ဆောင်းပါး

ကြိုးတိုက် ဋီကာ (၆)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကျောင်းသားလှုပ်ရှားမှုတွေ အရှိန်ရလာတဲ့အခါ မဆလ အစိုးရက တန်ပြန်သပိတ် လှုပ်ရှားမှုတွေနဲ့အတူ အဆိပ်ခတ်တာ၊ မီးရှို့တာ၊ လမ်းမီးတိုင်၊ မီးပွိုင့်တွေနဲ့ အစိုးရ အဆောက်အအုံ ယန္တရားပစ္စည်းတွေ ဖျက်ဆီးတယ်ဆိုတဲ့ ကောလာဟလတွေလည်း တဆက် တည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ဆန္ဒပြသူ အလွှာအသီးသီးက မြန်မာနိုင်ငံသားတွေကို အဆိပ် ခတ်မယ်၊ မီးရှို့မယ် စတဲ့ သတင်း တွေ၊ ကောလာဟလတွေနဲ့ လက်ရ ဖမ်းမိသူတွေကို ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးတွေက ဖမ်းမိကြတဲ့အခါ ထူးဆန်းစွာပဲ သူတို့တွေဟာ ဓာတုဆေးဝါး တခုခုကြောင့် သာမန်လူတွေလို မဟုတ်ဘဲ ဘာဆိုဘာမျှ တုံ့ပြန်မှုမရှိတာတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။

အခုတော့ ကြိုးတိုက်ထဲမှာ အဲဒီလိုလူတွေကို ကိုယ်တိုင် ဖမ်းဆီးခဲ့တဲ့သူတွေနဲ့ ဘဝတူ အကျဉ်းသား ဖြစ်နေခဲ့ပါတယ်။

သူတို့အားလုံးရဲ့ ပြောဆိုချက်တွေမှာ တူညီနေတာ တခုကတော့ တန်ပြန် သပိတ်ဆိုတဲ့ အဆိပ်ခတ် သူ၊ မီးရှို့ဖို့ ကြိုးစားတယ်ဆိုတဲ့ သူတွေဟာ ဆေးလိပ် မီးနဲ့ ထိုးပြီး စစ်ဆေးလည်း ဘယ်လိုမှ တုန်လှုပ်မှု၊ နာကျင်မှု ဝေဒနာကို မပြသလို တချို့ဆို လုပ်ဆောင်မယ့် အဖျက်လုပ်ငန်းတွေကို ဝန်ခံကြတာပါပဲ။ ဒီလို ဝန်ခံတဲ့အခါ ဘယ်သူက ခိုင်းတယ်ဆိုတာကို ဘယ်လိုမှ စစ်ဆေးလို့ မရတာ ထူးဆန်း တယ်လို့ သေဒဏ် ကျခံနေရသူတွေက ပြောကြပါတယ်။

ရှစ်လေးလုံးကာလ လူသတ်မှုတွေနဲ့ စွပ်စွဲပြီး သေဒဏ်အဖြစ် အပြစ်ဒဏ် ချမှတ်ခံထားရသူ အများစုဟာ တကယ်တော့ သူတို့ကိုယ် တိုင် သတ်ဖြတ်မှုတွေ မကျူးလွန်ခဲ့ဘဲ ဘေးကရပ်ကြည့်သူတွေ ဖြစ်နေတာပါပဲ။

ဒါပေမယ့် တချို့ကတော့ တန်ပြန်သပိတ် လုပ်ဆောင်သူတွေကို ဖမ်းဆီးထားချိန် သူတို့ကို ဝိုင်းဝန်း အားပေးအားမြှောက် လုပ်နေတဲ့၊ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးရဲ့ တိုက်တွန်းမှုတွေကြောင့် သူတို့လည်း ကိုယ်တိုင် ဓားနဲ့ ခေါင်းဖြတ် သတ်ဖြတ်ခဲ့မိတယ်လို့ ဝန်ခံပြောကြားသူတွေလည်း ရှိတယ်။

ဒီအထဲ ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့သူလို့စွပ်စွဲပြီး သေဒဏ် ချမှတ်ခံထားရသူတွေအနက် တချို့က သူတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့အမျိုးမျိုး အနိုင်ကျင့် ခံခဲ့ရသူတွေဖြစ်လို့ အမုန်းစိတ်တွေ ကိန်းအောင်းနေခဲ့ပြီး လူထုအုံကြွမှုကာလ ရဲတပ်ဖွဲ့ဝင်တွေကို အငြိုးကြီးကြီး နဲ့ လက်စားချေခဲ့ရလို့ ကြိုးစင်တက်ရလည်း ဝမ်းမနည်းဘူးလို့ ဆိုလာသူတွေလည်း ရှိပါတယ်။

