ဆောင်းပါး

ငွေမရှိရင် ပညာသင်ဖို့ ခက်လာတဲ့ အခြေခံ ပညာရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဇွန်လ ၁ ရက်နေ့ဆိုရင် တနိုင်ငံလုံး အခြေခံပညာကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မှာ ရန်ကုန်အခြေခံပညာ ကျောင်းသားအများစုက ငွေကျပ် သိန်းပေါင်းများစွာ ကုန်ကျတဲ့ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေကို အဓိက ရွေးချယ် တက်ရောက်လာကြတယ်လို့ သိရှိရပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရ အာဏာရလာပြီးနောက် ၂၀၁၂ ခုနှစ်မှာ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေ တရားဝင် ဖွင့်လှစ် ခွင့်ပြုလိုက်ပြီး စတင်ခွင့်ပြုချိန်က ပုဂ္ဂလိက အခြေခံ ပညာကျောင်း ၅၀ ကျော်ခန့်သာ ရှိခဲ့ပေမယ့် ငွေကြေးတတ်နိုင်တဲ့ ကျောင်းသား မိဘတွေရဲ့ တောင်းဆိုမှု များပြားလာတာကြောင့် တနှစ်ထက် တနှစ် ပုဂ္ဂလိ ကျောင်းအရေအတွက် တိုးတက် လာပါတယ်။ ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာတော့ တနိုင်ငံလုံးမှာ ပုဂ္ဂလိက အခြေခံပညာကျောင်း အရေအတွက်၂၀၀ နီးပါး အထိ တိုးတက်များပြား လာတယ်လို့ သိရပါတယ်။

ပညာရေး ဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ ပုဂ္ဂလိက အခြေခံပညာ ကျောင်းတွေမှာ သူငယ်တန်းကနေ တက္ကသိုလ် ဝင်တန်း အစိုးရ ပြဋ္ဌာန်း ထားတဲ့ အခြေခံပညာ သင်ရိုး ညွှွှန်းတမ်းတွေအတိုင်း သင်ကြားခွင့်ရှိပါတယ်။ သူငယ်တန်းကနေ ၉ တန်း အထိ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေက ကိုယ်ပိုင်စာမေးပွဲ စစ်ခွင့်ရှိပြီး တက္ကသိုလ်ဝင်တန်းမှာတော့ အစိုးရ စစ်ဆေးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုပဲ ကျောင်းသား၊  ကျောင်းသူတွေ ဖြေဆိုနိုင်ဖို့ အဓိက ဦးတည် သင်ကြား ပေးရပါတယ်။

လတ်တလော ရန်ကုန်မြို့မှာ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေမှာ သူငယ်တန်းကစလို့ တက္ကသိုလ်ဝင်တန်း အထိ ကျောင်းသား တဦးကို သိန်းဆယ်ဂဏန်းချီ ဈေးပေါက်နေပြီး အခြေခံပညာ မူလတန်းဆိုရင်တော့ တနှစ် ကျောင်းလခ  အနည်းဆုံး ၁၀ သိန်းကျော်လောက် ကုန်ကျပါတယ်။ ၅ တန်းကနေ ၈ တန်းအထိ အနည်းဆုံး ကျောင်းလခ တနှစ်ကို ငွေကျပ် သိန်း ၃၀ ကနေ သိန်း ၄၀ ဝန်းကျင်အထိ ရှိပြီး ၉ တန်းနဲ့ တက္ကသိုလ်ဝင်တန်းအတွက် တနှစ်ကျောင်းလခက တနှစ်ကို အနည်းဆုံး သိန်း ၅၀ ကနေ သိန်း ၈၀ လောက်အထိ ဈေးပေါက်နေပါတယ်။

ပုဂ္ဂလိက အခြေခံပညာကျောင်းတွေကို ကျောင်းသားမိဘတွေ ရွေးချယ်လာရတဲ့အကြောင်းအရင်းကတော့ အစိုးရ ကျောင်း တွေထက် ကိုယ့်သားသမီးကို ပညာပိုတတ်စေချင်လို့၊ ပိုတော်စေချင်တဲ့ ရည်ရွယ်ချက်တွေရှိပြီး ပုဂ္ဂလိကျောင်း တွေက လည်း ပေးတဲ့ငွေနဲ့ ထိုက်တန်တဲ့ ပညာရေးဝန်ဆောင်မှုမျိုးတွေကို အပြိုင်အဆိုင် ပေးနေကြပါတယ်။

