Health

မြီးကောင်ပေါက် အရွယ်နှင့် မျိုးဆက်ပွား ကျန်းမာရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေကို အကြမ်းဖျင်းအားဖြင့် အရွယ် ၃ ပိုင်းခွဲပြီး သတ်မှတ်ပါတယ်။ လူမှန်း သိတတ်စ အရွယ်ကနေ ဆယ်ကျော်သက် မြီးကောင်ပေါက် အထိ ပထမအရွယ်၊ ဆယ်ကျော်သက် အရွယ်ကနေ အနည်းငယ် တည်ငြိမ်စ ပြုလာပြီ ဆိုရမယ့် လူလတ်ပိုင်း အရွယ်၊ ဒီနောက်တော့ လောကရဲ့ အထုအထောင်း အစမ်းအသပ် အရိုက်အခတ်များနဲ့ နေသားကျချိန် တတိယ အရွယ်ဆိုပြီး အကြမ်းဖျင်းအားဖြင့် ခွဲခြားပြီးအရွယ် ၃ ပါး အလိုက် ကျန်းမာရေး အခြေခံဗဟုသုတ လေးတွေကို ဆွေးနွေးပြောပြ ချင်ပါတယ်။

မိန်းကလေးတွေဟာ ငယ်စဉ် ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ် အပိုင်းအခြားမှာ ကိုယ်ခန္ဓာ တည်ဆောက်ပုံရော၊ ဇီဝကမ္မ ဖြစ်စဉ်တွေမှာရော တဖြည်းဖြည်း ဖွံ့ဖြိုးပြောင်းလဲ လာကြပါတယ်။ ဒီ အပြောင်းအလဲ တွေဟာ ခန္ဓာကိုယ်ရဲ့ ဦးခေါင်းပိုင်း ထဲက ဦးနှောက်အတွင်းမှ ဟော်မုန်းများ အချိန်ကိုက် ထွက်ရှိလာမှုကြောင့် ဖြစ်ပါတယ်။ အဲဒါကိုလူတွေက“ကြီးကောင်ဝင်လာပြီ”လို့ ခေါ်ဝေါ် သမုတ်ကြရင်း မိန်းကလေးငယ်လေးဟာ ကလေးဘဝကနေ ဆယ်ကျော်သက် အရွယ်သို့ တစတစနဲ့ ချဉ်းနင်းဝင်ရောက် လို့ လာပါတော့တယ်။

မိန်းကလေးများရဲ့ ပြင်ပ ခန္ဓာကိုယ် ပြောင်းလဲမှုမှာ ရင်သား ဖွံ့ထွားလာတာတွေ၊ တင်ပါးလေး ဝိုင်းစွင့်ကား လာတာတွေ တွေ့မြင်နေရ သလို ကိုယ်ခန္ဓာ အတွင်းပိုင်း မိန်းမမျိုးပွား အင်္ဂါများဟာလည်း မ,ဟော်မုန်းများရဲ့ အချိုးညီညီ လှုံ့ဆော်မှုတွေ ကြောင့် တချိန်မှာ လူသားမျိုးနွယ်ဆက် ပြန့်ပွားရေး တာဝန် အတွက် စတင်ပြင်ဆင် ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာပါတယ်။

မိန်းကလေးတွေ  အပျိုဖော် ဝင်ပြီလို့ တိတိကျကျ ပြောနိုင်တဲ့ ဖြစ်ရပ်ကတော့ ဓမ္မတာသွေး စ,ပေါ်ခြင်း ပါပဲ။ အပျိုဖော် ဝင်ပြီလို့ ပြောနိုင်ဖို့ မိန်းကလေး အင်္ဂါဇာတ်မှ ရာသီသွေးဆင်းခြင်း ရှိရပါမယ်။ ပထမ ဆင်းစ ကာလတွေမှာ ပုံမှန် တလတခါ ဆင်းချင်မှ ဆင်း တတ်ပြီး တလဆင်းလိုက် နှစ်လလောက် ပျောက်လိုက်၊ တခါ ပြန်ဆင်းလိုက် သုံးလေးလ ပျောက်လိုက်လည်း ဖြစ်တတ်ပါ သေး တယ်။ ငယ်ရွယ်သေးပေမယ့် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးပြီး ဘာထူးခြားချက်မှ မရှိပါက အလွန်အမင်း စိုးရိမ်စရာ မလိုပါ။

