မက်ကလောင် ဆိုတာ ကြားဖူးတာ မွေးသချေၤ ကတည်းက ဆိုရမှာပါပဲ။ မွေးရပ်ရွာမှာ အလွန်ခေတ်စားခဲ့တာကိုး။ ရန်ကုန်နဲ့ မိုင် ၄၀ မပြည့်တဲ့ ပြည်လမ်းမကြီးပေါ်က အိမ်ခြေ ထောင်ဂဏန်းရှိတဲ့ ရွာကြီးမှာတောင်မှ ငယ်စဉ်ကာလတုန်းက အယူအဆ ဟောင်းတွေ စွဲမြဲ ကျန်နေခဲ့တာပါ။ ကျန်းမာရေးဌာနလည်းရှိ၊ ကျန်းမာရေးမှူးနဲ့ သားဖွား ဆရာမတွေလည်း ရှိ၊ ဆရာဝန်ရှိတဲ့ မှော်ဘီမြို့နဲ့က ၈ မိုင် လောက်ပဲ ဝေးပေမယ့် ဖျားပြီဟေ့ ဆိုတာနဲ့ မက်ကလောင်ဆရာ ခေါ်ပြီး ပြကြရတာကိုး။ မက်ကလောင် ဆရာကလည်း ဖျားတဲ့ သူတိုင်း နီးပါးကို မက်ကလောင် ရှိတယ် ဆိုပြီး ဖောက်တော့တာပါပဲ။
မက်ကလောင် ဆိုတာက ဖျားတဲ့သူရဲ့ စအိုကို လှန်ကြည့်ပြီး တွေ့တဲ့ အဖုလေးတွေကို ခေါ်တာလို့ သိခဲ့ရ ပါတယ်။ လူမှန်ရင် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ စအိုမှာ အဲဒီလို အဖု ပုံသဏ္ဌာန်ရှိကြတာဆိုတော့ ဖျားမှ လှန်ကြည့်ပြီး မက်ကလောင်ရှိတယ် ဆိုတော့တာကိုး။ အဲဒီ အဖုလေးတွေကို အပ်နဲ့ ဖောက်တယ်၊ တိုင်းရင်းဆေးလို တခုခု ထည့်တဲ့ အခါလည်း ထည့်တယ် ပေါ့။ အဲဒါဖောက်မှ အဖျား ပျောက်တယ် လို့ ယုံကြည်ကြ တာကိုး။ တိုက်ဆိုင်လို့ ပျောက်တာလည်း ရှိချင်ရှိမယ် ပေါ့။
ညီအစ်ကို နှစ်ဝမ်းကွဲ တယောက် ခမျာတော့ မေးခိုင်ပိုး ဝင်ပြီး ငယ်ငယ်လေးနဲ့ဘဝကူး သွားရရှာတယ်။ ဆိုလိုတာက သိခဲ့တဲ့ မက်ကလောင် ဆိုတာ အဲဒီလို စအိုက အဖုလေးတွေကို ခေါ်တာလို့ပါ။ အဲဒီ မက်ကလောင် ဆိုတာကို နောက်ပိုင်း တမျိုး သိခဲ့ရ တာ က ကြီးပြင်းမှ၊ ဆရာဝန်ဖြစ်မှ ဆိုပါတော့။
အင်းစိန်တောရ ကို ၅ (ည)၊ ၁၇ (၁) ဆွမ်းကျွေး ကြွတုန်းက အခန်းထဲမှာ အခု ရီနေနိုင် ဖြစ်နေတဲ့ မောင်လွင်မွန် (ကသာ) နဲ့ တခန်းတည်း ရက်အနည်းငယ် နေခဲ့ကြရတယ်။ အဲဒီမှာ သူက ဖျားတာ၊ ကိုယ်လက် ကိုက်ခဲတာတွေ ဖြစ်လို့ ဆိုပြီး ပရုတ်ဆီ ဘူးခွံနဲ့ နားထင်တွေလား မသိ ခြစ်တာတွေ့တယ်။ ပြီးမှ ပရုတ်ဆီကို အဲဒီ ခြစ်ရာတွေမှာ လူးတာကိုး။ ဘာလုပ်တာတုန်း မေးတော့ မက် ကလောင် ခြစ်တာတဲ့။ သူတို့ ကချင်နဲ့ နီးတဲ့ ဒေသတွေမှာ အဲဒီလို လုပ်တယ် ဆိုကိုး။ ဒီတော့မှ ဝေါဟာရ ဖလှယ်ဖြစ်ကြတယ်။
ကိုယ်တွေမှာက မက်ကလောင် ခေါ်တာ စအိုက အဖု၊ သူတို့က မက်ကလောင် ဖြစ်တယ် ဆိုတာ အသားပေါ်မှာ သွေးခြေဥအောင် ခြစ်ကြတာမျိုးကိုး။ ဒါပေမယ့် တူညီတဲ့ ရည်ရွယ်ချက် ရှိတာကိုတော့ သွားတွေ့ရပါတယ်။ အဖျားအနာ သက်သာအောင် လုပ်တာပါပဲ။