အစိုးရ အခြေခံ ပညာ ကျောင်းတွေမှာ ကျောင်းသား အနည်းဆုံး ၄၀ ကနေ ၇၀ လောက်အထိ အတန်းပိုင် ဆရာ၊ ဆရာမ တဦး တည်း ကသာ တာဝန်ယူ သင်ကြားပေးရတာမျိုး ရှိနေပေမယ့် ပုဂ္ဂလိက အခြေခံပညာကျောင်းတွေမှာတော့ ကျောင်းသူ ကျောင်းသား ၂၀ ကနေ အများဆုံး ၂၅ ဦးကို အတန်းပိုင်ဆရာ၊ ဆရာမ တဦးထားရှိပြီး အခြားဘာသာရပ် သင်ကြား ရေး ဆိုင်ရာ ဆရာ၊ ဆရာမတွေက လည်း  ကျောင်းသား၊ ကျောင်းသူ တဦးချင်းစီ အလိုက် ဖိဖိစီးစီး သင်ကြား ပေးကြပါတယ်။ အဲဒီလို သင်ကြားပေးမှု တွေ ကြောင့် ငွေကြေးအကုန်အကျများပေမယ့်လည်း ကျောင်းသား မိဘတွေက ပုဂ္ဂလိက အခြေခံ ပညာကျောင်းတွေကို ရွေးချယ်ကြတာဖြစ်ပါတယ်။

တချို့ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေက အစိုးရ ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်တမ်း အပြင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ ဘာသာရပ်တွေကိုလည်း ပူးတွဲ သင်ကြားတဲ့အပြင် ကျောင်းသား၊ ကျောင်းသူတွေကို ပန်းချီ၊ ဂီတ လို အနုပညာ သင်တန်း တွေ ပေးတာမျိုး၊ ဘောလုံး၊ ကြက်တောင် အပါအဝင် အားကစား နည်းတွေကို စုပေါင်း လေ့ကျင့် စေတာမျိုး၊ ကျောင်းသား ကျောင်းသူတွေ စိတ်အပန်းဖြေစေမယ့် လေ့လာရေး အပျော်ခရီးစဉ် ထွက်တာမျိုးတွေ လည်း လုပ်ပေး ကြပါတယ်။

စာသင်ခန်းတွေမှာလည်း သင်ကြားအထောက်အကူပြု ကွန်ပျူတာတွေ၊ လေအေးပေးစက်တွေနဲ့ အဆင့်တန်းမြင့်မြင့် သက်တောင့်သက်သာ ပညာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင် တခု ဖြစ်ထွန်းအောင် လုပ်ဆောင်ထားကြ ပါတယ်။ စားသောက်ရေး မှာလည်း အနည်းဆုံး အသားတပွဲ ၊ ဟင်းချို အရည် သောက်နဲ့ အသီးအရွက်ကြော်တပွဲ ပါတဲ့အပြင် အမဲသား ၊ ဝက်သား မစားတဲ့ ကျောင်းသားတွေ အတွက်လည်း အဆင်ပြေ အောင် စီစဉ်ပေးကြပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ဆရာဝန်တွေကို ငှားရမ်းပြီး ထားပေးကြတဲ့ ပုဂ္ဂလိက အခြေခံ ပညာကျောင်းတွေလည်း ရှိလာနေပါပြီ။

ရန်ကုန်မြို့ရဲ့ နာမည်ကျော် ပုဂ္ဂလိက အခြေခံပညာကျောင်း  တခုဖြစ်တဲ့ ACA ပညာ့ရိပ်ငြိမ် ကျောင်းမှ အကြံပေး ပညာရှင် တဦးဖြစ်တဲ့  ဦးစန်းဝင်းက“ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ 4 skill ကို ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုနိုင်တဲ့ အဆင့် ရောက် အောင် သင်ကြားပေးပြီးတော့ ကျောင်းမှာ ကိုယ်ပိုင် သိပ္ပံ ဓါတ်ခွဲခန်း ၊ ကိုယ်ပိုင်ဆေးခန်း ၊ ဆရာဝန်တွေ အပြင် သင်ကြား ပို့ချတဲ့ ဆရာတွေ ဆိုရင်လည်း ပညာရေးမှာ အတွေ့အကြုံများစွာရှိတဲ့ ပညာရေးဘွဲ့ ၊ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ရ ဆရာ၊ ဆရာမ တွေက သင်ကြားပေးနေတာ ဖြစ်တယ်” လို့ ရှင်းပြပါတယ်။

