ပြီးခဲ့တဲ့တပတ်က စိတ်ဉာဏ်ရည် မြင့်မားစေဖို့အတွက် ကလေးများကို ငယ်စဉ်ကတည်းက သင်ကြားစောင့်ရှောက်ဖို့ လိုတယ် ဆို တဲ့ အကြောင်း ကျမ တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒီတပတ်မှာတော့ သားယောက်ျားလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်မှုစွမ်းရည် မြင့်မားစေဖို့အတွက် မိဘများအနေနဲ့ ဘယ် လို ထိန်းသိမ်းပြုစု စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အကြောင်းကို ကျမ တင်ပြ ဆွေးနွေး ချင်ပါတယ်။
ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို မှန်ကန်စွာနဲ့ ထိန်းသိမ်းနိုင်မှုရှိခြင်းဆိုတဲ့ စွမ်းရည်ဟာ လူတဦးချင်းစီ အတွက်ရော၊ လူမှုအဖွဲ့အစည်း အတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်တခုပါ။ ဒီစွမ်းရည်လေးကို ရရှိစေဖို့အတွက် နောင်တချိန်မှာ လူကြီးဖြစ်လာမယ့် ကလေးတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်။
မပြောသင့် မပြောအပ်တဲ့ အရာကို မပြောဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ ကိုယ့်ရဲ့ လောဘ ဒေါသ စတာတွေကို ပတ်ဝန်းကျင်ကို ရိုက် ခတ်စေတဲ့အထိ မပေါက်ကွဲမိစေဖို့ စတာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဟိုးငယ်စဉ် ကလေးဘဝကတည်းကိုက မိဘ ဆရာများက ကလေးတို့ကို သင်ကြားပေးကြရမှာပါ။
သင်ကြားပေးတဲ့ နေရာမှာလည်း နည်းလမ်း မှန်ကန်ဖို့လိုပါတယ်။ ကျမတို့ရဲ့ မြန်မာ လူမှုအသိုင်းအဝိုင်းမှာ တော်တော်များများ လက်ခံထားတဲ့ အယူအဆတခု ရှိပါတယ်။ ဒါကတော့ ယောက်ျားလေး မငိုရဘူး ဆိုတဲ့အယူအဆပါ။ ယောက်ျားလေး ကလေး ငယ် ငယ်လေးတွေကို မိဘများက “မင်း ယောက်ျား မဟုတ်ဘူးလား။ မငိုနဲ့” ဆိုပြီး တားမြစ်တတ်ကြပါတယ်။ အမှန်တော့ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့ တားမြစ်ချက် တခုပါပဲ။ ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ အားငယ်မှု၊ ကြောက်ရွံ့မှု စတာတွေ အားလုံးဟာ လူသားရဲ့ ခံစားချက်များပေမို့ ယောက်ျားလေးမှာရော၊ မိန်းကလေးမှာပါ အတူတူပါပဲ။ ယောက်ျားလေး မငိုရဘူးလို့ တားမြစ်လိုက် တဲ့အတွက် ယောက်ျား လေးများမှာ သူတို့ရဲ့ ဝမ်းနည်းမှုကို ငိုကြွေးခြင်းနဲ့ ဖြေသိမ့်လို့ မရရှာတော့ပါဘူး။ ငါ ယောက်ျားပဲ၊ ငါ ဝမ်း မနည်းဘူး ဆိုပြီးတော့ ကိုယ့်ရဲ့ ခံစားချက်ကို ကိုယ့်ဘာသာ လိမ်ညာတတ်လာပါတယ်။ ဒီလို ခံစားချက်ကို လိမ်ညာခြင်းကနေ တဆင့် ကိုယ်ဒေါသ ထွက်နေရင်တောင်မှ ကိုယ့်ဘာသာကိုယ် ဒေါသ ထွက်နေမှန်း မသိလိုက်ဘဲ စိတ်နောက်ကိုယ်ပါ လုပ်တတ် တဲ့ အပြုအမူတွေ ဖြစ်လာကြတာပါပဲ။
တချို့ ပြောတတ်ကြပါတယ်။ မျက်လုံးထဲမှာ ရုတ်တရက် ဘာမှမမြင်တော့ဘူး ဖြစ်သွားတယ်။ ဒါကြောင့်မို့ လုပ်လိုက်မိတယ် ဆို တာ မျိုးပါ။ ဒါဟာ ကိုယ့်ကိုယ့်ကိုယ် အတွက်ရော ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံ အတွက်ပါ အင်မတန်မှ အန္တရာယ်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုပါ။ အထူးသဖြင့် ရာထူးကြီးကြီး ယူထားတဲ့ လူတွေ၊ လုပ်ပိုင်ခွင့် များများရထားတဲ့ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှု စွမ်းရည်က ပိုပြီးတော့ လိုအပ်လှပါတယ်။
