ပညာရေးစနစ်နဲ့ တိုင်းရင်းသားများရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု
This article has been converted from Zawgyi One to Unicode
ပြည်နယ်မှာ ကြီးပြင်းလာတဲ့ လူငယ်တယောက်ဖြစ်တဲ့ မင်းရာဇာမွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ တိုင်းရင်းသား မွန်ဘုရင်နိုင်ငံတော် အကြောင်း၊ မွန်လက်နက်ကိုင် အုပ်စုတွေနဲ့ အစိုးရတို့အကြား ဆယ်စုနှစ်များစွာ သက်တမ်းကြာ ပဋိပက္ခအကြောင်းတွေကို မိဘတွေပြောပြထားလို့ နားရည်ဝနေပါပြီ။ ထို့အတူ မွန်လူမျိုးတွေရဲ့ ကွဲပြားတဲ့အတိတ်သမိုင်းနဲ့ ပတ်သက်လို့ စာသင်ကျောင်းမှာတော့ ဆရာ၊ ဆရာမတွေဆီကနေ သင်ခဲ့ရဖူးပါပြီ။
“ကျနော်တို့ ကျောင်းသားဘဝက သင်ရတဲ့ သမိုင်းဟာ တခြားစီပါ။ ငယ်စဉ်တုန်းကတော့ သမိုင်းနဲ့ ပတ်သက်ရင် ကျနော်တို့ အမြဲ ရှုပ်ထွေးခဲ့ရတယ်” လို့ အစိုးရ မူလတန်းကျောင်းမှာ တက်ခဲ့ဖူးပြီး အခုတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မင်းရာဇာမွန်က ပြောပြပါတယ်။
မွန်စကားပြောလေ့ရှိတဲ့ မင်းရာဇာမွန်ဟာ ရုံး သုံးဘာသာစကားဖြစ်တဲ့ မြန်မာဘာသာနဲ့ သင်ရတဲ့ သင်ခန်းစာတွေကို နားလည်ဖို့ အတော့်ကို အားထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ဆရာ ဆရာမတွေက ကျနော်တို့ မေးခွန်းတွေ မေးတာကို မနှစ်မြို့ကြပါဘူး။ ကျနော်တို့ကလည်း မရှင်းတာတွေ ထပ်ရှင်းပြခိုင်းဖို့ မမေးရဲကြတော့ပါဘူး” လို့ အလွတ်ကျက်မှတ်ရတာကို အလေးထား လုပ်ရကြောင်း မှတ်ချက်ပေးရင်း သူကပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၆၀ ခန့်မှာ ရာခိုင်နှုန်း ၄၀ ခန့်က တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့အတူ သင်ရိုးညွှန်းတမ်းတွေဟာ ခေတ်နောက်ကျနေပြီလို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပြီး သင်ရိုးညွှန်တမ်း ပြင်ဆင်ရုံ သာမကာ အငြင်းပွားဖွယ် နိုင်ငံသမိုင်းသင်ကြားမှုနဲ့ ကြားခံဘာသာစကား သုံးစွဲမှုတို့ကိုလည်း သုံးသပ်ရမှာ ဖြစ်ပါတယ်။
ရာစုနှစ် ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေးအောက်က ရုန်းထွက်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ပညာရေးမူဝါဒတွေ ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲဆိုတာက ခက်ခဲတဲ့ လုပ်ငန်းတရပ် ဖြစ်ပါတယ်။
ပြဌာန်းစာအုပ်များနဲ့ ဝေဖန်စရာများ
မြန်မာနိုင်ငံမှာတော့ အသက် ၅ နှစ်အရွယ်မှာ ကျောင်းသားတွေက အခြေခံပညာရေးကို စတင်ကြပါတယ်။ မူလတန်း ပညာက ၅ နှစ်၊ အလယ်တန်း ပညာက ၄ နှစ်နဲ့ အထက်တန်းပညာက ၂ နှစ်စီ သင်ကြရတာပါ။
သမိုင်းဘာသာရပ်ကိုတော့ မနှစ်က မူလတန်း အဆင့်အသီးသီးမှာ အဓိက ဘာသာရပ်တခုအဖြစ် စတင် သွတ်သွင်းခဲ့ပါတယ်။ ဒါပေမယ့် အစိုးရ ပြဋ္ဌာန်းစာအုပ်တွေက တဖက်သတ် ဗမာဗဟိုပြု နည်းလမ်းနဲ့ တိုင်းပြည်ရဲ့ အတိတ်အကြောင်းကို ရှည်ရှည်လျားလျား ဖြည့်သွင်းထားတာတွေ ပါဝင်နေပါတယ်။ ဒီလိုအခြေအနေမှာ တိုင်းရင်းသား လူနည်းစုတွေကလည်း သူတို့အကြောင်းတွေကို ဖယ်ထားတာတွေ၊ အလွန်အကျွံ ချုံ့ပစ်တာတွေနဲ့ မမှန်မကန် တင်ပြထားတာတွေကို ပြောလာကြပါတယ်။
“ကျမတို့ ပြဋ္ဌာန်းစာအုပ်တွေက ပါးပါးလေးပါ။ စာအုပ်ထဲမှာပါတာ ရှမ်းတိုင်းရင်းသားတွေက ရှမ်းပြည်နယ်မှာ နေကြတယ်၊ ဒါပါပဲ။ ရှမ်းယဉ်ကျေးမှု ဒါမှမဟုတ် ကျမတို့ရဲ့ သမိုင်းဟာ မပါသလောက်ပါပဲ” လို့ အသက် ၁၉ နှစ်အရွယ် ရှမ်းတိုင်းရင်းကျောင်းသူ နန်းအိအိလှိုင်က ပြောပါတယ်။
“ကျောင်းမှာတော့ အစိုးရက မြန်မာ့လွတ်လပ်ရေးအတွက် ဘယ်ပုံတိုက်ပွဲဝင်ကြပုံ၊ အစိုးရက ဘယ်လောက် ကြီးကျယ် ခမ်းနားပုံတွေကိုပဲ သူတို့က ဖော်ပြကြပါတယ်။ တိုင်းရင်းသား အုပ်စုတွေက အစိုးရကို တိုက်ခိုက်နေ ကြတဲ့အချက်၊ အဲဒါကိုတော့ သူတို့က မဖော်ပြကြပါဘူး” လို့ မန္တလေးက အသက် ၂၀ အရွယ်ကျောင်းသူ မသီတာဝင်းက ပြောပါတယ်။
ပြဋ္ဌာန်းစာအုပ်တွေမှာ ၁၉၄၇ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ ပင်လုံစာချုပ်ကိုလည်း အပေါ်ယံရှပ် ဖော်ပြထားပါတယ်။
“ကျနော်တို့ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖော်ပြကြပါတယ်။ နောက်တော့ ကျနော့် ညီမလေး ကျောင်းစနေချိန်မှာ ဗိုလ်ချုပ်အကြောင်း ထပ်မဖော်ပြကြတော့ပါဘူး။ သူတို့က ကျောင်းသားတွေကို နိုင်ငံရေး အကြောင်း မစဉ်းစားစေချင်ကြဘူး” လို့ မင်းရာဇာမွန်က ပြောပြပါတယ်။
သမိုင်းရေးခြင်း
ကိုလိုနီခေတ် မတိုင်မီက ယနေ့ခေတ် မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်း ဗမာ၊ ရှမ်း၊ မွန်နဲ့ ရခိုင် ဘုရင်တွေက သူတို့ရဲ့ အောင်မြင်မှုတွေကို မှတ်တမ်းတင်ခဲ့ကြပေမယ့် ကရင်နဲ့ ကချင်လူမျိုးတွေကတော့ သူတို့အကြောင်းတွေကို နှုတ်နဲ့သာ အမွေပေးနိုင်ခဲ့ ကြပါတယ်။
