Politics

သမ္မတ ဘုရှ်နှင့် စားသော နေ့လယ်စာ

This article has been converted from Zawgyi One to Unicode

အမေရိကန်သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ် ၂၀ဝ၈ ခုနှစ်က တရုတ်နိုင်ငံတွင် ကျင်းပသော အိုလံပစ်ပွဲတော်ကို အသွား ထိုင်းနိုင်ငံ ဘန်ကောက်မှာ ၁ ရက် ဝင်နားခဲ့သည်။

အမေရိကန် သံရုံးမှ အရာရှိက ကျနော့်ဆီကို ဖုန်းဆက်ပြီး သမ္မတကြီးက နေ့လယ်စာ အတူစားရန် ဖိတ်ကြားလိုကြောင်း တီးခေါက် သည့်အခါ ကျနော် ထိုင်းမှာ ရှိနေသည့်အချိန် ဖြစ်သည့်အပြင် အမေရိကန် သမ္မတရဲ့ ဖိတ်ကြားမှုကိုတော့ No လို့ မပြောဖြစ်ဘဲ သူတို့ မိသားစု၊ အထူးသဖြင့် ဘုရှ်ရဲ့ဇနီး လော်ရာဘုရှ်က မြန်မာ့အရေးမှာ အတော်ကို တက်တက်ကြွကြွ ပြောဆို လုပ်ဆောင်နေ တာ ကို သဘောကျသဖြင့် တက်ပါမည်ဟု အကြောင်းပြန်လိုက်ပါသည်။

နေ့လယ်စာ ဖိတ်ကျွေးတဲ့ နေ့က ဩဂုတ်လ ၈ ရက် (၈ လေးလုံး နှစ် ၂၀ ပြည့်) ဆိုတော့ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဖန်တီး ထားသလို ဖြစ်နေသည်။ တရုတ်နိုင်ငံရဲ့ အိုလံပစ်ပွဲကို ဖွင့်တာကလည်း ဩဂုတ်လ ၈ ရက်နေ့ ဖြစ်သည်။ သမ္မတဘုရှ်၏ ဧည့်ခံပွဲသို့ ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ မီဒီယာသမားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ တိုင်းရင်းသား တိုင်းရင်းသူတွေကိုပါ ဖိတ်သည့် အတွက် သမ္မတ တည်ခင်းဧည့်ခံသည့် နေ့လယ်စာပွဲကို တက်ရောက်သူ ၉ ဦးခန့် ရှိသည်။

လုံခြုံရေးအရ ဘန်ကောက်က အမေရိကန် သံအမတ်ကြီးရဲ့ အိမ်ကို ၂ နာရီ ၃ နာရီလောက် ကြိုဝင်ရ၏။ ဒါကတော့ ထုံးစံပါပဲ။ အဲဒီတုန်းက သံအမတ်လုပ်ခဲ့သူက Eric John။ သူသံအမတ် မဖြစ်ခင်ကတည်းက ချင်းမိုင်က ကျနော်တို့ရဲ့ ရုံးကို သူ လာလည်ပြီး မြန်မာပြည် အကြောင်းပြောဖူး၊ ဆွေးနွေးဖူးသည်၊ ဆိုတော့ သူနဲ့ကခင်ပြီးသား။

