မန္တလေးတွင် လျှပ်စစ်မီးကို သက္ကရာဇ် ၁၂၄၆ ခုနှစ် သီတင်းကျွတ်လမှ စတင်ခဲ့သည်ဟု ဆိုသော်လည်း နန်းတွင်း၌ မီးရောင်စုံ အကြီး အကျယ် ထွန်းညှိ၍ ပွဲလမ်းသဘင် ဆင်ယင်သည်မှာ သက္ကရာဇ် ၁၂၄၂ ခုနှစ်က အထင်အရှား ရှိခဲ့ဖူးသည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း အချိန် မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင်များပီပီ ဆီမီး မြင်းမိုရ်ပွဲများ ဆင်နွှဲကြရာ၌ နန်းမြို့တော် အတွင်း လွှတ်တော်မြောက်တွင် အရှေ့မြင်းမိုရ်နှင့် ရုပ်စုံစင်၊ အနောက်စမုတ်ဆောင် တောင်ရှေ့ ယာဘက်တွင် အနောက်မြင်းမိုရ်နှင့် ရုပ်စုံစင်၊ ဝင်းတော်လေးမျက်နှာတွင် ရွှေဆင်တော် ထားရန် တန်ဆောင်း လေးရပ်နှင့် ရုပ်စုံစင်၊ မြေနန်း တောင်ယာဘက်တွင် အရှေ့ဝင်္ကပါတော်၊ အနောက်စမုတ် ဝဲယာတွင် လေးကျွန်း မြင်းမိုရ် ဝင်္ကပါတော်၊ တောင်နန်းတော်ဦး ပွဲကြည့်ဆောင်ရှေ့တွင် စက်ယန္တရား များနှင့် လုပ်ဆောင်ရသော ဖာရစီ ဇာတ်ရုံတော်ကြီးများဖြင့် ခင်းကျင်းထားသည်။
ထိုဖာရစီ ဇာတ်ရုံတော်တွင် ဖာရစီ ကုလားအမျိုးသားတို့ ဘာသာ တီးမှုတ် ကခုန်စေခြင်းဟု ဆိုသောကြောင့် ထိုစဉ်ကတည်းက နန်းတွင်းတွင် နိုင်ငံခြား အနုပညာကို နေရာပေးနေပေပြီ။
မီးရောင်စုံ ထွန်းညှိရာတွင်လည်း မြန်မာဝန်မင်း အရာရှိများနှင့် အတူ တရုတ်၊ ကုလား၊ ယိုးဒယား၊ လင်းဇင်း၊ မီးပန်းအရာရှိတို့က အလစ်အလပ် မရှိ ကြီးကြပ်ရသည် ဟု ဆိုသည်။ ထိုစဉ်က ထွန်းညှိသည့် မီးရောင်စုံများ ကိုလည်း ကြည့်ပါဦး။
ရွှေနန်းတော်မှ တဆယ့်ခြောက်ဌာန ဘုရားရှင်တို့ ဆီမီးစောင်းတန်း သွယ်တန်းရာတွင် အရပ်ရပ် အရှည်တာ တသောင်း ခြောက် ထောင် (၃၅ မိုင်နီးပါး) ရှည်လျားသည်ဟု ဆို၏။ ထိုမီးစောင်းတန်းများတွင် ၁ တာ (၁၁ ပေ ကျော်) အတွင်း မှန်မီးအိမ် သုံးလုံးနှုန်းဖြင့် မှန်မီးအိမ်လုံးရေ လေးသောင်းရှစ်ထောင်၊ တညလျှင် လေးလဲကျ ကျောက်ဖယောင်းတိုင်ပေါင်း တသန်း တသိန်း ငါးသောင်း နှစ်ထောင်၊ ပန်းထီး ကိုးထောင်ကျော်၊ ပန်းတံခွန် ကိုးထောင်ကျော်နှင့် အတူ ရောင်စုံမီး၊ ဥပါမီး၊ မီးလင်းမြွေစသော မီးပျံအမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ဆင်သံ မြင်းသံ စသော ရှို့မီး အမျိုးမျိုးတို့ဖြင့် ထွန်းညှိပူဇော် ခဲ့သည်။
ပွဲသဘင်များတွင် ရုပ်စုံ အမြင့် သဘင်များ၊ ယိုးဒယားဇာတ်ကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ကျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်၊ တရုတ်နဂါး အတီးအက၊ ဖာရစီ အတီးအကများ ပါအစုံအလင်ပါ ရှိခဲ့သည်ဆို၏။ ဆီမီး မြင်းမိုရ်ပွဲ၌ပင် နန်းတွင်း ၌ တရုတ်နဂါး၏ အလွန့်အလူးနှင့် တရုတ် မောင်းသံ၊ တရုတ် စည်သံတို့ ထိုစဉ်ကတည်းက စီစီ ညံခဲ့ပေပြီ။
