ဈေးချိုဆိုတာ မန္တလေးရဲ့ အသည်းနှလုံးဖြစ်ပါတယ်။ ဈေးချိူရဲ့ စီးပွားအတက်အကျဟာ မန္တလေးရဲ့ စီးပွားအတက်အကျပါ။ ဈေးချိုရဲ့ စီးပွားအတိုးအဆုတ်ဟာ မန္တလေးရဲ့ စီးပွားအတိုးအဆုတ်ပါ။ ဈေးချိုဆိုတာ မန္တလေးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဒါးတိုင်ပဲ ဆိုပါစို့…။
ဈေးချိုဒိုင်ယာရီကို ပြန်လှန်ကြည့်ရအောင် –
ဈေးချိုအစ ဈေးကြိုက
မင်းတုန်းမင်းဟာ မန္တလေး ရတနာပုံမြို့သစ် တည်ထောင်ဖို့ ၁၂၁၈ (၁၈၅၆) ခုနှစ်မှာ အမိန့်တော် ချမှတ်ခဲ့တယ်။ အငြင်းအခုံ၊ အတိုက်အခံတွေကြားက မြို့သစ်နန်းသစ် တည်ခဲ့ရတာပါ။ မြို့တည်ကတည်း က “ဈေးချို”ကို တည်ဆောက်ခဲ့ပုံရပါတယ်။ မန္တလေး မြို့သစ်ရဲ့ ပန္နက်ပုံဟာ အမရပူရ မြို့ဟောင်းက ရပ်ကွက်တွေ၊ ဥယျာဉ်တွေ၊ တံခါးတွေကို အခြေတည် လေတော့ အမရပူရမှာလည်း ဈေးချိုဆိုတာ ရှိခဲ့တယ်မဟုတ်လား။ အမရပူရ လမ်းငါးခွရဲ့ အနောက်ဘက်ဟာ ဈေးချိုအရပ်ပါပဲ။
ရှေးကတော့ ဈေးချို မဟုတ်ပါဘူး။ “ဈေးကြို” လို့ ခေါ်ပါသတဲ့။ ၁၇၈၃ ခုနှစ်မှာ နေပြည်တော်ကို အင်းဝကနေ အမရပူရ ပြောင်း ခဲ့သေးတော့ အင်းဝ မှာလည်း “ဈေးကြို”အမည်နဲ့ အရပ်ရှိခဲ့ဖူးပါတယ်။
မန္တလေးမြို့နဲ့ဆိုင်တဲ့ ရှေးမြေပုံတွေနဲ့ပတ်သက်ပြီး မန္တလေးမြို့ မတည်မီအချိန်က “ဈေးကြိုတော်ပုံ ဘုရား”ဆိုတဲ့ ၄၃_၇၈ အရွယ် ပုရပိုက်ကို ပညာရှင်တွေက လေ့လာဖူးသတဲ့။ ဒီပုရပိုက်ဟာ အင်းဝမြို့ ဘကြီးတော်လက်ထက် (သို့မဟုတ်) အမရပူရမြို့က ဈေးကြိုပုံ ဖြစ်ဟန်ရှိတယ်လို့ ကောက်ချက်ချကြပါ တယ်။
ရှေးတုန်းက မန္တလေးဈေးကြိုဟာ အခု ငါးပိတန်း လက်ကျား နေရာမှာပါ။ မန္တလေးမြို့ မြေပုံမှာ “ဈေးကြို” နေရာကို ပြထားပါတယ်။ “ဈေးကြို”ကြီးရဲ့ အလယ်ဗဟိုမှာ ဈေးရုံတွေ၊ ဥယျာဉ်တွေ ရှိခဲ့ ဖူးသတဲ့။ သင်္ကန်းတန်း၊ ပဲပုပ်တန်းနဲ့ ဈေးကြိုကို ကူးတဲ့ တံတားဟာ “သံတံတား” ဖြစ်ပြီး အဲဒီတံတားပေါ်မှာ ငါးသည်၊ ဝက်သားသည်တွေ ရှိသတဲ့။ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပြီးတဲ့ နောက် “ဈေးကြို” ကို “မူလာအီစမန်” ဆိုတဲ့ ဝန်မင်းက အခွန်ကောက်ရလို့ ကုလားဝန်မင်းဈေး၊ မူလာအီစမန်ဈေးလို့လည်း ခေါ်ခဲ့ကြ ပါသေးတယ်။
တကယ်တော့ ဧရာဝတီမြစ်လမ်း အပါအဝင် ရှမ်းပြည်နယ်က နွားဝန်တင်လမ်း၊ လှည်းလမ်းတွေက တဆင့် ရွှေမြို့တော်ကို ရောက် လာတဲ့ ကုန်တွေဟာ “ဈေးကြို”အရပ်မှာ စုဝေးရောက်ရှိလာကြပြီး ရောင်းဝယ် ဖလှယ်ကြဖို့ စောင့်ကြိုနားခိုကြရာက “ဈေးကြို” ဆိုပြီး ဖြစ်လာပုံပါ။
