ကြိုးတိုက်နေ ကြိုးသမားတဦးအတွက် ကြိုးစင်ဆိုတာကိုတော့ မြင်ဖူးတွေ့ဖူးချင်တဲ့ အာသီသက ပြင်းပြခဲ့တယ်။ ဒါကြောင့် အစောင့် အကြပ် အထပ်ထပ်နဲ့ ရေချိုးဆင်းတဲ့ အချိန်မှာ ကြိုးစင်ကို မရောက်ရောက်အောင် အလည်သွားခဲ့ ဖူးတယ်။
ကြိုးသမားတဦး အတွက် ကြိုးစင်ကို သွားကြည့်ရတာလည်း ထောင်တွင်း စွန့်စားခန်း တခုပါ။
အင်းစိန်ထောင်ရဲ့ ကြိုးစင်ဟာ တိုက် ၅ တိုက်ရှိတဲ့ တိုက်ဝင်းနဲ့ ကပ်လျက်၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား အများစု ရှိကြတဲ့ ၅ တိုက်နဲ့ အတော် နီးပါတယ်။ အမျိုးသမီး ကျွန်းတိုက်၊ ကြိုးတိုက်နဲ့လည်း အနီးဆုံး တည်ရှိတာပါ။ နံရံတွေ၊ ဆူးကြိုးတွေ ကာရံ ထား ပေမယ့် ကြိုးစင်ဟာ အမှတ် ၁ တောင်ယာထဲမှာ တည်ရှိတာမို့ တောင်ယာတွေကို ဝင်ထွက် သွားလာလို့ ရတဲ့ သံတံခါးတချပ် ရှိပါတယ်။
အဲဒီ သံတံခါးချပ်ကတဆင့် ကြိုးစင်ရှိရာကို မိုးသည်းထန်တဲ့ တနေ့မှာ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ခဲ့ပါတယ်။ အယူခံတွေ၊ စောဒ က တွေ ရှုံးပြီး နောက်ဆုံး ကြိုးပေး အသတ်ခံရမယ့် နေရာရပ်ဝန်းဟာ ကွင်းပြင်ထဲမှာ ထီးထီးမားမား ရှိနေပါတယ်။ စစ်အစိုးရ တက် ပြီးနောက် ကြိုးစင်ကို မွမ်းမံထားတာ တွေ့ရတယ်။
အင်းစိန်ထောင် ကြိုးစင်ဟာ လူ ၂ ဦးကို တပြိုင်တည်း ကြိုးပေးသတ်လို့ ရတဲ့နေရာလည်း ဖြစ်ပါတယ်။ လှေကား ၄၊ ၅ ထစ်လောက် အမြင့်ကို တက်သွားရင် တဖက်တချက် သံတိုင်တွေနဲ့ ကြိုးပေးတဲ့ သံပေါင်တန်း တခုလည်း ရှိပါတယ်။
ကြမ်းပြင်ကတော့ တံခါးတချပ်လို မောင်းတံတွေ၊ တံခါးမင်းတုပ် တွေနဲ့ပါ။ ကြိုးစင်ရဲ့ အခြေမှာတော့ ကြိုးပေးတဲ့ အခါ အဓိက အသုံးပြုတဲ့ ဒေါက်တိုင်နဲ့ ဒေါက်လို့ ခေါ်တဲ့ မောင်းတံ ရှိပါတယ်။
မောင်းတံကို ဖြုတ်လိုက်ရင် ကြမ်းပြင်ပေါ် မတ်တတ်ရပ်နေတဲ့ ကြိုးပေးခံရမည့်သူဟာ တံခါးချပ်လို ရှိနေတဲ့ ကြမ်းပြင်ပေါ် ခြေလွတ်သွားပြီ ဆိုတော့ လေဟာပြင်ထဲ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေပွဲဝင်ရမယ့် ပုံပါ။
ကြိုးစင်ရဲ့ ကြမ်းခင်းအောက်မှာ အခန်းတခန်းလည်း ရှိနေပြီး အဲဒီအခန်းထဲမှာ လူသေကို အသက် သေတယ်၊ မသေဘူး စစ်ဆေးဖို့ အလောင်းတင် ကျောက်ခုံတခုလည်း တွေ့ရတယ်။
ကြိုးသမားတွေရဲ့ လူ့လောက နောက်ဆုံးနေရာဟာ တကယ်တော့ အေးဆေး တိတ်ဆိတ်နေပြီး အကျဉ်းသား တချို့လည်း ကြိုးစင်ရှိရာ နေရာမှာ ထမင်းစားကြ၊ ဆေးလိပ်သောက်ကြ၊ တချို့ မူးယစ်ဆေး သုံးတာတွေနဲ့ လောင်းကစား လုပ်တာမျိုးတွေလည်း ရှိတယ်လို့ ဝါရင့်ထောင်သားကြီးတွေက ဖောက်သည်ချ ပါတယ်။
ဒီကြိုးစင်မှာ လုယက်၊ လူသတ်၊ အလောင်းဖျောက်၊ မုဒိမ်းကျင့်သူ ဆိုတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကိုသာ မက နိုင်ငံရေးနဲ့ ပတ်သက်ပြီး သေဒဏ် ကျခံရသူတွေကိုလည်း ကြိုးပေးသတ်ခဲ့ပါတယ်။
ဒီကြိုးစင်မှာ အာဇာနည်ကြီးတွေကို လုပ်ကြံမှုနဲ့ ဂဠုန်ဦးစော၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်၊ ၁၉၇၄ – ၇၅ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးတို့လည်း အသက်ဆုံးပါး သွားခဲ့ကြတဲ့ နေရာပါ။
အင်းစိန် ထောင်တွင်းမှာ တိုက်ဝန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို သေဒဏ်ကျ အကျဉ်းသားတွေနဲ့ နာမည်ကြီး အကျဉ်းသား တွေ ထားရာ ကြိုးတိုက်ဟာ ပိုပြီး နာမည်ကြီးတယ်လို့ ပြောရမှာပါ။
ကြိုးတိုက်ထဲမှာ ၁၉၈၈ ခုနှစ် တုန်းက နာမည်ကြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထားသလို နဝတ စစ်အစိုးရရဲ့ နာမည်ကြီး ဝါဒဖြန့်ချိရေး သတင်းစာရှင်းလင်းပွဲ ဖြစ်တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် များထဲက ဇာတ်ကောင်တွေ စုဝေး ရှိနေပါတယ်။
ကြိုးတိုက်ထဲ ကျနော့်အရင် ရောက်နေကြသူ တွေကပဲ ကျနော့်ရဲ့ ကြိုးသမားဘဝ အစပျိုး နေ့ရက်တွေရဲ့ ထောင်ဝင်စာ တွေ့ခွင့် မရသေးတဲ့ ကျနော်တို့ ရဲ့ဝမ်းရေးကို အကူအညီ ပေးကြပါတယ်။
ကြိုးသမား တဦးအတွက် ထောင်က ကျွေးတဲ့ ဝေစုကတော့ နံနက်စာ ပဲဟင်း၊ ငါးပိနဲ့ ထမင်း၊ ညနေစာ တာလဘော ခေါ်တဲ့ အရွက် စုံ ပြုတ်ထားတဲ့ ဟင်းရည်နဲ့ ငါးကြော် ရပါတယ်။ ကျန်းမာရေး မကောင်းတဲ့ ကြိုးသမားဆိုရင်တော့ ဆေးရုံစားလို့ ခေါ်တဲ့ ကြက်သား စွပ်ပြုတ် တခွက်နဲ့ နို့တခွက် အပိုရလေ့ ရှိပါတယ်။
သေဒဏ် ကျခံနေရတဲ့ ကြိုးသမား ၁၀ဝ ကျော်ထဲမှာ ၈၈ ဆန္ဒပြမှု ကာလတွေ အတွင်း တောင်ဥက္ကလာပမြို့နယ်က ရဲသတ်မှုနဲ့ ရဲရဲ့အသားစားသူလို့ စွပ်စွဲခံရသူ “ကိုကော်ရုပ်” ဆိုသူလည်း ရှိသလို သင်္ဃန်းကျွန်းမြို့နယ်မှာ ခေါင်း ၇ လုံး ဖြတ်သူတွေလို့ စွပ်စွဲ ခံရသူ တွေလည်း ရှိတယ်။
ဒီ့ အပြင် မြောက်ဥက္ကလာက ရဲသတ်မှုနဲ့ စွပ်စွဲ ပြီး သေဒဏ် ကျခံရသူတွေလည်း ရှိပြီး အလုံမြို့နယ်က ခေါင်းဖြတ်မှုမှာ နိုင်ငံခြား သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်း အတွင်း ခေါင်းပြတ်ကို ကိုင်ပြီး “Very Good” လို့ ပြောဆိုသူလို့ စွပ်စွဲ ခံရသူလည်း ရှိတယ်။ ဒလမှာ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ရဲစခန်းကို ဝင်စီးလို့ သေဒဏ် ကျလာသူတွေလည်း ရှိပါသေးတယ်။
ရှစ်လေးလုံး ကာလ လူသတ်မှုတွေ ကျူးလွန်လို့ သေဒဏ်ချမှတ် ခံထားရတဲ့ ကြိုးတိုက်ထဲက ကြိုးသမားတွေထဲကို အမျိုးအစား ခွဲကြည့်ရင် အမျိုးမျိုး ရှိပါတယ်။
ရှစ်လေးလုံးကာလ စစ်ထောက်လှမ်းရေးတွေ စီစဉ်ခဲ့တယ်လို့ ပြောဆိုခဲ့ကြတဲ့ တန်ပြန်သပိတ်မှာ အသုံးချခံရသူတွေ ဖြစ်တဲ့ လူအများသုံး ရေကန်နဲ့ သောက်သုံးရေ တွေမှာ အဆိပ်ခတ်သူ၊ ရပ်ထဲ၊ ရွာထဲ မီးရှို့သူ၊ အဲဒီလို လူတွေကို သတ်ဖြတ်တယ် ဆိုပြီး ကျူးလွန် တယ် လို့ စွပ်စွဲခံရသူတွေ ရှိသလို ရဲစခန်း တွေ၊ ရဲကင်းတွေကို တိုက်ခိုက် သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သေဒဏ် ကျခံရသူတွေလည်း ရှိတယ်။
တချို့ ကတော့ ရိုးရိုး ရာဇဝတ်ပြစ်မှုတွေ ဖြစ်တဲ့ လူသတ်၊ အလောင်းဖျောက်၊ လုယက်၊ ဓားပြတိုက် လူသတ် ဆိုတဲ့ ပြစ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွဲဆိုချက်တွေနဲ့ သေဒဏ်ချမှတ် ခံထားရသူတွေလည်း ကြိုးတိုက်ထဲမှာ ရှိကြပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် တိုင်းပြည်ချောက်ထဲ ကျမယ့် အရေး အစဉ်အလာရှိတဲ့ တပ်မတော်က ကယ်တင်လိုက်ရတယ် ဆိုပြီးအကြောင်း ပြခဲ့တယ်။
အဲဒီ အကြောင်းပြချက်ထဲက အထင်အရှား မြန်မာ့ရုပ်မြင်သံကြားက ထိုစဉ်က ဆက်တိုက် ထုတ်လွှင့်တင်ပြခဲ့တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်များ ဆိုတဲ့ ခေါင်းဖြတ်၊ လူသတ်မှုတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ အဲဒီကိစ္စတွေကို စွပ်စွဲသေဒဏ် ချမှတ်ခံရသူတွေ ကို မေးမြန်း လေ့လာခွင့် ရခဲ့တယ်။
ဒီ အကြောင်းတွေကို မပြောခင် ရှစ်လေးလုံး အကြို အခင်းအကျင်းတချို့နဲ့ ရှစ်လေးလုံးကာလ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက် တချို့ကိုလည်း ပြန်ပြောင်း သတိရသင့် ပါတယ်။
၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန် စတဲ့ ငွေစက္ကူ တွေကို တရားဝင် ငွေစက္ကူ အဖြစ်က ရုပ်သိမ်းကြောင်း ကြေညာခဲ့လို့ ကျောင်းသားတွေရဲ့ မကျေနပ်မှုကြောင့် တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေ ပိတ်ခဲ့ရမှုက ရှစ်လေးလုံးကို ကနဦး အစပျိုးခဲ့တယ် လို့ ပြောရမှာပါ။
ပြီးတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ကြို့ကုန်း စက်မှု တက္ကသိုလ် ကျောင်းသားတွေနဲ့ အရပ်သားတချို့ရဲ့ ခိုက်ရန်ဖြစ်ပွားမှု အပေါ် အစိုးရ တာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းမှု မမှန်ကန်ခဲ့တဲ့ ကိစ္စကတော့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အဓိကပေါ်ပေါက်စေတဲ့ အကြောင်းဖြစ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲက အရပ်သားနဲ့ ကျောင်းသား ခိုက်ရန်ဖြစ်ပွားမှု အပေါ် အစိုးရကိုင်တွယ်မှုကို မကျေနပ်လို့ ကျောင်းဝင်းထဲ ကျောင်းသားတွေ စုဝေးနေချိန်၊ ပဋိပက္ခမှာလည်း မပါဝင်တဲ့ အပြစ်မဲ့ ပဉ္စမနှစ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို မဆလ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ် လိုက်တာဟာ ၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေကို အရှိန်မြင့်သွားစေပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ကို အဓိက ပံ့ပိုးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျောင်းသား လှုပ်ရှားမှုတွေဟာ ရန်ကုန်တက္ကသိုလ် အပါအဝင် တခြားတက္ကသိုလ်၊ ကောလိပ် ကျောင်း အပြင် အခြေခံပညာ ကျောင်းတွေ အထိပါ ပျံ့နှံ့သွားခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေ ကနေ အစိုးရ ဝန်ထမ်းများ အပါအဝင် လှည်းနေ လှေအောင်း၊ မြင်းဇောင်းပါ မကျန် လူထုလူတန်းစား အသီးသီးပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး အဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။
ဒါပေမယ့် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ပုံဖျက်ဖို့ အတွက် ထိုစဉ်က ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေကို အကောင်အထည် ဖော်ပေးရတဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ဟာ ပုံစံအမျိုးမျိုးနဲ့ တန်ပြန် သပိတ် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာ အထင်အရှားပါပဲ။
တပ်မတော်က ဗိုလ်ကြီးစည်သူ အပါအဝင် စစ်ထောက်လှမ်းရေး အုပ်စုတွေဟာ လူထုလှုပ်ရှားမှု ဒီမိုကရေစီ သပိတ်ကြီးမှာ ရေပန်း စားနေတဲ့ တချိန်က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ အထိ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်လူထုက သူတို့ကို ဖမ်းဆီးရမိခဲ့သလို ကျောင်းသား လှုပ်ရှားမှုတွေကို အနီးကပ် သတင်းရယူနိုင်ဖို့ ကြိုးစားခဲ့သူ စစ်ထောက်လှမ်းရေး ဗိုလ်မှူးစန်းပွင့် ဆိုသူ ကိုလည်း ပြည်သူနဲ့ ကျောင်းသားတွေက ဖမ်းဆီး ရမိခဲ့ပေမယ့် အသက် ချမ်းသာပေးခဲ့တယ်။
ဒီလုပ်ရပ်ဟာ ဆန္ဒပြ ပြည်သူနဲ့ ကျောင်းသားတွေရဲ့ လူကိုမုန်းတီးစိတ်နဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်တာ မဟုတ်ဘူး ဆိုတာ ပေါ်လွင်စေပါတယ်။ ဒီလို ကိစ္စတွေဟာ တပါတီနိုင်ငံရေး စနစ် မူဝါဒ ပြောင်းရေး အတွက်သာ သဘောထား ကြီးကြီးနဲ့ လှုပ်ရှားမှုတွေကို နိုင်နင်းစွာ ကိုင်တွယ်ခဲ့တယ် ဆိုတဲ့ အထင်အရှား ပြယုဂ်တွေထဲက တချို့ပါ။ ။
ဆက်လက်ဖော်ပြပါမည်။