သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ၃ နှစ် ကာလ လွန်မြောက်လာချိန်မှာ မီဒီယာသမားတချို့ကို ဖမ်းဆီး ထောင်ချတာ၊ တရားစွဲဆို အရေးယူတာတွေကြောင့် အစိုးရရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို တကယ်ယုံကြည်မှု မရှိဘူးလို့ ပြည်တွင်း မီဒီယာ အသိုင်း အဝိုင်း က ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။
အဲဒီအပြင် အစိုးရက နိုင်ငံခြား သတင်းထောက်တွေကို ဗီဇာကန့်သတ်တာ၊ ဥပဒေသစ်တွေထဲမှာ မီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစား လာတာ၊ နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းတဲ့ ပုဂ္ဂလိကပိုင် သတင်း မီဒီယာတွေရဲ့ ကြော်ငြာတွေကို စိစစ် ဖြတ်တောက်မှုပြုလုပ် လာတာတွေလည်း ရှိနေပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်ခါစတုန်းက ဒီမိုကရေစီစနစ်မှာ မီဒီယာလွတ်လပ်ခွင့် ရှိရမယ်လို့ ကြွေးကြော်ပြီးတော့ အင်တာနက် မှာ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ဖွင့်ပေးလိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ ကြိုတင် စိစစ်တင်ပြရတဲ့ စာပေစိစစ်ရေး စနစ်ကို ဖြုတ် ပေး ပြန်ပါတယ်။ ပြီးတော့ ပြန်ကြားရေး ဝန်ကြီး ဌာနက ဦးဆောင်ပြီး စာနယ်ဇင်း လောကအတွက် စာနယ်ဇင်း ကောင်စီ(ယာယီ) ကို ဖွဲ့စည်းပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ပေးတာ၊ နိုင်ငံခြား သတင်းထောက်တွေကို ပြည်ဝင်ခွင့်ပေးတာ၊ နိုင်ငံတကာ မီဒီယာကြီးတွေကို ပြည်တွင်းမှာ ရုံးဖွင့်ခွင့်ပေးတာတွေ အပြင် တချိန်က အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသား အများစု လုပ်ကိုင်နေတဲ့ RFA ၊ DVB ၊ BBC ၊ VOA နဲ့ The Irrawaddy တို့လို မီဒီယာတွေ ပြန်လာခွင့်ပြုခဲ့တာ တိုးတက်တဲ့ လက္ခဏာတွေ ဖြစ်ခဲ့ပါ တယ်။ ဒါတွေအတွက် “မြန်မာ့နွေဦး”မှာ ပြန်ကြားရေး ဝန်ကြီးဌာနဟာ ရှေ့တန်းကပါတယ်လို့ မီဒီယာ အသိုင်းအဝိုင်းက ချီးမွမ်းထောမနာ ပြုခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ Eleven မီဒီယာရဲ့ နယ်သတင်းထောက် နော်ခိုင်ခိုင် အေးချိုကို ထောင် ၃ လ ချတာတော့ မီဒီယာသမားတွေ မျက်ခုံးပင့်လာပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက ပေါက်မြို့နယ်ရှိတဲ့ လက်နက်စက်ရုံ သတင်းကို ရေးသားခဲ့တဲ့ Unity အပတ်စဉ် ဂျာနယ်ရဲ့ တာဝန်ရှိသူနဲ့ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေအရ အရေးယူလိုက်တဲ့အခါ မီဒီယာ သမားတွေ ထိတ်လန့်သွား ကြပါတယ်။
ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ ၂၀၁၄ ခုနှစ် ဧပြီလမှာ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ကိုဇော်ဖေ (ခေါ်) သူရသက်တင် ကို မကွေးမြို့နယ် တရားရုံးက ပိုက်နက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
ကိုဇော်ဖေဟာ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က ပညာသင်ဆု တခုနှင့် ပတ်သက်ပြီးတော့ မကွေးမြို့နယ် ပညာရေးမှူးရုံးကို သွားရောက် သတင်းယူခဲ့ရာမှာ ပိုင်နက်ကျူးလွန်မှုနဲ့ ကိုဇော်ဖေ အပါအဝင် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ကို မကွေးမြို့နယ် ပညာရေးမှူးရုံးက တရားလို ပြုလုပ်ပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါတွေဟာ အစိုးရက မီဒီယာအပေါ်မှာ ဖိနှိပ်လိုစိတ် အခိုင်အမာ ရှိနေတယ် ဆိုတာကို ပြသလိုက်တာလို့ မီဒီယာ အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသက ဒုချီးရားတန်းရွာ ကိစ္စ သတင်းရေးသားရာမှာ ကျင့်ဝတ် လိုက်နာမှု မရှိဟု စွပ်စွဲပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံခြား သတင်းထောက်တွေကို အစိုးရက ပြည်ဝင်ခွင့် ကန့်သတ်တာမျိုးတွေ စလုပ်ခဲ့ ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက နိုင်ငံခြား သတင်းထောက်တွေကို ပြည်ဝင်ခွင့် ကန့်သတ်ရတာဟာ တချို့ နိုင်ငံခြား သတင်းထောက်တွေဟာ ပြည် တွင်းမှာ တရားဝင် ရုံးခန်း မဖွင့်လှစ်ဘဲ အကြိမ်ကြိမ် ဗီဇာသက်တမ်း တိုးနေတာကြောင့်လို့ အကြောင်းပြပါတယ်။
အဲဒီလို ကန့်သတ်လိုက်တာကြောင့် နိုင်ငံတကာ သတင်းသမားတွေဟာ ဗီဇာနဲ့ ပတ်သက်ပြီးတော်တော်လေး အခက်အခဲတွေ တွေ့ကြုံခဲ့ရတယ်။
အမေရိကန် East-West-Center က ကြီးမှူးကျင်းပတဲ့ မီဒီယာကွန်ဖရင့် တက်လာသူတွေထဲမှာ ဗီဇာ ၁ ပတ်တည်း ရသူတွေတောင် ရှိလာတာမို့ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဟာ အရင်စစ်အစိုးရတုန်းကလို မူဝါဒအမျိုးမျိုး ပြောင်းနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ဥပဒေပိုင်းမှာလည်း သတင်းလွတ်လပ်ခွင့်ကို အကန့်အသတ် ဖြစ်စေတဲ့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေတွေ အပြင် နည်း ဥပဒေ တွေကိုပါ အစိုးရက ဦးဆောင် ရေးဆွဲပါတယ်။ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ မလွတ်လပ်သေးတဲ့ အခြေ အနေမှာပဲ ရှိနေသေးတယ် လို့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီတဲ့ မီဒီယာဥပဒေ ရေးဆွဲပေးမယ် ဆိုပြီး အစိုးရ ဦးဆောင် ရေးဆွဲတဲ့ မီဒီယာ ဥပဒေဟာ မီဒီယာလွတ် လပ်ခွင့်ကို ကန့်သတ်တဲ့ အချက်တွေ ပါနေတာကို ထောက်ပြ ထားပါတယ်။
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေနဲ့ ရုပ်သံ ဥပဒေ မူကြမ်းတွေဟာ အစိုးရက အခြေခံ အခွင့်အရေးတွေ မပေးလိုဘဲ တွန့်ဆုတ်တယ် လို့ ဆိုပါတယ်။ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ တန့်သွားပြီလား ဆိုပြီးတော့လည်း မေးခွန်းထုတ်ထားပါတယ်။
ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့(RSF) ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့် ၁၄၅ ကို ရောက်ရှိလာပြီး အဆင့် ၆ ဆင့်ကို တက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာနယ်ဇင်း သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ အကြပ်အတည်းတွေကို ဖြတ်သန်းနေရဆဲပဲ လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်အခြေစိုက် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (CPJ) ကလည်း ဆင်ဆာ တင်းကျပ်မှု အဆိုး ဆုံး ၁၀ နိုင်ငံ စာရင်းမှာ မြန်မာကို နံပါတ် ၇ ဖြစ်ကြောင်း သတ်မှတ် ထားပါတယ်။
ဒီမိုကရေစီ စနစ်မှာ မီဒီယာလွတ်လပ်ခွင့် မဖြစ်မနေ ပေးရမှာ ဖြစ်လို့ ပေးလိုက်ရပေမယ့် အစိုးရအဖွဲ့ဝင်တွေဟာ ယခင် စစ်အာဏာ ရှင် စနစ်က စိတ်ဓာတ်တွေ အတိုင်းပဲ ရှိနေလို့ အစိုးရနဲ့ မီဒီယာကြားမှာ ဒီလို ပြဿနာပေါ်ပေါက်နေ ရတာလို့ သတင်း မီဒီယာ လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူတွေက ဧရာဝတီကို ပြောပါတယ်။
“အစိုးရ ဌာနတွေက ပြည်သူကို သတင်းပေးဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် သူတို့မှာက Mindset အဟောင်းပဲ ရှိသေးတယ်။ သူတို့က မီဒီယာကို နှောင့်ယှက်တဲ့သူ လို့ပဲ မြင်တယ်။ အဲဒီမှာ ပြဿနာ ဖြစ်ရင် တရားရုံးကလည်း လွတ်လပ်မျှတတဲ့ ပုံစံမျိုး မဟုတ်ဘူး။ သူ့အပေါ်မှာ သမ္မတကရော အုပ်ချုပ်ရေးပိုင်းကရော လွှမ်းမိုးနေတယ်။ အဲဒီ နှစ်ခုက ရောထွေးနေတဲ့ အတွက် အခုလို ပြဿနာ တွေ ဖြစ်နေတာပဲ” လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီဝင်လည်းဖြစ် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဒု ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသီဟစော က ဧရာဝတီကို ပြောပါတယ်။