ဒါကို စိတ်ဝင်စားလို့ လေ့လာကြည့်မိတော့ ပထမဆုံး မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို လှန်မိတယ်။ အဲဒီမှာ တွေ့ရတော့တာပဲ။ မက်ကလောင် ဆိုတာ တကယ်ရှိနေတဲ့ ဝေါဟာရပဲ။
မက်ကလောင် / me’ kalaun/ n suppurating sore in the anus causing high fever (Pali မဂ္ဂ + Myan လောင် ) … တဲ့။
အဲဒီလိုဆိုတော့ မက်ကလောင် ဆိုတာ စအိုက အဖုလေးတွေကို ခေါ်ခဲ့ကြတာရယ်၊ အဲဒါတွေကြောင့် ဖျားနေတာလို့ တောင် အခိုင်အမာ ပြောထားသေးတာ ကိုး။ ပါဠိလို မဂ္ဂ နဲ့ မြန်မာလို လောင်ကို ပေါင်းတဲ့ အဓိပ္ပာယ်ကတော့ ခေါင်းရှုပ်ခံ မတွေးဖြစ်တော့ပါဘူး။ ဒါဆိုရင် မက်ကလောင်ခြစ်တယ် ဆိုတာကရော ဘာကြောင့် မြန်မာအဘိဓာန်မှာ ပါမလာလဲ ဆိုတာတွေးမိတယ်။ အရပ်ဒေသ မတူလို့ လုပ်နည်းလုပ်ဟန်တွေ ကွာခြားသွားတာ ဖြစ်ပေမယ့် အဖျားအနာ ပျောက်အောင် လုပ်တာချင်းတူလို့ မက်ကလောင်ပဲ ခေါ်တာ ဖြစ်မယ် ယူဆရတာ ပါပဲ။ အသေအချာ သိရှိသူများဆီက ကြားချင်ပါသေးတယ်။
ဒါပေမယ့် အဲဒီ မက်ကလောင် ခြစ်တာကိုပဲ စိတ်ဝင်စားလို့ လျှောက်ရှာကြည့် ဖြစ်ပါတယ်။ အဲဒီတော့ ကချင်ဘက်က လုပ်ကြတာ ဟာ ဘာကြောင့်ဆိုတာ ရေးရေးတော့ တွေးမိလာ ပါတယ်။
အဲဒီ မက်ကလောင် ခြစ်တာက တရုတ် တိုင်းရင်းဆေးနည်းလို့ ဆိုပါတယ်။ Gow Yaw လို့ အသံထွက်ပါ သတဲ့။ အင်္ဂလိပ်လိုတော့ အကြွေစေ့နဲ့ ခြစ်တယ် (Coining) လို့ သုံးကြပါတယ်။ ဒါကို အရှေ့တောင်အာရှ နိုင်ငံတွေမှာ လုပ်ဆောင်ကြတာ ဖြစ်ပြီး ဗီယက်နမ်၊ ထိုင်းနဲ့ လာအိုတွေမှာ ပိုများတယ်လို့ ဆိုပါတယ်။ ဒီနည်းကို လုပ်တာက ခန္ဓာကိုယ်မှာ သိသိသာသာ အနာတရ အမှတ် အသားတွေ ကျန်ခဲ့တာမို့ အကြမ်းဖက် ခံရတဲ့ လက္ခဏာလိုမျိုး ဖြစ်နေပါတယ်။ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှုတွေ အပေါ် အလေး ထားတဲ့ အနောက် နိုင်ငံတွေမှာတော့ ဒီလို လုပ်နေကြတာကို ကံဆိုးတဲ့ ယဉ်ကျေးမှု အမွေပဲလို့ သတ်မှတ်ကြပါ သတဲ့။
တကယ်တော့ မက်ကလောင် ခြစ်ခြင်းရဲ့ အစက ပူနွေးတဲ့ ဆီတွေနဲ့ နှိပ်နယ်ရာက စတင်ခဲ့တာလို့ ဆိုပါတယ်။ ငရုတ်ကောင်း၊ သစ်ကြမ်းပိုး၊ ယူကလစ်၊ မင်သော် အဆီတွေနဲ့ သုံးကြသလို ကျားဘန်း ပရုတ်ဆီ လို ပူတဲ့ အဆီတွေ သုံးပြီးနှိပ်နယ် ကြတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ အရေပြားကို နာကျင်နီမြန်းပြီး ပူနွေး လာစေတာပါပဲ။ နှိပ်နယ်ပေး တာကတော့ လူကို ပြေလျော့စေပြီး ရောဂါ ကုတဲ့ အခါ ထိရောက် အောင်လို့ ဆိုပါတယ်။
