နုမျစ် လန်းဆန်းတဲ့ မြီးကောင်ပေါက် အရွယ်နဲ့ တည်ငြိမ် ရင့်ကျက်တဲ့ အရွယ်လတ် အချိန်တွေကို ဖြတ်သန်းပြီး ရင်တော့ ဘဝရဲ့ တတိယ အရွယ်ကို ရောက်လာပါပြီ။ အမျိုးသမီး အများစုဟာ သူတို့ရဲ့ အသက်ကြီးပိုင်း တတိယ အရွယ်အတွက် ယေဘုယျ တွေးကြောက်ကြတဲ့ ကျန်းမာရေး ပြဿနာတခုက “သွေးဆုံးကိုင်တယ်” ဆိုတာကို ပါပဲ။ တကယ်တော့ သွေးဆုံးကိုင်တယ် ဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။
မိန်းမတွေဟာ အများအားဖြင့် ဆယ်ကျော်သက် အရွယ် ရာသီသွေးစပေါ် ကတည်းက ရာသီသွေး ဆင်းလာ တာဟာ ယေဘုယျအားဖြင့် အသက် လေးဆယ်ကျော် ငါးဆယ်လောက်မှာ ရာသီ မဆင်း ကြတော့ပါဘူး။ ဒါကို သွေးဆုံးတယ် လို့ ခေါ်ကြတာပါ။
ဒါပေမယ့် ဓမ္မတာသွေး တလ နှစ်လ ရပ်သွားရုံ နဲ့ သွေးဆုံးပြီလို့ ပြောလို့ မရပါဘူး။ ဘယ်အချိန်မှာ သွေးဆုံးတယ် ခေါ် သလဲဆိုတော့ “ပုံမှန် ဆင်းနေကျ ရာသီလာခြင်း တနှစ်ရပ်သွားမှ” သွေးဆုံးတယ် ခေါ်ပါတယ်။ ဒါ အရေးကြီး ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အချို့လေးငါးလ (အချို့ ၈ လ) လောက် ရာသီ မဆင်းတော့ ပေမယ့် တနှစ် မပြည့်ခင် ရာသီ ပုံမှန် ပြန်ဆင်းတာဟာ သွေးဆုံးတာ မဟုတ်ပါဘူး။ အဲ … ဒါပေမယ့် တနှစ်လောက် မဆင်းတော့ဘဲ ရပ်နေရာက တနှစ်ကျော်မှ မိန်းမကိုယ်ကနေ သွေးပြန်ဆင်းရင်တော့ အရေးကြီး ပါတယ်။ ကင်ဆာတွေ ဟုတ်မဟုတ် စစ်ဆေး သင့်ပါတယ်။ ယေဘုယျအားဖြင့် သွေးဆုံး ပြီးနောက်မှ သွေးပြန်ပေါ်ရင် မပေါ့ဆ သင့်ပါဘူး။ ဒါကြောင့် သွေးဆုံးတယ် လို့ သတ်မှတ်နိုင်ဖို့ အရေးကြီးတာပါ။
အချို့မှာ သွေးများ တရားလွန် ဆင်းတာ၊ အတုံးအခဲတွေ ဆင်းတာ၊ ဆီးစပ် နာကျင်ကိုက်ခဲတာ စသဖြင့် ခံစားရတတ် ပါတယ်။ အချို့လည်း ရာသီသွေး နည်းသွားတယ်၊ အရောင် ပြောင်းတယ်၊ အနံ့နံတယ်၊ ယားယံတယ် စသဖြင့် ရှိတတ်ပါတယ်။ အကောင်းဆုံးက တော့ မိမိမှာ ဓမ္မတာသွေး ဆိုင်ရာ၊ မိန်းမကိုယ် ဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ ပြဿနာ ရှိခဲ့ရင် သက်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ တိုင်ပင် ပြသသင့် ပါတယ်။
အချို့များမှာတော့ သွေးဆုံးတယ် ဆိုတာ ဘာမှန်းတောင် မသိဘဲ ရာသီသွေး သူ့ဘာသာသူ ရပ်သွား တတ်ပါတယ်။ ဒီလိုနဲ့ အခြား လူမှုရေး၊ စီးပွားရေး တွေနဲ့ ကျင်လည်ဖြတ်သန်း သွားကြတာပါပဲ။