ဆောင်းပါးရှင် ဒေါက်တာ ခင်မောင်ညိုကလည်း ဒီအချက်ကို သဘောတူပါတယ်။
“အစိုးရက မှားယွင်းတဲ့ အယူအဆတွေနဲ့ ဆက်သွားနေတယ်။ အခုပုံစံက လူတွေကို အငြိုးနဲ့ လုပ်တဲ့ ပုံစံမျိုးပေါ့။ ဗိုလ်ချုပ်အုန်းမြင့် ပြောသလို သူတို့မှာ အာဏာရှိတယ်။ လုပ်ချင်တာ လုပ်မယ် ဆိုတာမျိုး ပေါ့။ အဲဒီတော့ ဒီလူတွေ လုပ်နေတာဟာ သူ့ အကျိုးစီးပွားလား တိုင်းပြည်ရဲ့ အကျိုးစီးပွားလား ဆိုတာ ဆုံးဖြတ်ဖို့ လိုလာတယ်”လို့လည်း သူကပြောပါတယ်။
အခု အဖမ်းအဆီးတွေ ကြမ်းနေတာ မကွေးတိုင်းဒေသကြီးလို့ သတင်းသမားတွေက ဆိုပါတယ်။ မကွေးတိုင်းကို “စာပေသချႋုင်း” လို့တောင် ခေါ်ရတော့မှာ ဖြစ်တယ်လို့ မကွေးမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာ တဦးက ပြောပါတယ်။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က ဝန်ကြီးဌာန အလိုက် မီဒီယာကို လက်ခံဖြေကြားပေးဖို့ ပြောဆို ခဲ့ပေမယ့် ဆက်သွယ်တဲ့ အခါ ဖုန်း ကိုင်ပြီး ပြန်လည်ဖြေဆိုခြင်းမျိုး မရှိတဲ့အပြင် တခါတရံမှာ တာဝန်ရှိသူ ကိုယ်တိုင်က မိမိကိုယ်ကို ရုံးစေအဖြစ် ဟန်ဆောင်ပြီး လူကြီးမရှိဘူး ဆိုပြီး လိမ်လည်ပြောဆိုတာ မျိုးကိုတောင် တွေ့ကြုံခဲ့ကြ ပါတယ်။
ဒီကြားထဲ နိုင်ငံခြား သတင်းထောက်တွေကို ဗီဇာတင်းကျပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနတွေမှာ တာဝန်ထမ်းနေတဲ့ မြန်မာ သတင်းထောက် တွေကိုလည်း တင်းကျပ်လာ ပါတယ်။
Reuters သတင်းထောက် ဦးအောင်လှထွန်းက “နောက်ဆုံး သိသာတာကတော့ နိုင်ငံတကာ သတင်းအေဂျင်စီတွေမှာ လုပ်နေတဲ့ နိုင်ငံခြား သတင်းထောက်တွေကို အစိုးရက ကတ်ပြားတခု ထုတ်ပေးထားတယ်။ အသိအမှတ်ပြု ကတ်ပုံစံပေါ့။ အဲဒါက တနှစ်တခါ သက်တမ်း တိုးရတယ်။ ပြီးခဲ့တဲ့ တပတ်လောက်က စပြီး အဲဒါကို ၆ လအထိ လျှော့လိုက် တယ်။ ကျနော်တို့ဆို ၆ လ ၁ ခါ သက် တမ်း တိုး ရမှာ။ သက်တမ်း မကုန်ခင် တလကြိုတိုး ဆိုတော့ ၅ လပဲ ရတော့တယ်။ သက်တမ်းတိုးတာကလည်း နေပြည်တော် အထိ သွားရတာ။ အခက်အခဲတွေ အများကြီး ဖြစ်စေတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
အခုလို မီဒီယာသမားတွေ အရေးယူ ခံနေရတဲ့ ပိုင်နက် ကျူးလွန်မှု ၊ အသေရေဖျက်မှုတို့ ဆိုတာတွေက ရာဇဝတ်မှုတွေ ဖြစ်ပြီး တော့ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေတွေကို တချို့နိုင်ငံတွေက ပြင်ဆင်ပြောင်းလဲပြီး ငွေဒဏ်လောက်နဲ့ပဲ ပြီးသွားအောင် ပြင်ဆင်ပြီးတာ ကြာပြီလို့ ဦးသီဟစောက ပြောပါတယ်။
အစိုးရဆိုတာမှာ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့တက်လာတဲ့ ပြည်သူ့အစိုးရဆိုရင် ပြည်သူ့ဆန္ဒတွေကို ဖော်ပြတဲ့ မီဒီယာတွေနဲ့ ပြဿနာ တက်မှာ မဟုတ်ဘဲ၊ ပြဿနာဖြစ်လာရင်တောင် နည်းနည်းပါးပါး လောက်နဲ့ ပြေလည်သွားတာမျိုး ဖြစ်သင့်တယ်လို့ သူက ပြောဆို ပါတယ်။
ပြီးတော့ သတင်း သမားတွေ ဘက်ကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာ အားကောင်းဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်လည်း အခုချိန်အထိ နှစ်ဘက် စလုံးက အဲဒီအဆင့်ကို မရောက်ကြသေးဘူးလို့ ဝါရင့်သတင်းစာဆရာ အယ်ဒီတာ ဦးသီဟစောက သုံးသပ်သွားပါတယ်။ ။