မြန်မာနိုင်ငံမှာ တနှစ်အတွင်း သင်္ကြန် ၂ ကြိမ်ကျင်းပတဲ့ မြို့ကို ပြပါဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ သမိုင်းဝင် ရှေးဟောင်းမြို့တော် မြောက်ဦးကို ပြရမှာပါ။
ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရဲ့ အထင်ကရ ပြယုဂ်တွေထဲက တခုဖြစ်တဲ့ သျှစ်သောင်း ပုထိုးတော်ကြီးရဲ့ ပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့မှာ ကျင်းပပါတယ်။ အဲဒီ ဘုရားပွဲတော်ကို အခြေပြုပြီး ရေပေါ်သင်္ကြန်လို့ ရေပန်းစားတဲ့ ဒုတိယ အကြိမ်မြောက် ရခိုင်သင်္ကြန် ကျင်းပတဲ့ ဓလေ့ ပေါ်ပေါက်လာတာလို့ ပြောရမှာပါ။
ပွဲတော်တခုအဖြစ် ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့ သျှစ်သောင်း ပုထိုးတော်ကြီးဟာ မြောက်ဦးမြို့ရဲ့ မြောက်ဘက် တမိုင်ခန့်အကွာက ဘိုးခေါင်တောင်ကုန်းပေါ်မှာ ရှိပါတယ်။ ဟိန္ဒူဗိသုကာ အနုပညာလက်ရာတွေနဲ့ တည်ထားပြီး ဝင်္ကပါပုံစံ တည်ဆောက်ထားတဲ့ ပုထိုးတော်ကြီးရဲ့ အတွင်းနဲ့ အပြင်နံရံတွေမှာရှိတဲ့ ရုပ်တုတော်ပေါင်း ၈ သောင်းကို အစွဲပြုပြီး ရှစ်သောင်း ပုထိုးတော်ကြီးလို့ ခေါ်ဆိုတယ်လို့ မှတ်သားရပါတယ်။
ရခိုင်ရိုးရာ အားကစားနည်း တခုဖြစ်တဲ့ ကျင်ပွဲ၊ လောင်းပြိုင်ပွဲတွေနဲ့ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ၊ ရခိုင်ဇာတ် သဘင်ပွဲတွေနဲ့ ဗမာ ဇာတ်သဘင်ပွဲတွေ ပါဝင်လေ့ရှိတဲ့ သျှစ်သောင်း ဘုရားပွဲတော်ကို နှစ်စဉ် ကဆုန်လမှာ ကျင်းပလေ့ ရှိပါတယ်။
အရင်တုန်းက နိုင်ငံတော် အထိမ်းအမှတ်နေ့တွေဆိုရင် ရခိုင်ပြည်နယ် အနှံ့အပြားက မြို့တွေ၊ ရွာတွေမှာ လောင်းပြိုင်ပွဲတွေကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပလေ့ ရှိပေမယ့် တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ပွဲတော်တွေ လွတ်လပ်စွာ ကျင်းပခွင့် ကန့်သတ်ခံခဲ့ရတဲ့ ဒီဘက်ပိုင်း နှစ်ပေါင်း ၂၀ ကာလ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ရှားပါး ပျောက်ကွယ်လို့ လာပါတယ်။
ရခိုင့်ရိုးရာ ပြိုင်လောင်းတွေကို ဘုန်းတော်ကြီးကျောင်းတွေ၊ ဓမ္မာရုံတွေရဲ့ အောက်ထပ်မှာ တနှစ်လုံး ထိန်းသိမ်းထားပြီး အတာသင်္ကြန် ကျင်းပတဲ့ ကာလရောက်မှသာ ရေသိုလှောင်တဲ့ အရာအဖြစ်သာ အသုံးပြုကြပါတော့တယ်။ အဲဒီလို ရှားပါးလာတဲ့ လောင်းပြိုင်ပွဲကို သျှစ်သောင်း ဘုရားပွဲတော် ကာလမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မြောက်ဦးမြို့ကို ရစ်ခွေစီးဆင်းတဲ့ အောင်တပ်ချောင်းရိုးတလျှောက် ရခိုင်ပြည် အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်တွေရဲ့ လောင်းတွေဟာ လှေခွက်ချည်းကျန်၊ အလံမလဲစတမ်း ယှဉ်ပြိုင်နေတဲ့ အချိန်မှာ ပရိသတ်တွေကလည်း ချောင်းရိုးဘေး တဘက်တချက် လောင်းလှေတွေစီးပြီး အားပေးလေ့ရှိကြပါတယ်၊ ငှက်ပျောပင်တွေကို ဖောင်ဖွဲ့စီးပြီး အားပေးလေ့ ရှိပါတယ်။