ဒီအထဲက တယောက်ကဆို သေဆုံးသူ ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ အသားကို မီးကင်ပြီးစားခဲ့တဲ့အကြောင်း ပြောပြပြီး အဲဒီအချိန် တုန်းက “ဘဲကင် ရမယ်” ဆိုတဲ့ ဆိုင်းဘုတ်မှာ “ရဲကင် ရမယ်” လို့ တောင် စာပြောင်းချိတ်ခဲ့ကြောင်း ဟာသနှောပြီး ပြန်ပြောပြပါတယ်။

ထူးခြားတာက ရဲတပ်ဖွဲ့ဝင်ရဲ့ အသားကိုစားတယ်ဆိုတဲ့ ကြိုးသမားဟာ တချိန်က တပ်မတော်(ရေ) က တပ်သားဟောင်းတဦး ဖြစ်ပါတယ်။ ကျန်းမာရေးအရ တပ်ကထွက်လာပြီး နောက်ပိုင်း အရက်ပုန်း ရောင်းစားရာက ရဲတပ်ဖွဲ့တွေရဲ့ အနိုင်ကျင့်မှု၊ ဗိုလ်ကျမှုကို နေ့စဉ်နဲ့အမျှ ခံစားခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

အဲဒီလို ရှစ်လေးလုံးကာလ လူသတ်မှုတွေနဲ့ သေဒဏ် ချမှတ်ခံထားရသူ ကြိုးသမားတွေထဲမှာ အထင်အရှားဆုံး ကြိုးသမားတွေကတော့ ရန်ကုန် မြို့တော်ခန်းမကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီး သေဒဏ်ချမှတ် ခံထားရတဲ့ ကရင် အမျိုးသား အစည်းအရုံး(KNU) က ဗိုလ်မှူး အဆင့်ရှိတယ်ဆိုတဲ့ ကိုကိုနိုင် ခေါ် သိန်းဦးနဲ့ ဆေးကျောင်းသား ကိုအောင်သူ၊ ကိုကိုနိုင်ရဲ့ ဦးလေးတော်စပ်တဲ့ ကိုမောင်မောင်သင် တို့ ဖြစ်ပါတယ်။

သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုမှာ မကျူးလွန်ခဲ့ဘဲ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲကာ သေဒဏ် ချမှတ်ခံထားရသူတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် NLD လူငယ် ကိုသန်းဇော်၊ ကိုညီညီဦး၊ ကိုမိုးကျော်သူ တို့ ၃ ဦး နဲ့လည်း ဘဝတူ ကြိုးသမားတွေအဖြစ် အတူဖြတ်သန်း ခဲ့ရပါတယ်။

အင်းစိန်ထောင် တိုက်ဝန်းထဲက ကြိုးတိုက်ထဲမှာ နေလာရင်း တဖြည်းဖြည်းနဲ့ နေသားတကျ ရှိလာခဲ့တယ်။ နေ့စဉ် မနက်စာ၊ ညစာ ကို ထောင် ထမင်း၊ ထောင်ဟင်းတွေအပြင် ကြိုးတိုက်ထဲက မိတ်ဆွေတွေရဲ့ ကြင်နာ နွေးထွေးမှုနဲ့ အသက်ဆက် ရှင်သန်နေရ တယ်။

ထောင်ကကျွေးတဲ့ ပျော့တူးမနပ် စပါးလုံးများများနဲ့ ဝါကြင်ကြင် ထမင်း ၄ အောင်စ မရှိတရှိ၊ လက်ဖက်ရည် ဇွန်းငယ် တဇွန်းစာ နံစော်နေတဲ့ ငါးပိ၊ ပဲဟင်း အရည်ကျဲကျဲတခွက် (၂၀ဝ စီစီနီးပါး) တို့နဲ့ ကန်စွန်းကြီးရွက်ကို အမှိုက်ပါမကျန် အကုန်ရော ပြုတ်ထားတဲ့ စိမ်းရွှေရွှေ တာလဘောဟင်း၊ ဒိုက်စော်နံနေတဲ့ ငါးကြော်ဆိုတာတွေက ထောင်သားတိုင်းအတွက် အာဟာရအဖြစ် စိတ်ထဲမှတ်ပြီး မှီဝဲကြရတာပါ။