အရေပြားကို ခြစ်ရာမှာ နှလုံးကနေ ဝေးရာကို ထပ်တလဲလဲ ခြစ်ကြပါတယ်။ အရေပြားတွေ ပွန်းပဲ့၊ သွေးခြေဥပြီး အစင်းကြောင်း တွေ ထင်လာပါတယ်။ လုပ်လေ့ရှိတဲ့ နေရာတွေကတော့ ကျောကုန်း၊ နံရိုးတွေ ဖြစ်ပြီး ရက်အတန်ကြာမှာတော့ ခြစ်ရာတွေပြန်ပြီး မှိန် ပျယ်သွားပါတယ်။
မက်ကလောင် ခြစ်တာကို တရုတ်တိုင်းရင်းဆေး အလိုအရ ”လေကို ဖမ်း”တယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ထဲက ပိုနေတဲ့ လေတွေကို ဖယ်ထုတ်တယ် ပေါ့။ လေတွေရှိနေလို့ ဖျားတာ၊ နာတာ၊ အားအင်ကုန်ခမ်းတာ၊ ချမ်းစိမ့်တာတွေ ဖြစ်တယ်လို့ အယူရှိကြ ပါတယ်။ ခြစ်လို့ ကျန်ခဲ့တဲ့ အမှတ်က အရောင်ဖျော့ရင် လေနည်းနည်းပဲ ရှိလို့၊ အရောင်ရင့်ရင် လေများနေလို့ လို့ ဆိုကြပါတယ်။
အခုလို ခြစ်လိုက်တာက နှိပ်နယ်တာလို၊ အပ်စိုက်တာလို ဖျားနာတာတွေ ပျောက်ကင်းစေတဲ့ နည်းလို့ဆိုကြ ပြန်တယ်။ အနောက်နိုင်ငံတွေရဲ့ ဆေးပညာရှုထောင့်မှာ နှိပ်တာ၊ ပူတဲ့ အဆီတွေနဲ့ ပွတ်သပ်တာက ကြွက်သားတွေ နာကျင် ကိုက်ခဲမှုကို သက်သာစေ တယ် လို့ လက်ခံပေမယ့် အရေပြားကို သွေးခြေဥအောင် ဖြစ်တာ အတွက်တော့ အငြင်းပွားနေရဆဲ ကိစ္စပါပဲ။
ဒါပေမယ့်လည်း သာမန် ဆေးပညာရှုထောင့်က ရိုးရိုး မြင်ကြည့်မယ် ဆိုရင်ကိုပဲ အရေပြားတွေ ပွန်းပဲ့စေပြီး ပူလောင်တဲ့ အဆီတွေနဲ့ ပွတ်တာက အဆင်မပြေလှ ပါဘူး။ ဒီအတိုင်း ပရုတ်ဆီလို လိမ်းဆေး အပူလေး တွေက နာကျင်မှု သက်သာစေတာ အထိုက် အလျောက် ရှိနိုင်ပေမယ့် အရေပြားကို ခြစ်တာက အသုံးပြုတဲ့ ပစ္စည်းအပေါ် မူတည်ပြီး နာကျင်ပွန်းပဲ့ စေတာ၊ အဲဒီကနေ ရောဂါပိုး ဝင်တာတွေ ဖြစ်စေနိုင်တာက ရိုးစင်းတဲ့ ဖြစ်စဉ်ပါပဲ။
ကံဆိုးချင်ရင် တက်တူး ထိုးသလိုမျိုး ကူးစက်ရောဂါတွေ သာမန် အရေပြားရောဂါကနေ AIDS အထိ ဖြစ်စေမှာပါ။ အယူအစွဲ ကြီး လို့ ဒါကို မဖြစ်မနေ လုပ်ကြမယ်ဆိုရင်တောင် သန့်ရှင်းတဲ့ ကိရိယာတွေ အသုံးပြုသင့်တာ အသေအချာပါ။ စအိုကို ဖောက်တဲ့ မက်ကလောင် မျိုးကတော့ ဆေးပညာရှုထောင့်က ဆိုရင် လုံးဝ မလုပ်သင့်တာပါ။
ဒါပေမယ့်လည်း နာကျင်ပွန်းပဲ့ပြီး တကယ်တမ်း ရောဂါကို တိုက်ရိုက်ပျောက်ကင်း စေတာမဟုတ်တဲ့ မက်ကလောင် ခြစ်တာ အစား ဆီနွေးနွေးနဲ့ အနှိပ်ခန်းသွားပြီး ဇိမ်ခံတာက အဖျားအနာ မပျောက်တောင် ညောင်းညာ ကိုက်ခဲမှုတွေ သက်သာစေနိုင်မယ် မဟုတ်ပါလား။ အခုခေတ်စားနေတဲ့ မာဆတ် (Massage ) ဆိုတာများ သွားဖို့ ရှိရင် အဖော်စပ်ဖို့ သတိပေးလိုက်ပါစေ။ ။