ဗြိတိသျှတို့က ၁၉ ရာစုမှာ သိမ်းပိုက်အုပ်ချုပ်လာတဲ့အခါ သူတို့ရဲ့အုပ်ချုပ်မှု တရားမျှတကြောင်းပြဖို့ ကျောင်းသင်ရိုးညွှန်းတမ်း ရေးဆွဲပြဋ္ဌာန်းခဲ့တယ်လို့ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အုပ်ချုပ်ရေးအထိ မြန်မာပြဋ္ဌာန်းစာအုပ်များ တိုးတက်ဖြစ်ပေါ်ပုံ အဆင့်ဆင့်ကို ခြေရာကောက်လေ့လာနေတဲ့ အမေရိကန် အခြေစိုက် ပညာရေးသုတေသီ ရို့စ်မတ်ထရို (Rose Metro) က ပြောပါတယ်။ ဗြိတိသျှ ပြဋ္ဌာန်းစာအုပ် တွေကတော့ အဲဒီတိုင်းပြည်ကို ကိုလိုနီခေတ် ကနေစပြီး စည်းလုံးညီညွတ်အောင် လုပ်ခဲ့တယ်လို့ ဖော်ပြပြီး တိုင်းရင်းသား ပဒေသရာဇ်များအကြား ပဋိပက္ခတွေကို ဖော်ပြခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ တော့ မြန်မာအစိုးရက တိုင်းရင်းသား လူမျိုးစုအချင်း ချင်း အကြီးအကျယ် သဘောထား ညီညွတ်ကြောင်း ခြယ်သပြခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာလွှဲ ပြောင်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက်မှာတော့ ပြဋ္ဌာန်းစာအုပ်တွေက ဗမာဗဟိုပြု တွေ ပိုဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဖြစ်တဲ့ စစ်အစိုးရသစ်က ၁၉၈၈ ခုနှစ်မှာ အာဏာ သိမ်းလိုက်ချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ရည်ညွှန်းချက် တွေကို လျှော့ချခဲ့ပါတော့တယ်။ ရှေးဘုရင်မင်းတွေ အကြောင်းကိုသာ ပိုအလေးပေး ဖော်ပြလာခဲ့ကြပါ တယ်။
ပြည်တွင်းစစ်တွေက ဆက်ဖြစ်နေတာကြောင့် အစိုးရက အမျိုးသား စည်လုံးညီညွတ်ရေးကို အထောက်အကူပြုမယ့် ပညာရေး ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ရာ ၁၉၉၁ ခုနှစ်မှာ ကော်မတီတရပ်ကို ထူထောင်ခဲ့ပါတယ်။
ကျောင်းတွေကလည်း လူနည်းစုတွေရဲ့ ပါဝင် အကျုံးဝင်မှုကိုလည်း ဆက်လက် လျှော့ချခဲ့ပါတယ် လို့ မစ္စမက်ထရိုက ပြောပါတယ်။ မစ္စ မက်ထရိုက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က မြန်မာနိုင်ငံနဲ့၊ မြန်မာ ထိုင်းနယ်စပ်ကို ပုံမှန်လာပြီး မြန်မာ့သင်ရိုးညွှန်းတမ်း တွေ အကြား ကော်နဲလ်တက္ကသိုလ်အတွက် ဘွဲ့ယူ စာတမ်းတစောင် တင်သွင်းခဲ့သူဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကနေစပြီး ပြဋ္ဌာန်းစာအုပ်တွေမှာ ဖော်ပြထားတဲ့ “မွန်လူမျိုးတွေဟာ မြန်မာနိုင်ငံ ယဉ် ကျေးမှုဖြစ်စဉ်ရဲ့ ရှေ့ဆောင်များဖြစ်ကြောင်း မှတ်ယူ ကြပါတယ်” ဆိုတဲ့ ဖော်ပြချက်တွေကိုလည်း ဖယ် ရှားခဲ့ပါတယ်။
ရန်ကုန်မြို့က စာကြည့်တိုက်မှူး တဦးဖြစ်တဲ့ ဦးရဲထွဋ်ဦးက “ဆရာဆရာမတွေက ပြဋ္ဌာန်းစာအုပ် အတိုင်းပဲ သင်ကြားကြရပါတယ်။ ဒါပေမယ့် မိဘ တွေနဲ့ သက်တူရွယ်တူ ပုဂ္ဂိုလ်တွေက မတူကွဲပြားမှု တွေကို အမြဲတစေ ပြောပြလာတာကြောင့် ကျောင်း သားအများစု ပြဋ္ဌာန်းစာအုပ်တွေကို မယုံကြည်ကြ တော့ပါဘူး” လို့ သူကပြောပြပါတယ်။
အရိပ်ပြအကောင်ထင်
မူလတန်းကျောင်းမှာ မြန်မာဖတ်စာ ပြဋ္ဌာန်းစာ အုပ် အတွဲလိုက်ဟာ တိုင်းရင်းသားလူမျိုးစု ညီညွတ် စည်းလုံးမှု သဘောကို တိုးမြှင့်ထားပါတယ်။ အစောဆုံး ဖတ်စာအုပ်များမှာ အက္ခရာဝဠိစဉ် အက္ခရာ များနဲ့ လင်္ကာတိုလေးများ ပါဝင်ကြသလို အဆင့် သတ်မှတ်ထားတဲ့ နောက်ပိုင်းထုတ် စာအုပ်တွေမှာ အလွတ်ကျက်မှတ်ဖို့ ပုံဝတ္ထုရှည်တွေ ပါဝင်ပါတယ်။
“ဒါဟာ ပြဋ္ဌာန်းစာအုပ်ပါပဲ၊ တကယ့်ကို ထူး ခြားတဲ့ သရုပ်ဖော်ပုံတွေလည်း ပါသေးတယ်” လို့ ဖတ်စာအုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ဖူး သူ အမေရိကန် ပညာရေးသုတေသီ ဘရွတ် ထရိဒ် ဝဲလ် (Brooke Treadwell) က ပြောပါတယ်။ သရုပ်ဖော်ပုံ တခုမှာဆိုရင် နိုင်ငံတော်အလံကို ဝှေ့ ယမ်း ကိုင်လာတဲ့ ဗမာအမျိုးသားတဦးရဲ့ နောက်မှာ တန်းစီပြီး တိုင်းရင်းသား လူနည်းစု ပြည်သူလူထုဟာ ရိုးရာအဝတ်အစားဝတ်ပြီး ချီတက်လာတဲ့ပုံပါ။ “အဲ ဒါဟာ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ စီတန်းလမ်းလျှောက်သလိုပါပဲ” လို့ သူက ပြောပါ တယ်။
“၁၉၈၀ ပြည့်နှစ် ဝန်းကျင်ကစလို့ ကျမမြင်ခဲ့ ရတဲ့ မြန်မာတို့ရဲ့ ဖတ်စာအုပ်မှုတွေဟာ ခြားနား မှုတွေ သေချာပေါက်ရှိခဲ့ပါတယ်၊ ဒါပေမယ့် တူညီ နေတာတွေလည်း အများကြီး ရှိခဲ့ပါတယ်” လို့ မစ္စ ထရိဒ်ဝဲလ်က ရှင်းပြပါတယ်။
တိုင်းရင်းသားတွေအကြား မတူကွဲပြားမှုတွေ ရှိကြပါသလား။ “၁၉၅၀ ပြည့်နှစ် ဝန်းကျင်မှာတော့ အစိုးရကို ဘယ်ပုံဖွဲ့စည်းခဲ့ကြောင်းနဲ့ ဘယ်လိုဘယ်ပုံ မဲပေးနိုင်ကြောင်းဆိုတဲ့ စာပိုဒ်တပိုဒ် ပါရှိခဲ့ပါတယ်။ အဲဒါက ပါလီမန် အကြောင်း ဆွေးနွေးထားတာပါ။ ပြီးတော့ မဲဆန္ဒပုံး သရုပ်ဖော်ပုံလည်း ပါပါတယ်။ အဲဒီ မြန်မာဖတ်စာအုပ်တွေမှာ နိုင်ငံရေးစနစ်နဲ့ ပတ်သက်ပြီး ဘာမှထပ် မပါပါဘူး။ အစိုးရဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှမပါပါဘူး” လို့ သူက ရှင်းပြပါတယ်။
ဆရာ၊ ဆရာမ အများစုဟာ ကျောင်းအုပ်ကြီး တွေရဲ့ အပြစ်တင်ခံရမှာ ကြောက်လို့ အဲဒီပြဋ္ဌာန်း စာအုပ်တွေကိုပဲကိုင်ပြီး သင်ကြရပေမယ့် တကယ့် အဖြစ်မှတ်တွေကို ပြောဖို့ နည်းလမ်းဖွေရှာခဲ့ကြ ပါတယ် “အကြောင်းအရာကို ဆန့်ကျင်ဘက် ဖော်ပြ ခဲ့တယ်ဆိုရင် သင်ကြားရေး ကဏ္ဍတွေမှာလည်း ဒီလို ပဲဖြစ်နေခဲ့မှာပါ။ ကျောင်းမှာဆိုရင် တချို့ ဆရာ၊ ဆရာမတွေက သိပ်အတိအကျကြီး မဟုတ်တဲ့ တခုခုကို ကျောင်းသားသိအောင် အရိပ်ပြ အကောင် ထင်အောင် လုပ်ကြမှာပါ” လို့ မစ္စမတ်ထရိုက ပြောပါတယ်။ မစ္စ မတ်ထရိုက ယမန်နှစ် ဇူလိုင်လ အတွင်း မြန်မာနိုင်ငံကိုလာရောက်ကာ ဆရာ၊ ဆရာ မတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
