ကျနော်တို့မြို့ ပခုက္ကူရဲ့ ထူးခြားကျော်ကြားလှပြီး တန်ခိုးကြီးမားတဲ့ သီဟိုဠ်ရှင် ဗုဒ္ဓပူဇနိယပွဲတော်ကြီး မကြာခင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ နယုန်လ အခါသမယမှာ ကျင်းပတာမို့ နယုန်ပွဲတော်ကြီးလို့လည်း အမည်တွင်ပါတယ်။
ကျနော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ဘယ်ကိုကြည့်ကြည့် ရွှေရောင် ငွေရောင် လွှမ်းနေတဲ့ စေတီပုထိုးတွေက များမှများပါပဲ။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေက ကျနော်တို့နိုင်ငံကို ရွှေရောင်လွှမ်းသော နိုင်ငံလို့ ဂုဏ်ပြုခေါ်ဆိုကြပါတယ်။ စေတီပုထိုးများသလို ပွဲလမ်းသဘင်တွေကလည်း ဆယ့်နှစ်ရာသီ မပျက် အိုးစည်ဗုံမောင်းသံ တခြိမ့်ခြိမ့်နဲ့ ပျော်ရွှင်စွာ ကျင်းပကြပါတယ်။ ပွဲတော်ကြီး ပွဲတော်လေး စုံလို့ပါပဲဗျာ။
ဆယ့်နှစ်ရာသီ ပွဲလမ်းသဘင်တွေကို အမှီပြုပြီး စီးပွားရှာ ဝမ်းစာအရေး ဖြေရှင်းကြတဲ့သူတွေကလည်း အများသားပေါ့။ ကျနော်တို့နိုင်ငံရဲ့ ဘုရားပွဲတော် တွေကလည်း စီးပွားရှာစားနိုင်အောင်၊ အသက်မွေး ဝမ်းကျောင်းပြုနိုင်အောင် ရက်ရှည်လများ ခင်းကျင်း ကြ တာကိုး။ ကျနော်ကလည်း ပွဲဈေးတွေမှာလိုက်ပြီး ဈေးရောင်းတဲ့ ပွဲဈေးသည်တဦးပေါ့ဗျ။ ပခုက္ကူသား ပွဲဈေးသည်ဆိုတော့ အထက် မြန်မာပြည်ရဲ့ ပွဲဈေးတွေအကြောင်း ပြောပြချင်ပါတယ်။ ပခုက္ကူ နယုန်လ သီဟိုဠ်ရှင်ပွဲတော်က စပြောရအောင်။
ကျနော်တို့ ငယ်ငယ်တုန်းက နယုန်လဆန်း ၁ ရက်၊ ၂ ရက်မှာ ပွဲဈေးသည်တွေ စုံပြီ၊ လဆန်း ၈ ရက်၊ ၉ ရက် ရုံပွဲတွေလည်း ဝင်ကြပြီ။ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းကျတော့ လဆန်း ၈ ရက်၊ ၉ ရက်ကျမှ ဈေးသည်တွေစုံပြီး ၁၃၊ ၁၄ ကျမှ ရုံပွဲတွေ ဝင်ကြတယ်၊
သီဟိုဠ်ရှင်ပွဲတော်ကတော့ လွှတ်စည်တဲ့ ပွဲတော်ကြီးပေါ့ဗျာ။ တလလုံးခင်းကျင်းတယ်၊ အထက် မြန်မာပြည်၊ အောက်မြန်မာပြည် ဈေးသည်တွေစုံတဲ့ ပွဲတော်ကြီးလည်းဖြစ်တယ်။ ဈေးသည်ပေါင်း ၅၀ဝ၀ နီးပါး ပစ္စည်းမျိုးစုံ၊ ကုန်မျိုးစုံ ဒေသထွက်ကုန် အစုံ လာရောင်း ကြတယ်။ ပန်းတနော်-ဟင်္သာတက သင်ဖြူး ဖျာတွေ၊ မြန်အောင်နယ်က ခမောက်တွေ၊ အထက် ရွှေဘိုနယ်က စဉ့်အိုး တွေ၊ ရှမ်းပြည်နယ်က လက်ဖက်ခြောက်သည်တွေ၊ နေရာစုံ ဒေသစုံ အတော်ကလေး ဈေးသည်စုံတဲ့ ပွဲတော်ကြီးပေါ့။ ဇာတ်ရုံ ၂ ရုံ၊ ဇာတ် ၂ ဇာတ် အပြိုင်ကပြီး ပွဲတော်ကြီး မပြီးမချင်း ဇာတ် လေးငါးဇာတ် ဝင်ရောက် ကပြကြတယ်။