ထောင်ဝင်စာ မရှိတဲ့သူတဦးအဖို့ ထောင်က ကျွေးတဲ့ ထမင်း၊ ဟင်းဆိုတာနဲ့ အသက်ဆက်မယ်ဆိုရင် အကျဉ်းထောင်ထဲမှာ ၅ နှစ် ထက် မပိုဘူးလို့ ထောင်နှစ်ရှည် ကျနေကြသူတွေက မှတ်ချက်ပေးတာလည်း သတိရပါတယ်။

ကြိုးတိုက်နေ ကြိုးသမားတွေနဲ့ တခြား နာမည်ကြီး နိုင်ငံရေး အကျဉ်းသားတွေက သူတို့ မိသားစု ချွေးနည်းစာနဲ့ ပို့လာတဲ့ အစား အသောက်တွေကို မျှဝေကျွေးမွေးခဲ့တဲ့အတွက် ထောင်ဝင်စာ တွေ့ခွင့် မရသေးတဲ့ ကျနော့်မှာ ထောင်ဝင်စာဆိုတဲ့ အဓိပ္ပာယ် ကို နားမလည်နိုင်ဘဲ ရှိနေခဲ့ပါသေးတယ်။

ထိုစဉ်က အင်းစိန် အကျဉ်းထောင်မှာ အချုပ် ကျ အချုပ်သားတွေအတွက် ထောင်ဝင်စာတွေ့ရက် တွေက တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့တွေဖြစ်ပြီး ထောင်ကျ အကျဉ်းသားတွေအတွက် ထောင်ဝင်စာတွေ့ရက် က ကြာသပတေး၊ သောကြာ၊ စနေ ၃ ရက် ဖြစ်ပါတယ်။

ကြိုးတိုက်နေ ကြိုးသမားတွေအတွက် ထောင်ဝင်စာတွေ့ရက်ကိုတော့ စနေတရက်တည်း သတ်မှတ် ပေးထားခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ တနင်္ဂနွေ တရက်တည်းသာ ကြိုးသမား ထောင်ဝင်စာနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနေ့မှာတော့ တခြား အကျဉ်း သား၊ အချုပ်သားတွေရဲ့ ထောင်ဝင်စာ မရှိပါဘူး။

သေဒဏ် ကျခံရပြီး ၃ လ အကျော် ၄ လ နီးပါး ကြာပြီးနောက် တရက်သော မနက်ပိုင်းမှာ ထောင်ဝင်အမှတ် ၄၀၄၆ စီ/ ဗညား ခေါ် အောင်နိုင်၊ ထောင်ဝင်စာတွေ့မယ်ဆိုတဲ့ ခေါ်သံဟာ ရင်ကို တုန်ခါစေခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဩဂုတ်လလောက် ကတည်းက မိဘ၊ ညီအစ်ကို မောင်နှမတွေနဲ့ မတွေ့ခဲ့ရတော့တဲ့ ကျနော်ဟာ အဲဒီနေ့ ထောင်ဝင်စာ မှာ ဘယ်သူများ လာတွေ့လိမ့်မလဲလို့ အတွေးထဲ မေးခွန်းများစွာ ထုတ်နေမိခဲ့တာပါ။

ကျနော့်အရင် တခြားကြိုးသမားတွေက သယ်ဆောင်လာတဲ့ သတင်းစကားက ကျနော့်နားစည်ဝ ရောက်လာတဲ့အချိန်မှာ ရင်ထဲမှာ ခံစားမှုတမျိုး ဖြစ်ခဲ့ပါတယ်။

ကျနော့်ရဲ့ ပထမဆုံးသော ထောင်ဝင်စာကို ကျနော့် ဖခင်နဲ့ မိခင်ဖြစ်သူ ၂ ဦးသား ရန်ကုန်ကနေ မိုင် ၅၀ဝ လောက် ဝေးတဲ့ အညာ ဒေသ ကနေ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ကို ခက်ခဲပင်ပန်းကြီးစွာနဲ့ ရောက်လာခဲ့ရတာပါ။

ထောင်ဝင်စာခန်းကို ရောက်ဖို့ ကြိုးတိုက်ထဲကနေ တိုက်ဝန်းရုံးခန်းမှာ ပထမအဆင့် ရှာဖွေမှုလုပ်ပြီး ခေါင်းစွပ် စွပ်တာ ခံလိုက်ရပါတယ်။

