Culture

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့လက်ဝှေ့ကို ဝါသနာပါလွန်းသဖြင့် နိုင်ငံအနှံ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ လိုက်လံထိုးသတ်ရင်း ရှုံးသည့်အခါ ပါလာသည့် အကျႌ၊ ပုဆိုးလေးတွေကို ပေါင်နှံရောင်းချပြီး အိမ်ပြန်ခဲ့ရသည့် လက်ဝှေ့သမားတယောက်ရဲ့ ဘဝ၊ မိဘတွေက လက်ဝှေ့ထိုးသည့် အလုပ် ကို လုံးဝ သဘောမတူသဖြင့် ရလာသည့် ဒဏ်ရာဒဏ်ချက်တွေကို ကိုယ့်ဘာသာ ကြိတ်မှိတ် ဆေးကုရတဲ့ ဘဝ၊ လက်ဝှေ့ထိုးခြင်းဖြင့် အမြင့်ဆုံးဆုငွေ ကျပ် နှစ်ထောင်အထိ ရခဲ့ဖူးတဲ့ လက်ဝှေ့သမားတယောက်ရဲ့ ဘဝ စတဲ့ လက်ဝှေ့လောက ခရီးရှည်ကို ဖြတ် သန်းခဲ့ဖူးသော လက်ဝှေ့သမားကြီး ဦးဒေါင်းနီသည် ယခုအခါတွင် သူဝါသနာပါသော လက်ဝှေ့သမားဘဝနှင့် နီးစပ်သည့် လက်ဝှေ့ နည်းပြဆရာ၊ လက်ဝှေ့ဒိုင်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းရင်း ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

မြန်မာ့လက်ဝှေ့လောက၌ “ဒေါင်းနီ” ဆိုသည့် နာမည်သည် တခေတ်တခါကတော့ ဒီနေ့ခေတ် လက်ဝှေ့သမားတွေဖြစ်သည့် တွေ့မရှောင်နှင့် လုံးချော တို့ကဲ့သို့ပင် နာမည်ကျော်ခဲ့ဖူးလေသည်။ လက်ဝှေ့ သမား ဒေါင်းနီဆိုပြီး မြန်မာ့ လက်ဝှေ့လောကတွင် မှတ် တိုင် တတိုင် ခိုင်မာစွာစိုက်ထူခဲ့သော ဦးဒေါင်းနီ သည် ယခုဆိုလျှင် အသက် ၆၃ နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပါရမီ-ချော်တွင်းကုန်း လမ်းမကြီးနံဘေး ရပ်ကွက်လေး၏ လမ်းကျဉ်းလေးတခုထဲတွင်ရှိသော ၂၀ – ၆၀  ပေ အိမ်လေး တလုံးထဲတွင် ထိုင်နေသော ဦးဒေါင်းနီကို တွေ့ရသည်။ ကျန်းမာရေး သိပ်ကောင်းပုံမရသော ဦးဒေါင်းနီက သူဝါသနာပါသော လက်ဝှေ့လောက အကြောင်းကိုတော့ အားမာန်ပါပါပြောပြသည်။

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊ ဒုတိယအလံ၊ တတိယအလံတို့ ရခဲ့ဖူးတယ်” ဟု သူက ဧရာဝတီကို အစချီပြီးပြောပြခဲ့သည်။

ဦးဒေါင်းနီ လက်ဝှေ့စထိုးခဲ့သော ၁၉၇၀ ဝန်း ကျင်နှစ်များတုန်းကတော့ ဒီနေ့ခေတ်လို ရွှေခါးပတ် ဆိုတာ မပေါ်သေးဘဲ အလံလုပွဲဆိုတာပဲရှိသေးသည်။ ကြားပွဲ၊ ဒုတိယအလံ၊ တတိယအလံ၊ စတုတ္ထအလံ လုပွဲ ဆိုတာမျိုးတွေပဲ ရှိသေးသည်။