သံအမတ်ကြီးရဲ့ နေအိမ် အပေါ်ထပ်မှာ ထမင်းစားပွဲကို သေသေချာချာ ပြင်ထားသည်။ သံရုံး အတွင်းဝန်က နံနက်က တွေ့ကတည်း က မီဒီယာနဲ့ တွေ့ရင် စကားအနည်းငယ် ပြောပေးဖို့ မှာထားသည်။ ကျနော် ကလည်း အလွယ်တကူပဲ ခေါင်းညိတ် လိုက် မိသည်။ ထမင်းစားပွဲ ကိုတော့ သမ္မတက ရောက်မလာသေး။ ကျနော်တို့က Table Setting ပြင်ဆင် ထားပုံကို ကြည့်လိုက်တော့ ကျနော့်ရဲ့နာမည်က သမ္မတရဲ့ဘေးမှာ။ ဒီလိုဆိုတော့ ထမင်းစားချိန်မှာ သူ့နားမှာ ထိုင်ရမည်၊ စကားပြောရမည်။ စာနယ်ဇင်းတွေ တက်လာချိန်မှာ ဘုရှ်နဲ့အတူ ဓာတ်ပုံအရိုက်ခံ ရမည်။ ဒါက နည်းနည်းတော့ Pressure များသည်၊ ကိစ္စတော့ မရှိ။

သမ္မတကတော့ ရောက်မလာသေး။ သူက နံနက်ပိုင်းမှာ ဘန်ကောက် အခြေစိုက် သံတမန်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တွေ့ဆုံ စကားပြောမည်။ ပြီးတော့ ဘန်ကောက်က နာမည်ကြီး ကျူးကျော် ရပ်ကွက်ကို သွားရောက် လေ့လာဦးမည်။ အဲဒီမှာ ကျူးကျော်နေထိုင်နေသူတွေကို ကူညီသူက အမေရိကန် ဘုန်းတော်ကြီး Father Joe ဖြစ်သည်။ Secret Service က လူတချို့ ကတော့ သံရုံးဝင်းထဲ ရောက်နှင့်နေပြီ။

သမ္မတရဲ့ကား ဝင်လာခါနီး မှာတော့ အားလုံးက လှုပ်လှုပ်ရှားရှား။ ကျနော်တို့ မြန်မာတွေလည်း စကားပြောတာတွေ ရပ်၊ ဆွေးနွေးနေတာတွေ ရပ်၊ ရယ်ရယ်မောမော ပြောဆိုနောက်ပြောင် နေတာတွေ ရပ်။

ပထမ သစ်သားလှေကားပေါ်ကို အပြေးတက်လာတဲ့ ဖိနပ်သံ၊ စကားပြောသံတွေ။ ပြီးတော့ လှေကားထိပ်ကနေ အားလုံးကို လှမ်း အော် နှုတ်ဆက်သည်။ Texas သားတွေ ထုံးစံမတ်တတ်ရပ်ကြသည်။ သူက ကုလားထိုင်မှာ ထိုင်နေသော တဦးချင်းစီကို လိုက်ပြီး နွေးနွေးထွေးထွေး၊ တချို့ကို လက်ဝါးချင်းရိုက်သည့် ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ပုံစံဖြင့် နှုတ်ဆက်သည်။

“ရုပ်မြင်သံကြားမှာ မြင်ရသလို သူကကြောက်စရာ မကောင်းပါဘူး” ဟု အိမ်ဖြူတော်က Intern ကောင်လေးက နံနက်ခင်းက ရယ်ရယ်မောမောနဲ့ ကျနော့်ကို ပြောခဲ့တာ ပြန်သတိရမိသည်။ “လူချင်းတွေ့ရရင် သူ့ကို သဘောကျမှာပါ” လို့ သူက ထပ်ပြီးပြော လိုက်သေး။

ဘုရှ်က ရယ်ရယ်မောမော၊ ဟိတ်ဟန်မရှိ၊ Relax  ဖြစ်နေတော့ မြန်မာအဖွဲ့လည်း Relax  ဖြစ်သွားသည်။ သူ့အတွက် သတ်မှတ် ထားတဲ့ ခုံမှာ ဝင်ထိုင်ပြီး ကျနော့်ကို ထပ်နှုတ်ဆက်သည်။ “နေကောင်းရဲ့လား၊ ထိုင်းမှာ နေရတာ အဆင်ပြေရဲ့လား၊ မင်းကို နှောင့် ယှက်တဲ့သူတွေ ရှိလား” တဲ့။