အဲဒီလို အားပေးရင်းနဲ့ လောင်းလှေ တစင်းနဲ့တစင်း အပြန်အလှန် ရေပက်ကစားကြပါတယ်။ ပွဲတော်ရက် တလျှောက်လုံး ကျင်းပကြတဲ့ ဒုတိယ အကြိမ်မြောက် ရခိုင်သင်္ကြန်ကို ရေပေါ်သင်္ကြန် လို့လည်း တင်စားကြပါတယ်။ မြောက်ဦးသင်္ကြန်ဟာ ရခိုင်ပြည်နယ်မှာတော့ အလွန်ထင်ရှားတဲ့ ပွဲတခုပါပဲ။
သျှစ်သောင်း ဘုရားပွဲမှာ ပါဝင်မယ့် ရခိုင့်ရိုးရာ အားကစားနည်း တမျိုးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်နဲ့ချီတဲ့ ကာလကတည်းက ရခိုင့်ရိုးရာ အားကစားနည်း တခုဖြစ်တဲ့ ကျင်ပွဲပါ။ ရခိုင်အခေါ်အဝေါ်အရ လက်ပန်းလုံးပွဲလို့လည်း ခေါ်တယ်လို့ ဆိုပါတယ်။
ကျင်ဆိုတဲ့ အဓိပ္ပာယ်ဟာ ကျားနဲ့ ယင် ဆိုတဲ့ ဝေါဟာရ ပေါင်းစပ်ပြီး ပေါ်ပေါက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ကျား-ယင်၊ ယင်- ကျားကစားနည်းကို အခြေခံပြီး ကျင် ဖြစ်ပေါ်လာတယ်လို့ မှတ်သားရပါတယ်။ ကျားက ယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ရှောင်လိုက်၊ ယင်အကောင် ၂၀ ကို ကျား ၂ ကောင်က အနိုင်လိုက်ဖမ်းဖို့အတွက် အကွက်ရွှေ့ကစားနည်းကို အခြေခံပြီးပေါ် ပေါက်လာတယ်လို့ စာပေမှတ်တမ်းတွေ ရှိပါတယ်။
ကျွမ်းကျင်တဲ့ အားကောင်းမောင်းသန် အမျိုးသား ၂ ဦးက တဦးကိုတဦး ဖမ်းလိုက်၊ အဖမ်းခံလိုက်၊ မြေပြင်ကို ကျအောင် ပစ်ချလိုက် စတဲ့ ပုံစံမျိုးတွေနဲ့ ကျင်ကစားခြင်းကို ပြုကြရပါတယ်။
ကျင်ကစားနည်းဟာ ကစားဘက်တဦးနဲ့တဦး ထိခိုက်ဒဏ်ရာ အနာတရဖြစ်အောင် ဒေါသမာန်နဲ့ ထိုးနှက် ကျောက်ကန် စကားခြင်းမျိုး မဟုတ်တဲ့ ရခိုင့်ရိုးရာ နပန်းကစားနည်းလို့ ပြောရမှာပါ။
ရခိုင်ပြည်နယ်မှာ ကျင်းပတဲ့ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားဆွဲပွဲ စတဲ့ ရိုးရာပွဲတော်တွေမှာ ကျင်ပွဲမပါရင် မပြီးဘူးလို့တောင် ပြောနိုင်ပါတယ်။
ဒီနှစ် ကျရောက်မယ့် ၈၆ ကြိမ်မြောက် သျှစ်သောင်း ဘုရားပွဲတော်ကို လာမယ့် မေလ ၁၃ ရက်ကနေ ၁၇ ရက်အထိ မြောက်ဦးမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြောက်ဦးမြို့ဟာ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ မတိုင်ခင်က ရခိုင်ပြည်နယ်ရဲ့ ရုံးစိုက်ရာမြို့၊ ရခိုင်မင်း အဆက်ဆက်တို့ နန်းစိုက်ရာမြို့ ဖြစ်ခဲ့ပါတယ်။
နန်းတော် အုတ်ရိုးတွေနဲ့ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးပေါင်းများစွာ တည်ရှိနေသေးတဲ့ မြောက်ဦးမြို့ဟာ ပြည်တွင်း ခရီးသွား ဧည့်သည်ထက် ကမ္ဘာလှည့် ခရီးသည်တွေကိုသာ ပိုမိုဆွဲဆောင်နိုင်တယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အချိန်ယူရတဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် မြောက်ဦးခရီးသွား လုပ်ငန်းဟာ ပြည်တွင်း ခရီးသွားများထက်ပဲ ကမ္ဘာလှည့် ခရီးသွားတွေကို အားကိုးရတဲ့ ခရီးသွားလုပ်ငန်းလို့ ပြောရမှာပါ။