အမှန်တော့ မိန်းကလေးနဲ့ ယောက်ျားလေးမှာ ကျမတို့ထင်ထားသလိုမျိုး မိန်းကလေးက ယောက်ျား လေးထက် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားခံစားမှုစွမ်းရည် မပိုပါဘူး။ တကယ်တော့ ယောက်ျားလေးများဟာ မိန်းကလေးများထက် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှား ခံစားမှုစွမ်းရည် ပိုပြင်းထန်ကြပါတယ်။ ယောက်ျား လေးများက မိန်းကလေးများထက် ပိုခံစားနိုင်၊ ပို ဝမ်းနည်းနိုင်၊ ပိုဒေါသထွက်နိုင်၊ ပိုပြီးတော့ နာကျင် နိုင်ကြတာပါ။ ဘာကြောင့်များ မိန်းကလေးများက ပိုပြီးတော့ ခံစားနိုင်တယ်လို့ ပတ်ဝန်းကျင်မှာ ထင်ရ သလဲ ဆိုရင်ဖြင့် ခံစားမှုကို ထုတ်ဖော်ပြတဲ့နေရာမှာ သဘာဝချင်း ကွာခြားသွားလို့ပါပဲ။
မိန်းကလေးများက သူတို့ ဝမ်းနည်းရင်၊ ဒေါသ ထွက်ရင် သူတို့ ယုံကြည်စိတ်ချရတဲ့လူ (မိဘ၊ သူငယ်ချင်း) စတဲ့လူတွေဆီကို သွားပြီး တော့ ရင်ဖွင့် တတ်ကြပါတယ်။ ယောက်ျားလေးများကတော့ အဲဒီလိုမျိုး ပြောဆို ရင်ဖွင့်တာမျိုး မရှိကြပါဘူး။ သူတို့ ဝမ်းနည်း ရင်ပဲ ဖြစ်ဖြစ်၊ ဒေါသထွက်ရင်ပဲ ဖြစ်ဖြစ် စိတ်လှုပ်ရှား ခံစားရတဲ့ အခါမျိုးမှာ ကားလျှောက် မောင်းပစ်တာမျိုး၊ ဘောလုံးကန်တာမျိုး၊ လမ်းလျှောက် ပစ်လိုက်တာမျိုးနဲ့ ဖြေသိမ့်တတ်ကြပါတယ်။
မိဘများအနေနဲ့ ကလေးတို့ ဝမ်းနည်းတဲ့အခါ၊ ဒေါသထွက်တဲ့ အခါမျိုးတွေမှာ သူတို့ ခံစားနေရတဲ့ ဝမ်းနည်းမှု၊ ဒေါသ စတာတွေကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အနည်းဆုံး ဘာမှ မပြောတတ်ရင်တောင်မှ ကလေးကိုထွေးပွေ့ဖက်ထားမယ် ဆိုရင်ဖြင့် သူတို့ရဲ့ စိတ်ဆိုး ဒေါသထွက်မှု၊ ဝမ်းနည်းမှုတို့ ပြေပျောက်သွားနိုင်ပါတယ်။
သူတို့ ဖြစ်လာတဲ့ ပြဿနာ၊ သူတို့ခံစားရတဲ့ ခံစားချက်တွေကို ပြောပြတဲ့အခါမျိုးမှာလည်း ကလေး တို့ကို အပြစ်မတင်ဘဲ ကိုယ်ချင်း စာစိတ်နဲ့ ငြိမ်ငြိမ် သက်သက် နားထောင်ပေးဖို့ လိုပါတယ်။ ပြီးရင်တော့ ဘာကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာကို အပြစ်တင် ဝေ ဖန်တာ မပါဘဲနဲ့ သူတို့လေးတွေနဲ့ အတူတူ ကူညီ စဉ်းစားပေး ရပါမယ်။
ဒါဆိုရင်ဖြင့် ကိုယ့်ရဲ့ စိတ်လှုပ်ရှား ခံစားမှုကို သိတဲ့၊ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ စိတ်ဉာဏ်ရည်မြင့်တဲ့ ကလေးတွေ ဖြစ်လာကြမှာအမှန် ပါပဲ။ လူ့လောကမှာ လူတိုင်း လူတိုင်းဟာ ဒေါသနဲ့ မကင်းပါဘူး။ ဝမ်းလည်း နည်းတတ်ကြပါတယ်။ စိတ်ဆိုးတယ်၊ ဒေါသထွက် တယ်၊ ဝမ်းနည်းတယ်၊ ကြောက်တယ်ဆိုတာ လူ့စိတ်အခြေခံမှာကိုက ပါလာတဲ့ အရာတွေပါ။ ဒါပေမယ့် ဒီစိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို အဆုံး စွန့်လွှတ်ပေးလိုက်တဲ့အထိ မဖြစ်စေဖို့ ဆိုတာကတော့ တဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်နဲ့ ဆိုင်ပါတယ်။
စိတ်ဉာဏ်ရည် မြင့်မားသူများဟာ လူတဖက်သားကိုလည်း ကိုယ်ချင်းစာတရား မြင့်မားတတ်ကြ ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုကို ကိုယ်သိသလို၊ လူ အများရဲ့ စိတ်ခံစားမှုကိုလည်း နားလည်ခံစားသိမြင် နိုင်စွမ်းရှိတာမို့ လူ့လောကအတွက်၊ လူ့အသိုင်းဝိုင်း အတွက် အင်မတန်မှ အဖိုးတန်တဲ့ လူမျိုးတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့်မို့ တချိန်မှာ နိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်ကြရမယ့် သားယောက်ျားလေးများကို စိတ်ဉာဏ်ရည် မြင့်မားတဲ့ ယောက်ျားကောင်းများ ဖြစ်စေဖို့အတွက် မိဘ ဆရာများအနေနဲ့ ငယ်စဉ် ကတည်းက ကလေးတို့ကို လေ့ကျင့်ပေးကြပါဦးလို့ အကြံပြုလိုက်ပါတယ်။ ။