ACA ပုဂ္ဂလိကကျောင်းရဲ့ စာသင်ခန်းတိုင်းမှာ အဲယာကွန်း တပ်ထားပြီးတော့ စားပွဲဆိုရင်လည်း တယောက်တခုံ ပေးထား တဲ့ အပြင် ကျောင်းသား ၂၅ လောက်ကို ဆရာဆရာမ အနည်းဆုံး  ၂ ယောက်လောက်က ဂရုတစိုက် သင်ကြားပေးပြီး ကျောင်းစာတွေကို တခါတည်း စစ်၊ တခါလည်း ဖြေ ၊ တခါတည်း ရအောင် လုပ်ပေးတယ်လို့ သိရပါတယ်။

ပုဂ္ဂလိက အခြေခံ ပညာ ကျောင်းတွေမှာ တနှစ်ကို ကျောင်းသားတဦး ကျောင်းလခ ငွေကျပ် ဆယ်ဂဏန်းချီ ပေးရပေမယ့် တခါတည်း တကြိမ်တည်း ပေးရတာမျိုး မဟုတ်ဘဲ တနှစ်စာ ကျောင်းလခကို အနည်းဆုံး ၂ ကြိမ်ကနေ ၅ ကြိမ်လောက် အထိ ခွဲသွင်းလို့ရတဲ့အတွက်လည်း ကျောင်းသားမိဘတွေက အကြိုက်တွေ့ကြပါတယ်။ ငွေကြေး တတ်နိုင်တဲ့ ကျောင်း သား ကျောင်းသူတွေအတွက် ပုဂ္ဂလိက အခြေခံပညာကျောင်းတွေက  သက်တောင့် သက်သာနဲ့  ဖိဖိစီးစီး ပညာ သင် ယူနိုင်မယ့် ပတ်ဝန်းကျင်တွေဖြစ်လာပါတယ်။

ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက်ကတော့ ကောင်းကောင်း ဆိုးဆိုး ရွေးချယ်ခွင့်မရှိဘဲ အစိုးရ အခြေခံပညာ ကျောင်းတွေမှာပဲ ပညာသင်ယူကြရ ပါတယ်။ အစိုးရက ပုဂ္ဂလိက အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ခွင့် ပြု လိုက်တာက နိမ့်ကျနေတဲ့ မြန်မာ့ပညာရေးလောကအတွက် အလားအလာ တကောင်းတရပ်ဖြစ်ပေမယ့် ပုဂ္ဂလိက အခြေခံ ပညာကျောင်းတွေက ပေးနေတဲ့ သက်တောင့်သက်သာ ပညာသင်ကြားနိုင်တဲ့ စနစ်မျိုး  အစိုးရ အခြေခံပညာ ကျောင်းတွေ က မပေးနိုင်တဲ့အတွက် ငွေကြေး ချမ်းသာတဲ့ ကျောင်းသားကျောင်းသူတွေက ငွေကြေးချို့တဲ့တဲ့ ကျောင်းသား ကျောင်းသူ တွေ ထက် ပညာပိုမို ဆည်းပူးနိုင်တဲ့ အခွင့်အလမ်းရလာနေသလိုပါပဲ။

ရန်ကုန်မြို့မှ  ကျောင်းသား မိဘ တဦးဖြစ်တဲ့ ဦးသိန်းနိုင်က ပုဂ္ဂလိက အခြေခံပညာကျောင်းတွေမှာ ကျောင်းစရိတ် အကုန် အကျ များပေမယ့် ကိုယ့်သားသမီးရဲ့ ပညာရေး အရမ်းကောင်းတာကြောင့် ပိုက်ဆံကုန်ရကျိုးနပ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ သားလေးက အခု အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်နေပြီ။ ကလေးက လူမကြောက်ဘူး။ ပြောရဲ ဆိုရဲ ရှိတယ်။ ပြော နိုင်တဲ့ အခွင့်အရေးလည်း ကျောင်းမှာ ရတယ်။ အဲဒီတော့ ပိုက်ဆံကုန်ရတာ တန်တယ်။ ကုန်ရကျိုး နပ်တယ်ပေါ့ ” လို့ ဦးသိန်းနိုင်က ဆိုပါတယ်။

ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသား တဦးချင်းစီအလိုက် ပိုဂရုစိုက်တာ ၊ အမှတ်ပေးစနစ် တခုတည်းနဲ့ အတန်း အောင် တာ ကို မဆုံးဖြတ်ဘဲ ကလေးရဲ့ တီထွင်ဖန်တီး လုပ်ကိုင်နိုင်စွမ်းအပေါ်မှာ ဆုံးဖြတ်တာ ၊ ကလေးရဲ့ ဝါသနာကို ထူးချွန် အောင် လုပ်ကိုင်ခွင့်ပေးတာ၊ အင်္ဂလိပ်စာမှာ ထူးချွန်တာတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ လူတောတိုး ရဲအောင် လုပ်ပေးတောတွေကြောင်း အစိုးရကျောင်းထက် ပုဂ္ဂလိက ကျောင်းတွေကို ရွှေးချယ်ဖြစ်တာလို့ ကျောင်းသား မိဘတွေ ဆီကနေ သိရပါတယ်။

အစိုးရ အခြေခံ ပညာကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေက ဆရာ ဗဟိုပြု သင်ကြားနည်းနဲ့ပဲ စာသင်ကြား နေရပြီး ဒါကျက် ၊ ဒါဖြေ ဆိုတဲ့ အလွတ်ကျက်စနစ်ကိုပဲ ဆက်လက် ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။ အတန်းပိုင်ဆရာမ၊ ဆရာတွေ ဆီမှာ ကျူရှင် ပြန်ယူရတဲ့ စနစ်ကလည်း အလွန်တွင်ကျယ်နေတဲ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေမှုလည်း ရှိနေဆဲ ဖြစ် ပါတယ်။ ကျောင်းသားကျောင်းသူတွေ ပညာတကယ်မတတ်ဘဲ အတန်းပိုင် ဆရာ၊ ဆရာမကို ကန်တော့ပြီး အတန်း တက် ဖို့ လုပ်ဆောင်နေတာမျိုးတွေလည်း အစိုးရ အခြေခံ ပညာကျောင်းတွေမှာ ရှိနေဆဲပါပဲ။

ပုဂ္ဂလိက အခြေခံ ပညာသင်ကျောင်းတွေ သင်ကြားရေးနဲ့ ဝန်ဆောင်မှု ကောင်းမွန်လာသလောက် အစိုးရ အခြေခံ ပညာ  ကျောင်းတွေရဲ့ သင်ကြားရေး နဲ့ အခြေခံ အဆောက်အဦတွေမှာတော့ ပြု ပြင်ပြောင်းလဲမှု အလွန် နည်းပါး နေပါတယ်။ အစိုးရ ကျောင်းတွေမှာ ကျောင်းသား ဗဟိုပြု ပညာသင်ကြားရေး စနစ် အကောင်အထည်ဖော်နေတယ်ဆိုပေမယ့် ကျောင်းသား အရေအတွက်က များပြီး ဆရာ အရေအတွက် နည်းလွန်းတာမို့ ကျောင်းသားဗဟိုပြု ပညာသင်ကြားရေး စနစ် ဖြစ်ထွန်းလာခြင်း မရှိသေးပါဘူး။

