မေလထဲမှာ မန္တလေးမြို့ဟာ ၁၅၅ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ကြီးနဲ့အတူ မွေးဖွားခဲ့တဲ့ ဖွားဖက်တော် ၇ ခုထဲမှာ မဟာလောက မာရဇိန် စေတီတော်ရဲ့ မဟာရံတံတိုင်း သုံးထပ်အတွင်း တည်ထားခဲ့တဲ့ ပိဋကတ်တော် ကျောက်စာတွေသာလျှင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် (Memory of The World Register) အဖြစ် စာရင်းသွင်း ခံရပါသေးတယ်။
ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များအနေ နဲ့ မန္တလေးမြို့ကို ရောက်ပြီဆိုရင် မရောက်မဖြစ် သွားကြတဲ့ နေရာတွေထဲကတခုဖြစ်တဲ့ ကုသိုလ်တော် ဘုရားလို့ လူသိများတဲ့ မဟာလောက မာရဇိန် စေတီတော် အတွင်း က ကမ္ဘာ့အကြီးဆုံး စာအုပ်ရယ်လို့ အသိ အမှတ်ပြုခံထားရတဲ့ ပိဋကတ်တော် ကျောက်စာပေါင်း ၇၂၉ ချပ် ကိုတော့ ဂရုတစိုက် ထိန်းသိမ်းဖို့ အတွက် အလွန်တရာ လိုအပ်နေပါတယ်။
မင်းတုန်းမင်းကြီးဟာ မြတ်စွာဘုရား နှုတ်ကပါဌ်တော် တွေကို ကမ္ဘာတည်သရွေ့ မပျောက်မပျက် တည်ရှိနေဖို့ အတွက်ရယ်၊ သာသနာပတဲ့ အချိန်အထိ တည်ရှိနေစေဖို့အတွက်ရယ် ကျောက်ပေါ်မှာ ရေးထိုးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီကျောက်တွေဟာ မန္တလေး မြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ စကျင်တောင်မှာ ရှိတဲ့ ကျောက်သား ချောတဲ့ ကျောက်ဖျာတွေကို ကျောက်ပြားလောင်းပြီး မန္တလေးနန်းမြို့တွင်း ရောက်အောင် အဆင့်ဆင့် သယ်ဆောင်ပြီးမှ ကျောက်စာ ပေါ်မှာ ရေးထိုးထားခြင်း ဖြစ်ပါတယ်။ ကျောက် သား ပေါ်မှာ ရေးထိုးထားတာပါ။ အမှားအယွင်း မရှိရလေအောင် အကြိမ်ကြိမ် စာတိုက်စစ်ထားခြင်း ဖြစ်ကာ လူအင်အားသာမက ပါဠိ၊ ပိဋကတ် ကျွမ်းကျင် တဲ့ ရဟန်းတော်များစွာကလည်း ကူညီလုပ်ဆောင် ထားခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ဒီကျောက်စာတွေဟာ ကမ္ဘာမှာတော့ အမှန်ကန်ဆုံးနဲ့အခိုင်မာဆုံး ပိဋကတ်တော် တွေအဖြစ် တည်ရှိနေပါတယ်။ မင်းတုန်းမင်းကြီး ကတော့ စကျင်ကျောက်သားဖွေးဖွေးပေါ်မှာ ရွှေမင် နဲ့ ရေးထိုးခဲ့ပြီး သားတော် သီပေါဘုရင်ကလည်း ရွှေမင်ထပ်ပြီး ကုသိုလ်ပြုခဲ့သော်လည်း နောက်ပိုင်းမှာတော့ မင်နက်နဲ့သာ ထပ်နိုင်ပါတော့တယ်။ မင်နက် ထပ်တဲ့အခါမှာလည်း မင်ထပ်တဲ့ သူဟာ မတ်တတ်ရပ်ပြီး သော်လည်းကောင်း၊ ထိုင်ပြီးသော်လည်းကောင်း၊ ဝမ်းလျားမှောက်ပြီးသော်လည်းကောင်း မင်ထပ်ရ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောက်စာ ထွင်း ထိုးထားတဲ့ ကျောက်စာချပ်ကြီးများဟာ အမြင့် ၅ ပေရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ စကျင်ကျောက်သား ဖွေးဖွေးရယ်လို့ မရှိတော့ဘဲ ဖုန်တွေက ဖုံးလွှမ်းကာ ညိုညစ်ညစ် အရောင်သာ ရှိတော့ပါတယ်။
လေးထောင့်စပ်စပ်ရှိတဲ့ မြေ ၁၃ ဧကအတွင်း မှာ စိုက်ထူထားတဲ့ ကျောက်စာချပ် တချပ်စီကို လေဒဏ်၊ မိုးဒဏ်ခံနိုင်ရန်အတွက် ဂူ ဘုရားတခုစီ အတွင်းမှာ ထားရှိပါတယ်။ မင်းတုန်းမင်းကြီး လက်ထက်တုန်းကတော့ ဂူဘုရားတဆူဆီမှာ သံထီးမှာ ရွှေချပြီး တည် ထားခဲ့ပေမယ့် အင်္ဂလိပ်ခေတ်အတွင်း မှာ အင်္ဂလိပ်စစ်တပ် တပ်စွဲရာနေရာဖြစ်ခဲ့ပြီး အင်္ဂလိပ် စစ်သားများက ဘုရားထီးမှာချထားတဲ့ ရွှေသင်္ကန်း တွေကို ခွာချ၊ ကျောက်မျက်ရတနာတွေကို ဖြုတ်ယူခဲ့တာကြောင့် ၁၈၉၂ ခုနှစ်မှာ ကျောက်ထီးတော်ကို တင်လှူခဲ့ပါတယ်။ အဲဒီလို တင်လှူတဲ့အခါမှာ မင်းတုန်းမင်းကြီးရဲ့ ဆွေတော်မျိုးတော်များ၊ နန်းတွင်း အမှုထမ်းများနဲ့ ပြည်သူလူထုတို့က အင်တိုက်အား တိုက် လှူဒါန်းခဲ့ကြပါတယ်။
နဝတ အစိုးရခေတ်မှာတော့ ကျောက်ထီး အပေါ်မှာ သံထီးကို ရွှေဆိုင်းချကာ ထပ်မံလှူဒါန်းခဲ့ ပါတယ်။ ဒါ့အပြင် ဂူဘုရားများကို ထုံးသင်္ကန်းများ မကြာခဏ ချခြင်းများကိုလည်း ပြုလုပ်ကြတာကြောင့် ကျောက်ထီးတင်စဉ်က လှူဒါန်းခဲ့ကြတဲ့ မင်းတုန်းမင်းကြီးရဲ့ ဆွေတော်မျိုးတော်တွေရဲ့ အလှူမှတ်တမ်း များဟာ ထုံးသင်္ကန်းများ အောက်မှာ ပျောက်ကွယ်ခဲ့ ရကာ နဝတ ခေတ်က သံထီး ကုသိုလ်ရှင် ဗိုလ်ချုပ် တချို့ရဲ့ ကမ္ပည်းမော်ကွန်းတွေ က နေရာယူနေတာကိုလည်း တွေ့မြင်ရပါတယ်။
မင်းတုန်းမင်းကြီးဟာ ကျောက်စာများကို စနစ်တကျ အကွာအဝေးတွက်ချက်ပြီး စိုက်ထူခဲ့တာကြောင့် ကုသိုလ်တော်ဘုရား အတွင်း က ကျောက်စာ စိုက်ထူထားတဲ့ ဂူစေတီများဟာ အဝေးကကြည့်ကြည့် အနီးက ကြည့်ကြည့် အလွန်တရာ လှပတင့်တယ်လှပါ တယ်။ အဲဒီလိုလှပတဲ့ ဂူစေတီများအကြားမှာ ခရေ ပင်နဲ့ မယ်ဇယ်ပင်များကို စိုက်ထူခဲ့တာကတော့ မိုးဗြဲ စစ်ကဲတော်ကြီးဖြစ်ကာ ၁၈၉၂ ခုနှစ်က ကျောက်ထီး တင်လှူခြင်းနဲ့အတူ စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ ခရေပင်များကိုလည်း ကျောက်စာချပ်များလိုပင် အကွာအဝေး ညီညီ စနစ်တကျ စိုက်ပျိုးခဲ့ကာ ထိုစဉ် က စိုက်ပျိုးခအဖြစ် ပိုက်ဆံငါးမူး ပေးရပြီး ဦးပေါ် ဆိုတဲ့လူကို တလ လခငွေ ၁၀ ကျပ်နဲ့ စပါး ၁၀ တင်း ပေးပြီး ၄ – ၅ နှစ်ခန့် ရေထမ်းကာ ရေလောင်းခိုင်းခဲ့ပါတယ်။