ပညာရေး သရုပ်သကန်
မြန်မာနိုင်ငံမှာ ကျောင်းသား ကျောင်းသူ ၈ သန်းကျော်က အစိုးရရဲ့ အခြေခံပညာကျောင်းတွေမှာ တက်ရောက်ကြပါတယ်။ အစိုးရအဖွဲ့အပြင် ဘုန်း တော်ကြီးကျောင်းတွေကလည်း လွတ်လပ်တဲ့ ပညာ ရေးရဲ့ အဓိက အထောက်အပံ့အဖြစ် ရှိနေပါသေး တယ်။ ပုဂ္ဂလိကကျောင်းတွေကလည်း လူချမ်းသာ တွေအတွက် ရွေးချယ်စဉ်းစားစရာတခု ဖြစ်နေပါ တယ်။
ပဋိပက္ခတွေ ဖြစ်နေတဲ့ နေရာတွေမှာဆိုရင် တိုင်းရင်းသား လူနည်းစုအုပ်စုတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မူ သမိုင်းကို သင်ကြားတဲ့ ကွဲပြားသိသာတဲ့ ပညာရေးစနစ်တွေကို ထူထောင်ထားပြီးသားပါ။ ကရင် ပညာရေးဌာနက ကရင်လူမျိုးတွေရဲ့ ယဉ် ကျေးမှုကို ကျောင်းပေါင်း ၁၂၀ဝ ကျော်မှာ အသုံးပြု သင်ကြားတဲ့ သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းထားပါ တယ်။
လူ့စွမ်းအား အရင်းအမြစ် နည်းပါးမှုကြောင့် တိုင်းရင်းသား လူနည်းစုဟာ အစိုးရပြဋ္ဌာန်း စာအုပ်တွေသုံးဖို့ အခြေအနေဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ မွန်ပြည်သစ်ပါတီ သူပုန် အဖွဲ့က ကျောင်းပေါင်း ၁၅၀ ကျော်ကို စီမံအုပ်ချုပ် နေကြသလို မူလတန်း ကျောင်းသားတွေကိုလည်း မွန်ဘာသာစကား တမျိုးတည်းနဲ့ သင်ကြားနေပါ တယ်။ “အလယ်တန်းကျောင်းမှာတော့ ကျမတို့က အစိုးရသင်ရိုးညွန်းတမ်းတွေကို မြန်မာဘာသာနဲ့ သင်ကြားပါတယ်။ ဒါပေမယ့် မွန်ဘာသာစကားနဲ့ သမိုင်းကိုလည်း ထည့်သွင်းထားပါတယ်။ အထက် တန်းကျောင်းမှာတော့၊ အစိုးရပြဋ္ဌာန်းထားတဲ့အတိုင်း သင်ရိုးညွှန်းတမ်းက တူပါတယ်” လို့ ကျောင်းဆရာမ ဟောင်းလည်းဖြစ်၊ မွန်တိုင်းရင်းသား ပညာရေး ကော်မတီ အကြံပေးလည်းဖြစ်သူ မိခွန်ချန်နွန်က ပြောပြပါတယ်။
သူပုန်အုပ်စုနဲ့ အစိုးရကပူးတွဲ စီမံခန့်ခွဲအုပ်ချုပ် တဲ့ ထပ်တိုးထားတဲ့ တိုင်းရင်းသားစုံပါ ကျောင်းပေါင်း ၁၁၆ ကျောင်း အပါအဝင် မွန်ပြည်သစ်ပါတီက ဖွင့် တဲ့ကျောင်းတွေမှာ ကျောင်းသားပေါင်း ၃၆၀ဝ၀ ကျော် တက်ရောက်ကြပါတယ်။
ကချင်ပြည်နယ်မှာကျတော့ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က ကချင် ကျောင်းတွေမှာရှိတဲ့ ကျောင်းသားတွေကို မြန်မာ တက္ကသိုလ်တွေမှာ တက်ရောက် သင်ယူနိုင်စေဖို့ အစိုးရစာမေးပွဲတွေ ဝင်ဖြေခွင့်ပြုခဲ့ပါတယ်။ကျောင်း တွေမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းစာအုပ်တွေ ရှိပြီးသားပါလို့ မစ္စ မတ်ထရိုက ရှင်းပြပါတယ်။ “ဒါပေမယ့် ဆရာ၊ ဆရာမတွေက သင်ရိုးညွန်းတမ်း နှစ်မျိုးစလုံး သင်ကြားပေးခဲ့ကြရပါတယ်။ ဒါမှမ ဟုတ် အနည်းဆုံး စာမေးပွဲချိန်ရောက်ရင် သူတို့ယုံ ကြည်ခဲ့တာ ဘာတွေပဲဖြစ်ဖြစ် အစိုးရစာအုပ်တွေကိုပဲ လိုက်နာကြရမယ်လို့ သူတို့ကို ပြောပြကြရပါတယ်”။