ပုံမှန် ဟုတ်မဟုတ် ဆိုတာက ရာသီသွေး မဆင်းရခြင်း အကြောင်းရင်းတွေမှာ မူလ ရာသီ မဆင်းခြင်းနဲ့ ဒုတိယ အကြောင်းများ အရ ရာသီ မဆင်းခြင်းရယ် လို့ နှစ်ပိုင်း ခွဲနိုင်တဲ့ အနက် မူလရာသီသွေး မဆင်းခြင်း ကတော့ မိန်းကလေးအသက် အတန်ကြီးလာ သည့် တိုင်အောင် (ဥပမာ – အသက် ၁၈ ၊၂၀ အရွယ်ရောက်သည့် တိုင်အောင်) သူများတန်းတူ တခါမှ ရာသီ မဆင်းတာမျိုးကိုခေါ်ပြီး ဒါမျိုးမှာ အဖြစ်များတာကတော့ ဟော်မုန်းထွက်ရှိခြင်း ဆိုင်ရာချွတ်ယွင်းချက်များကြောင့် ပိုဖြစ်တတ် ပါတယ်။ တချို့ ရှားပါးစွာ တွေ့ရတာ ကတော့ မွေးရာပါ မျိုးပွားအင်္ဂါ ချွတ်ယွင်းချက်များ ပါလာလို့လည်း ဖြစ်နိုင်ပါတယ်။ အချို့မှာတော့ ရာသီတောင် မဆင်းရသေးဘဲ အနေအထိုင်မှားလို့ ကိုယ်ဝန် တန်းရှိသွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

မူလက ပုံမှန်ရာသီသွေး ဆင်းပြီးကာမှ အခြား အကြောင်းများကြောင့် ရာသီထိမ်သွားတာမျိုးကိုတော့ ဒုတိယ အကြောင်းများ ကြောင့် ရာသီမဆင်းခြင်း အနေနဲ့ တွေ့ ရတတ်ပါတယ်။ အလွန် များပြားစွာ တွေ့ရတတ်တဲ့ အကြောင်းတွေ အနက် အရေးကြီးဆုံး ဖြစ်တဲ့ အရွယ် မတိုင်မီ ကိုယ်ဝန် ဆောင်ရခြင်းကြောင့် ဟုတ် မဟုတ် ကိုတော့ အထူးအလေးပေး စစ်ဆေးရမှာ ပါ။ ဒါ မဟုတ်ဘူး ဆိုရင်တော့ အများဆုံး ဖြစ်တတ်တာက  မ,သားဥအိမ်မှ သားဥကြွေချိန် မမှန်သေးတာကြောင့်ရယ်၊ သားဥ ကြွေခြင်း မရှိတဲ့ ရာသီ ဆင်းခြင်းကြောင့်ရယ် ရာသီ ဆင်းချိန် မမှန် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရာသီသွေး စဆင်းပြီး တနှစ်ကျော်လောက် အထိ ကျောင်းသူအရွယ်လေးတွေမှာ လာလိုက် မလာလိုက် ဖြစ်တတ်ကြပါတယ်။ အချို့လည်း နှစ်နှစ်ကျော် အထိပုံမှန် မဆင်းတတ်ကြတာ ရှိပါတယ်။