မရမ်းကုန်းမြို့နယ်၊ အမှတ် ၁၇ အခြေခံပညာ မူလတန်းကျောင်းမှ ဆရာမတဦးက “ကလေး ဗဟိုပြု ပညာသင်ကြားရေး စနစ်ဆိုပေမယ့် အတန်းတတန်းမှာ ကျောင်းသားအရေအတွက်က ၅၀ ကနေ ၇၀ ရှိတယ်။ အတန်းပိုင် ဆရာမက တဦး တည်း ရှိတော့ ဘယ်လိုနည်းနဲ့မှ ကလေးဗဟိုပြု ပညာသင်ကြားရေး ဆိုတာ ဖြစ်မလာနိုင်ဘူး” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတဦးက အရင် စစ်အစိုးရ လက် ထက် အခြေခံပညာကျောင်းတွေမှာ မြေဖြူက အစ ကျောင်းသားမိဘတွေဆီက ကောက်ခံလို့ရတဲ့ ငွေကြေးနဲ့ ဝယ်သုံး ရတာမျိုး ရှိခဲ့ပေမယ့် အခုဆိုရင် အစိုးရက အခြေခံပညာ မူလတန်း ကျောင်းတခုအတွက် ငွေကျပ် ၁၅ သိန်း ထောက်ပံ့ တာ မျိုးရှိလာပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီထောက်ပံ့ကြေး ၁၅ သိန်းက ကျောင်းသားကျောင်းသူတွေရဲ့ သင်ကြားရေးနဲ့ ကျောင်း အဆောက်အအုံ ထိန်းသိမ်းရေးအတွက် မပြောပလောက်တဲ့ ငွေကြေးပမာဏမျှသာဖြစ်ပြီး အရာမထင်ဘူးလို့ သူက ပြောပါတယ်။

ပုဂ္ဂလိက ကျောင်းတွေလို မြင့်မားတဲ့ ကျောင်းလခ မရှိပေမယ့် အစိုးရကျောင်းတွေမှာ အခြေခံပညာ ကျောင်းသား တဦးကို တလ ၅ သောင်းထက်မနည်းကုန်ကျတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

“ကျောင်းတက်ပြီဆိုတာနဲ့  မိဘဆရာအသင်း ရံပုံငွေ၊ ဆရာကန်တော့ပွဲ၊ အပတ်စဉ် စုကြေး လိုမျိုး ကျောင်းက ကောက်တဲ့ ငွေပေးရ သလို ကလေးအတွက် ဗလာစာအုပ်ကအစ ခဲတံ၊ ဘောပင် ဝယ်ပေးရတာဆိုတော့ ကျောင်းသားတဦးရဲ့ စရိတ်က အကုန်အကျ များလွန်းတော့ မနည်းရှာရတယ်။ စားတာကို ဖြစ်သလိုစားပြီး ကလေးကိုတော့ ကျောင်းမဖြစ် ဖြစ်အောင် ထားတယ်။ ပညာ တတ်တာ မတတ်တာကတော့ သူတို့ရဲ့ ကြိုးစားမှုပဲ။ ကိုယ်က မိဘဆိုတော့ ကိုယ့်တာဝန် ကိုယ် အပြည့်ယူရတာပေါ့” လို့ ကမာရွတ်မြို့နယ်၊ အခွန်လွတ်ဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းချနေတဲ့ ကလေး ၂ ဦး မိခင် ဒေါ်ပြုံးက ဆိုပါတယ်။

အစိုးရ ကျောင်းတွေမှာ ကျောင်းသား အချိုးနဲ့ ဆရာ၊ ဆရာမ အချိုး မညီမျှတာ၊ ဆရာ၊ဆရာမတွေကို စားဝတ်နေရေး ဖူလုံစေမယ့် လစာ လုံလုံ လောက်လောက် မပေးနိုင်တာ၊ ကျောင်း အဆောက်အအုံ ကောင်းကောင်းတွေ နဲ့ အခြေခံ အဆောက်အဦ (Infrastructure) တွေ အပြင်  သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ အစိုးရက မထောက်ပံ့နိုင်တာကြောင့် မြန်မာ့ ပညာရေး စနစ် ပြုပြင် ပြောင်းလဲဖို့ မဖြစ်နိုင်သေးဘူးလို့ ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

“ ကျောင်းမှာ ကွန်ပျူတာ မရှိဘူး။ ဆရာမက အင်္ဂလိပ် စကားပြော သင်ပေးတယ်။ အင်္ဂလိပ်လိုတော့ မပြောတတ်ဘူး” လို့ မြောက်ဒဂုံ မြို့နယ် အမှတ် ၄ အခြေခံပညာ  မူလတန်းကျောင်းမှာ စတုထ္တတန်း တက်ရောက်မယ့် မဆုမြတ်မြတ်မွန်က ပြောပါတယ်။

