ဆောင်းပါး

သေမင်းတမန် လမ်းမကြီးကို ဘယ်လိုပြင်ကြမလဲ

This article has been converted from Zawgyi One to Unicode

ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန်လမ်းမကြီး” လို့ လူတွေခေါ်လာကြတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ဖြတ်သန်း သွားလာဖို့အတွက် ပြည်သူတွေ ကြောက်ရွံ့နေကြပါပြီ။

လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ များနေသလို ယာဉ်ကြံ့ခိုင်မှု၊ ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှု လိုအပ်ချက် စတဲ့ ကိစ္စတွေကြောင့် အမြန်လမ်းမကြီးပေါ်မှာ နေ့စဉ်ဆိုသလို ယာဉ်ထိခိုက်မှုတွေ ဖြစ်နေကြရပါတယ်။ အစိမ်းသေလို့ ဝိညာဉ်တွေဟာ တစ္ဆေသူရဲတွေအဖြစ် မကျွတ်မလွတ်ကြတာမို့ဆိုပြီး ပရိတ်ရွတ်ဆို  အမျှပေးကြတာတွေလည်း  ရှိလာပါတယ်။ Facebook လူမှုကွန်ရက်တွေ အင်တာနက်စာမျက်နှာတွေမှာတော့ ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်းမကြီးကို “သေမင်းတမန် လမ်းမကြီး” လို့ ခေါ်ဝေါ် သုံးစွဲနေကြသလို လမ်းဖောက်လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လူသတ်သမားတွေလို့ အပြစ်တင်ပြောဆို နေကြတာတွေလည်း တွေ့လာရပါတယ်။

ဧပြီလနဲ့ မေလ ၁၃ ရက်အတွင်းမှာပင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၈ ဦးထိဖြစ်ခဲ့ရတဲ့ အပေါ် ဝေဖန်သံတွေ ဆက်တိုက်ထွက်လာတဲ့အတွက် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဗဟိုဘဏ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ အမြန်လမ်း ရဲတပ်ဖွဲ့နဲ့အင်ဂျင်နီယာတွေက လမ်းကြီး ပိုပြီးကောင်းမွန်ဖို့ကို ကြိုးစားအဖြေရှာခဲ့ကြတယ်။ မေလ ၁၉ ရက်နေ့ကလည်း လမ်းပြင်တာကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပထမဆုံး ထွက်ကြည့်တယ်။ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်းမှာလမ်းကြီးကို ခြောက်လမ်းသွားနဲ့ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် အဆင့်မြှင့်တော့မှာဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေတရပ် ထုတ်ပြန်ဖို့ရှိတယ်လို့ အမြန်လမ်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီကို ပြောပါတယ်။

“လမ်းကြီးကို အဆင့်မြှင့်လိုက်ရင်တော့ ထိခိုက်အန္တရာယ်တွေ နည်းသွားမယ်။ တခြားလမ်းမကြီးတွေမှာ ထိခိုက်မှုတွေက အမြန်လမ်းထက် များပေမယ့်လည်း ဒီလမ်းမကြီးမှာဆိုရင်တော့ ဆိုးဆိုးရွားရွား လာဖြစ် တတ်တာ တွေ့နေရတယ်” လို့ ဦးကြည်ဇော်မြင့်က သုံးသပ်ပါတယ်။ ဒါပေမယ့် ဒီလမ်းမကြီးကြောင့် လမ်းအင်ဂျင်နီယာတွေ ချမ်းသာသွားပြီး အဆင့်မမီတဲ့လမ်းကို အများပြည်သူကို သုံးစွဲခွင့်ပြုတာမို့ လူသတ်သမားတွေလို့ ဝေဖန်သုံးသပ်နေတဲ့ Facebook က ဝေဖန်မှုတွေအပေါ်ကိုတော့ သူက မှတ်ချက် မပေးပါဘူး။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြီးခဲ့တဲ့နှစ်လယ်က အမြန်လမ်းဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ခရီးသည် ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံကယာဉ် အစီးရေ ၁၀ ဆလောက်ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့ ထောက်ပြပြီး မြန်မာဟာ ယာဉ်မတော်မဆမှုနဲ့ သေဆုံးမှု အာဆီယံနိုင်ငံများမှာ အမြင့်ဆုံး နိုင်ငံတနိုင်ငံတယ်လို့ ဆိုပါတယ်။ အမြန်လမ်းမကြီး စတင်ဖွင့်လှစ် ခဲ့တဲ့ ၂၀ဝ၉ ခုနှစ် မတ်လကနေ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်အထိ စာရင်းဇယားတွေအရ  ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၈၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ဝ၀ ကျော်နေတာကြောင့် မိုင်ပေါင်း ၃၇၆ မိုင်ရှည်တဲ့ အမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၁ တိုင်တိုင်းမှာ လူတယောက်နှုန်း သေဆုံးသလိုလည်း ဖြစ်နေပါတယ်။

၂၀ဝ၉ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ဖွင့်ပွဲမှာ အဲဒီအချိန်က စစ်အုပ်ချုပ်ရေး ကောင်စီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒီအမြန်လမ်းမကြီးဟာ နိုင်ငံတကာအဆင့်မီ လမ်းမကြီးဖြစ်ကြောင်း၊ ဒီလမ်းမကြီးကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး တပ်မတော်သားများက ဖောက်လုပ်ပေးခဲ့ကြောင်း၊ လမ်းမကြီးကို သွားလာရာမှာ “နိုင်ငံတကာခေတ်မီ လမ်းမကြီးတခုရဲ့ ဝန်ဆောင်မှုများကို သိရှိခံစားနိုင်မည်ဖြစ်သလို ခေတ်မီနည်းပညာများ၏ စံနှုန်းပြည့် အရည်အသွေးများနှင် အညီ အပြည့်အဝ ထည့်သွင်းတည်ဆောက်”ထားကြောင်း ၂၀ဝ၉ ခုနှစ်၊ မတ်လ ၂၆ ရက်ထုတ် သတင်းစာ ၂ စောင်မှာ ဖော်ပြပါရှိခဲ့ပါတယ်။

အမြန်လမ်းမကြီးကို ဖောက်လုပ်ခဲ့စဉ်က လမ်းတမိုင်အတွက် ကုန်ကျစရိတ်က ငွေကျပ် ၂ ဒဿမ ၅ ဘီလီယံရှိပြီး လမ်းမိုင် ၃၆၇ မိုင် ကျော်အတွက် ငွေကျပ် ၉၀ဝ ဘီလီယံကျော် ကုန်ကျခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ယခုနှစ်အတွင်း ပြန်လည်ပြုပြင်မယ်လို့ ဆိုရာမှာလည်း ခန့်မှန်းခြေအားဖြင့် ငွေကျပ် ဘီလီယံထောင်ချီ ကုန်ကျမှာ ဖြစ်တယ်လို့ အမြန်လမ်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

“အမြန်လမ်းမကြီး အဆင့်မီလာဖို့ဆိုရင်တော့ အမေရိကန်က ကူမှရမယ်”လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် လာခဲ့စဉ်ကလည်း သမ္မတ ဦးသိန်းစိန်က အမြန်လမ်း မကြီးပြုပြင်ရာမှာ အမေရိကန် အစိုးရအနေနဲ့ ငွေကြေးနဲ့ နည်းပညာပိုင်းတွေမှာ အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။ မေလ ၁၃ ရက်ခန့်က မြန်မာနိုင်ငံကို ခေတ္တရောက်ရှိလာတဲ့ အမေရိကန်အရာရှိ တချို့ကတော့ အမြန်လမ်းမကြီး ပြုပြင်ရာမှာ အလုံးစုံ ကူညီမှုတွေပြုလုပ်ဖို့အတွက် သမ္မတ အိုဘားမားကို တိုက်ရိုက်တင်ပြသွားဖို့ ကတိပြုခဲ့တယ်လို့လည်း ဦးသိန်းညွှန့်က ပြောပြပါတယ်။

လမ်းဖောက်လုပ်ခဲ့သူတွေနဲ့ ယာဉ်မောင်းနှင်သူ တွေကတော့ လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ဖြစ်တိုင်း သူကြောင့် ကိုယ့်ကြောင့်နဲ့ အပြန်အလှန် အပြစ်ဖို့နေကြဆဲပါပဲ။ နေပြည်တော် အစိုးရက ဒီ”နိုင်ငံတကာ အဆင့်မီ” လမ်းကောင်းကြောင်းအတော် ကြာကြာ ဆင်ခြေတွေပေးခဲ့အပြီး ခုတော့ လေသံ ပြောင်းသွားပါပြီ။ “အရင်အစိုးရရဲ့ လိုအပ်ချက်အရ နေပြည်တော် ရွှေ့လာတော့ ရန်ကုန်နဲ့ နေပြည်တော် ကို ဆက်သွယ်ဖို့ လိုအပ်လာတယ်။ လမ်းမြန်မြန်ပြီးဖို့ လိုအပ်လာတော့ လမ်းပိုင်းဆိုင်ရာ အားနည်းချက် တွေ ဖြစ်သွားရတယ်။ အရေးပေါ် အနေအထားတွေ ကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိတာကို ဝန်ခံပါတယ်”လို့ အင်ဂျင်နီယာမှူးကြီး ဦးကြည် ဇော်မြင့်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလပိုင်းက တောင်ပြာတန်းကားမီး လောင်မှုကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး အခြား ထိခိုက်တွေအပါအဝင် တလအတွင်းသေဆုံးသူ ၃၃ ဦးရှိခဲ့တဲ့ စံချိန်တင်သေဆုံးမှု လဖြစ်ခဲ့တဲ့ နောက်မှာ တော့ အစိုးရတာဝန်ရှိသူတွေက ပြည်သူတွေအနေနဲ့ အမြန်လမ်း အထူးခရီးသွားအာမခံထားကြဖို့ လုပ်ခဲ့ ကြပါတယ်။

အခုဆိုရင် ပုဂ္ဂလိက အာမခံကုမ္ပဏီတွေမှာ အထူးအမြန်လမ်းခရီးသွားအာမခံကို တယူနစ် ၃၀ဝ ကျပ်နဲ့ အာမခံထားနိုင်ပါတယ်၊ အာမခံထားခဲ့သူတွေ အနေနဲ့ အမြန်လမ်းပေါ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရင် ငွေကျပ် သိန်း ၃၀ ရရှိမှာဖြစ်ပြီး သေဆုံးမှုဖြစ်ခဲ့ ရင် တော့ ၄၆ သိန်း အာမခံလျော်ကြေးရရှိမှာလို့ သိရပါ တယ်။

အမြန်လမ်းမကြီးမှာ ဖြတ်သန်းမောင်းနှင်နေကြ တဲ့ ယာဉ်မောင်းတွေအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ၊ မရှိ၊ အရက်သေစာသောက်စားမှုစတဲ့ စည်းကမ်းချိုး ဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်တော့မှာဖြစ်တယ်လို့လည်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး နေဝင်းက ဧရာဝတီကို ပြောပါတယ်။ “အရင်က အရေးမယူခဲ့ပေမယ့် အခု တော့ စစ်ဆေးအရေးယူမှုတွေ ရှိလာတော့မယ်”လို့ ဆိုပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာ တွေကတော့ အမြန်လမ်းမကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်း တာ၊ လမ်းပိုင်းဆိုင်ရာတည်ဆောက်မှုမှာ အားနည်း တာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန် တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ် ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီ တညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာလုပ်ခဲ့တဲ့ အမြန်လမ်း ဆိုင် ရာ ဆွေးနွေးပွဲမှာအင်ဂျင်နီယာတဦးဖြစ်သူ ဦးမောင် မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့ အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ များ လည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေအထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ်ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီ ယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့် လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေ ကြောင်း သုံးသပ်ပါတယ်။

ဒီလမ်းမကြီးပေါ်မှာ နေ့စဉ်သွားလာနေကြတဲ့ ယာဉ်မောင်းတချို့ကို မေးမြန်းကြည့်ရာမှာတော့ ရံဖန်ရံခါ သွားလာလေ့ရှိသူတွေမှာ မတော်တဆမှု အဖြစ်များပြီး လမ်းတလျှောက် တံတားတွေက အနိမ့်အမြင့်တွေ များသလို၊ လမ်းပေါ် ရေဝပ်တာတွေကိုလည်း ပြုပြင်ဖို့လိုကြောင်း၊ ဘလောက်တုံး (ဘယ်ရီယာတုံး) တွေကိုလည်း ပိုမိုအသုံးပြုဖို့ လိုအပ်ကြောင်း၊ လမ်းမိုင်အပြည့်ကို ကတ္တရာ ခင်းသင့်ကြောင်း၊ တံတား အတက်အဆင်းနေရာတွေမှာ  hightway lighting များနဲ့ လမ်းတလျှောက်မှာ unidirectional lighting များ ထားသင့်ကြောင်း အကြံပြု ပြောဆိုကြပါတယ်။ “အမြန်လမ်းပေါ်မောင်းရင် အန္တရာယ်ကင်းအောင် အတော်လေး ဂရုတစိုက် ထားပြီး မောင်းရတဲ့အနေအထားပါ။ တချို့ယာဉ် မောင်းတွေကတော့ သတ်မှတ်အရှိန်ထက်ပိုပြီးတော့ မောင်းနှင်ကြတယ်”လို့ ရွှေလီဦး အဝေးပြေးကားလိုင်းမှ ယာဉ်မောင်းတဦးဖြစ်တဲ့ ဦးစိုင်းဘခိုင်က ပြောပါတယ်။

အမြန်လမ်းမကြီး အင်ဂျင်နီယာတွေကတော့ လမ်းပေါ်ရေဝပ်မှုနည်းအောင်၊ လမ်းညွှန်ဆိုင်းဘုတ် တွေ၊ ဘလောက်တုံးတွေ ချထားတာ၊ ရောင်ပြန်စတစ် ကာတွေ ထားတာ၊ အရှိန်တိုင်းတာစက် တပ်ဆင်တာ တွေကို ယခင်ထက် ပိုမိုပြုလုပ်နေတယ်လို့ သိရပါ တယ်။

အမြန်လမ်းမကြီးပေါ်မှာ သေဆုံး၊ ထိခိုက်မှုတွေ ဖြစ်နေရတာကြောင့် အစိုးရတာဝန်ရှိသူတချို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အဖွဲ့ တချို့ကတော့ အမြန်လမ်းမကြီး တလျှောက်မှာ ပရိတ်ရွတ်ဖတ်ခြင်း၊ သဲပုံစေတီတည်ခြင်းနဲ့ အကျွတ်အလွတ် ဆုတောင်းပွဲ ပြုလုပ်ခြင်းတွေကိုလည်း ယုံကြည်မှု ဓလေ့အရ လုပ်ကြပါသေးတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀ဝ၉ ခုနှစ် မတ်လကနေ ၂၀၁၄ ဧပြီလ အထိ လမ်းပေါ် မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၃ သိန်းကျော် ဖြတ် သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၀ဝ၀ ကျော် ရှိနေခဲ့ပါပြီ။ အဲဒီအထဲကမှ ယာဉ်မောင်းပေါ့ဆမှုကြောင့် ၃၀ဝ ကျော်၊ ယာဉ်ချွတ်ယွင်းမှု ၁၅၀ ကျော်နဲ့တခြား အကြောင်းအရာတွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီလိုဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ဖြစ်နေတာတွေ အမြန်ဆုံးလျှော့ချပစ်ဖို့လိုနေတာ မြင့်တက်လာနေတဲ့ ဒီကိန်းဂဏန်းတွေက သက်သေပြနေပါပြီ။

Loading