ဒီခေါင်းစွပ်ဆိုတာကြီးက စပြီးအဖမ်းခံခဲ့ရကတည်းက ယဉ်ပါးသလို ဖြစ်ခဲ့ရတဲ့ ခေါင်းစွပ်၊ သေဒဏ် အမိန့် ချပြီးခဲ့ပေမယ့် ထောင်ကို ရောက်ခါစ စစ်ကြောရေး မပြီးပြတ်သေးလို့ အထူးဆောင် ခေါ် ထုတ်သွားပြီး မေးခွန်းတွေ ဖြေပေးရချိန်ကလည်း စွပ်လိုက်ရတဲ့ ခေါင်းစွပ်၊ အခုလည်း ထောင်ဝင်စာ တွေ့ဖို့သွားရင် လမ်းတလျှောက်လုံး သူများ မမြင်အောင် စွပ်ရတဲ့ခေါင်းစွပ်၊ မျက်လုံးပေါက် ၂ ပေါက် နဲ့ ချွေးစော် နံနေတဲ့ ခေါင်းစွပ်၊ အဲဒီ ခေါင်းစွပ်ဟာ ထိုခေတ် စစ်အာဏာရှင် တို့ရဲ့ ယန္တရားတခုထဲက အသုံးအဆောင် ပစ္စည်း တခုပေါ့။

ထောင်ဝင်စာခန်းအဝင်မှာ ခေါင်းစွပ် ချွတ်ပေးလိုက်ပြီး ခေါင်းလောင်းသံနဲ့ အတူ တဖက် သံဆန်ခါ ၂ ထပ်ခြားထားတဲ့ အခန်းထဲ ဝင် လာမယ့် ကိုယ့် မိသားစုဝင်တွေကို လည်တမော့မော့ မျှော်ကြည့် စောင့်ဆိုင်းနေမိခဲ့တယ်။

ထောင်ဝင်စာခန်းထဲ ဝင်လာတဲ့ မေမေနဲ့ ဖေဖေဟာ သားကိုမြင်လိုက်တာနဲ့ မေမေကတော့ မိန်းမသားဆိုတော့ ကျနော့်ကို မြင်မြင်ချင်း မျက်ရည်တွေ ဖြိုင်ဖြိုင် ပြိုကျလာခဲ့တယ်။ ဖေဖေကတော့ ယောက်ျားသားမို့ အိန္ဒြေဆည်နိုင်ပါတယ် အေးအေး ဆေးဆေးပါပဲ။

အဲဒီတုန်းက မေမေရဲ့ ပထမဆုံး အမေးစကားက ကျနော့်နားထဲ အခုထိ တရစ်ဝဲလည်လည်။

“သားကြီး အဖမ်းခံရတဲ့အကြောင်း သတင်းစာ နဲ့ တီဗီတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မေမေ တွေ့ရတယ်။ သားကို သူတို့ ဘယ်လိုတွေ နှိပ်စက် ထားသေးလဲ” တဲ့။

မေမေဟာ ဒီမေးခွန်းနဲ့ အတူ ကျနော့်ခန္ဓာကို အနှံ့ ကြည့်လိုနေဟန်တွေ့လို့ ကျနော်လည်း အကျႌ ကို ချွတ်၊ ပုဆိုးတွေ မပြပြီး စစ်ထောက်လှမ်းရေးတွေ နှိပ်စက်လိုက်လို့ ဒဏ်ရာတွေ များများ မမြင်နိုင်တဲ့ နေရာတချို့ကို ပြလိုက်ပါတယ်။

မေမေဟာ တွေတွေကြီး ကျနော့်ကို ငေးကြည့်ရင်း ကျနော့်ကို ဆက်ပြီး မေးခွန်းထပ်မေးလာပါတယ်။

“သားကြီး၊ အခု သူတို့ သတင်းစာတွေ၊ တီဗီ တွေက ပြောသွားသလို သားကြီးက အဲဒီ လက်နက်တွေ တကယ်ပဲ သယ်ခဲ့တာလား” တဲ့။

 ထောင်ကကျွေးသော တာလဘောဟင်း
ထောင်ကကျွေးသော တာလဘောဟင်း

ကျနော့်အတွက် အဖြေက ရှင်းပါတယ်။ သူတို့ ပြောသလိုတော့ ကျနော်ဟာ တိုင်းပြည်ရဲ့ အဖျက်သမား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ လက်နက်တွေက ကျနော်တကယ်ပဲ သယ်ယူလာခဲ့တာလို့ ဖြေလိုက်တယ်။ ကျနော် လုပ်ခဲ့တယ်။ ကျနော် မညာပါဘူး။ ဒီ အတွက် လည်း နောင်တ မရပါဘူး။