ပြင်ပါ၊ ဆင်ပါ၊ ဆန်းစစ်ပါ
သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပညာရေး အသုံးစရိတ်က အမေရိကန် ဒေါ်လာ သန်း ၃၄၀ မှ ၁ ဘီလီယံအထိ အမျိုးသားဘတ်ဂျတ်ရဲ့ ၅ ရာခိုင်နှုန်းခန့် တိုးမြှင့်လာခဲ့ပါတော့တယ်။
ယူနီဆက်ဖ်၊ ကမ္ဘာ့ဘဏ်နဲ့ အခြားနိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက်တွေရဲ့ အကူအညီယူလို့ ပြုပြင် ပြောင်းလဲရေးလုပ်မယ့် နယ်ပယ်တွေ အထင်ကရ သိနိုင်အောင် ပညာရေးအဖွဲ့ရဲ့ ၂ နှစ်တာ သုံးသပ် ချက်ကို တာဝန်ယူလုပ်ဆောင်ဖို့ အစိုးရက ပြီးခဲ့တဲ့ နှစ်က သဘောတူညီခဲ့ပါတယ်။
ပြည်သူလူထုနဲ့ တိုင်ပင်နှီးနှော အပြီးမှာတော့ ကျောင်းစာအုပ်တွေ ဘယ်ပုံ ထိထိရောက်ရောက် ပေးအပ်သင့်ကြောင်း အကြံပြုနေတဲ့ ဂျပန်အစိုးရရဲ့ လက်ရုံးတခုဖြစ်တဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ အလိုအရ ပညာရေးဝန်ကြီးဌာနက သင်ရိုးညွန်းတမ်းကို ပြန် လည်ပြင်ဆင် စစ်ဆေးရမှာဖြစ်ပါတယ်။ “ကျနော် တို့က နည်းပညာပိုင်းကို အကူအညီပေးနိုင်တယ်။ ဒါပေမယ့် ကလေးတွေကို ဘာတွေ သင်ကြားမယ် ဆိုတာ သူတို့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်” လို့ JICA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟဲအိ အီဆာ (Kohei Isa) က ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား ပညာရေးအုပ် စုတွေက သင်ရိုးညွန်းတမ်းနဲ့ ကျောင်းဘတ်ဂျက်တွေ ပေါ်မှာ ပိုမိုကွပ်ကဲနိုင်ရေးအတွက် တွန်းအားပေးနေ ချိန်မှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဟာ စားပွဲပေါ်မှာ ပဲ ရှိနေပါသေးတယ်။ ဒါဟာ “မြားမြောင်လှတဲ့ ဆုံ ချက်တခု” ပါလို့ ယူနီဆက်ဖ်မှ ဂျမီ ဗင်ဆင် (Jamie Vinson) က ပြောပြပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ ချရေးကို ဒီသုံးသပ်ချက်ရဲ့ ပထမအဆင့်မှာ အသေး စိတ် ဖော်ထုတ်မထားပါဘူး။ ဒါပေမယ့် ဒုတိယ အဆင့်မှာတော့ ဦးစားပေးတရပ် ဖြစ်လာမှာပါလို့ သူက ဖြည့်စွက်ပြောပြခဲ့ပါတယ်။ “အသေးစိတ် အချက်အလက်ကို မသိဘဲ အဲဒီအချက်ကို ဘယ်ပုံ လုပ်နိုင်မလဲ၊ အဲဒီ လမ်းညွန်ချက်နဲ့ ဘယ်ပုံ ဦး ဆောင်မယ်ဆိုတဲ့ ရွေးချယ်ခွင့်တွေကိုပဲ ပညာရေး ဝန်ကြီးဌာနက တော်တော်လေး စိတ်ဝင်စားနေ ပါတယ်”။
ကျောင်းစနစ်ဆိုင်ရာ သီးခြားသုံးသပ်ချက် တရပ်ကိုတော့ မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ (NLD) ပါတီဦးဆောင် လူမှုအုပ်စုတခုဖြစ်တဲ့ ပြုပြင်ပြောင်း လဲမှု အမျိုးသားကွန်ရက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ကွန်ရက်က လွှတ်တော်ကို တင်သွင်းမယ့် မူဝါဒ ထောက်ခံချက်တွေကို စီစစ်ပြင်ဆင်ရေးအတွက် တက်ရောက်သူ ၁၂၀ဝ နဲ့အတူ ပြီးခဲ့တဲ့ဇွန်လမှာ ညီလာခံတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံကို လူပေါင်း ၁၂၀ဝ ကျော် တက်ရောက်ခဲ့ပါတယ်။
“ဒေသအသီးသီးမှာ သင်ရိုးညွန်းတမ်းတွေကို တိုးတက်ကောင်းမွန်စေဖို့ ပညာရေးဆိုင်ရာ လွတ် လပ်ခွင့်ကို ကျနော်တို့ အကြံပြုခဲ့ကြပါတယ်။ သူတို့ တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ သင်ကြား နိုင်အောင် သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို သင် ကြားနိုင်အောင် လုပ်ပေးသင့်ပါတယ်” လို့ NLDက ဒေါက်တာ သိန်းလွင်က ရှင်းပြပါတယ်။
အဲဒီကွန်ရက်ရဲ့ အကြံပြုချက်တွေအရ အစိုးရ အသိအမှတ်ပြု လွတ်လပ်သော ပညာရှင်အဖွဲ့တဖွဲ့ရဲ့ စောင့်ကြည့် စစ်ဆေးထားတဲ့ အရည်အသွေးနဲ့အတူ သင်ရိုးညွှန်းတမ်းကို အမျိုးသား ပညာရေး မူဝါဒသစ် အပေါ် အခြေခံရမှာပါ။ ကျောင်းသားဗဟိုပြု ချဉ်း ကပ် သင်ကြားရေးအတွက် ဆရာ၊ ဆရာမတွေကို လစာကောင်းကောင်းပေးပြီး တိုးမြှင့်ဆောင်ရွက်ရမှာ ပါ။
“ဒါပေမယ့် အဲဒါက စနစ်တကျဖြစ်ဖို့တော့ လို ပါတယ်။ မွန်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားအုပ်စု တွေ အများကြီးရှိပါတယ်။ မွန်တွေချည်း မဟုတ်ပါ ဘူး။ ကချင်တွေ၊ ရခိုင်တွေလည်းရှိပါတယ်။ ကျနော် တို့က ဆရာ၊ ဆရာမတွေကို မွန်ဘာသာစကားနဲ့ သမိုင်းကို အဓိကထား သင်ကြားဖို့ အာရုံစိုက်ခိုင်း လိုက်ရင် အခြားလူနည်းစု တိုင်းရင်းသား အုပ်စုတွေ ကလည်း ဘယ်လိုလုပ်ကြမလဲ။ အုပ်စုတိုင်းမှာက အထင်ကရ သမိုင်းရှိနေကြတာလေ၊ တကယ်လို့ သူတို့က အမှန်တကယ် တိုင်းပြည်ကို ပြည်ထောင်စု ကြီး ဖြစ်စေချင်ရင်တော့ သင်ကြားသင့်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
စာသင်ကျောင်းနှင့် ကြားခံဘာသာစကား
ယူနက်စကို စာရင်းအရ ကမ္ဘာ့ဘာသာစကားပေါင်း ၇၀ဝ၀ ရှိသည့်အနက် အာရှ-ပစိဖိတ်ဒေသ သည် ဘာသာစကားပေါင်း ၂၃၀ဝ ခန့်ပြောဆိုသည့် ဒေသခံများ နေထိုင်ရာ၊ ကမ္ဘာ့တိုင်းရင်းဒေသခံ သန်း ၃၇၀ အနက် သုံးပုံနှစ်ပုံ နေထိုင်ရာဒေသကြီးဖြစ်သည်။ ဘာသာစကားစုံရှိရာ တိုင်းပြည်များ၌ မိခင်ဘာသာစကား သင်ကြားရေး နှုန်းစံသည် နိုင်ငံတကာနှင့်အညီ အရေးပါသည့် သဘောတခု ဖြစ်လာခဲ့သည်။ အကြောင်းမှာ ပညာရှင်များက နားလည်တတ်ကျွမ်းမှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ၎င်းတို့၏ ပထမဘာသာစကားဖြင့် ကျောင်းသားများကို သင်ကြားပို့ချရန် ကျောင်းများကို တွန်းအား ပေးထားသောကြောင့် ဖြစ်သည်။
အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က မူလတန်းကျောင်းတွင် သင် ကြားသော ဘာသာစကား ၁၉ မျိုးနှင့်အတူ မိခင်ဘာသာ စကားအခြေခံသော ဘာသာစကားပုံ ပညာရေးစနစ်တရပ်ကို ပြုလုပ်လာခဲ့သည်။ အရှေ့တီမောနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ မှုဖြင့် ယင်းသဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြသည်။ သို့ရာတွင် သင်ကြားရေး ပုံစံကို ပြောဆိုကြသူတချို့ထံမှ တင်းခံနေမှုက အကောင်အထည်ဖော်ရန် ခက်ခဲစေမည်ဖြစ်ပြီး အမျိုးသားညီညွတ်မှုကို ခြိမ်းခြောက်နိုင်ပေသည်။ ထိုင်းနိုင်ငံအစိုးရသည် ဘာသာစကားစုံ ပညာ ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ယူနီဆက်ဖ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တရုတ်နှင့် ဗီယက်နမ်တို့က လက်တွေ့စမ်းသပ်ထားသော မိခင်ဘာသာစကား အစီ အစဉ်များကို ထူထောင်ထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် အစိုးရကျောင်းများရှိ တရားဝင် သင်ကြားရေးဘာသာစကားက မြန်မာ ဘာသာစကား ဖြစ်သည်။ ဆရာ ဆရာမများက ကျောင်းပြင်ပချိန်များတွင် လူနည်းစု တိုင်းရင်းသား ဘာသာစကားများဖြင့် သင်ခန်းစာများကို သင်ပေးနိုင်ကြသည်။ ကျောင်းသား ကျောင်းသူများက လည်း ဘုန်းတော်ကြီးကျောင်းများကဲ့သို့ ဘာသာရေးအဆောက်အအုံများ၌ အဆိုပါ ဘာသာစကား များကို သင်ယူရနိုင်ပါသည်။
သို့ရာတွင် ဆက်လက်လုပ်ကိုင်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ၏ အခြားတဖက်၌ တိုင်းရင်းသား လူနည်းစုအုပ်စုများက ကျောင်းချိန်အတွင်း ၎င်းတို့၏ မိခင် ဘာသာစကား သုံးစွဲခွင့်ကို တွန်းအားပေးလျက်ရှိနေကြသည်။ အထူးသဖြင့် မူလတန်းအဆင့်တွင်ဖြစ် သည်။ ပညာရေးစနစ်၏ နှစ်နှစ်တာ သုံးသပ်ချက် တစိတ်တပိုင်းအဖြစ် မြန်မာအစိုးရက ဤအရေး ကို ထည့်သွင်းစဉ်းစားလျက်ရှိသည်။ ပညာရေးအတိုင်ပင်ခံ ဂျူလီယံဝပ်ဆန် (Julian Watson) က “နိုင်ငံအများစုမှာမရှိဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ပြဿနာတရပ်ကတော့ ကျောင်းပေါင်း မြောက်မြား စွာမှာ တိုင်းရင်းသား လူနည်းစုတွေ အများကြီး ရောနှောနေကြတဲ့ကိစ္စပါ။ ကျောင်းတွေမှာ ကလေး တွေ ပြောတဲ့ မတူကွဲပြား တိုင်းရင်းသား လူနည်းစုစကား ရှစ်မျိုးအထိ ရှိနေပါတယ်” ဟု ဆိုသည်။