ပြဿနာ တခုက အိမ်ထောင်ရှင်တွေမှာ သွေးဆုံးပြီ ဆိုရင် အချို့ယောက်ျားတွေက အိမ်ထောင်ရေး သုခ ဆုံးရှုံးရတော့ မလို ပုံကြီးချဲ့ နေကြတာပါပဲ။ တကယ်တော့ မိန်းမတွေမှာ ဘဝရဲ့ တတိယအရွယ် ရောက်ရင် မဟော်မုန်းတွေလျော့နည်းလာပြီး မိန်းမကိုယ်တွေ ခြောက်သွေ့တာ၊ အသားစိုင်တွေ လျော့ရဲ ပျော့တွဲလာတာ၊ အချို့ ပိန်လှီလာတာ၊ အချို့ အဆီတွေနဲ့ ပုံပျက်လာတာစသဖြင့် အနည်းနဲ့အများ ရှိတတ်ကြပါတယ်။
စိတ်ပိုင်း ဆိုင်ရာမှာလည်း သွေးသား ပြောင်းချိန် စိတ်ကယောက်ကယက် ဖြစ်တာ၊ စိတ်ဓာတ်တွေ ကျတာ၊ စိတ်တွေ ထွေပြားတာ စသဖြင့် စိတ်ခွန်အား လျော့ကျ ချိန်မှာ လင်စိတ် သားစိတ်လည်း ခန်းခြောက်ပြီး လင်ကို အနားကပ် မခံတာ၊ လိင်ဆက်ဆံဖို့ ငြင်းဆန်တာ စသဖြင့် အားနည်းချက်တွေ ရှိတတ်ပါတယ်။
တကယ်က အချို့ ယောက်ျားတွေမှာ ဆီးလမ်းကြောင်း၊ ဆီးအိမ်နားက ဆီးကျိတ်ခေါ်တဲ့ Prostate အကျိတ်လေး ကြီးထွားပြီး သွေးသား ပိုမို တောင့်တတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ယောက်ျားက ဆန္ဒရှိပြီး မိန်းမက မလိုက်လျောနိုင်ဘဲ ပြဿနာ ဖြစ်ရတာပါ။
ယောက်ျားတွေ အနေနဲ့လည်း ကိုယ့်မယား သွေးသားဆန္ဒ လျော့နည်း နေချိန်မှာ ငါ့အလို မလိုက်ရ ကောင်းလားလို့ မငြိုငြင်ဘဲ အပေးအယူ မျှတစွာ တဖက်သား စိတ်ပါလာတဲ့အထိ နူးနှပ် စည်းရုံးပြီး အိမ်ထောင်ရေး သုခကို နှစ်ဦးစလုံး ခံစားကျေနပ်မှု ရှိဖို့ စွမ်းဆောင်ရမှာပါ။
တကယ်တော့ အိမ်ရာ ထူထောင်ခြင်းရဲ့ အနှစ်သာရဟာ တဦးကိုတဦး ဖေးမကူညီ လျှောက်လှမ်း ကြဖို့ ဖြစ်တာကြောင့် အသက် အရွယ်၊ အခြေအနေတွေနဲ့ လိုက်လျော ညီထွေစွာ တဦးကိုတဦး နားလည်ကြင်နာစွာ ပေးဆပ် တွဲခေါ် သွားရမှာ ပါ။
အိမ်ထောင် မရှိသူ မိန်းမတွေမှာလည်း ယောက်ျားကို လိုက်လျောရခြင်း ဝတ္တရား မရှိပေမယ့် မိန်းမကိုယ် ခြောက်သွေ့လို့ အနာဖြစ်တာ၊ မိန်းမ ကိုယ် အဝ ပီအတ်ချ် မျှခြေပျက်လို့ ပိုးဝင် ရောင်ရမ်းတာ၊ ဆီးပိုး ခဏခဏဝင်တာ၊ ပိုးက ဝမ်းဗိုက်ထဲ ကျောက်ကပ်ထဲ ရောက်သွားတာ စသဖြင့် အန္တရာယ်တွေ တွေ့နိုင်ပါ တယ်။
အခြား အထွေထွေ ကျန်းမာရေး အနေနဲ့ ကတော့ ယနေ့ခေတ် ရေပန်းစားလာတဲ့ အရိုးပါး ရောဂါ၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လူနေမှုပုံစံ ပြောင်းလဲ လာမှုကြောင့် အဖြစ်များလာတဲ့ မကူးစက်တတ်သော ရောဂါများ အန္တရာယ်နဲ့ ကင်ဆာရောဂါတွေကို သတိရှိရှိ စောင့်ကြည့် ဖော်ထုတ် အကုသခံရမှာပါ။
အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့် ဆိုပေမယ့် ယနေ့ခေတ်မှာ အသက်ဟာ ကံရော၊ ဉာဏ်ရော အပေါ် တည်ပါတယ်။ ဒါတွေ သိနိုင်ဖို့ကိုတော့ ရိုးရိုး လေးပဲ စမယ် ဆိုရင် သွေးပေါင်ချိန် မှန်မှန်တိုင်းပါ၊ သွေးတွင်း သကြားဓာတ်၊ သွေးတွင်း အဆီဓာတ်၊ လိုအပ်သော အသံလှိုင်း စစ်ဆေးမှု၊ အီးစီဂျီ၊ အမြင်စွမ်းအား စတာတွေ စစ်ဆေးပါ။
အခြေခံ အားဖြင့်တော့ သင့်တင့် မျှတသော ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ မျှတတဲ့ အာဟာရ ရအောင် ချင့်ချိန်စားသုံးပါ။ သင့်လျော်တဲ့ ဆေးဝါး ရွေးချယ်မှီဝဲပါ။ လုံလောက်တဲ့ ကိုယ်စိတ် အနားယူ အပန်းဖြေမှု ရှိရပါမယ်။ စိတ်ဖိစီးမှု တွေကို လျှော့ရပါ မယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ မေတ္တာတရား လွှမ်းခြုံ ဖြန့်ကြက်ခြင်းဟာ ကျန်းမာရေး အတွက် အဓိက သော့ချက် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ယိုယွင်း ဖောက်ပြန်မှုကို ပြုပြင် ထိန်းသိမ်းသင့် သလို ကိုယ်ယုံကြည်ရာ ဘာသာရေး အဆုံးအမ တွေနဲ့လည်း စိတ်ကို ကောင်းစွာတည် ဆောက်ခြင်းဖြင့် မီးယပ်သွေးဆုံး အရွယ်ကို တည်ငြိမ်စွာ လက်ခံကျော်ဖြတ် နိုင်ပါလိမ့်မယ်။
အချို့ အသက်ငါးဆယ် တဝိုက် အမျိုးသမီးများဟာ သူ့အိမ်က လူတွေက အသက်ကြီးမှ ဂဂျီဂဂျောင် ကျတယ်၊ စကားများတယ်၊ အရစ် ရှည်တယ် စသဖြင့် ပြောလေ့ ရှိကြပါတယ်။ အရင်က အနေအေးဆေး စကား နည်းသူ တချို့ဟာလည်း အသက်လေး ရလာရင် ပစိပစပ် များလေ့ ရှိပါတယ်။ ဒါက ကိုယ်ရည် ကိုယ်သွေး နဲ့ မဆိုင်ဘဲ ဟော်မုန်း ပြောင်းလဲမှုကြောင့် စိတ် အခြေအနေ ပြောင်းလဲ လာတာလည်း အဓိက ပါပါတယ်။ သွေးဆုံးခါနီး (ဒါမှမဟုတ် သွေးဆုံးပြီး) အမျိုးသမီး အချို့ဟာ တကိုယ်တည်း နေရင်း အလိုလိုစိတ်အားငယ် ဝမ်းနည်း လွယ်တတ်ပြီး အများ အပေါ်မှာလည်း စိတ်တိုတတ်၊ စိတ်အလို မကျဖြစ်တတ်ကြ ပါတယ်။ ဒါဟာ အသက် ရလာတာနဲ့အမျှ အမြော်အမြင် ကြီးလာတာ၊ ရေရှည် မြင်တတ်လာတာ၊ စိတ်ထဲမှာ စိုးရိမ် ပူပန်စိတ်တွေ များလာတာ၊ တကိုယ်တည်း တောင်တောင်အီအီတွေ တွေးတတ်တာ စသဖြင့် အကောင်းဘက်က ပြောင်းလဲ လာတာ ရှိသလို အဆိုးလို့ မြင်တဲ့သူကလည်း မြင်မှာပါပဲ။ ဒီအချိန်မှာ ဘေးပတ်ဝန်းကျင်ရဲ့ နားလည်မှုက သိပ်ကို အရေးကြီး ပါတယ်။