အရေးကြီး တာကတော့ အညွန့်တလူလူနဲ့ အနာဂတ် ဘဝခရီးရှည် လျှောက်ဖို့ စတင်တဲ့ ဒီပထမ အရွယ်မှာ လင်ယူသားမွေး ကိစ္စတွေ ကြုံပြီး၊ ပန်းကောင်းအညွန့်ကျိုး မဖြစ်ရစေဖို့ အုပ်ထိန်းသူများအနေနဲ့ သတိပြုရမှာ ဖြစ်သလို ကာယကံရှင် သမီးလေးတွေ အနေ နဲ့လည်း ကိုယ့်ဘဝ ရေစုန်မမျောရအောင် တွေ့ရတတ်တဲ့ အန္တရာယ်တွေကို ရှောင်နိုင်ဖို့အတွက် ကိုယ်ခန္ဓာရဲ့ အခြေခံ ကျန်းမာရေး အချက်အလက် တွေကို မှန်မှန်ကန်ကန် သိဖို့ လိုပါတယ်။

ကောင်းပြီ..။ ဒါဆိုရင် ရာသီသွေးဆင်းတယ် ဆိုတာဘာလဲ၊ ဘာလို့ ဆင်းရတာလဲ၊ ရာသီမဆင်းရင် ကိုယ်ဝန် ရှိတာ ဖြစ်နိုင်တယ်လို့ ဘာကြောင့်ပြောတာလဲ၊ ကိုယ်ဝန်ဆိုတာ ဘယ်လိုနည်းနဲ့ ရှိနိုင်တာလဲ၊ မိန်းကလေးများဟာ ယောက်ျားလေးများနဲ့ ကွဲပြားစွာ ဘာကြောင့် ကိုယ်ဝန် ဆောင်ရတာလဲ၊ ဒါတွေကို အကြမ်းမျှ သိထားရမှာပါ။

စောစောက ပြောခဲ့သလို မိန်းကလေးများမှာ အရွယ်ရောက်ခါနီးပြီ ဆိုရင် ကိုယ်ခန္ဓာ အစိတ်အပိုင်းများမှ ဟော်မုန်းများ ထွက်ပြီး မမျိုးဥ အိမ်လေးများထဲမှ သားဥလေးတွေ ရင့်မှည့်လာ ပါတယ်။ ထို့အတူပဲ သားအိမ် နံရံအမြှေးလေးတွေမှာ အပေါ်ယံနှစ်လွှာက သွေးကြော၊ ပြန်ရည်ကြော လေးများ ပြည့်ဝနေတဲ့ အလွှာများ အဖြစ် ထူထဲမြင့်တက်လာ ပါတယ်။

မိန်းကလေးများရဲ့ ကိုယ်ခန္ဓာ အောက်ပိုင်း ဝမ်းဗိုက်အတွင်း ဆီးစပ်နားမှာ အလယ်က သားအိမ်လေးတခုနဲ့ သူ့ဘေးမှာ တွဲလျက် သားဥပြွန် ၂ ခု ပါရှိပါတယ်။ အဲဒီသားဥပြွန်လေးတွေ အဆုံး တဖက်မှာ သားဥအိမ် လေးတခုစီ တည်ရှိပါတယ်။

အဲဒီ သားဥအိမ်လေးတွေထဲက သားဥလေးတွေ ကြွေကျလာတဲ့အခါ သားဥပြွန်လေးတွေ အဆုံးမှာ ရှိတဲ့ အမျှင်လေးတွေက မသား ဥလေးကို လက်တံများ သဖွယ် ဖမ်းယူဆွဲခေါ်ပြီး မ,သားဥလေးဟာ သားဥပြွန် တလျှောက် ရွေ့လျားကာ သားအိမ်ထဲ ရောက်ရပါတယ်။ အဲဒီလို ရွေ့လျားချိန်ဟာ ပျမ်းမျှ နှစ်ရက်မှ သုံးရက်ကျော် ကြာတတ်ပါတယ်။ အဲဒီနောက်တော့ မ,သားဥလေးဟာ သားအိမ် ထဲရောက် သွားကာ ထိုမှတဆင့် ထူထဲနေတဲ့ သားအိမ်နံရံ အလွှာများနဲ့ တကွ ကိုယ်ခန္ဓာ အပြင်သို့ လျှောကျ ပျက်စီးသွားရ ပါတယ်။ သားအိမ်နံရံမှ သွေးကြောလေးများစွာ ပါရှိနေတဲ့ အလွှာတွေ ကွာကျတာမို့ မိန်းမကိုယ် အဝကနေ သွေးများ ဆင်းသကဲ့သို့ ဖြစ်ပြီး အဲဒါကို ရာသီဆင်းတယ်လို့ ခေါ်ကြတာပါပဲ။ ဒါက မသားဥလေးဟာ ဖိုသုက်ပိုးနဲ့ မတွေ့ရတဲ့ အတွက် သန္ဓေ မအောင်ဘဲ သက်တမ်းစေ့ပြီး လျှောကျတာကို ပြောတာပါ။