ပခုက္ကူ နယ်ကလည်း အကျယ်သားဆိုတော့ ဝင်တဲ့ဇာတ်တွေလည်း တွက်ချေကိုက်ကြတယ်။ ပုလဲ-မင်းတိုင်ပင် နယ် တောင်း၊ ဆန်ကော၊ ဆန်ခါ ရောင်းတဲ့သူတွေ ဆိုရင် ပွဲဈေးထဲမှာပဲ ရက်လုပ်ရောင်းချပြီး ညမှာ ပွဲကြည့်ကြတယ်။ သီဟိုဠ်ရှင် နယုန်ပွဲကတော့ ဆိုင်ခန်းတွေကို ကျကျနန ဆောက်ပေးတယ်။ ဆယ့်နှစ်ပွဲ ဈေးသည် အများစု အားထားရောင်းကြတဲ့ ပွဲတော်ကြီး ဖြစ်ပါတယ်။
နယုန်ပွဲပြီးရင် တချို့က မြင်းခြံ ရွှေ့၊ ရေစကြို ရွှေ့၊ မလိုင်-ပန်းအိုင် ရွှေ့ကြနဲ့ ဈေးသည်တွေ ခွဲ ထွက်သွားကြတယ်။ တချို့ကလည်း ဝါဆိုလဆန်း ၇ ရက်၊ ၈ ရက်မှာကျင်းပတဲ့ မြိုင်မြို့နယ် မြို့သာ နတ်ပွဲကို ကူးကြတယ်။ မြို့သာနတ်ပွဲကလည်း ပွဲမပါ ပေမယ့် မြိုင်၊ ရေစကြို၊ ပခုက္ကူနယ်က ကျေးလက် ပြည်သူတွေ အများစုလာရောက်ကြတဲ့ နတ်ပွဲကြီးလည်း ဖြစ်တယ်။ ကျေးလက်သုံး ပစ္စည်းတွေ ရောင်းကောင်းတဲ့ပွဲလည်း ဖြစ်တယ်။ မြို့သာနတ်ပွဲနေ့ ဝါဆို လပြည့်နေ့မှာ ကျင်းပတဲ့ ပခုက္ကူ-ကမ္မနယ် ဂေါတမ ဘုရားပွဲကို ဈေးသည်တွေ ကူးကြပြန်တယ်။ ဒီပွဲတွေ က ပခုက္ကူဒေသအတွင်းဆိုတော့ ပွဲကူးလည်း မကြမ်းဘူး၊ စားစရိတ်လည်း သက်သာတယ် လေ။ ဆယ့်နှစ်ပွဲ ဈေးသည် အများစုကတော့ ပွဲဝေးဝေး မကူးကြဘူး။ အများအားဖြင့်တော့ ဆယ့်နှစ်ပွဲ ဈေးသည်တွေဟာ လောင်း ကစားဝိုင်းတွေပါတဲ့ ပွဲတော်ကို အကြောက်ဆုံးပါပဲ။
ဈေးဝယ်လာတဲ့ ကျေးလက် တောင်သူလယ်သမားတွေ နဖူးကချွေး ခြေမကျအောင် ချွေးစက် တွေနဲ့ ရင်းပြီး ပင်ပင်ပန်းပန်းရှာထား ရတဲ့ ငွေကြေးတွေကို လောင်းကစားဝိုင်းတွေက ဓားပြတိုက်သလို လုယူထားသလိုဖြစ်နေပြီး ဈေးသည်တွေလည်း ဈေး မရောင်းရ၊ ကျေးလက်ပြည်သူတွေလည်း လိုအပ်တဲ့ ပစ္စည်းတွေ မဝယ်ရသမို့ ကျနော်တို့ ဈေးသည်တွေ လောင်းကစားဝိုင်းပါသလား၊ ပါရင် ဝေးဝေးက ရှောင်တော့တာပါပဲဗျာ။
