အလုပ်သမားတွေမှာ နစ်နာ ဆုံးရှုံးမှုတွေ ရင်ဆိုင် နေရတယ်လို့ သူက သုံးသပ်ပါတယ်။
“ပြောချင်တာက တချို့ကိစ္စတွေမှာ တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုနဲ့လည်း ဆိုင်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို လူနည်းစုက ချုပ်ကိုင်ထားတုန်းပဲ။ ဒါ့ကြောင့် အလုပ်ရှင်ထက် အစိုးရပိုင်းမှာ ပိုတာဝန် ရှိတယ်။ ဒီမိုကရေစီ စနစ် ပြုပြင် ပြောင်းလဲမှု အောင်မြင်လာပြီး ဈေးကွက် စီးပွားရေး စနစ် ပီပြင်လာနိုင်မယ် ဆိုရင်၊ တရားဥပဒေ စိုးမိုးမှုတွေ ရှိလာမယ်၊ ဒီလိုဆို အလုပ်သမားတွေရဲ့ ခံစားခွင့်တွေက ပိုမြင့် တက်လာမှာပါ” လို့ ဦးရန်နိုင်ဝင်းက ဆိုတယ်။
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ တက်လာပြီး နောက်ပိုင်း အလုပ်သမားဥပဒေ တချို့ကို ခေတ်နဲ့အညီ ပြုပြင်ခဲ့ပြီး အသစ် ပြဌာန်းလိုက်တဲ့ ဥပဒေ ၅ ခုကို ရှိတယ်လို့ နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ဧရာဝတီကို ပြောပါတယ်။
လက်ရှိ အချိန်မှာ အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ချက်ကို အလုပ်ရှင်နဲ့ အလုပ်သမားများ အကြား ညှိနှိုင်းလို့ မပြီး ပြတ်သေးတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် အမြန်ဆုံး ပေါ်ထွက်လာရေး အတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးမှ ကော်မတီများရဲ့ အဆိုပြုနှုန်းထားကို ယခုနှစ် ဇွန်လတွင် နောက်ဆုံးထား တင်ပြရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
“အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့ အတွက် အမျိုးသားအဆင့် အစည်းအဝေး ၂ ကြိမ် လုပ်ပြီးပါပြီ၊ အနိမ့်ဆုံး လုပ်ခနှုန်း ကို သတ်မှတ်ဖို့က တနိုင်ငံလုံး အတိုင်းအတာထက် ဒေသအလိုက် သတ်မှတ်တာမျိုးကို အလုပ်ရှင်ရော၊ အလုပ်သမားတွေ ဘက်ကပါ သဘောကျတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ဦးမောင်မောင်ကျော်က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြို့နယ် ၄၆ မြို့နယ်ကို ကွင်းဆင်းပြီး စစ်တမ်း ကောက်ယူထားတဲ့ အချက်အလက်တွေအရ တရက် လုပ်အားခ ကျပ် ၇၀၀၀ သတ်မှတ်မှသာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ဖူလုံစေမယ့် အနေအထား ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တရက်ကို လုပ်အားခ ကျပ် ၇၀၀၀ နှုန်းသာ ပေးရမယ်ဆိုရင် လုပ်ငန်းအရှုံးပေါ်ပြီး လက်ရှိ စက်မှုဇုန်တွေမှာ လည်ပတ် နေကြတဲ့ စက်ရုံ အတော်များများ ပိတ်လိုက် ရမယ့် အခြေအနေမျိုး ရောက်သွား နိုင်တယ်လို့ လုပ်ငန်းရှင် တချို့က ပြောဆိုပါတယ်။
အနည်းဆုံး လုပ်အားခသတ်မှတ်ဖို့မှာ အဓိက တာဝန်အရှိဆုံးက အစိုးရဖြစ်ပြီး အစိုးရအနေနဲ့ လတ်တလော ဖြစ်ပွားနေတဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှု၊ တောင်းဆိုမှုတွေကို ဖြေရှင်းနိုင်ဖို့ အနည်းဆုံး လုပ်အားခကို မဖြစ်မနေ သတ်မှတ်ပေးရမှာပါ။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်(ILO)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ စတီဖ်မာရှယ်က လက်ရှိ အလုပ်သမားတွေရဲ့ အခြေအနေက လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလနဲ့ နှိုင်းယှဉ်မယ် ဆိုရင် တော်တော်လေး ကောင်းလာတဲ့ အနေအထားမျိုးလို့ ဆိုပါတယ်။
ပြည်သူတွေ အားလုံးက ပြောင်းလဲမှုတွေကို အမြဲတမ်း ဝေဖန် သုံးသပ်ပြီး ခွဲခြမ်းစိတ်ဖြာ စမ်းစစ်ဖို့ လိုအပ်ကာ ဖြစ်စဉ် တိုင်းကို အသိအမှတ် ပြုရမှာ ဖြစ်ပြီး ပိုမို ကောင်းမွန်တဲ့ ခရီးဝေးကြီးကို ဆက်လက် ချီတက် ရဦးမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ် မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ စတီဖ်မာရှယ်က ပြောပါတယ်။
အလုပ်သမားအခွင့်အရေး တိုးတက်မှု တရပ်အဖြစ် အလုပ်သမားအဖွဲ့အစည်းတွေ အပြိုင်အဆိုင် ပေါ်ပေါက်လာပေမယ့် တကယ်တန်း စည်းလုံးညီညွတ်မှု အားနည်းလွန်းတာ၊ စုစည်းညီညွတ်မှုနဲ့ ဘုံရည်မှန်းချက်ကို အကောင်အထည်မဖော် နိုင်တာတွေကြောင့် အလုပ်သမားအခွင့်အရေးတွေက ဆက်လက်ဆုံးရှုံးနေဆဲဖြစ်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားအဖွဲ့အစည်းတွေအပေါ် ရန်သူတွေသဖွယ် ဆက်ဆံနေတာမို့ ဒီလို ဆက်ဆံရေးက လုပ်ငန်းခွင် အဆင်ပြေ ပျော်ရွှင်တဲ့ အလုပ်သမားဘဝတွေ ဖန်တီးဖို့ အခက်အခဲဖြစ်နေပါတယ်။
ဦးရန်နိုင်ဝင်းက “သမဂ္ဂတွေ ဖွဲ့မယ်ဆိုရင် အလုပ်ရှင်ကို ဆန့်ကျင်မယ် ဆိုတဲ့ အမြင်တွေက အခုထိ ရှိပါသေးတယ်၊ အယူအဆဟောင်းတွေ မပျောက်သေးဘူး၊ ကျနော်တို့ အမြင်မှာတော့ အလုပ်သမား သမဂ္ဂတွေ ပေါ်လာတာ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးမှာ ပိုပြီး လက်တွေ့ကျကျ ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းတွေ ရှိလာမှာပါ၊ ဒီလို အမြင်မျိုး လုပ်ငန်းရှင် အများစုဘက်မှာ မရှိကြသေးဘူး။ သမဂ္ဂကို ကြောက်လို့ ဖိနှိပ်မှုတွေ လုပ်နေတာကိုက ပြသနာကို ပိုပြီး ကြီးထွားစေတယ်” လို့ ဆိုပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်လာပြီး နောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေးတွေ ပိုပြီး တောင်းဆိုလာပေမယ့် အလုပ်ရှင်တွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲနဲ့ အခြေခံအဆောက်အဦ မပြည့်စုံမှုတွေကြောင့် ခက်ခဲနေတဲ့ စီးပွားရေးအခြေအနေကို အလုပ်သမားတွေ နားလည်မပေးကြဘူးလို့ ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ် လုပ်ငန်းရှင် တဦးက သုံးသပ်ပါတယ်။
လုပ်ငန်း တော်တော်များများက လက်ရှိ အချိန်အထိ လျှပ်စစ်မီးက အစ ပို့ကုန် တင်ပို့မှုအထိ လိုအပ်ချက် များစွာ ရှိနေတာကြောင့် ကုန်ကျ စရိတ်နဲ့ အကျိုးအမြတ် အကြား လေလွင့်မှု များစွာ ရှိနေပြီး ကိုယ့်အလုပ်သမားများကို ပံ့ပိုးချင် ပေမယ့် ပံ့ပိုးနိုင်စွမ်း နည်းပါး နေသေးတယ်လို့ သူက ဆက်ပြောပါတယ်။
“ခေတ်နဲ့ အညီ အခွင့်အရေးတွေ တောင်းတာကတော့ မပြောလိုပါဘူး။ အလုပ်သမားတွေမှာလည်း နေထိုင်မှု စရိတ်တွေ တိုးမြင့်နေတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်မှာလည်း အကျိုးအမြတ်က သိသိသာသာကြီး တက်လာ တာ မဟုတ်သေးတော့ တချို့နေရာတွေမှာ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေက သိပ်ကိုများနေတယ်။ အဲဒါကို မပေးနိုင် ပြန်ရင်လည်း ပဋိပက္ခ ဖြစ်ပြန်ရော” လို့ သူက ဆိုပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေ အကြား ပဋိပက္ခများ ဖြစ်ပေါ်မှ ဖြေရှင်း ဆောင်ရွက်တာထက် လုပ်ငန်းခွင် ဆက်ဆံရေး တိုးမြင့်အောင် စီစဉ် ထားသင့်ပြီး အလုပ်သမားတွေ အပေါ် ပွင့်လင်းတဲ့ ဆက်ဆံရေး သာမက လုပ်ငန်းခွင်ထဲမှာ ပုံမှန် ဆွေးနွေးပွဲမျိုးကို အလုပ်ရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခ လျော့ပါးလာနိုင်မယ်လို့ ဦးရန်နိုင်ဝင်းက သုံးသပ်ပါတယ်။
အလုပ်သမားလို့ဆိုရင် သာမန် ပုဂ္ဂလိက လုပ်သားတွေကိုပဲ သိကြပြီး အမှန်တကယ်တော့ အလုပ်သမားဆိုတဲ့ လူတန်းစားမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် စစ်တပ်နဲ့ရဲ မဟုတ်တဲ့ အစိုးရဝန်ထမ်းတွေအားလုံးပါဝင်ပါတယ်။
ဒါပေမယ့် အလုပ်သမားလူတန်းစားမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကတော့ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွေ မလုပ်တဲ့အပြင် သူတို့နဲ့မဆိုင်သလိုပဲ လျစ်လျူရှုနေကြပါတယ်။
မစ္စတာ စတီဖ်မာရှယ်က အစိုးရဝန်ထမ်းတွေအနေနဲ့ အလုပ်သမားဥပဒေအရ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်ရှိပြီး ဆန္ဒပြ သပိတ်မှောက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
“သူတို့မှာလည်း ဥပဒေအောက်မှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ သူတို့ ဘယ်လို ကျင့်ဆောင်သလဲ၊ ဘယ်လို ရလဒ်တွေ ရနေသလဲ ဆိုတာပေါ် မူတည်ပြီး သူတို့ရဲ့ အလုပ်သမား အခွင့်အရေးတွေ ရသလား၊ မရဘူးလား ဆိုတဲ့ မေးခွန်းက မေးဖို့ ရှိနေပါတယ် ” လို့ သူက ဆိုပါတယ်။