မြောက်ဦးမြို့ ပတ်ချာလည်က ကုန်း၊ ကမူတိုင်းမှာ တည်ထားတဲ့ ရှေးဟောင်း စေတီတော်တွေ၊ သျှစ်သောင်း ပုထိုးတော်ကြီး၊ ထုက္ကံသိမ် ပုထိုးတော်ကြီး၊ ကိုးသောင်း ပုထိုးတော်ကြီး၊ အံတော်သိမ်၊ မာန်ငါးပါး၊ စန္ဒာ့မုနိ ပုထိုးတော်ကြီးတွေနဲ့ ဗန္ဓုလကျောင်းတော်တို့ဟာ မြောက်ဦးမြို့ရဲ့ အခမ်းနားဆုံးနဲ့ ဂုဏ်ယူဖွယ် အရာတွေပါပဲ။
ရခိုင်ပြည် မြောက်ပိုင်းလို့ ဆိုလိုက်ရင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် သွားရောက် လည်ပတ်ဖို့ ဝန်လေး နေတဲ့လူတွေကို မြောက်ဦးမြို့ရဲ့ အခြေအနေဟာ အရေးပေါ် ရုပ်သိမ်းထားပြီး တည်ငြိမ်အေးချမ်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့ဟာ တိုင်းရင်းသား ဒေသတွေက အလှအပတွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေကို လေ့လာချင်တဲ့ သူတွေ အတွက်တော့ သွားရောက် လေ့လာဖို့ ထိုက်တန်တဲ့ သမိုင်းလက်ကျန် မြို့ဟောင်းတခု ဖြစ်ပါတယ်။
သျှစ်သောင်းဘုရားပွဲ (သို့) မြောက်ဦးသင်္ကြန်အကြောင်းကို စာနဲ့ဖတ်လို့ အားမရဘဲ လူကိုယ်တိုင် သွားပြီး ဆင်နွှဲချင်တယ်၊ လေ့လာချင်တယ်ဆိုရင်တော့ အခုကတည်းက တည်းခိုဖို့အတွက် ကြိုတင် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
မြောက်ဦးမြို့ကို ရန်ကုန်မြို့နေ ကားနဲ့သွားမယ်ဆိုရင်တော့ ၁ ညအိပ်၊ ၁ ရက်ခရီး (လမ်းခရီး ကြာချိန် ၂၄နာရီခန့်) သွားရပါမယ်။ တိုက်ရိုက် ရောက်ပေမယ့် နည်းနည်းတော့ ပင်ပန်းမယ့်ခရီးဖြစ်လို့ လေယာဉ်ခရီးကို အသုံးပြုလို့လည်း ရပါတယ်။ ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့သွားပြီး၊ စစ်တွေကနေတဆင့် မြောက်ဦးကို ကားနဲ့ဖြစ်စေ၊ ရှပ်ပြေးနဲ့ဖြစ်စေ ခရီးဆက်နိုင် ပါတယ်။ အဲဒီနည်းကတော့ နေ့ချင်းရောက်နိုင်မယ့် နည်းပါပဲ။
ခရီးစဉ်စီစဉ်ဖို့အတွက် လိုအပ်တဲ့ ဖုန်းနံပါတ်တွေကို လက်လှမ်းမီသလောက် ဒီလို လမ်းညွှန်လိုက်ပါတယ်။
၁။ | ဝေသာလီ ဟိုတယ် | မြောက်ဦးမြို့ | ၀၄၃- ၅၀၀၀၈ |
၂။ | နဝရတ် ဟိုတယ် | မြောက်ဦးမြို့ | ၀၄၃- ၅၀၀၇၇ |
၃။ | နန်းမြို့တော် တည်းခိုခန်း | မြောက်ဦးမြို့ | ၀၄၃- ၅၀၂၅၇ |
၄။ | ဝတီထွဋ် တည်းခိုခန်း | မြောက်ဦးမြို့ | ၀၄၃- ၅၀၂၄၀၊ ၀၉ ၄၉၆၆၀၁၈၁၊ ၀၉ ၄၉၆၆ ၈၄၅၈ |
၅။ | သဇင် တည်းခိုခန်း | မြောက်ဦးမြို့ | ၀၄၃- ၅၀၂၅၃ |
၆။ | ကံ့ကော်ဖူး တည်းခိုခန်း | မြောက်ဦးမြို့ | ၀၄၃ ၅၀ ၁၄၃ |
၇။ | အောင်ကျော်မိုး အမြန် ရေယာဉ် | စစ်တွေ-မြောက်ဦး | ၀၉ ၄၉ ၆၇၆၇ ၀၆၊ ၀၉ ၄၉ ၆၅၈၀ ၇၄ |
၈။ | ရွှေပြည်တန် ရှပ်ပြေး | စစ်တွေ- မြောက်ဦး | ၀၉ ၄၉၆၇ ၄၅၆၉၊ ၄၉၆၆၀ ၁၅၇၊ ၀၄၃ ၂၂၇၁၉၊ ၂၁၈ ၄၉ |
၉။ | ရွှေပြည်သစ် ကားလိုင်း | စစ်တွေ-မြောက်ဦး | ၀၉ ၈၅၁၆၁ ၂၄၊ ၀၄၃- ၂၂၁၆၆ |
၁၀။ | တိုးရတနာကားဂိတ် | ရန်ကုန်-မြောက်ဦး-စစ်တွေ | ၀၉ ၈၅၂၂၂ ၈၂၊ ၀၉ ၈၅၂၂၂ ၈၄ |