“ဦးတို့ခေတ်က လက်ဝှေ့သမားဖြစ်ဖို့ မလွယ်ဘူး၊ လက်ဝှေ့ထိုးမယ်ဆိုရင် ကြားပွဲအဆင့်ရှိတဲ့သူမှ၊ ကြားပွဲတွေထိုးဖူးမှ စင်ပေါ်တက် ထိုးလို့ရတာကိုး၊ ကြားပွဲလို့ခေါ်တဲ့ ၃ ချီပွဲလောက်တော့ ထိုးဖူးရမယ်၊ အဲဒီလောက် ထိုးကြိတ်လာခဲ့ပြီးတော့မှ စိန်ခေါ်ပွဲတွေ ဘာတွေတက်ထိုးသင့်တာ၊ အခုက ပွဲလေး ၁ ပွဲ၊ ၂ ပွဲထိုးရသေးတယ်၊ လက်ဝှေ့သမား အမည်ခံလိုက်ကြတာပဲ” ဟု ဦးဒေါင်းနီက လက်ရှိ လက်ဝှေ့လောက ကို ဝေဖန်သည်။

ဒီနေ့ခတ်မှာ လက်ဝှေ့ကောင်းကောင်း မထိုး တတ်မီ ငွေရေးကြေးရေး စကားပြောကြတာ၊ ကိုယ်နဲ့ ယှဉ်ပြိုင်ထိုးမယ့် လူရဲ့အဆင့် အတန်း အနေအထား စသဖြင့် မေးရမယ့်အစား ဈေးဘယ်လောက်ရမှ ထိုးမယ် ဆိုတာမျိုး ပြောကြတာ၊ ကိုယ်ကျွမ်းကျင် သလောက် ထိုက်တန်တဲ့ နှုန်းလောက်သာ ရမှာကို သတိမပြုကြတာမျိုးတွေ လက်ဝှေ့လောကမှာ အများကြီး ဖြစ်နေသည်ဟုလည်း သူက ဆိုသေးသည်။

မြန်မာ့လက်ဝှေ့ကို တကယ် ပရော်ဖက်ရှင်နယ် ထိုးနိုင်တဲ့သူက ရာဂဏန်းပင် မရှိတော့ဘဲ သူတလူ ငါတမင်း ပုံမျိုးဖြင့် မြန်မာ့ လက်ဝှေ့က တဖြည်းဖြည်း တိမ်ကောလာနေပြီဟုလည်း သူ့အပြောအရ သိရသည်။

“ကြာရင် မြန်မာ့လက်ဝှေ့က ပျောက်သွား နိုင်တယ်၊ အခုလူတွေက လက်ခမောင်းတောင် ကောင်းကောင်း မခတ်တတ်ကြဘူး၊ အနည်းဆုံးတော့ အရန်ပွဲတွေလောက်တော့ ထိုးသင့်တယ်၊ တို့ တုန်းက တော်တော်လေးကို ထိုးယူရတာ၊ အလံလု ပွဲဆို တနေ့တည်း ၁၆ ယောက်ထိုးရတာ၊ ပတ်လည် ထိုးရတာ၊ တနေ့တည်း အပြတ်ပဲ၊ ရှုံးထွက် ထိုးရတာ၊ ဖိုင်နယ်ရောက်မှ ပိုက်ဆံက ၅၀ဝ၊ ၁၀ဝ၀ လောက် ရတာ” ဟု ဦးဒေါင်းနီက သူတို့တုန်းက အနေအထားနှင့် နှိုင်းယှဉ်ကာ ပြောပြသည်။

မြန်မာ့လက်ဝှေ့မှာ လက်ခမောင်း ဘယ်လိုခတ် ရတာ၊ အဖြည်၊ အဖြုတ်တွေ ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘဲ၊ ထိုးဆို တက် ထိုးကြပြီး ဘာပညာမှမပါ၊ ဗလာလက်သီး ဆိုတာမျိုးနှင့် ခုတ်တာလား၊ ထုတာ လား၊ ထောင်းတာလားဆိုတာတောင် မသိကြဘဲနှင့် လက်ဝှေ့ကို တက်ထိုးနေကြတာမျိုးတွေ တွေ့နေရပြီဟုလည်း သူက စိတ်ပျက်လက်ပျက် ပုံစံနှင့် ပြောသေးသည်။