ပြီးတော့ အဲဒီအချိန်က “ဈေးကြိုအရပ်” ရဲ့ အနေအထားကိုတော့ ခရစ်နှစ် ၁၈၇၂ ခု၊ ဇွန်လ ၁၄ ရက်ထုတ် “မြန်မာ သတင်းစာ” မှာတော့…
“မြန်မာ သတင်းစာဆရာကို ပေးရန်စာ”
“ကြားရောက်လိုက်ပါသည်။ မြန်မာ သတင်းစာ ဆရာခင်ဗျား။ မန္တလေး ရွှေမြို့တော်က ပြန်လည်သည့် မိတ်ဆွေတို့ ပြောဆိုသံ ကြားရသည်မှာ ရတနာပုံ နေပြည်တော် မန္တလေးမြို့ “နေပူဖုန်ထ၊ မိုဃ်းကျ ရွှံ့ပေါက်၊ လမ်းလျှောက်ခက်ခဲ၊ လဲလုခလို၊ ဈေးကြိုနွံ ပြည့်၊ မှန်၏မချွတ်၊ သွားစမ်းလတ်လော့”ဟု ပြောဆို သည်ကို အတန်တန်ကြားရသော်လည်း …”
ကျောက်စီပေတရာ ရန်ကုန်သား
(မူရင်းသတ်ပုံအတိုင်း) လို့ “ဈေးကြို” အရပ်ရဲ့ အနေအထားကို ဖော်ပြထားပါတယ်။
အုတ်တော်က ပေးစေဘုရား
မြန်မာသက္ကရာဇ် ၁၂၃၈ ခု ပြာသိုလဆန်း ၁၄ ရက် ၂၈-၁-၁၈၇၆ ည၊ ရွှေနန်းတော်ကြမ်းပြင်မှာ ဈေးချိုတော်အတွက် အုတ် ၁၄ ဖို ဖုတ်ရန် အမိန့် တော် ခံပါတယ်။
“ဘုန်းတော်ဖြစ် ဗိုလ်ကြီးကြပ် ထုတ်လုပ်မည့် အုတ်တော်က ပေးစေဘုရား၊ အမိန့်တော်မြတ်ကို ဦးထိပ်ထက်ဆင် ရွက်ရမည်ကို ရွှေတိုက်အတွင်းဝန် တောင်ခွင်မြို့စား၊ ရွှေပြည်ဝန် ဝက်မစွက်မြို့စားမင်း တို့ရှေ့ ဈေးချိုတော်အသစ် ဖြည့်သွင်းလုပ်ဆောင် ကုန်ဝယ်ရန်စာချုပ်” ဆိုတဲ့ ပုရပိုဒ်အရ ကုန်ကျငွေ တွေ တောင်းခံပြီး ဈေးချိုတော်ကြီးကို ပြုပြင်တည်ဆောက်ပါသည်။
ဈေးချိုနဲ့ မီး
၁၉၀ဝ ပြည့်နှစ် ဧပြီ ၇ ရက် နေ့ထုတ် ဟံသာဝတီ သတင်းစာရဲ့ မန္တလေး သတင်းစာမှာ “မီးသင့်လောင်ခြင်း” ခေါင်းစဉ်နဲ့ မန္တလေး ဈေးချို မီးသင့်ပုံကို သတင်းပေးထားပါတယ်။
တခါ ၁၉၀၂ ခု ဧပြီ ၁၂ ရက် (၁၂၆၄ ခု၊ တန်ခူးလဆန်း ၅ ရက်) မှာလည်း သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ ဈေးချိုတော်ကြီး မီးသင့်လောင် ပြန်ပါတယ်။ ဒီနောက် မန္တလေးသူ မန္တလေးသားတွေ နဲ့ အများကြီး ရင်းနှီးခဲ့ရတဲ့ရုံကြီး ၁၂ ရုံနဲ့ အုတ်ကာ သွပ်မိုး ဈေးချိုကြီးကို အီတာလျှံမင်းသား ဗိသုကာ ကောင့်ကာလာကတီက ၁၂၆၅ ခု ဝါခေါင်လဆုတ် ၄ ရက်နေ့မှာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အရပ်ရပ် ကုန်ကျငွေ ၇၂၃çဝဝဝ ကျပ် ကုန်ကျပါတယ်။
အဲဒီလို အုတ်တိုက် ဈေးချိုရုံကြီးတွေ တည်ဆောက်တော့ အစိုးရဆီက ချေးငွေတွေ ပြန်ဆပ်ဖို့နဲ့ ပတ်သက်ပြီး ဈေးချိုဆိုင်ခန်းပိုင်ရှင် တွေနဲ့ မြူနီစီပယ် တို့အကြား အခွန်အတုတ်ကိစ္စ တခုရှိတယ်။ “ဆလာမီ” လို့ ခေါ်တယ်။ ဒီစကားရပ်ကို ၁၃၀၇ ခု တပို့တွဲ လပြည့် ကျော် ၇ ရက် စနေနေ့ထုတ်၊ မန္တလေး နဂါးနီ စာစောင်မှာ ရှင်းလင်းပြထားပါသည်။
ဆလာမီ ဘာလဲ
ဘယ်လိုရှင်းပြထားသလဲဆိုရင်..
“ဆလာမီဆိုသော စကားမှာ စူလတီကုမ္ပဏီတို့ ကို ရန်ကုန်မြူနီစီပယ်အပေါ်တွင် တရားစွဲဆိုသည့် အတွက် ဆုံးဖြတ်သည်မှာ မြေယာဆိုင်ရာ နေရာ တစုံတခု ကိုယ်ပိုင်ဆိုင်ခွင့် ရရှိခြင်းကို ဆလာမီဆို သည့် ငှားရမ်းခဖြစ်ကြောင်း ၁၈၉၉ ခုနှစ်၊ တရားမ သေးမှု နံပါတ် ၂၅၂၀ အရ၊ ဆလာမီ ဆိုသောစကား ပေါ်လာသည်။ အချုပ် လူတိုင်းနားလည်ရန်မှာ မိမိ ဆိုင်ထွက်သော နေရာကို မိမိတစ်ဦးတည်းသာ ပိုင်ဆိုင်ခွင့်ကို ဆိုလိုသည်။
ဆိုင်ခွန်နှင့် မဆိုင်၊ ရှေးကလူများမှာ ဆိုင်ခွန် တခြား၊ ဆလာမီတခြား ပေးရသည်။
“မြူနီစီပယ် လက်စွဲ စာမျက်နှာ (၅၂)ကြည့်”
ဆက်ပြီး မန္တလေးနဂါးနီမှာ ရေးထားတာက-
“ဈေးချိုတော်ကြီးကို ဆောက်လုပ်ရန် ချေးငှား ကုန်ကျသော စရိတ်များကို ဆိုင်ထွက်သော သူများ အပေါ်တွင် ဈေးချိုတော်ကြီး ဆောက်လုပ် ကုန်ကျ သည်။
၁၈၉၈ ခုနှစ်က မြူနီစီပယ်မှာ ရှေးအခါက အမှုဆောင်အရာရှိဟု သီးသန့်မရှိပါ။ အင်ဂျင်နီယာ အလုပ်အမှုဆောင် အရာရှိကြီး အလုပ်ပါ ၂ လုပ် တွဲလုပ်သည်။ လခမှာ ၁ လလျှင် ၇၀ဝ ကျပ်သာ ပေးရသည်။
ရှေးအင်္ဂလိပ်လက်ထက် အမှုဆောင်အရာရှိကြီး လခ ၁၂၀ဝိ/- ။ အင်ဂျင်နီယာလခ ၁၀ဝဝိ/- ။ စုစုပေါင်း ၂၂၀ဝိ/- ကုန်သည်။
ဈေးချိုတော်ကြီးဆောက်လုပ်ရာတွင် ကုန်ကျ သော ငွေမှာ ၇၂၃၀ဝဝိ/- ကျပ် ကုန်သည်။
၁၃၀၂ ခုနှစ်အထိ ဆိုလျှင် ၄၇ နှစ်ရှိ ဆလာမီ အတွက် ပေးရသောငွေကို ပေါင်းကြည့်လျှင် ဈေးချို တော်ဆောက် ကုန်ကျသော ငွေပြေလျှင် ဆလာမီ ပေးရန် လိုသေးသလား” လို့ရေးသားထားပါတယ်။
သက်ဆိုင်ရာ မြူနီစီပယ်ကလည်း နယ်နိမိတ် အတွင်းရှိ ဈေးတွေမှာ မြူနီစီပယ်ဘိုင်လောကို ထုတ် ပြန်ပါတယ်။
အသစ်ဆောက်လုပ်ပြီးတဲ့အခါ ဈေးချိုတော်မှာ ရှိတဲ့ ဆိုင်ရှင်ဟောင်းနဲ့ ဆိုင်ရှင်သစ်တွေ လိုက်နာဖို့ မြို့နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ မေဂျာ ကနေဒီက မန္တလေးမြူနီစီပယ် ဈေးများအတွင်းရှိ ဆိုင်နေရာများ ချထားရန်အတွက်ဆိုကာ ဥပဒေအမိန့်တွေ ထုတ်သေးတယ်။
(ဆက်လက်ဖော်ပြပါမည်)