Eric John  က ကျနော့်ရှေ့တည့်တည့်မှာ ဝင်ထိုင်သည်။ ပြုံးပြီး မျက်စိတဖက် မှိတ်ပြသည်။ အမျိုးသားလုံခြုံရေး ကောင်စီက အရာရှိကြီး နှစ်ဦးပါ ထမင်းစားပွဲကို တက်ရောက်ပြီး အိမ်ဖြူတော်ရဲ့ Press Secretary Dana Perino (Tony Snow ကို အစားထိုး တဲ့သူ) လည်း ဝင်ထိုင်သည်။

ထမင်းပွဲကတော့ အမေရိကန်က တင်ပို့ရောင်းချတဲ့ အမဲသား။ စားလို့ကောင်းမယ်လို့ မျှော်လင့်ကြောင်း ဘုရှ်က ရယ်ရယ်မောမော ပြောသည်။ စာနယ်ဇင်းတွေကို ၂ မိနစ်လောက် တက်လာခိုင်းပြီး ဓာတ်ပုံ ရိုက်ခိုင်းသည်။ တဝုန်းဝုန်းနဲ့ တက်လာပြီး ဓာတ်ပုံရိုက်။ ကျနော်တို့က အနည်းငယ်စီ စာနယ်ဇင်းကို စကားပြောကြသည်။ ပြီးတော့ Secret Service တွေက ပြန်မောင်းချလိုက်သည်။ သမ္မတဘုရှ်က ကျနော်နဲ့ ပလောင်တိုင်းရင်းသူ လွယ်အေးနန်းကို စကားပြောပြီး ထမင်းစားပွဲစသည်။ ကိန်းကြီးခန်းကြီး မနိုင်ပါ။

အားလုံးက လေးလေးနက်နက် တက်တက်ကြွကြွ မြန်မာနိုင်ငံအကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အမေရိကန်က ထားရှိသင့်တဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောကြသည်။ ဘေးက ရပ်စောင့်နေသော စားဖိုမှူး တဦးကိုတော့ ဘုရှ်က သူ့အတွက်  Diet Coke တဘူးလောက် ယူလာပေးဖို့ လှမ်းပြောလိုက်သည်။ ထို့နောက် တံခါးပိတ် တွေ့ဆုံပွဲ ဖြစ်သောကြောင့် လုံခြုံရေးများ၊ စားဖိုမှူးများ အကုန်အပြင် ထွက်ပေးရသည်။

အမဲသားရဲ့ အရသာကိုတော့ သေသေချာချာ မခံစားမိ။ အားလုံးက စကားတွေ ဖောင်ဖွဲ့ချင်နေကြသည်။ စိတ်လှုပ်ရှား နေကြ သည်။ ကမ္ဘာကြီး အကြောင်း သိပ်မသိဘူးဟု ဝေဖန်ခံထားရသော Texas နယ်သား ကောင်းဘွိုင်မင်းသားက မြန်မာပြည်အကြောင်း ကို မေးခွန်းတွေ ထုတ်လိုက်၊ ပြောလိုက်။ အားလုံးက ဆွေးနွေးလိုက်။ Working Lunch ဆိုတော့ ဘုရှ်ရဲ့ လက်သုံးစကားဖြစ် တဲ့ Tyranny  ဖြုတ်ချရေးနဲ့ ဒီမိုကရေစီရေး၊ မြန်မာပြည် လွတ်လပ်ရေးပဲ ဖြစ်သည်။

အခုအခါ ပန်းချီဆွဲနေတယ် ဆိုတဲ့ သမ္မတဘုရှ် တည်ခင်း ဧည့်ခံခဲ့တဲ့ ထမင်းစားပွဲက အမေရိကန် အမဲသားရဲ့ အရသာကတော့ အဲဒီနေ့ ပြောဆိုဆွေးနွေးတဲ့ စကားဝိုင်းထဲမှာ ပျောက်ရှသွားခဲ့သည်။     ။

Loading