“လက်ဝှေ့ဆိုတာက စထိုးကတည်းက နိုင်ရ မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝါသနာဆိုတဲ့ ခံယူချက် ရှိဖို့လိုတယ်၊ ပိုက်ဆံကတော့ လူတိုင်းလိုချင်တာ ပေါ့ကွာ၊ တို့ဆို လက်ဝှေ့ထိုးလာခဲ့တာ ဖအေသေ၊ မအေသေတောင် မမီဘူးလေကွာ၊ အခုက လက်ဝှေ့ သမား စိတ်ဓာတ် မရှိဘူး၊ ရေရှည်ကို မကြည့်ဘူး၊ ငါဆိုတဲ့စိတ်နဲ့ တကိုယ်တည်းကောင်းစားရေးပဲ လုပ်ချင်နေကြတာ။ အခုကြည့်လိုက်ရင် စင်ပေါ်မှာ အနစ်နာခံပြီး ထိုးခဲ့တဲ့သူက သိပ်မရှိတော့ဘူး” ဟု ဦးဒေါင်းနီက ဆိုသည်။

မြန်မာ့လက်ဝှေ့ကို တကယ် ဝါသနာပါသူတွေ နည်းလာသည်ကတကြောင်း၊ နိုင်ငံတော်ရဲ့လက်ဝှေ့ အပေါ်မှာ ပံ့ပိုးမှု နည်းလာသည် က တကြောင်း၊ လက်ဝှေ့ပြိုင်ပွဲတွေ မလုပ်နိုင်တော့တာက တကြောင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် လက်ရှိ အချိန်တွင် မြန်မာ့လက်ဝှေ့ ပျောက်ကွယ်မည်ကိုပင် စိုးရိမ်နေရသည့် အခြေအနေကို ရောက်နေပြီဟုလည်း သူကပြောသည်။

“အခု နိုင်ငံတော်က လုပ်နေတဲ့ပုံစံက မြန်မာ့ လက်ဝှေ့ကို ပိုပျောက်အောင်လုပ်သလို ဖြစ်နေတယ်၊ အခု ဆီးဂိမ်းမှာတောင် မြန်မာ့ လက်ဝှေ့ဆိုပြီး မပါတော့ဘဲ မွေရိုးရာလက်ဝှေ့ အောက်မှာ သွားထိုးခဲ့ရတာ၊ ဘာပဲဖြစ်ဖြစ် မွေဖြစ်သွားတဲ့အတွက် ထိုင်း လက်ဝှေ့အောက်ကို ရောက်သွားရတယ်၊ မြန်မာ့ လက်ဝှေ့ ဆိုတဲ့ နာမည်ကို မခံနိုင်တော့ဘဲ မွေထိုင်း ဖြစ်သွားတာကိုတော့ လုံးဝ စိတ် မကောင်း ဘူး” ဟု သူ့ခံစားချက်ကို ပြောပြသည်။

“ဦးပြောနေတာ ၁၀ နှစ်လောက် ရှိပြီ။ ကြာလို့ ရှိရင် မြန်မာ့လက်ဝှေ့က ပျောက်လိမ့်မယ်လို့။ မြန်မာ့ လက်ဝှေ့က ထိုးမယ့်သူတွေရော၊ လက်ဝှေ့ရဲ့ ခံစားချက်တွေရော၊ နောက် ပြီးတော့ လက်ဝှေ့ပွဲ လုပ်တဲ့ သူတွေရော၊ အကုန်လုံးရဲ့အားတွေ လိုတယ်” ဟု သူ့ အမြင်ကို ဆိုသေးသည်။

ငွေရေးကြေးရေးကို အဓိကမထား ဘဲ ဝါသနာ တခုကိုသာ အရင်းတည်ပြီး မြန်မာပြည်အနှံ့ လှည့်လည် လက်ဝှေ့ ထိုး သတ်နေ ခဲ့ သော ဦးဒေါင်းနီသည် တခါတရံ လဲစရာပုဆိုး အကျႌ မပြည့်စုံသော အခြေ အနေမျိုးကိုပင် ကြုံခဲ့ရဖူးသည်။

“လက်ဝှေ့ပွဲ နိုင်ရင်တော့ ဝယ်ဝတ်နိုင်ပေမယ့် ရှုံးတဲ့အခါမျိုးဆိုရင်တော့ ကိုယ့်ရှိတဲ့ အကျႌ လေး၊ ပုဆိုးလေးတွေ ပေါင်နှံပြီး အိမ်ပြန် ရတာ၊ ဒီကြားထဲ မိဘက သဘောမတူတော့ အိမ်ပြန်ရင်လည်း မျက်နှာကောင်း မရဘဲနဲ့ ဒဏ်ရာတွေသာ အဖတ်တင်ခဲ့သေးတာ” ဟု သူက ပြန်ပြောင်း ပြောပြသည်။

လက်ဝှေ့ကို ဝါသနာ ကြီးလွန်းလှသော ဦးဒေါင်းနီသည် မြန်မာပြည်အနှံ့ လှည့်လည်သွားလာ ထိုးသတ်ရင်း သူ့အသက် ၃၂ နှစ်အရွယ်တွင်တော့ ကရင်ပြည်နယ် သံတောင် ဒေသဘက်ကို ရောက်ရှိခဲ့ကာ လက်ဝှေ့ပွဲတပွဲကို ထိုးသတ်ဖြစ်ခဲ့သည်။ ထို ပွဲတွင် ထိုစဉ် က နာမည်ကျော် လက်ဝှေ့သမားတဦး ဖြစ်သူ တိုင်းကျော် ဆိုသူနှင့် ထိုးသတ်ရင်း တိုင်းကျော် သည် သူ၏ထိုးချက်ကြောင့် သေဆုံး သွားခဲ့ရသည်။

“အဲဒီတုန်းက သူက ၂၇ နှစ်၊ ဦးက ၃၂ နှစ် လောက်ရှိတယ်၊ သူက လက်ဝှေ့ကျော်ပေါ့၊ အဲဒီပွဲ မှာ သူသေသွားတယ်၊ ငါလည်း တော် တော်စိတ် မကောင်းဖြစ်သွားပြီး နောက်ပိုင်း ၁ ပွဲ ၂ ပွဲထိုးပြီး မထိုးတော့ဘူး၊ သူက ကလေးနှစ်ယောက် ကျန်ခဲ့ တယ်၊ အဲဒီပွဲနိုင်တာ ပိုက်ဆံ ၁၅၀ ပဲ ရတာ” ဟု အတိတ်ကို ပြန်လည်မှန်းဆရင်း ဦးဒေါင်းနီက ဆိုသည်။

ရွှေ တကျပ်သားကို ၃၅၀ ကျပ် ပေးရသော ခေတ်တွင် လက်ဝှေ့ပွဲတွေ ယှဉ်ပြိုင်ထိုးသတ်ရင်း သူ အများဆုံးရခဲ့ဖူးသော ငွေမှာ ၂၀ဝ၀ ကျပ်ဖြစ် သည်ဟုလည်း ဦးဒေါင်းနီက ပြောသည်။

“အဲဒီနောက်ပိုင်း နားလိုက်တယ်၊ ဒိုင်ချုပ် ပြောင်းလုပ်တယ်၊ ထိုးခဲ့တဲ့သက်တမ်းတလျှောက်မှာ ရှုံးတာလည်း ရှိတယ်၊ နိုင်တာလည်း ရှိတယ်၊ နိုင်တာကတော့ များတယ်၊ ပထမဆုံး စထိုးတဲ့ပွဲက နိုင်တယ်၊ ဦးက ပညာအရည်အချင်းလည်း သိပ်မရှိဘူး၊ ဝါသနာအရ လက်ဝှေ့ပဲ လိုက်ထိုးခဲ့တာ”ဟု သူက ပြောသည်။