ရန်ကုန်မြို့မှ ကျောင်းသားမိဘတဦးဖြစ်သူ ဦးဖိုးအေးက သူ့သားသမီးတွေကို  ဖိဖိစီးစီ သင်ကြားပေးနိုင်တဲ့ ပုဂ္ဂလိက ကျောင်း တွေမှာ ကျောင်းထားချင်ပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် ကလေးတွေရဲ့ အနာဂတ် ပညာရေးကို အစိုးရ ကျောင်းတွေပေါ်မှာပဲ ပုံအပ်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှ နာမည်ကျော် ကျူရှင်ဆရာတဦးဖြစ်တဲ့ ဒေါက်တာဘိုင်အို ခေါ် ဒေါက်တာစိုးဝင်းဦးက “Man power ၊ Management ၊ Money ဆိုတဲ့ M သုံးလုံးကို Scale ကိုက်နေအောင် မတည်ဆောက်နိုင်သေးသ၍ Education For All လို့ ခေါ်တဲ့ အားလုံး အတွက် ပညာရေး က ဖြစ်လာမှာ မဟုတ်ဘူး။ အခု အစိုးရကျောင်းတွေမှာ သင်နေတဲ့ ကြက်တူရွေးလို နှုတ်တိုက် ကျက်တာမျိုးက ကလေး တယောက်ရဲ့ တီထွင်ဖန်တီးလိုစိတ်ကို ပိတ်သလို ဖြစ်သွားတယ်” လို့ သုံးသပ် ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးအသုံးစရိတ်က အစိုးရအသုံးစရိတ်ရဲ့ ၅ ရာခိုင်နှုန်းအောက်မှာသာ ရှိနေတာမို့ ပညာရေး ပြုပြင် ပြောင်းလဲမှုတွေ မလွယ်တဲ့အပြင် ငွေရှိမှ ပညာ သင်နိုင်မယ့် ခေတ်ကို တဖြည်းဖြည်းဦးတည်လာပြီလို့ သုံးသပ်မှုတွေ ရှိနေ ပါတယ်။

ကလေးတိုင်း တတ်သင့်တဲ့ အခြေခံပညာရေး ဆိုတာ ရောင်းကုန် မဟုတ်ပေမယ့် လက်ရှိ မြန်မာ့ပညာရေးလောကမှာ အခြေခံ ပညာရေးက ငွေရှိမှ သင်ယူနိုင်တဲ့ အခြေအနေမျိုး ဆိုက်ရောက်လာပြီး အစိုးရရဲ့ ပြင်းထန် တောင့်တတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက် မရှိသမျှ ကာလပတ်လုံး ဆင်းရဲ မွဲတေမှု ကြောင့် ပညာမသင် ၊ ပညာမသင်တော့ ဆက်ပြီး ဆင်းရဲ ဆိုတဲ့ လုံးချာလည် ဆင်းရဲမွဲတေမှု သံသရာက လွတ်မြောက်နိုင်မှာမဟုတ်ဘူး လို့ ရန်ကုန် တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ နည်းပြဟောင်းတဦးဖြစ်တဲ့ ဒေါ်ဥမ္မာက ဆိုပါတယ်။

နိုင်ငံသား အားလုံး အခမဲ့ ပညာသင်ယူခွင့်ရှိရမယ်လို့ အာမခံတဲ့ အမျိုးသား ပညာရေး မူဝါဒနဲ့ ဥပဒေတွေ နိုင်ငံမှာ မရှိ သေး တာမို့ ခိုင်မာတဲ့ ပညာရေးဥပဒေတွေ၊ ပညာရေး လွတ်လပ်ခွင့်တွေ ပေါ်ပေါက်ဖို့ကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှု အတွက် အလွန် အရေးကြီးတယ်လို့ ဒေါက်တာစိုးဝင်းဦးက သုံးသပ်ပါတယ်။

လက်ရှိ အခြေအနေ မှာတော့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ မပီပြင်သေးတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက် တွေကြောင့် မြန်မာ့ ပညာရေး နယ်ပယ်မှာ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေ ပိုမို ခေတ်စား တွင်ကျယ် လာဦးမှာ ဖြစ်တယ် လို့ ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading