[irrawaddy_gallery]
(၁)
ဂီတဆိုသည်ကား စိတ်အတွေးနှင့် နှလုံးသားထဲ ဖြစ်တည်မွေးဖွားပြီး ပြေးလွှားနေသော တေးသွားတွေထဲမှာပင် ခံစားချက်ချင်း တံတားခင်းသောအရာဟု တခါက ကျနော်ရေးခဲ့ဖူးသည်။
အခုလည်း ခြံအပြင်ဘက်ထိ ညွှတ်နေသော အကိုင်းမှ ပန်းပွင့်တွေလို ဂီတသံတွေက ရင်စည်းရိုးတွေ ကွေးညွတ်သွားအောင် ဖွေးလို့ မွှေးလို့။
(၂)
တခါက မင်းနေပြည်ဆိုသော်လည်း အုတ်ရိုး အနည်းအကျဉ်း ကျုံးတဖက်တချက်မှာ ကျန်နေခဲ့တာလေးနှင့် သတိတရရှိမှ ရာဇဝင်စာမျက်နှာတချို့ကို ဆွဲလှန်တတ်သော ချင်းမိုင်မြို့။
ချင်းမိုင်ညက အေးမြမနေ။ သန့်ပြီး ငြိမ်နေသလို ဧရာဝတီတိုက်ခြံဝင်းထဲမှာတော့ ကိုရဲလွင်နှင့် ကိုနေဝင်းတိုရဲ့ ဂစ်တာသံတွေက လွင့်လို့နေသည်။ သူတို့နှစ်ဦးတည်းတော့မဟုတ်။ ဒရမ်မာ ကိုတွတ်ကီနှင့် တခြားဂီတသမားတွေလည်းရှိသည်။ မြန်မာနိုင်ငံ ရန်ကုန်မှ ရောက်လာကြသည့် ဂီတအနုပညာရှင်တွေ။
မဇ္ဈိမလှိုင်းအဖွဲ့ရဲ့ လက်ကျန်ကြီးတွေ။ ကိုခင်မောင်တိုးနှင့် ကိုဇော်မျိုးထွဋ်တို့ကတော့ လိုက်ပါမလာနိုင်တော့။ သည့်အရင် ကိုမောင်မောင် (အဉ္ဇလီ) နှင့် စန္ဒရားမျိုးခင်တို့ ကြိုထွက်သွားနှင့်ပြီ။
တယောက်ပါ ထည့်လွမ်းရမည် ဆိုလျှင် ကိုခင်ဝမ်း။
ကျန်ရစ်သူတို့ ခရီးစဉ်က နော်ဝေနိုင်ငံ အော်စလို မြို့မှ ရောက်လာသည့် ကိုမွန်းအောင်နှင့် ပြန်ဆုံရန်၊ သီချင်းများသွင်းရန်။ ၂၅ နှစ်ကျော် ကွဲကွာနေသော ကိုမွန်းအောင်နှင့် မဇ္ဈိမလှိုင်းတို့ ချင်းမိုင်မြို့မှာ ပြန် ဆုံကြတာဖြစ်သလို တေးစီးရီး တခွေအတွက်လည်း စိုင်းပြင်းနေကြခြင်းပင်။ ကြယ်တွေဆုံတဲ့ညပေါ့ဟု ရင်ထဲမှာပင် ကျနော် ရေရွတ်နေမိသည်။
သံမဏိကြိုးတွေပေါ်မှာ လက်ချောင်းကလေးတွေ ပြေးနေသည်။ ပြီးတော့ သံစဉ်ပါသော စကားလုံး တချို့ နောက်က လိုက်လာသည်။ ဂစ်တာတူရိယာနှင့် စကားလုံးတွေကို ဖွဲ့နွဲ့နေရုံပဲတော့ မဟုတ်။ သည်လူတွေရဲ့ ဂီတသံတွေမှာ အတိုင်းအတာတွေ၊ လားရာတွေရှိသည်။ အတိတ်တွေ အရိပ်တွေရှိသည်။ နက်ရှိုင်းသည့်အရပ်မှာ သန္ဓေတည်ခဲ့သော ကိစ္စတွေ က မနည်းမနောမဟုတ်။ ဒါကြောင့်လည်း သူတို့ရဲ့ စကားလုံးတွေနှင့် ဂီတသံ အတွဲအဖက်တွေက ခွန်အားရှိနေခြင်း ဖြစ်မည်ထင်သည်။ ရေရှည်လည်း မှတ်ကျောက်တင်တွင်နေဦးမည် ထင်သည်။
(၃)
ကိုနေဝင်းနှင့် ကျနော် စပြီးသိကျွမ်းသည်က ရန်ကုန်မှာ ဖြစ်သည်။ တိတိကျကျဆိုလျှင်တော့ ကြို့ကုန်းက သူ့အခန်းကလေးမှာ။ မဂ္ဂဇင်း တောက်တိုမယ်ရသာမက ပေါ့ပ်ဆောင်းပါးကလေးတွေရေးရင်း ရန်ကုန်မှာ အသက်ရှူနေရသော ကျနော့်အဖို့ ကိုနေဝင်းဆီ မကြာခဏ ရောက်တတ်သည်။ သူ့အတွေး၊ အရေး၊ သံစဉ်အဖွဲ့အနွဲ့တွေကို မေးမြန်း စူးစမ်းရသမျှ မဂ္ဂဇင်းစာမျက်နှာတွေပေါ် သွန်ချခဲ့ရသည့်နေ့များ။ နောက်ပိုင်းတော့ မြို့ထဲလမ်းမပေါ်မှာတွေ့တိုင်း စကားစမြည် ပြောတတ်ကြစမြဲ။ “ကိုတောက်။ အိမ်ကိုလာခဲ့ဦး။ ကျနော့်သီချင်းခွေ ထွက်ဖို့ရှိတယ်” ဆိုတော့လည်း ကြို့ကုန်းအိမ်ကို ရောက်ရပြန်သည်။ အခန်းကျဉ်းကျဉ်းကလေးထဲက အဝတ်စင်ဘေးမှာထိုင်ရင်း ကျနော်တို့ စကားဝိုင်းကို ဆွဲဆန့်ခဲ့ရသည်ချည်းပင်။ သည်လိုနှင့် ဖြည်းတွဲ့တိုးညက်သော သူ့အသံထဲက စကားလုံးတွေကို ကျနော် နားထောင်တတ်လာသည်။
ခုနောက်ပိုင်း ကိုနေဝင်းနှင့်ဆုံလျှင် စကားပြောလျှင် သတိထားရသည်။ ဘယ်တော့မှ မိမိဘက်က မတောင်းဆိုနှင့်။ သူ့ဆီက တစုံတရာရဖို့ လောဘမကြီးနှင့်။ တောင်းဆိုလျှင် သိပ်မရ။ လောဘကြီးလျှင် ထွက်မကျတော့။ သူက စိတ်အလျင်နည်းဖြင့် စကားပြောနေသူဟု ဆိုရမည်။ သူစကားပြောနေတုန်း ဖြတ်မပြောနှင့်၊ သို့မဟုတ်ပါက ပြောလက်စ စကားတွေမေ့ကာ ဆက်မပြောတော့။ ပြင်ပမှ ဒါမှမဟုတ် မနီးမဝေးမှ အသံတစုံတရာ ကြားလျှင်လည်း ပြောလက်စ ရပ်သွားတတ်သည်။ ပြီးလျှင်တော့ “ခုနပြောနေတာ ဘယ်ရောက်သွားပြီလဲ” ဟု မေးတတ်စမြဲ။ ထို့ကြောင့် သူနှင့်စကားပြောနေချိန်မှာ ဟန်ဆောင် နားထောင်နေလို့ မရ။ သူ့စကားတွေကိုလည်း မှတ်ထားရသေးသည်။ သို့မှသာ သူပြန်မေးလျှင် ပြန်ဆက်ပေးနိုင်မည် ဖြစ်သည်။ သူက စိတ်အလျင်သမား၊ ကိုယ်က နားရှင်ရှင်နှင့် မှတ်ထား။ အခုလည်း အဝေးကြီးကနေ သယ်ဆောင်လာသော အသံဖြင့် ခွန်အားဖြည့်ပေးနေပြန်သည်။
“…အရှုံးမပေးနဲ့ မိငယ်ရေ…”
(၄)
ကိုမွန်းအောင်ကိုတော့ ကျနော် ပြည်ပထွက်လာပြီးနောက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရောက်မှ တွေ့ဖူးခြင်းဖြစ်သည်။ မဲဆောက်မြို့ဆိုသည်ကလည်း ပြည်ပရောက် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအားလုံးရဲ့ အသည်းနှလုံးဟု ဆိုနိုင်လောက်သည်။ ထိုစဉ်က ကျနော် မဲဆောက်ရောက်ပြီး ၁ နှစ်အကြာ ဖြစ်မည်။ ကိုဝင်းနိုင်ဦး (ကိုရင်မောင်-ယခု ဘီဘီစီ မြန်မာပိုင်း) နှင့် မမော်တို့ မင်္ဂလာဆောင်မှ စတင်ကာ ကိုမွန်းအောင်နှင့် သူ၏ဂီတကို တောက်လျှောက် ထိတွေ့ခဲ့ဖူးသည်။ အဖွဲ့အစည်း အလိုက်၊ တဦးချင်းအလိုက် အမှတ်တရနှင့် မင်္ဂလာပွဲများတွင် သူနှင့် ကိုရဲနည် (ယခု ဧရာဝတီအယ်ဒီတာ) တို့ သီဆိုတီးခတ်သံများကြား ကျနော်တို့လိပ်ပြာတွေ နိုးထခဲ့ကြရသည်။
နောက်ပိုင်း ကိုမွန်းအောင်က ၂ ထပ်အိမ် ကလေးတလုံး ငှားနေသည်။ သိပ်မကြာကိုမွန်းအောင် နော်ဝေနိုင်ငံ ထွက်သွားသည်။ အိမ်ကို ပြန်မအပ်။ ကိုရဲနည်နှင့် ထားခဲ့သည်။ သူက တနှစ် ၂ ကြိမ် လောက် နော်ဝေနှင့် ထိုင်းကို ကူးချည်သန်းချည်။ ကျနော်နှင့် ကိုရဲနည်မှာလည်း စာပေအနုပညာ မိတ်ဆွေတွေအဖြစ် အတော့်ကို ခင်မင်သွားကြသည်။ နောက် ဂစ်တာသမား အငယ်လေး (ဇော်ဝင်းဌေး) တိုးလာသည်။ ဆိုတော့ ကိုမွန်းအောင် ကျေးဇူးဖြင့် ထိုအိမ်ကလေးထဲမှာပင် သူနှင့် အငယ်လေး (ဇော်ဝင်းဌေး) က ဂစ်တာတီး ကျနော်က ကဗျာရေး၊ စာရေး။ ညနေစောင်းအထိ ဆိုပါတော့။ တိုက်တိုက် ဆိုင်ဆိုင် ဧရာဝတီ အွန်လိုင်းကို မြန်မာလိုစတင်တော့ ကိုရဲနည်၊ ကိုထိန်လင်း (ယခုအမေရိကန်ပြည်ထောင်စု) နှင့် ကျနော်တို့ ၃ ဦး မဲဆောက်ကနေ တာဝန်ယူခဲ့ ကြသည်။ မဂ္ဂဇင်းတိုက် တည်နေရာက ကိုမွန်းအောင် ငှားထားသည့်အိမ်။
၂၀ဝ၅ မှာ ကျနော် နော်ဝေနိုင်ငံ ရောက်သည်။ တနေ့ ဆန်ဗီကာဘူတာမှာ ရထားစောင့်နေရင်း မထင်မှတ်ဘဲ ကိုမွန်းအောင်နှင့် ပြန်တွေ့သည်။ သူက အော်စလိုလေဆိပ်အလွန်က မြို့ကလေးမှာနေသည်။ ကျနော်က လေဆိပ်ကိုသွားဖို့ပင် ၄၅ မိနစ် ကြာ ကားစီးရသော အရပ်မှာ။ ဆိုတော့ သိပ်မတွေ့ ဖြစ်ကြ။ သို့ပေမယ့် မှတ်မိနေတာ ရှိသည်။
၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် နော်ဝေရောက် လာတော့ ကိုမွန်းအောင်နှင့် သူငယ်ချင်းတသိုက်က ဒေါ်အောင်ဆန်းစုကြည် တည်းခိုသောဂရဲန်းဟိုတယ် နှင့် နော်ဝေပါလီမန် အဆောက်အအုံရှေ့ မြေကွက် လပ်တွင် တညလုံး ဂစ်တာတီး သီချင်းဆိုခဲ့သည်။ ထိုညက နိုဘဲလ်ဆုသတင်းလာယူနေသော ကိုရဲနည် နှင့် နော်ဝေမှာ အခြေချကာစ အငယ်လေး (ဇော်ဝင်းဌေး) လည်းပါသည်။ အငယ်လေး (ဇော်ဝင်းဌေး) ကိုတော့ ထိုညက နောက်ဆုံး မြင်တွေ့လိုက်ရခြင်းပင်။ သိပ်မကြာ ထိုင်းခရီးစဉ် မဲဆောက်မှ ဘန်ကောက်အသွား ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာတွင် သူအသက်ဆုံးခဲ့ရသည်။
(၅)
“…မိုးမခပင်တွေ၊ ဒို့သက်သေတည် …”
ကိုမွန်းအောင် အသံထဲမှာပင် ရုပ်ပုံကားချပ် တချို့က အနီးအဝေး ပြတ်သားနေသည်။ တောထ ခဲ့သော အလွမ်းများလည်း ရှိချင်ရှိခဲ့မည်။ မောဟမဲ့ သော မှတ်တမ်းများလည်း ရေးချင်ရေးခဲ့မည်။ လူလို နေရေးအတွက် ခေတ်တွေ ဘယ်လောက် ဆက်ရဦး မလဲတဲ့။ တခါက ငယ်သူငယ်ချင်းတယောက် ပြောခဲ့ ဖူးသော စကားလုံးများ။ ဘယ်လို အဆက်အစပ် ရှိမှန်းမသိ အတွေးထဲ ဝင်လာသည်။
ဂီတသံတွေ တိတ်သွားပြန်တော့ စကားဝိုင်းက ဟိုတစု သည်တစု။ မဆွေ (ကိုမွန်းအောင်ဇနီး) နှင့် မစု (ကိုနေဝင်းဇနီး) တို့က တဖွဲ့။ ကိုအောင်ဇော်ကတော့ သူ့မဂ္ဂဇင်းတိုက် ခြံဝင်းထဲက မဇ္ဈိမလှိုင်းတွေ နှင့် ထလိုက် ထိုင်လိုက် မြုပ်လိုက် ပေါ်လိုက်။ ခဏကြာတော့ အမှတ်တရစကားတွေ ပြောကြသည်။ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုမွန်းအောင်တို့ရဲ့ ခရမ်းပြာ နေ့ရက်များနှင့် ရန်ကုန်ညများ။ နောက်တော့ အဝေးရောက်တမ်းချင်းများ ဆိုပါတော့။
ရေခြားမြေခြား တသိုက်ကတော့ ကိုရဲလွင်နှင့် ကိုနေဝင်းတို့ဆီ ရောက်နေသော အကြည့်တွေကို ဆွဲမခွာနိုင်ကြ။ ၆၀ ကျော် နှစ်ဦးရဲ့ သန်မာနုပျို နေဆဲ ဂီတအပေါ် အတော့်ကို အားကျနေသည့်ပုံ။ “ဘားမီးစ် ဘီးတယ်လ်” ကိုရဲနည် အသံလားမသိ၊ ထွက်ကျလာတော့ ထိုရေခြားမြေခြားတသိုက် မနော ခွေ့သွားကြသည်။ ခေါင်းတညိတ်ညိတ်နှင့် သူတို့ ဖန်ခွက်ထဲက အရည်တွေလိုပင် လှုပ်ခါလို့။
(၆)
“…တငွေ့ငွေ့လွှမ်းသွားတဲ့ မြမြူပဝါ တရွေ့ ရွေ့ လှမ်းသွားဆဲ ညသည်ချိန်ခါ…”
အရည်ဖြစ်လိုက် အငွေ့ဖြစ်လိုက် ညထဲ ဂီတ သံတွေက ထွက်ပေါ်လာပြန်သည်။
တခြားသူတွေ လိုက်ပါဆိုညည်းကြသည်။ ကို ရဲလွင်၏ ဂစ်တာတီး သီချင်းဆိုသံကလည်း ရပ်နား သည် မရှိ။ မသေဆုံးသောဂီတကို သူ့ဆီမှာ အရှင် လတ်လတ် ခံစားနေရသလိုပင်။ ကမာရွတ်က အခန်း လေးထဲမှာ ဆုံခဲ့စဉ်ကလည်း သည်လိုပါပဲ။
သူနှင့်တွေ့ဆုံရတာ ငြိမ်းချမ်းလှသည်။
ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုမွန်းအောင်တို့သီချင်း သံတွေက ညသန်းခေါင် ကျော်သည်အထိ။ အားလုံး ဝိုင်းဆိုသည့်အခါ ဆို။ သံယောင်လိုက်သူက လိုက်။ ဂီတက မနား။ သီချင်းတွေကလည်း ကျနော်တို့ အလွတ်ရနေသည့် သီချင်းတွေ။ တကယ်တော့ အနာဂတ်ဆိုသည်ကလည်း ကျနော်တို့အလွတ်ရနေ သည့် သီချင်း ဖြစ်နေနိုင်သည်ပဲလေ။
“…လူအများနဲ့လား၊ တစိတ်တည်းပဲလား အတူသွားကြမလား တစိတ်တည်းပဲထား …”။
(နေဇော်နိုင်သည် ကဗျာ၊ အနုပညာခံစားမှု ဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။ လတ်တလော ဒီဗွီဘီ ရုပ်သံလွှင့် သတင်းဌာန၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရုံးတွင် တာဝန်ထမ်းဆောင်နေသည်။)