နှစ်ပေါင်း ၁၂၂ နှစ် သက်တမ်းရှိနေပြီဖြစ်တဲ့ ခရေပင် တချို့ကတော့ ဘုရားရင်ပြင် တခုလုံးကို ဖုံးကာလိုက်တဲ့ ကွန်ကရစ်ပြားတွေကြောင့် သေတဲ့အပင်က သေ၊ တပိုင်းခြောက်တဲ့ အပင်က ခြောက်နဲ့ ဖြစ်ကုန်ပေမယ့် စိမ်းလန်းစိုပြည်နေဆဲ အပင်များကတော့ ဘုရား ဖူးများအတွက် အရိပ်အာဝါသကို ပေးနိုင်စွမ်း ရှိနေပါသေးတယ်။ အရိပ်အာဝါသကို ပေးနိုင်စွမ်းရှိတဲ့ နှစ်ပေါင်း ၁၂၂ နှစ် ရှိပြီဖြစ်တဲ့ ခရေပင်ကြီးများရဲ့ ပင်စည်တွေပေါ်မှာ တော့ ဘုရားဖူး ဧည့်သည်များ လက်သရမ်းထားတဲ့ အမှတ်တရ ဒဏ်ရာဒဏ်ချက် တွေ ကလည်း ခေတ်ရဲ့ ပုံရိပ်ကို ဖော်ပြနေသလိုပါပဲ။
ခရေပင်များရဲ့ အရွက်ကြွေများကို လှည်းကျင်းနေတဲ့ သန့်ရှင်းရေးအမျိုးသမီးကြီးရဲ့ ပြောပြချက်အရ ဘုရား ရင်ပြင်တခုလုံးအတွက် သန့်ရှင်းရေးလုပ်သား ပေါင်း ၆ ဦးခန့်သာရှိပေမယ့် အနီးအနားမှာရှိတဲ့ ဈေးသည်တချို့နဲ့ ဘုရားဖူးတချို့က ကုသိုလ်အဖြစ်နဲ့ သန့်ရှင်း ရေးပြုလုပ်ရာမှာ ကူညီကြတယ်လို့ သိရပါတယ်။
သန့်ရှင်းရေးအတွက် ကုသိုလ်ယူနေတဲ့ အမျိုးသမီးတဦးကတော့ ကွန်ကရစ်တွေ ခင်းလိုက်တော့ သန့်ရှင်းသွားတာတော့ မှန်တယ်၊ သစ်ရွက်ကြွေတွေ ကတော့ လှည်းရတာပါပဲ။ ဒါပေမယ့် သစ်ရွက်ကြွေတွေကို ပင်စည်နားကို ပုံလို့မရတော့ဘူး။ အရင်ကဆို သူ့အရွက် နဲ့သူ မြေဆွေး၊ မြေဩဇာ ဖြစ်သွားတယ်။ အခုတော့ ကွန်ကရစ်တွေကြောင့် အပင်တွေသေကုန်တာလို့ ပြောကြတာပဲ။ ကျမဖြင့် အရမ်းနှမြောတာပဲလို့ သူ့ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။
“ခရေပန်းပွင့်ပြီဆို သိပ်မွှေးတာပဲ” လို့ သန့်ရှင်း ရေးဝန်ထမ်း အမျိုးသမီးက ဆိုပါတယ်။ ဒါ့အပြင် သူက “ခရေပန်း ကောက်သူတွေကလည်း အများကြီးပဲ၊ တချို့က ကြွေနေတဲ့ပန်းကို ကောက်ရုံတင်မကဘူး သစ်ကိုင်းတွေကိုလည်း ချိုးပစ်တယ်။ အပင်ပေါ်က ပန်း ကို ခဲနဲ့ထုချတယ်။ ကျမတို့ကမြင်တော့ အော်ရင် ကျမတို့ကိုပါ ခဲနဲ့ထုတယ်။ နင်တို့ပိုင်တာလား၊ ဘုရား က ပိုင်တာလားလို့ ဆိုကြ တယ်။ အဲဒီလိုတွေ လုပ်ပါ များတော့ တချို့အပင်တွေဟာ သစ်ကိုင်းတွေ ကျိုးတယ်။ အပင်ပါ သေကုန်ရော” တဲ့။