အကယ်၍ မသားဥလေးဟာ ဖိုသုက်ပိုးနဲ့ တွေ့ပြီး ပေါင်းစပ် သန္ဓေ အောင်သွားခဲ့ရင် သန္ဓေ အောင်ပြီးတဲ့ သားဥလေးဟာ သားအိမ်  နံရံမှာ ထူထဲစွာ မြင့်တက် နေတဲ့ အလွှာလေးတွေထဲက သွေးကြောပြန်ရည် ဂလင်းများ အာဟာရများ အထောက်အပံ့နဲ့ ဆက် လက် ရှင်သန် ကြီးထွားတော့မှာမို့ သားအိမ်နံရံက အလွှာတွေ မကွာကျဘဲ ရာသီသွေး အဖြစ်လည်း မဆင်းနိုင်တော့ပါဘူး။

ဒါကြောင့် ရာသီသွေး မဆင်းရခြင်း အကြောင်းရင်းများ အနက် ကိုယ်ဝန် တည်သွားလို့လား ဆိုတာ မဖြစ်မနေ စစ်ဆေးကြည့် ရမှာပါ။ ဒါကိုတော့ ရာသီရက် လွန်ပြီး တပတ်၊ နှစ်ပတ်လောက်မှာပဲ ဆီးစစ်တံနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။

သားအိမ်နံရံကို သန္ဓေအောင်ပြီး သားဥလေး စတင်ထိုးဖောက် ခြေကုပ်ယူချိန်က စလို့ ကလေးအချင်း မဖြစ်ပေါ်မီ သုံးလခန့်လောက် အတွင်းမှာ အဲဒီ ဆီးစစ်တံနဲ့ စစ်ဆေးသိရှိနိုင် ပါတယ်။ ဒါက ရာသီမဆင်းဘဲ ကိုယ်ဝန်ရှိသွားတဲ့ အခြေအနေပါ။

မသားဥလေး ကြွေပြီး သားဥပြွန်တွင်းမှာ ရွေ့လျားနေချိန်မှာ အပျိုလေး တယောက်အနေနဲ့ အနေအထိုင် ပိရိ၊ စည်းကမ်းရှိ ရပါတယ်။ ဒီအချိန်မှာ ဆန့်ကျင်ဘက်လိင်နဲ့ မှားယွင်းမိတာနဲ့ တပြိုင်နက် လိင်ဆက်ဆံရာက တဆင့် ဖိုသုက်ပိုးတွေဟာ မိန်းမ ကိုယ် အဝကနေ လာနိုင်ပြီး သားဥပြွန်တလျှောက် သက်တမ်း မကုန်သေးတဲ့ မသားဥ (သို့) ကြွေကျလာမယ့် မသားဥနဲ့ တွေ့ဆုံ သန္ဓေအောင်ပြီး ကိုယ်ဝန်အဖြစ် ဆက်လက်တည်ရှိ သွားနိုင် ပါတယ်။ အချိန် မတန်မီ ကိုယ်ဝန်ရှိသွားမယ့် အန္တရာယ်ဟာ မိန်းကလေး ငယ်ငယ် အတွက်တော့ ဘဝ ရေစုန်မျောရမယ့် အန္တရာယ်ပါပဲ။

