ဇွန်လ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကာ ပညာသင်နှစ်ရဲ့ နှစ်သစ်တခုကို စတင်တော့မှာ ဖြစ်ပါတယ်။ စတင်တော့မှာဖြစ်တဲ့ ကျောင်းဖွင့်ရာသီကို ကျောင်းသူကျောင်းသားများ အပါအဝင် ကျောင်းသားမိဘများနဲ့ ဆရာ၊ ဆရာမများအနေနဲ့ ဘယ်လိုဘယ်ပုံနဲ့ ကြိုဆိုကြမှာလဲ ဆိုတဲ့မေးခွန်းက စိတ်ဝင်စားဖွယ်ရာ အဖြစ်နဲ့ ပညာသင်နှစ် အစမှာကြိုဆိုနေပါပြီ။
ချမ်းသာတဲ့ မိဘဖြစ်စေ၊ ဆင်းရဲတဲ့ မိဘဖြစ်စေ၊ အလယ်အလတ်တန်းစား မိဘဖြစ်စေ ကိုယ့်ရဲ့ သားသမီးကို ပညာတတ်ကြီး ဖြစ်စေချင်ပြီး သားသမီးများရဲ့ အနာဂတ်ကို လှပစေချင်တာ မိဘတိုင်းမှာ ရှိတဲ့ဆန္ဒပါ။
ကျောင်းဖွင့်ရာသီမှာ ချမ်းသာတဲ့ မိဘများကလည်း ကျောင်းကောင်းကောင်းမှာ မိမိတို့ရဲ့ သားသမီး ကျောင်းဝင်ခွင့်ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြသလို၊ ဆင်းရဲတဲ့ မိဘများဟာလည်း မိမိတို့ရဲ့ သားသမီးကို ဒီနှစ်မှာ ကျောင်းဆက် ထားရမလား၊ ကျောင်းထုတ် လိုက်ရမလား စတဲ့ လားမျိုးစုံနဲ့ မေးခွန်းတွေ ထုတ်နေရပါတယ်။ အလယ်အလတ်တန်းစား မိဘများကလည်း မိမိတို့ရဲ့ သားသမီးများ အဆင်ပြေပြေနဲ့ စာသင်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အတွေးမျိုးစုံကို ဖြစ်ပေါ်စေတာ ဒီလို စာသင်နှစ်ရဲ့ အစောပိုင်းကာလများမှာပဲဖြစ်ပါတယ်။
မေလ ၁၅ ရက်နေ့မှာတော့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းများမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားများ အားလုံးကို ကျောင်းအပ်လက်ခံ နေပြီလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အလယ်တန်းအထိ အခမဲ့ ပညာသင်ကြားရေးကို ပြဌာန်းထားပြီဖြစ်လို့ မူလတန်း ကျောင်းသားများ အားလုံးနဲ့ အလယ်တန်း ကျောင်းသားများ အားလုံးဟာ အခမဲ့ ပညာသင်ကြားခွင့် ရရှိမှာဖြစ်ပြီး ကျောင်းသုံး စာအုပ်များပါ အခမဲ့ ပေးသွားမှာဖြစ်ပါတယ်။ အခမဲ့ ပညာသင်ကြားရေးအဖြစ် သက်မှတ်ထားပေမယ့်လည်း တချို့ကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ ကျောင်းသုံးစာအုပ်ကို အချိန်မီ မရရှိဘဲ ပြင်ပကနေ ဝယ်ယူရနေတာလည်း ရှိပါတယ်။ အဲဒီလို ဝယ်ယူ ရမှုတွေကြောင့် ငါးတန်းဖတ်စာအုပ် အပြင်ပေါက်ဈေး ၂ ထောင့် ၃ ရာကျပ် ဖြစ်ပြီး ရှစ်တန်း ကျောင်းသုံးစာအုပ် ကတော့ ၃ ထောင့် ၅ ရာကျပ် ဖြစ်ပါတယ်။
အလယ်တန်းအထိ အခမဲ့ ပညာသင်ကြားရေးစနစ် ပြဌာန်းထားပေမယ့်လည်း မြို့ကြီးပြကြီးများမှာ ရှိတဲ့ ကျောင်းများ မှာတော့ ကျောင်းသားဟောင်း ဆိုရင် ကျောင်းဝင်ကြေးအနေနဲ့ မပေးရဘဲ ကျောင်းသားအသစ်ဆိုရင်တော့ ကျောင်းဝင်ကြေးကို ကျောင်းအလိုက် ပေးရတယ်လို့ ကျောင်းမိဘတချို့က ဆိုပါတယ်။
မူလတန်းအောင်ပြီး အလယ်တန်းဖြစ်တဲ့ ငါးတန်းကို စတင် တက်ရောက်ရတော့မယ့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျောင်းသား တဦးရဲ့ မိဘတဦးကတော့ အထက ကျောင်းကို ဝင်ခွင့်ရဖို့အတွက် ကျောင်းဝင်ကြေးအဖြစ် ကျပ် ၅ သောင်း ပေးရမယ်လို့ ဆိုပါတယ်။ ဒါဟာ တရားဝင် သတ်မှတ် ထားတာမျိုး မဟုတ်ဘဲ နားလည်မှုသဘောမျိုး အဖြစ်နဲ့ ကောက်ခံခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေက နာမည်ကြီးကျောင်းတွေမှာ ကျောင်းဝင်ခွင့် ရရှိဖို့အတွက် ဝင်ကြေးများဟာ အနည်းဆုံး ကျပ် ငါးသောင်းကနေ ကွန်ပျူတာတစုံစာ တန်ဘိုးရှိတဲ့ ကျပ်ငွေ အထိရှိတယ်လို့ သိရပါတယ်။
မြို့ကြီးပြကြီး မဟုတ်တဲ့ မြို့ငယ်လေးတွေမှာတော့ အခမဲ့သင်ကြားရေးစနစ်အတိုင်း ကျောင်းတိုင်းက လိုက်နာ ဆောင်ရွက်တယ်လို့ သိရပါတယ်။ ကျောက်ဆည်မြို့ အနီး တောမရွာမှာ နေထိုင်တဲ့ မူလတန်းကျောင်းသား မိဘ တဦးကတော့ သူ့ရဲ့သား ကျောင်းအပ်နှံရာမှာ ကျောင်းဝင်ကြေးလည်း မပေးရသလို၊ ကျောင်းစာအုပ်ကြေးလည်း မပေးရဘဲ ကျောင်းအပ်နှံစဉ်မှာ အလှူရှင်များက ပေးတဲ့ စာအုပ်၊ ခဲတံအပါအဝင် မုန့်ဖိုးအဖြစ် ငွေကျပ် ၁၀၀၀ ပါ ရရှိတယ်လို့ ဆိုပါတယ်။ ထို့အတူ စစ်ကိုင်းမြို့အနီး ညောင်တုန်း အလကမှာ တာဝန်ထမ်းဆောင်နေသူ မူလတန်းပြဆရာမ တဦးကလည်း သူတို့ကျောင်းမှာတော့ ကျောင်းဝင်ကြေး လုံး၀ ကောက်ခံခြင်းမရှိကြောင်း၊ အဲဒီလို ဝင်ကြေး ကောက်ခံမယ် ဆိုရင် ကျောင်းနေသူရယ်လို့ ရှိမှာမဟုတ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ တာဝန် ထမ်းဆောင်နေတဲ့ မူလတန်း ဆရာမ တချို့ကလည်း ကျောင်းဖွင့်ရာသီမှာ ကလေးတွေ ကျောင်းနေဖို့အတွက် မိဘများကို လိုက်လံ စည်းရုံးနေရတယ်လို့ ဆိုပါတယ်။
မြို့ကြီးပြကြီးများက အစိုးရကျောင်းများမှာ ဝင်ခွင့်ရရှိဖို့နဲ့ အတန်းကောင်းကောင်း ရရှိဖို့အတွက် မိဘတွေဟာ ကျောင်းအတွက် အပြိုင်အဆိုင် လှူဒါန်းမှုတွေ ရှိသလို တချို့မိဘတွေကတော့ အစိုးရ ကျောင်းတွေမှာ သူတို့ သားသမီးတွေကို မအပ်တော့ဘဲ ပုဂ္ဂလိကျောင်းတွေနဲ့ နေ့အထူးဘော်ဒါတွေမှာ အပ်နှံလိုက်ကြတာလည်း ရှိပါတယ်။ ရန်ကုန်မြို့က နေ့အထူးဘော်ဒါ တခုကတော့ ၈ တန်းကနေ စတင်လက်ခံပြီး ကျောင်းအိပ်ကျောင်းစားပုံစံနဲ့ သင်ကြားတာ ဖြစ်လို့ သင်တန်းကြေး တနှစ်လုံးစာအဖြစ်နဲ့ ကျပ် ၁၈ သိန်းကနေ ၂၅ သိန်းအထိ ကောက်ခံတယ်လို့ သိရပါတယ်။
ငွေကြေးတတ်နိုင်ပြီး မိမိတို့သားသမီးကို အချိန်ပြည့် မကြည့်ရှုနိုင်တဲ့ မိဘအများစုကတော့ နေ့အထူးဘော်ဒါတွေကို အားကိုးအားထား ပြုလာကြပါတယ်။ မန္တလေးမြို့က ကုန်သည်တဦးကတော့ သူ့ရဲ့ သားနှစ်ယောက်စလုံးကို မန္တလေးမြို့ရဲ့ နာမည်ကြီး ပုဂ္ဂလိကကျောင်းဖြစ်တဲ့ CAE မှာ ကျောင်းထားတယ်လို့ ဆိုပါတယ်။ အဲဒီလို ကျောင်းထားဖြစ် တာကတော့ အစိုးရကျောင်းတွေမှာ ကျောင်းထားစဉ်က ကျောင်းမှာ အလှူမျိုးစုံကို ကောက်ခံသလို၊ အတန်းပိုင် ဆရာမတွေဆီမှာ ကျူရှင်ထားမှ သားသမီးတွေ အဆင်ပြေတာကြောင့် အဲဒီ ဒုက္ခကနေ ကင်းဝေးလိုတဲ့အတွက် ပုဂ္ဂလိကကျောင်းမှာ ကျောင်းထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ CAE မှာ တက္ကသိုလ်ဝင်ခွင့်အတန်း (ဆယ်တန်း) ကျောင်းသား တဦးအတွက် တနှစ်စာ သင်တန်းကြေး ကျပ်သိန်း ၃၀ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ငွေကြေးတတ်နိုင်တဲ့ မိဘတချို့ဟာ အစိုးရကျောင်းတွေမှာ သင်ကြားတဲ့ သင်ကြးရေးစနစ်တွေကို နှစ်သက်ခြင်း မရှိကြတာကြောင့် International School တွေမှာလည်း ကျောင်းအပ်နှံကြပါတယ်။ မြန်မာနိုင်ငံက နာမည်ကြီး International School ဖြစ်တဲ့ ILBC မှာတော့ Pre Primary အတန်းအတွက် ဝင်ကြေးအနေနဲ့ ၅ သောင်း သတ်မှတ် ထားပြီး တလသင်တန်းကြေးကတော့ မေလအထိ ၁ သိန်း ၃ သောင်းဖြစ်ကာ ကျောင်းဖွင့်ချိန် ဇွန်လက စတင်ပြီး သင်တန်းကြေး ၁ သိန်းခွဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပညာသင်ယူမှုနဲ့ပတ်သက်ပြီး မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့နယ် အလိုက် ပညာသင်ခွင့်ရတဲ့ စနစ်ကို ကျင့်သုံးနေဆဲဖြစ်ပါတယ်။ အခြေခံပညာကျောင်းတွေကနေ တက္ကသိုလ်များအထိ ကျောင်းသားတွေ အနေနဲ့ မိမိ နှစ်သက်ရာ ကျောင်းကို ဝင်ခွင့်မရသလို၊ ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေဖြစ်ပါတယ်။ အကယ်၍များ မိမိ (ကျောင်းသားမိဘတွေ) နှစ်သက်တဲ့ ကျောင်းမှာ တက်ရောက်ခွင့် ရဖို့အတွက် တရားမဝင်ကြေးမျိုးစုံကို ပေးနေရတဲ့ အခြေအနေဖြစ်နေဆဲ ပါပဲ။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ နည်းမျိုးစုံအကြံပေး ဝေဖန် နေပေမယ့်လည်း လာမယ့် ပညာသင်နစ်မှာ အရင်ကလိုပဲ နည်းလမ်းဟောင်း အတိုင်း ဆက်လက်လျှောက်လှမ်းမှာလား ဆိုတဲ့ မေးခွန်းကလည်း ပညာသင်နှစ်အစကို စောင့်ကြိုလို့ နေပါတယ်။ ကျောင်းသားဗဟိုပြု စနစ်နှင့် စတင်သင်ကြားဖို့အတွက် အခြေခံပညာ ဆရာ၊ ဆရာမများအနေနဲ့ သင်တန်းမျိုးစုံ တက်ရောက်ထား ပေမယ့်လည်း တကယ့်လက်တွေ့ သင်ကြားရေးမှာ ဒီစနစ်နဲ့ သင်ကြားနိုင်ပါ့မလား ဆိုတာလည်း ပညာသင်နှစ်အစကို စိန်ခေါ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုတာကို ၂၀၁၄ ခုနှစ်ရဲ့ ပညာသင်နှစ်ဟာ လိုက်ပါပြောင်းလဲနိုင်ပါ့မလား ဆိုတာတော့ ကျောင်းသူ၊ ကျောင်းသားများ ကိုယ်တိုင်ရော၊ ကျောင်းသား မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် စိတ်ဝင်စားနေဆဲ ဖြစ်ပြီး အဖြေမထွက်သေးတဲ့ ပုစ္ဆာတပုဒ်လည်း ဖြစ်နေသေးပါတယ်။