အသက်ကြီးပိုင်း တတိယအရွယ် မိန်းမတွေ အတွက် ပတ်ဝန်းကျင်ရဲ့နားလည် ဖေးမမှုဟာ ဆေးဝါး ထောင်သောင်း မက ကုပေးတာထက် ပိုထိရောက် ပါတယ်။ ပတ်ဝန်းကျင် အနေနဲ့ ကိုယ့်အမေ၊ အဒေါ်၊ အဘွားတွေ နေထိုင်မှု ပုံစံ ပြောင်းလာတာကို နားလည် သည်းခံရပါမယ်။ ဒီလိုဆိုလို့ တဖက်က ကျီကျနေတာကို အမြဲ အလိုလိုက် နေဖို့တော့ မဟုတ်ပါဘူး။ ဒီ အဘွားကြီး ရှုပ်တယ် ဆိုပြီး မပစ်ပယ်မိဖို့ပဲ လိုတာပါ။ ဒီလို တဖက်သတ် ရှောင်ကြဉ် ထားတာတွေ ဟာ ပိုဆိုးတဲ့ အခြေအနေဆီသို့ပဲ ဦးတည် သွားတတ်ကြ ပါတယ်။
ဒီအရွယ် အမျိုးသမီးများ အနေနဲ့လည်း ပတ်ဝန်းကျင်ကို ဗိုလ်ကျနေဖို့ မဟုတ်ဘဲ မိမိကိုယ် မိမိ အမြဲပြန်လည်ဆန်းစစ် သတိထားနေရ ပါမယ်။
ကိုယ် ဘာတွေ ပြောင်းလဲ လာသလဲ၊ ကိုယ့်စိတ်တွေ ထဲမှာ ဖြစ်တာကို အရှိအရှိ အတိုင်း ပတ်ဝန်းကျင်ကို ဝေမျှ တိုင်ပင်ရ ပါမယ်။ အကောင်းဆုံး ကတော့ မိမိကိုယ်ကို ကောင်းစွာ တည်ဆောက်ဖို့ပါပဲ။ ရုပ် အခြေအနေနဲ့ လျော်ညီစွာ ပြောင်းလဲ ချွတ်ယွင်းလာ တာတွေကို အရှိကို အရှိအတိုင်း လက်ခံပြင်ဆင်သွား ရပါမယ်။ လေ့လာ တွေ့ရှိချက်တွေ အရ Phytoestrogen ဆိုတဲ့ မိန်းမတွေမှာ ရှိရမယ့် သဘာဝ မ,ဟော်မုန်းမျိုး နဲ့တူတဲ့ဓာတ်ကို ပေးစွမ်းတဲ့ အာဟာရ ကြွယ်ဝတဲ့ အစားအသောက်တွေ ကလည်း အရေး ကြီး တဲ့ အပိုင်းက အထောက်အကူ ပြုတယ်လို့ ဆို ထားပါတယ်။ ဒါတွေထဲမှာ တို့ဟူး၊ ပဲပုပ်၊ ဒိန်ချဉ်၊ သစ်သီးသစ်ဥ စတဲ့ အစားအသောက် အမျိုးအစားတွေ ပါဝင်တာမို့ ဒါမျိုးတွေကို လတ်ဆတ်စစ်မှန် သန့်ရှင်းစွာ များများ ရွေးချယ်စားသုံး ပေးခြင်းအား ဖြင့် မိမိကိုယ်ထဲမှာ လျော့နည်းသွားတဲ့ သဘာဝ မ,ဟော်မုန်း တွေကို သဘာဝ အစားအသောက်တွေနဲ့ ပြန်လည် ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ အမျိုးသမီးများဟာ မိမိတို့ရဲ့ အသက်အရွယ် အလိုက် ကြုံကြိုက် လာရမယ့် ကျန်းမာရေး အခြေခံ ဗဟုသုတလေးများကို ကိုယ့်ရဲ့ကိုယ်ပိုင် အသိအမြင်၊ ခံယူချက်တွေနဲ့ ပေါင်းစပ် လေ့လာပြီး ကိုယ်ကျင့်တရား ကောင်းမွန်စွာ စိတ်နှလုံး ဖြူစင်စွာနဲ့ လောကကောင်းကျိုး ဖော်ဆောင် ပေးဆပ်မယ့် အရွယ် သုံးပါးသော ကျန်းမာ ရွှင်လန်းသူ အမျိုးသမီးများ ဖြစ်လာကြစေဖို့ ရည်ရွယ်ပြီး “အမျိုးသမီးများနဲ့ ကျန်းမာရေး” အကြောင်း ဆွေးနွေး မျှဝေ လိုက်ရပါတယ်။ ။