လက်ဝှေ့တမျိုးကိုသာ အသက်မွေးဝမ်းကျောင်း အဖြစ် ဝါသနာအရင်းခံ ထိုးခဲ့ပြီး အသက်ကြီးလာ၍ လက်ဝှေ့ မထိုးနိုင်တော့သော  ယခုအချိန်တွင်တော့ စားဝတ်နေရေး ပြဿနာကို ဦးဒေါင်းနီ ရင်ဆိုင်လာရသည်။

“လက်ဝှေ့ပဲ ထိုးစားလာတော့ အခု ဘာ အလုပ်မှလည်း ကောင်းကောင်း မလုပ်တတ်ဘူး၊ အိမ်ထောင်က အသက် ၃၂ နှစ်လောက် မှာ ကျ တယ်၊ ဒီကြားထဲ နှလုံးသွေးကြောကျဉ်းလို့ ဆေးရုံ တက်ရသေးတယ်” ဟု သူကဆိုသည်။

လက်ဝှေ့နဲ့ ပတ်သက်ပြီး ဖွဲ့ထားသည့် အဖွဲ့ချုပ်များထံမှလည်း မည်သည့် အထောက်အပံ့မျိုးမှ သူ မရရှိခဲ့ဘူးကြောင်းလည်း သိရ သည်။

“ငါးပြားတစေ့မှ ခံစားခွင့်ပေးခဲ့တာ မရှိဘူး၊ တို့က လက်ဝှေ့ပွဲတွေမှာ လိုက်အော်ဟစ်ပေးနေတာ ဝါသနာပါလို့လိုက်လုပ်နေတာ၊ အမျိုးသမီးက ဈေးရောင်းပြီး ရှာကျွေးလို့ ထမင်းမငတ်တာ” ဟု သူက သူ့လက်ရှိ အခြေအနေကို နာကျည်းသံဖြင့် ဆိုသည်။

သို့သော် သူက မြန်မာ့လက်ဝှေ့ ခေတ်ကောင်းစဉ် ကာလတွေတုန်းကတော့ လက်ဝှေ့ပြိုင်ပွဲတွေမှာ နည်းပြလုပ်ရင်း ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများဆီသို့ ရောက်ရှိခဲ့ဖူးသူဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံ က သူတို့ဆီတွင် လာရောက်နေထိုင်ရန် ကမ်းလှမ်းခဲ့ သည် ကို ငြင်းပယ်ခဲ့သူလည်း ဖြစ်သည်။

ယခုအချိန်တွင်တော့ ဦးဒေါင်းနီသည် မိဘ အမွေအနှစ်အဖြစ် ရရှိသည့် ငွေကျပ် ၄၀ဝ ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသော အိမ်ကလေးမှာနေထိုင်ရင်း မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် ခုံဒိုင်ချုပ်၊ နည်းပြချုပ် တာဝန်များယူရင်း မြန်မာ့လက်ဝှေ့ဖွံ့ဖြိုးရန် မျိုးဆက်သစ် များ များ မွေးထုတ်ရမည်ဟူသော စိတ်ကူး အိပ်မက်များနှင့် ဆက်လက်ရှင်သန် နေထိုင်လျက်ရှိသည်။

သူ နောက်ဆုံးပြောလိုက်သည့် စကားတခွန်းကတော့ သူ့ဘဝ သူ့အတွေ့အကြုံတွေ အားလုံးကို ကိုယ်စားပြုနေသည်။

“တို့နိုင်ငံမှာ လက်ဝှေ့ထိုးပြီးတော့ အသက် မွေးဝမ်းကျောင်း လုပ်လို့မရနိုင်ဘူး”

Did you find apk for android? You can find new Free Android Games and apps.
Loading