ဒါနဲ့ တဆက်တည်း လိင်ဆက်ဆံဖော် ယောက်ျားမှာ ရှိနိုင်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ ကြွက်နို့တမျိုး ကနေ တဆင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်မယ့် အန္တရာယ်တွေ၊ အသည်းရောင် ရောဂါတွေ၊ အခြား ကူးစက်ရောဂါတွေ စသဖြင့် ရောဂါ အမွေဆိုးတွေ ကူးစက်ခံရရင်လည်း တသက်လုံး အဖတ်ဆယ်လို့ မရအောင် ပျက်စီး နွမ်းကြေရတော့ မှာပါ။ မိမိကိုယ်တိုင် ရော မွေးလာမယ့် မျိုးဆက် ရင်သွေးတွေမှာပါ ဆက်တိုက် အမွေဆိုးကို ခံစားရစေမှာ ဖြစ်တယ်။

ဒါတွေဟာ တချက်လေး မှားလိုက်ရုံနဲ့ အခုခေတ်မှာ လွယ်ကူမိုက်ကန်းစွာ သန္ဓေသားကို ဘယ်လောက်ပဲ ဖျက်ချနိုင်တယ် ပြောပြော၊ နောက်ဆက်တွဲ ဆက်လက်ခံစားရမယ့် အန္တရာယ်တွေပါ။ လတ်တလော အပျိုလေးလို ဟန်မပျက် ပြန်နေနိုင်ပေမယ့် နောင် တချိန် လင်ကောင်းသားကောင်းနဲ့ ဘဝထူထောင် တော့မယ် ဆိုတဲ့ အခါ ဒဏ်ရာတွေနဲ့ မျိုးပွားလမ်းကြောင်းက အကောင်းပကတိ မဖြစ်တော့ဘဲ လူသူမသိအောင် အိမ်ထောင်ရေး ပြဿနာတွေ ကြုံရနိုင်တာ၊ ကလေး မရနိုင်တော့တာ၊ သားအိမ်ပြင်ပ သန္ဓေ တည်ပြီး အသက်ရန်ရှာနိုင်တာ၊ နောက်ဆုံး တသက်လုံး ကိုယ့်လိပ်ပြာ ကိုယ်မလုံတာ၊ စသဖြင့် နောက်ဆက်တွဲ ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ အများကြီးပါ။ သံသရာမှာလည်း ဘယ်သူ သိသိ မသိသိ၊ ကိုယ့်ကိုယ်ကိုယ် သိပြီး လူသတ်ခြင်း အကုသိုလ်အရိပ်မည်းက တဘဝလုံး ခြောက်လှန့်နေမှာပါ။

တကယ်တော့ ဒီဆယ်ကျော်သက် အရွယ် ဆိုတာ သဘာဝ ဇီဝကမ္မ ဖြစ်စဉ် အလျောက် ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်း အလဲ တွေ ကြောင့် စိတ်ကစားတတ်၊ စိတ်ယိုင်လွယ် တတ်ကြတဲ့ အရွယ်ကလေးတွေမို့ ရှေ့ဆက် လျှောက်ရမယ့် ကိုယ့်ဘဝ တသက် တာ အတွက်  ပြန်မတက်နိုင်တော့မယ့် ဘဝချောက်ကမ်းပါးထဲ စုံးစုံးနစ်မြုပ် ကျဆုံး မသွားစေဖို့ ကိုယ့်ကိုယ်ခန္ဓာမှာ ဘာတွေ ဖြစ် လာနိုင်သလဲ၊ ကိုယ့် အတွက် အန္တရာယ်က ဘာတွေလဲ ဆိုတာ အရေးကြီးဆုံး အခြေခံ အသိတရား၊ သတိတရား လေးတွေနဲ့ အားယူလှမ်းတက်ရမယ့် အချိန် ဖြစ်တယ် ဆိုတာ သတိပေး ပြောကြားချင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading