ဒီတော့ အင်္ဂလိပ်အစိုးရရဲ့ မြူနီစီပယ် အဖွဲ့အစည်းဟာ မန္တလေး ဈေးချိုတော်နဲ့ ပတ်သက်ပြီး အခွန်အတုတ်တွေ၊ စည်းမျဉ်း စည်း ကမ်း ဥပဒေတွေနဲ့ ထိန်းကွပ်မှု အပေါ် ရိုးသားစွာ လုပ်ကိုင် စားသောက် ကြရတဲ့ ဈေးသည်တွေ အနေနဲ့ ကျိုးကြောင်း သုံးသပ် တတ်၊ ပြန်လည်စောဒက တက်တတ်၊ ရုံးပြင်ကနားကိစ္စ နားလည်တတ်ဖို့ အတွက် “ဈေးအဖွဲ့ချုပ်” ကလည်း ကျောင်းသားတွေနဲ့ မြို့လူထုက နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြဖို့ ဆုံးဖြတ်ကြပြီ။
ဒီ ဆန္ဒပြပွဲကြီးကို ဈေးချိုတော်ကြီးက ကြိုဆိုမယ်၊ ဂုဏ်ပြုမယ် ဆိုပြီး အုတ်အော်သောင်းတင်း ဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော်ကြီးမှာ ပုဒ်မ ၂၃(၇) ကို ထုတ်ပြန်လိုက်ပါတယ်။
အခွန်ဝန်ထမ်း အသင်းကြီး (အင်္ဂလိပ်ခေတ်)
ဒီတော့ ဈေးချိုသူ ဈေးချိုသားတွေက ရုံကြီး ၁၂ ရုံကို သပိတ်မှောက်ပြီး ဈေးချို အနောက်ဘက် အိမ်တော်ရာ ဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ကြတာပေါ့။ အိမ်တော်ရာမှာ ဈေးဖွင့်တော့ ဈေးချို အမှုဆောင်အသစ်ကို ပြန်ဖွဲ့စည်း လိုက်ကြပါတယ်။ ရဲရဲ တောက် မြန်မာ တွေက နယ်ချဲ့ ဆန့်ကျင်ရေး စိတ်နဲ့ သံဃာတော်များ အစောင့်အရှောက်ခံပြီး ဖွင့်ကြတော့ ဆင်တံတား ဦးသိန်းက ဈေးအမှုဆောင် ဥက္ကဋ္ဌ တာဝန်ယူပါတယ်။ မိုးကောင်းတိုက်က ဦးပဏ္ဍိ၊ ဦးမေဏ္ဍတ၊ ဦးကာကြီး၊ ဦးကာလေး၊ ဦးဝိမလ၊ ဦးကောသလ (အာဇာနည်)၊ ဦးနာရဒ စတဲ့ သံဃာတော်များက ဘုရားဈေးကို စောင့်ရှောက်ကြသတဲ့။
ဒီနေ့ထိ ပါးစပ်ဖျား ရေပန်းစားနေတဲ့ “လက်ဆယ်ဖြာစုံညီ၊ တင်ထိပ်ဦးဖူးခဲ့သည်။ မှတ်မိကြသေး ရဲ့လား၊ မေးစမ်းချင်သည်” အစချီတဲ့ မြို့မငြိမ်းရဲ့ “အိမ်တော်ရာ ဘုရားဈေး” သီချင်းဟာ ဒီတိုက်ပွဲကို ဂုဏ်ပြုစပ်ဆိုခဲ့တဲ့ သီချင်းပေါ့။
မြန်မာပိုင် ဈေးချိုတော်
မန္တလေး ဆိုတာကလည်း မင်းနေပြည်၊ မင်းမြို့ဟောင်း ဖြစ်တဲ့အပြင် မြန်မာစရိုက်၊ မြန်မာယဉ်ကျေးမှု အမြစ်တွယ်ဆုံး အထွန်းကား ဆုံးမြို့ မဟုတ်လား။ မြန်မာတွေ အများစုမို့ အသက်မွေးဝမ်းကျောင်း အလုပ်ဟာ မိရိုးဖလာ အရောင်းအဝယ် လုပ်ငန်းက လွဲလို့ ရုံးပြင်ကနား ဝန်ထမ်းအလုပ်ကို စိတ်ဝင်စားကြတာ မဟုတ်ဘူး။ ဒီတော့ အများစုက ဈေးချိုကိုပဲ မှီခိုနေကြ ရတာကိုး။ ဒီတော့ သမီး မိန်းကလေးမွေးရင် သေစာရှင်စာလောက်သာ သင်ပြီး နီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟတွေဆီ “ဈေးသင်” အပ်ကြတာ ချည်းပါပဲ။
ဈေးချိုသာမက တမြို့လုံးကလည်း မြန်မာ ဆိုင်၊ မြန်မာလုပ်ငန်းချည်းပဲကိုး။ ဈေးဆိုင်ကလည်း မြန်မာ၊ ကုန်ဆိုင် ကလည်း မြန်မာ၊ ပွဲရုံလည်း မြန်မာ ပါပဲ။ ရုံတော်ကြီးက ခေါက်ဆွဲဆိုင်နဲ့ ကာကာဆိုင် တချို့သာ နိုင်ငံခြားသား ရှိတာ။ ကျန်တာ “မြန်မာပိုင်” ပဲပေါ့။
မြောက်ဘက် တိုက်တန်းက ယူဘီဆေးတိုက်၊ လက်ဆည်ကန်က စောဝင်းမုန့်ကျွတ်၊ ရုံတော်ကြီး “ဒို့ဗမာ” ဟိုတယ်၊ ဆင်တံတား ပွဲရုံ၊ သံဖြူတန်းက မန္တလေး သံရောင်းဝယ်ရေး စတိုး၊ လက်ဆည်ကန် ရွှေလက်ဝါး ဆေးတိုက်၊ ဈေးချိုတောင်ဘက် မောင်ခင်မောင် သံသေတ္တာဆိုင်၊ မြို့လယ်ရုပ်ရှင်ရုံနားမှာ လှအောင်ဆံသ၊ အရှေ့ဘက် တိုက်တန်းက ခေတ်ဆန်းမီ ပရိဘောဂ၊ ကွမ်းခြံမင်္ဂလာစတိုး၊ ဒါးတန်း ရွှေအိုးကြီး နဂါးနီ ပိုးထည်တိုက်၊ ဘဌေးစတိုး၊ ခင်စိန်ထွန်း ပွဲရုံ၊ ပတ္တမြားပွဲရုံ၊ စခန်းသာပွဲရုံ၊ အောင် မျက်မှန်ကုမ္ပဏီ၊ ခေတ် ဆန်း ဖိနပ်၊ ဒီရုံ မြဒင်ကြီး မဆလာ၊ အီးရုံ လှထိပ်တင် အလှကုန်၊ မြောက်ဘက် တိုက်တန်း အောင်တော်မူ နာရီဆိုင်၊ လက်ဆည် ကန် နဂါးဆေးလိပ်၊ ကြီးပွားရေး စာအုပ်တိုက်။
အားလုံး မြန်မာပိုင်တွေချည်းပါပဲ။ လွမ်းစရာ ကောင်းသေးတော့။
ဈေးချိုတော် အကျိုးဆောင်အသင်းကြီး (ဂျပန်ခေတ်)
၁၉၄၅ ခုနှစ် ရောက်တော့ ဈေးချိုတော် အကျိုးဆောင် အသင်းကြီး ပြန်ဖွဲ့ပါတယ်။ အမှုဆောင် လူကြီးတွေကတော့ တိုက်တန်းကြီး နဂါးနီ ဦးမောင်မောင်က ဥက္ကဋ္ဌ။ အမဲရုံ ဦးခင်မောင်နဲ့ မြောက်ဘက် တိုက်တန်းကြီး ဦးစက်ဗိုလ်တို့က ဒုတိယ ဥက္ကဋ္ဌ။ တိုက်တန်းလေး ဦးရွှေက ငွေထိန်း၊ စီရုံ သခင်တင်က အတွင်းရေးမှူး၊ ကိုယ်ပိုင်တန်း ဦးအောင်မြင့်နဲ့ ငှက်ပျောတန်း ဦးဘသောင်းက တွဲဖက်အတွင်းရေးမှူး၊ နံပါတ် ၅ ရုံ ဦးညိန်နဲ့ မြောက်ဘက်တိုက်တန်းကြီး ဦးထွန်ခွန့်က စာရင်းစစ်လူကြီးတွေ။ ဒီရုံ ဦးဘရွှေက ဆော်ဩရေးမှူးတဲ့။ ဈေးချို နာရီစင် အလှဆင်။
ပြီးတော့ အတိုင်ပင်ခံလူကြီး ၁၂ ဦးနဲ့ အမှုဆောင် လူကြီး ၃၄ ဦးလည်း ပူးတွဲ ဖွဲ့စည်းခဲ့ပါတယ်။ အားလုံး ၅၆ ဦးပါ အကျိုးဆောင် အသင်းကြီးပါ။ ဒီအသင်းကြီးဟာ ဈေးချိုကြီးရဲ့ အကျိုးကို ဦးထိပ်ထားပြီး ဆောင်ရွက်ခဲ့တဲ့ ဈေးသူ ဈေးသားတွေ ကိုယ်တိုင်ရွေးချယ် တာဝန်ပေးခဲ့တဲ့ အသင်းကြီးပါ။
ဈေးချိုတော်ကြီးရဲ့ သာရေးနာရေးနဲ့ ပတ်သက်ပြီး အကျိုးဆောင် အသင်းကြီးက မျက်ခြည် မပြတ်သလို အဲဒီခေတ်က ထုတ်ဝေတဲ့ စာစောင်တွေမှာလည်း ဈေးချိုတော်ကြီးနဲ့ပတ်သက်ပြီး လိုအပ်တာ၊ အမြင်မတော်တာရှိရင် ရက်မဆိုင်းဘဲ ဝေဖန်အကြံပေး ထောက် ပြကြတယ်။ ဈေးချိုတော်ကြီးကို အမြဲတမ်း ဂရုတစိုက် တသသဖြစ်နေကြတဲ့ သဘောပါ။ နမူနာလေး တခုပြရရင် မန္တလေးနဂါးနီဂျာနယ် အတွဲ ၃ စာမျက်နှာ ၂၂ က ကမ္ဘာလုံးဆိုင်ရာ တယ်လီဖုန်း သတင်းဆိုတဲ့ အခန်းမှာ –
“မန္တလေး ကျန်းမာရေး အရာရှိကြီး ထံသို့”
ကလင်..၊ ကလင်..၊ ရှိလား ဆရာဝန်ကြီး ခင်ဗျား၊ ဈေးချိုတော် အရှေ့ဘက် တိုက်တန်းကြီး အနောက်နားဆီသို့ တခေါက်လောက် ကြည့်ရှုပါဦး၊ အမှိုက်တွေ တောင်လိုပုံ၊ အညစ်အကြေးတွေ ဗရပွ ရှုပ်ထွေး၊ ကျန်းမာရေးနှင့် လွန်စွာ ဆန့်ကျင် နေပါသည်။ ဈေးသူဈေးသားများ နေ့စဉ်နှင့် အမျှ လာတိုင်ကြားကြသည့် အတွက် ရှိတဲ့ အိမ်သာကိုပြင်၊ ဆေးရည်များ ပက်ပေးရန် ဆရာဝန်ကြီးအား သတိ ပေးလိုက်ပါတယ်။ ကျေးဇူးပြု၍ အမြန်လာရောက် ကြည့်ရှု ပေးစေလိုကြောင်း။ ဒါပါပဲခင်ဗျား. ကလင်၊ ကလင်။
“မန္တလေး ရာဇဝတ် ဝန်ကြီးထံသို့”
“ကလင်..၊ ကလင်..၊ ရှိလား၊ ရှိလား၊
ရာဇဝတ် ဝန်ကြီးထံ ၂၃-၂-၄၆ နေ့ထုတ် နဂါးနီ စာစောင်က သတိပေး ရေးသားလိုက်သည်ကို ရာဇဝတ်ဝန်ကြီးနှင့် ဝန်ကလေးတို့ သတိပြု ပိုမိုစောင့် ရှောက်သည် ဟု ကြားသိ ဝမ်းသာပါသည်။ ဈေးချိုတော် အလယ်ပေါက် တောင်ဘက်၊ မွေးသေစာရင်း ရှိရာ နေရာ အခန်းနှင့် ကုန်သည်များ ထားသော ကုန်ပစ္စည်းများ ဖောက်ထွင်း ခိုးယူသွားခြင်း၊ ၂၈-၂-၄၆ နေ့ ည ၈ နာရီ အချိန် နဂါးနီ ပိုးထည်တိုက်တွင် ဖောက်ယူ သွားခြင်း၊ တိုက်တန်းရှိ အချို့သော ဆိုင်များ ခတ်ထားသော သော့ခလောက် တို့လည်း အချို့လိုက်ဖြုတ်ပါသည်။ သော့ခလောက် ၂ လုံး၊ ၃ လုံး ခတ်ထား၊ အထ မမြောက်ပါ။ သို့အတွက် ဈေးချိုတော်နယ် တဝိုက်ကို သီးသန့် ပုလိပ်အရာရှိများ ခန့်ထားရန် တောင်းပန် ပါသည်။
မန္တလေးမြို့ လူထုနှင့် ပစ္စည်းများ၊ ဈေးချို တော်သားများ အကြောင်းကို ဝန်မင်းထံအကြောင်းကြား ပါသည်။ ကလင်.. ကလင်” လို့ ရေးသားသတိပေး ကြပါတယ်။
စစ်ကြီးပြီးစအချိန် ဈေးချိုတော်ကြီး စည်ကား နေပုံကို ၁၅-၁၀-၄၅ ထုတ် လူထုဂျာနယ် အတွဲ ၁၊ အမှတ် ၇ က ဆရာမြမျိုးလွင်ရဲ့ “ခင်ဗျားနဲ့ကျနော်” ဆိုတဲ့ စာအခန်းမှာလည်း အခုလို ရေးထားပါသေးတယ်။
“တော်သလင်းလ မိုးကြီး သည်းထန်စွာ ရွာပြီးလို့ နှစ်ရက် အကြာမှာ ကိစ္စတခုနဲ့ ကျနော် မန္တလေးကို ရောက်လာတယ်။ ဈေးချိုတော် ဝင်လိုက်တဲ့ အခါတော့ စိတ်ချမ်းသာ စရာပါပဲ။ ယောက်ျား၊ မိန်းမ၊ ကြီးငယ် မဟူ၊ ပုပု၊ ရွရွ၊ မြင်သမျှတိုင်း ဝတ်ကြ စားကြ၊ ပွဲနေပွဲထိုင် သွားကြမယ့် ဟန်တွေနဲ့ ကိုယ်ရောင် ကိုယ်ဝါ ဝေဆာတောက်လင်း ဘယ်နတ်မင်း ဘယ်အမျိုး ပေလဲလို့ မေးရလောက်အောင် ရွှင်ရွှင်ပျော်ပျော် သာသာယာယာ လောကနိဗ္ဗာန်ပမာလို ရှိနေတာကို မြင်ရတွေ့ရလို့ ကျနော်တောင် နယောင်ပလယ်နဲ့ ဖြစ်ခဲ့တဲ့ စစ်ကြီးနဲ့ ခံစားရတဲ့ ဒုက္ခတွေကို မေ့သလိုလို ရှိသွားသေးတာ ကလား” တဲ့။
ဆရာမြမျိုးလွင် ဆက်ရေးထားတာက စစ်ကြီးကြောင့် မန္တလေးဟာ ပြောင်သလင်းခါပြီး မီးလောင်ပြင် ဖြစ်ခဲ့တော့ အရင်က နေထိုင်ခဲ့ကြတဲ့ တိုက်တာ အိမ်ခြေတွေ မဆောက်နိုင်ခင်၊ တဲကလေးတွေနဲ့ ရွှံ့တော ဗွက်တောမှာ နေကြရပုံ၊ တချို့လည်း နီးစပ်ရာ ဘုန်းကြီး ကျောင်းနဲ့ ဇရပ်တွေမှာ နေကြရပုံပါပဲ။
လတ်တလောဈေးချို (သို့မဟုတ်) အမျိုးသားဈေး
တိုးတက်နေတဲ့ ခေတ်အခြေအနေ အရ ပုံသဏ္ဌာန် တွေ၊ အသွင်အပြင်တွေဟာ ပြောင်းလဲရမှာ ဓမ္မတာပေါ့။ ဘယ်လိုပဲ ပြောင်းပြောင်း၊ အစဉ်အလာရှိတဲ့ ဈေးချိုဟာ မန္တလေးရဲ့ ဈေးချို၊ မြန်မာတွေရဲ့ ဈေးချို၊ အမျိုးသား စီးပွားရေး အမှတ်လက္ခဏာ ဈေးချို ဖြစ်စေ ချင်တာတော့ မြန်မာလူမျိုးတိုင်းရဲ့ ဆန္ဒပဲပေါ့။
ဟုတ်တယ်၊ ဒါမှ ဈေးချိုရဲ့ ဗီဇသန္ဓေ မပျောက်မှာ။ သူ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းက သေးတာမှ မဟုတ်တာ။ ။