ကုသိုလ်တော်ဘုရားရယ်လို့ နာမည်ကြီးတဲ့ မဟာလောက မာရဇိန်ဘုရားဟာ မန္တလေးမြို့မှာ တော့ အထင်ကရ ရှိတဲ့ နေရာများမှာ တခုအပါအဝင် ဖြစ်ပြီး ဘုရားဖူးဧည့်သည်များ မပြတ်လာရောက်ကြတဲ့ နေရာဖြစ် ပေမယ့် နှစ်ပေါင်း ၁၅၅ နှစ် ရှိပြီဖြစ်တဲ့ သက်သေ အထောက်အထားကတော့ ဘုရားကြီးရဲ့ တောင်ဘက် အတွင်းထပ်မှာရှိတဲ့ ပန်းပု ရုပ်ကြွ ကျွန်းတံခါးကြီး၊ ပိဋကတ်တော်များကို ထွင်း ထုထားတဲ့ ကျောက်သားချပ် ၂၇၉ ချပ်နဲ့ မင်းတုန်း မင်းကြီးရဲ့ အလှူမှတ်တမ်းတင် ကျောက်စာ ၁ ချပ်သာ ရှိပါတော့တယ်။
ကျန်တဲ့ သမိုင်းဝင် ယဉ်ကျေးမှု သက်သေ အထောက်အထားများကတော့ အင်္ဂလိပ်ခေတ်က အင်္ဂလိပ် စစ်သားများရဲ့ လက်သရမ်း မှုများ၊ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့် ရှောက်ရမယ်ဆိုတဲ့ အချက်ကို မသိနားမလည်သူများရဲ့ မကြာခဏ ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်းတို့ အောက်မှာ တိမ်မြုပ် ပျောက်ကွယ်သွားခဲ့ရပါပြီ။ အရင်ကတော့ ဘုရားတံတိုင်း ၃ ထပ်မှာ တံခါး ပေါက် ၄ ခုစီရှိကာ ပန်းပုကျွန်း တံခါးကြီး ၁၂ ချပ် တိတိ ရှိခဲ့ပေမယ့် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်စစ်တပ် က ဘုရားဝင်းအတွင်း တပ်စွဲခဲ့ကာ တံခါးရွက်များကို ဖြုတ်ပြီး ထင်းမီး စိုက်ခဲ့တာကြောင့် ယခုအခါမှာတော့ ၁ ချပ်သာ ကျန်ခဲ့ခြင်းဖြစ်ပါတယ်။
မင်းတုန်းမင်းကြီးဟာ သာသနာ့ ဒါယကာ မင်း အဖြစ် မိမိကိုယ်ကိုယ် သမုတ်လိုတဲ့အတွက်ကြောင့် ပိဋကတ်တော်တွေကို ကျောက် စာအထက်မှာ တင်ခဲ့ ခြင်းဖြစ်တယ်လို့ သမိုင်းဆရာတချို့က မှတ်ချက်ပေး ခဲ့သော်လည်း မင်းတုန်းမင်းပြုလုပ်ခဲ့တဲ့ ဒီကျောက်စာ တွေကြောင့် မြန်မာလူမျိုးများဟာ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်ရှိတဲ့ လူမျိုးအဖြစ် ကမ္ဘာကအသိအမှတ် ပြုခြင်းကို ခံခဲ့ရပါပြီ။ ဒီယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးစွာ တန်ဖိုးထား ထိန်းသိမ်းတတ်ဖို့ အတွက်တော့ မြန်မာလူမျိုးတွေမှာ ယဉ်ကျေးမှု စိတ် ဓာတ်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့စိတ်ဓာတ်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ။
ကိုးကား – လူထုဒေါ်အမာ (ကမ္ဘာ့အကြီးဆုံးစာအုပ်)