ပခုက္ကူက နယုန်၊ ရေစကြိုက ဝါဆို၊ မအူရွာ ဝါခေါင်၊ ဝါခေါင်လမှာ တောင်ပြုန်းနတ်ပွဲ ရှိသေးတယ်။ မအူပြီးရင် ကျောက်ရစ်၊ ကျောက်ရစ်က ချောင်းဦး မြောင်နယ်ထဲက ရွာကလေးပါ။ ကျောက်ရစ် ပြီးရင် မြောင်ပွဲ၊ မြောင်ပြီးရင် ရွှေဘို။ အဲသည်နောက် စစ်ကိုင်း ငါးထပ်ကြီးဘုရားပွဲ၊ မုံရွာဆုတောင်းပြည့် ဘုရားနဲ့ ညောင်ဦး ရွှေစည်းခုံ ဘုရားပွဲ၊ တချို့က မိုးညှင်းသမ္ဗုဒ္ဓေပွဲ ကူးကြတယ်။ ထက်အောက်မြန်မာ စုံကြပြန်တဲ့ ပုဂံ-အာနန္ဒာ ပွဲကို ကူးကြပြန်တာပေါ့ ဗျာ။ ကြားပွဲတွေလည်း ရှိသေးတယ်။ ငါ့သရောက်၊ ချောက် ပွဲတော်တွေကို ကိုယ်သန်ရာ ကိုယ့်မိတ်ရှိရာ ဈေးရောင်းကြပါတယ်။
တပို့တွဲ တပေါင်းလတွေထဲမှာဆိုရင် နွားထိုး ကြီး၊ သာစည်၊ ဝမ်းတွင်း၊ ဆတ်သွား (ကျောက်ဆည် နား)၊ ကျောက်ဆည် ဆင်ပွဲတွေရှိပါတယ်။ တပေါင်း လဆန်းတာနဲ့ ပွဲဈေးသူပွဲဈေးသားတွေလည်း နာမည်ကျော် ကိုကြီးကျော်ပွဲကို နွှဲကြပြန်ပါတယ်။ ကိုကြီးကျော် နတ်ပွဲကလည်း လဆန်းကနေ လပြည့်နေ့ အထိ တနိုင်ငံလုံးလာရောက်ဆင်နွှဲကြတာမို့ ဇာတ်ပွဲ ရုံပွဲမပါပေမယ့် ဈေးသည်တွေ ရောင်းကောင်းတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အညာဒေသ ထွက်ကုန်တွေ ဈေးချိုချိုနဲ့ ရောင်းတဲ့ပွဲလည်း ဖြစ်ပါတယ်။
တန်ခူး သင်္ကြန်ချိန်ခါမှာတော့ ရေစကြိုနယ် ပခန်းကြီးမြို့ဟောင်း စည်သူရှင် သရက္ခန် ဘုရား ပွဲတော် ကျင်းပပါတယ်။ ပခန်းသူ ပခန်းသားများ ဘုရားပွဲတော်ရက်ကို ရေမပက်ကြတာကလည်း ထူးခြားမှုတခုဖြစ်ပါတယ်။ ဘုရားပွဲပြီးမှ ရေကစား ကြပါတယ်။ ပခန်းပွဲနဲ့အပြိုင် ရွှေဘို အင်ကြင်းတော ကလည်း တန်ခူးလထဲ ကျင်းပပါတယ်။ ကဆုန်လ ကျတော့ မြိုင်မြို့ ရွှေမြင်တင်ဘုရားပွဲ၊ လယ်တီ ကြက်မောက်ပွဲ၊ ဖျသီးပွဲနဲ့ စလင်းဘုရားပွဲလည်း ရှိ တယ်။ ကဆုန်ပြီးရင် ပခုက္ကူ နယုန်ပွဲကို ကူးကြတယ်၊ နယုန်ပွဲကျတော့ ထက်အောက်ဈေးသည်တွေ ဆုံကြ ပြန်ပြီပေါ့ဗျာ။ မင်းညီနောင် တောင်ပြုန်းပွဲကတော့ တော်ရုံတန်ရုံဈေးသည်တွေ မတိုးနိုင်ဘူး။ ဆိုင်ခန်းခ က ဈေးအမြင့်ဆုံးရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။
တချို့ဘုရားပွဲတွေကျတော့ ဆိုင်ခန်းဆောက် ပေးတယ်၊ ရေမီး ကျန်းမာရေး အစုံအလင် လုပ်ပေးတယ်၊ တချို့ပွဲတွေကျတော့ မြေ နေရာကို လက်ညှိုး ထိုးပြီး ဆိုင်ခန်းနေရာ ရောင်းတယ်၊ မြေနေရာရောင်းတဲ့ ပွဲတွေမှာဆိုရင် ဈေးသည်တွေလည်း ကိုယ့် ဘာသာ ကိုယ် ဆိုင်ခန်းဆောက်ပြီး ဈေးရောင်းကြရ တယ်။
ဒီဘက်ခေတ်မှာ ငါးတောင်ခန်း တခန်းကို မြေ နေရာဆိုရင် ကျပ် ၅၀ဝ၀ ဝန်းကျင်၊ အခင်း အမိုး ပါရင် ကျပ် တသောင်းဝန်းကျင် ပေးကြရတယ်။ သုံးလနီးပါးကြာ ခင်းတဲ့ ရွှေစက်တော် ဘုရားပွဲကတော့ နေရာလိုက်ပြီး ဆိုင်ခန်းတခန်း သိန်းချီရှိတယ်။ ဘုရားပွဲတွေထက် ရိုးရာနတ်ပွဲတွေက ဆိုင်ခန်းခ ဈေးမြင့်တာ များတယ်။ ပခုက္ကူ-နယုန်ပွဲ၊ မကွေး မြသလွန်ပွဲ၊ ပုဂံ-အာနန္ဒာပွဲတွေက ဆိုင်ခန်း အနေအထား မကောင်းဘူး၊ ပွဲခင်းကျဉ်းတယ်။ ဂေါပကကို တမျိုး၊ အိမ်ရှင်ကိုတမျိုး ပေးရတယ်။ ဆိုင်ခန်းမှောင်ခို ဈေးကွက် ကလည်း ရှိသေးတယ်။
ကျနော့်အမြင်ပြောရရင် ယနေ့ အင်တာနက် ခေတ်၊ သွားလမ်းသာ လာလမ်းဖြောင့်တဲ့ခေတ်မှာ ပွဲဈေးသည်တွေ ဈေးရောင်း မကောင်းတော့ပါဘူး။ ကျေးရွာတိုင်း စတိုးဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ ခေတ်မီ တိုးတက်နေတော့ ရောင်းမကောင်းတာလည်း အဆိုးမဆိုသာဘူးပေါ့ဗျာ။ သွားရေးလာရေးခက်ခဲတဲ့ ခေတ်တုန်းက တနှစ်မှတခါ ဝယ်ရတာဆိုတော့ ဈေးသည်တွေ တအား ရောင်းကောင်းခဲ့တာပေါ့။ အခုတော့ ငွေရှိရင်လိုချင်တာ ချက်ချင်းရနိုင်တဲ့ခေတ် ရောက်နေပြီကိုး။
ကျနော်တို့ ဆယ့်နှစ်ပွဲဈေးသည်တွေဟာ သာရေး နာရေးကိစ္စတွေ၊ ပွဲကူးရင် စုပေါင်းပြီး ကားငှားတဲ့ ကိစ္စတွေ၊ ဘုရားလူကြီးတွေနဲ့ ပြောရတဲ့ကိစ္စတွေ အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်ကြပါတယ်။ အရေးကြုံရင် အဖွဲ့ အစည်းနဲ့ စကားပြောရတာ ပိုကောင်းတယ်လေ။ ရောက်တဲ့ဘုရားပွဲမှာ မင်္ဂလာဆောင်ရှိရင် ဝိုင်းဝန်း လုပ်ကြ၊ သာရေးနာရေး စုပေါင်းပြီး လုပ် ဆောင်ကြ ပါတယ်။ ရောက်တဲ့ ဘုရားပွဲတိုင်း မြတ်စွာဘုရားကို ဦးထိပ်ထားပြီး သံဃာတော် အရှင်သူမြတ်တွေကို ပင့်ဆောင်ပြီး ကုသိုလ်ကောင်းမှု ပြုကြပါတယ်။
ဆယ့်နှစ်ပွဲဈေးသည်(သို့) ပွဲဈေးသူ ပွဲဈေးသား အားလုံးဟာ ပွဲဈေးမှာ ဆယ့်နှစ်ရာသီမပြတ် အိမ် လုပ် နေထိုင်ကြတယ်၊ ပျော်ကြ၊ ရောင်းကြ၊ လှူကြ၊ တန်းကြ၊ မင်္ဂလာဆောင်ကြ၊ သေဆုံးကွယ်လွန်ကြနဲ့၊ တချို့လည်း အရင်းပြုတ်၊ တချို့လည်း ကြီးပွားနဲ့ ပွဲဈေးတွေရှိသမျှ သူတို့ရဲ့ဘဝတွေကို အရောင်းအဝယ်ထဲမှာနစ်မြုပ်ပြီး အယက်ကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲဆိုတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာ ထဲကလို လူဆယ့်နှစ်ရာသီ ပွဲတော်ကြီးတွေမှာ ပျော်မွေ့မဆုံး ရှိနေဦးမှာပါပဲဗျာ။ ။