ပွဲခင်းတလျှောက် တညဉ့်လုံး တူရိယာသံစဉ် မပြတ်ဖြင့် မဆိတ်စေရ၊ မီးကြပ်အရာရှိ၊ ထွန်းလူ အမှုထမ်းတို့ ကလည်း မီးအိမ်မီးပွင့်၊ အပျက် အယွင်း အစဲ အငြိမ်း မရှိစေရ တဲ့။
ထိုစဉ်က မန္တလေး၏ သီတင်းကျွတ်တန်ဆောင်မုန်း ဆီမီးမြင်းမိုရ်ပွဲကား ကျိတ်ကျိတ်တိုး စည်းကားကာ မီးရောင်စုံသည် ဝတိံတာ ထိုးဖောက်လောက် မည်။ တူရိယာသံစုံလည်း ဘဝဂ်တိုင် ညံညံစည် ပေလိမ့်မည်။
မြန်မာတို့ကား ဤသို့သော ဆီးမီးမြင်းမိုရ်ပွဲ၌သာ မြတ်စွာဘုရားရှင်ကို ရည်ညွှန်းပူဇော်သော အားဖြင့် ဆီမီး မှန်အိမ်၊ ကျောက် ဖယောင်းတိုင် တို့ကို ဖောချင်း သောချင်း သုံးစွဲခဲ့ကြသည်။ သာမန် နေ့နေ့ညည၌ ကား မီးအလင်းရောင်ကို လိုသလောက်သာ ချွေချွေ တာတာ သုံးစွဲခဲ့ကြပုံ ပေါ်သည်။
အဘယ်ကြောင့်ဆို သော် ၁၈၈၁ ခုနှစ်တွင် ကန်ထရိုက် စာချုပ်အရ ငွေကျပ် ၆၀၇၅ တန်ဖိုးရှိ ပြင်သစ် မီးစက် ၅ လုံးသာ ဝယ်ယူ တင်သွင်း သဖြင့် နန်းဆောင်ပေါင်း ၅၀ နီးပါး အတွက် ထိုအရေ အတွက်မှာ လိုသည့်နေရာ အရေးပေါ် သုံးရန်အတွက်ပဲ ဖြစ်ပုံ ရ သည်။ သို့မဟုတ် စက်ရုံ တော်များ အတွက် အသုံးပြုရန်လည်း ဖြစ်နိုင်သည်။
မြန်မာလူမျိုးတို့၏ အိမ်ခန်း ဖွဲ့စည်းပုံတွင် အလင်းရောင်ကို ကဲလား တံခါးရွက်များဖြင့် ဖွင့်ယူသည့် စနစ်ကို အသုံးများသည်။ နေဝင် မိုးချုပ်လျှင် ကဲလားတံခါးချပ် ပိတ်လိုက်ရုံဖြင့် လုံခြုံမှုကို ရစေ၏။ ညဉ့်အချိန်၌ လင်းလင်း ချင်းချင်းရှိမှုကို အိမ်ခန်းများအတွင်း၌ များစွာလိုလားပုံ မရချေ။
ထို့အတူ မြို့တွင်း လမ်းများ၌လည်း ရေနံဆီသုံး တပင်တိုင် မီးအိမ်ကြီးများပဲ စိုက်ထူကာ လင်းချင်း စေခဲ့ခြင်း ကလည်း ပါတော်မူပြီး ခေတ်တိုင်အောင် ဖြစ်သည်။ သီပေါမင်း လက်ထက်က “မီးကြပ်အရာရှိ” ဟူသော ရာထူးဖြင့် လမ်းမီးတိုင်များ ညစဉ် မီးထွန်းညှိရေး ဆောင်ရွက်သည့် တာဝန်ခံကို ခန့်အပ်ခဲ့သလို ပါတော်မူပြီး နောက်တွင် လမ်းမကြီးများပေါ်မှ မီးအိမ်များတွင် ညနေစောင်းသည်နှင့် ရေနံဆီလောင်စာ ဖြည့်တင်းခြင်း၊ မီးစာစစ်ဆေး လဲလှယ်ခြင်း၊ မီးထွန်းညှိခြင်း စသော အလုပ်များ အတွက် ကြီးကြပ်ရသူကိုလည်း “မီးတိုင်အုပ်” ဟု ရာထူးနာမည် မှည့်ခေါ် တာဝန်ပေးခဲ့သည်။
မန္တလေးကို အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက် ခေတ်နောက်ကျနေသော မြို့ပြကို တဆင့်ချင်း ပြုပြင်ယူရာ မြူနီစီပယ် ဖွဲ့စည်းခြင်း၊ လမ်းခင်းခြင်း၊ တယ်လီဖုန်း သွယ်တန်းခြင်း၊ ဟောင်းနွမ်းနေသော မြန်မာပိုင် တဲအိမ်များ ဖျက်သိမ်း၍ နိုင်ငံခြားသားပိုင် အိုးအိမ်များ အတွက် ဂရန်မြေများ ချထားခြင်း၊ တပင်တိုင် ရေနံဆီမှန်အိမ် မီးတိုင်များကို ပြလမ်းများတွင် ထွန်းညှိခြင်း၊ မီးဘေးသင့်ခံရသော ဈေးချိုတော်ကို အသစ်ပြင်ဆင် ဆောက်လုပ်ခြင်းများ ဆက်တိုက် ဆောင်ရွက် ခဲ့သည်။
အင်းဝ၊ အမရပူရမှ မန္တလေးအထိ အစဉ်အဆက် ပါလာသော မြို့၏ ပင်မဗဟိုချက် အသည်းနှလုံး ဖြစ်သော ဈေးချိုတော်ကို အရှေ့တိုင်း၏ အကြီးအကျယ် ဆုံးသောဈေးကြီးအဖြစ် တည်ဆောက်နိုင်ရန် ညှိနှိုင်း ဆွေးနွေးကြကာ ဆုံးဖြတ်ပြီးသည်နှင့် မန္တလေးတွင် လျှပ်စစ်ဓာတ်အား စတင် သုံးစွဲနိုင်အောင် အကောင်အထည် ဖော်ခဲ့သည်။
ထိုကြောင့် ၁၉၀၂ ခုနှစ် အောက်တိုဘာလမှာပင် Mandalay Electric Company ကို စတာလင် ပေါင် တသိန်းဖြင့် မတည် ရင်းနှီးမြှုပ်နှံ လိုက်သည်။ ချက်ချင်းလက်ငင်း ဆိုသလိုပင် ဒီဇင်ဘာလ အတွင်း၌ Messrs. Dick Kerr and Company နှင့် လုပ်ငန်း ဆိုင် ရာ စာချုပ်များ ချုပ်ဆိုလိုက် ကြသည်။ ဒစ်ကား ကုမ္ပဏီမှာ လန်ဒန်အခြေစိုက် ဖြစ်ပြီး ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ္တား မြို့များ၌လည်း ဓာတ်ရထားနှင့် လမ်းများ ဖောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။ လန်ဒန်၌ ၁၉၀၂ ခုနှစ် စတာလင် ပေါင် နှစ်သိန်းဖြင့် မတည် မှတ်ပုံတင်ခဲ့သော ကုမ္ပဏီလည်း ဖြစ်သည်။
တကယ်တော့ အင်္ဂလိပ်အစိုးရသည် မန္တလေးတွင် လျှပ်စစ်ဓာတ်အားကို စတင်သုံးစွဲရန် စီမံလိုက်ပုံမှာ ၎င်းတို့၏ ဓာတ်ရထားများ အဆင်သင့် ပြေးဆွဲနိုင်ရေးကို အဓိက ထားခဲ့ခြင်း ဖြစ်သည်။ အရင်းရှင် စီးပွားရေး စနစ်ကို ခိုင်မာစွာ အခြေချ အသားကျ နေသော နေမဝင် တိုင်းပြည်ကြီး ဖြစ်သောကြောင့် ၎င်း၏ ကိုလိုနီ မှန်သမျှတွင် ကိုယ်ကျိုးစီးပွား ပဓာနကို အခြေခံပြီးမှ မြို့ပြ ခေတ်မီရေးကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့ လျှပ်စစ်ဓာတ်အား ကုမ္ပဏီ၊ ဓာတ်ရထား ကုမ္ပဏီများ အတွက် မန္တလေးမြို့ ၂၆ ဘီ အာဇာနည် လမ်းမကြီးနှင့် ၇၈ လမ်း ဆုံ တောင်ဘက် ကျုံးနံဘေးတွင် ရေနွေးငွေ့အားသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ၊ ဓာတ်ရထား ကုမ္ပဏီ ရုံးခန်း၊ ဓာတ်ရထားများ ထားရန် ဂိုဒေါင်နှင့် ဝပ်ရှော့တို့ကို ဝင်းကြီး တဝင်းတွင် စုစည်းနေရာ ပေးခဲ့သည်။ ထိုဝင်းအား နှောင်းခေတ် အထိ ဓာတ်စက်ရုံဝင်း ဟု ခေါ်တွင်ခဲ့ကြသည်။
ဓာတ်ရထား ပြေးဆွဲမှု ကွန်ရက်မှာ မန္တလေး ဈေးချိုတော်ကို မဏ္ဍိုင်ထား၍ ဈေးချို-ဂေါဝိန်၊ ဈေးချို-ဘုရားကြီး၊ ဈေးချို-ရုံးကြီး ဟူ၍ လိုင်းသုံး လိုင်း ခွဲလိုက်၏။ စုစုပေါင်း အရှည် ၇ မိုင်ရှိသည်။ ထို ဓာတ်ရထားလိုင်းများ အတွက် လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်း ရ သည်။ ဓာတ်ရထား ပြေးသံလမ်းများ ခင်းရသည်။ ဓာတ်ရထားတွဲ များမှာ အရှည် ၃၅ ပေ ၄ လက်မခွဲ၊ အကျယ် ၆ ပေ၊ အမြင့် ၈ ပေခန့်ရှိပြီး Electric Railway and Tramway Carriage Works Limited က ဆောက်လုပ်ပေးခဲ့သည်။ ဓာတ်ရထားပေါင်း ၂၄ စင်း ပြေးဆွဲခဲ့၏။ ဓာတ်ရထား တတွဲတွင် ခရီးသည် ၄၈ ယောက် စီးနင်း လိုက်ပါနိုင်သည်။
မန္တလေးတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီး ရေနွေးငွေ့ အင်ဂျင်ဖြင့် လျှပ်စစ် ဓာတ်အားပေးသည်နှင့် ၁၉၀၄ ခုနှစ်၊ ဇွန်လ ၁၇ ရက် တွင် ဓာတ်ရထားများကို စတင် ပြေးဆွဲခဲ့သည်။ မန္တလေး ၇၈ လမ်းပေါ်ရှိ ဓာတ်ရထားကုမ္ပဏီ ရုံးခန်းရှေ့မှ မန္တလေး မြို့မျက်နှာဖုံး မြို့မိ မြို့ဘများ၊ အရာရှိအရာခံများ၊ မြို့သူမြို့သား များနှင့်အတူ ဘုရင်ခံ ဆာဟျူး ဘတ်ရန့်စ်က ဓာတ်ရထားလိုင်းများအား ဖွင့် လှစ် ပေးခဲ့သည်။
ဓာတ်ရထားများ စတင်ပြေးဆွဲပြီးနောက် မန္တလေးမြို့တွင်း၌လည်း လျှပ်စစ်မီးများ သုံးစွဲနိုင်ခဲ့သည်။ တဆင့်ပြီးတဆင့် ရုံးများ၊ လူနေ အိမ်များတွင်လည်း လျှပ်စစ်မီးများ တပ်ဆင်ကာ လျှပ်စစ်ကို တွင်ကျယ်စွာ အသုံးပြုစေ၏။
၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ပြီးသည့် နောက် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လာကာ မြန်မာပိုင် ဆိုက်ကားများကို အလုံး အခဲ နှင့် အားပေးလိုက်ကြသဖြင့် အင်္ဂလိပ် ကုမ္ပဏီကြီး ကျီးနှင့် ဖုတ်ဖုတ်ဖြစ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းပြီးနောက် ထိုဓာတ် စက်ရုံအတွင်းမှ အင်ဂျင်ဓာတ်အားပေးစက်ကြီးကို အသုံးပြု၍ မန္တလေးကို လျှပ်စစ်ဓာတ်အား ဖူလုံစွာ ပေးဝေနိုင်ခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက် လောပိတ ရေအား လျှပ်စစ် စက်ရုံကြီးများမှ တပြည်လုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားများ ပေး သောအခါ မန္တလေးသည် “အလိုမဲ့ ထွန်းလင်း စေနိုင်သော” လျှပ်စစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နိုင်ခဲ့သည်။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် လောပိတ လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်လျှင်ပင် အင်ဂျင်ဓာတ်အားပေး စက်ကြီးနှိုး၍ စက္ကန့် မလပ် လျှပ်စစ်အားဖြည့်တင်းပေးခဲ့၏။
ဒါက ဟိုတုန်းက မန္တလေး။ ။