အဲဒီအချိန်၊ အဲဒီကာလက ကျနော့် အတွေး၊ ကျနော့် ခံယူချက်အရ ကျနော် မှန်တယ်ထင်လို့ ကျနော်လုပ်ခဲ့တာပါ။

မေမေ့မျက်ရည်တွေ တသွင်သွင်စီးဆင်းလာခဲ့ တယ်။ သံဆန်ခါတွေ ခြားနေတဲ့ ကျနော့်အနေနဲ့ မေမေ့ကို မျက်ရည် မသုတ်ပေးနိုင် ခဲ့ပါဘူး။

ဖေဖေက သေဒဏ်ဆိုတဲ့ ပြစ်ဒဏ်အပေါ် စိတ်ထဲမှာ ဝန်မပိစေဖို့ ပြောရင်း နောင်တမရဘူးဆိုတဲ့ သားအတွက် အမြဲတမ်း ကိုယ့်ကိုယ် ကိုယ် စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာ သန်စွမ်းနေအောင် နေထိုင်ပါလို့ မှာကြားတယ်။

ဖေဖေသာ ကျနော့်ကို စာအုပ်စာပေတွေနဲ့ ယဉ်ပါးအောင် မလုပ်ခဲ့ရင် မြန်မာပြည်ကြီး ဘာတွေ ဖြစ်နေတယ်၊ ဘာတွေ ဖြစ်သင့်တယ် ဆိုတာ မသိတဲ့၊ ဘဝ ဒဿန မရှိ၊ အသိမဲ့ လူလိမ္မာတယောက်ထက် မပိုတဲ့ လူအဖြစ်သာ ရှိနေခဲ့မှာဖြစ်ပြီး အခုလို စာပေတွေ လေ့ လာ ရတဲ့ အကျိုးကျေးဇူးကြောင့် လောက အကြောင်း သိခွင့်ရလို့ လောကအကျိုး သယ်ပိုးလိုစိတ်နဲ့ သေဒဏ်ကျခံရတာလို့ ကျနော် က ဖေဖေ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။

ငယ်စဉ်ကတည်းက စာတွေများများဖတ်ဖို့ တိုက်တွန်းလေ့ရှိပြီး သူဖတ်ပြီးသား စာအုပ်စာပေတွေကို ကျနော့်ကို ပေးဖတ်ခဲ့တဲ့ ဖေဖေ ဟာ ကျနော့် ရဲ့ ဖေဖေ့အပေါ် ပြန်လည်ပြီး ပြောလိုက်တဲ့ ဂုဏ်ယူ စကားတခွန်းအတွက် ရုတ်တရက် မှင်တက်သွားတာ သတိထား မိလိုက်တယ်။

ဒီတော့ ဖေဖေက တချို့အသိတရားဟာ“ကြေး ကြီးတယ်” လို့ ပြောလာပြီး နောက်ထပ်အားပေးစကား အနည်းငယ် ပြောပါတယ်။ မေမေကတော့ ပြောစရာ စကားလုံးတွေ ဆို့နင့်နေပြီး ကျနော့်ကို ထပ်ပြောလာတဲ့ စကားက ရင်ထဲနွေးခနဲ ဖြစ်သွား ပါတယ်။

မေမေက ပြောတယ်လေ။ ကျနော်သာ တောထဲ တောင်ထဲမှာ ရှိနေရင် တိုက်ပွဲတွေဖြစ်လို့ တောတွင်း တနေရာမှာ ကျနော် ကျဆုံး သွားရင်တောင် မေမေက ကျနော့် အလောင်းကိုတောင် မြင်ခွင့်ရမှာ မဟုတ်ဘူးတဲ့လေ။ ကျနော် ထောင်ကျလာပြီး အခုလို တွေ့ရ တာကိုက ကံကောင်းတာတဲ့။

အဲဒီလိုပြောပြီး မေမေဟာ ကျနော့်ကို ငေး ကြည့်နေတယ်။ အဲဒီမျက်ဝန်းဟာ ကျနော့်ကိုတသက်လုံး စွဲစွဲမြဲမြဲ ရှိနေပါတယ်။ ကျနော် နဲ့ ကျနော့်မိဘတွေ အပြန်အလှန်ပြောဆိုနေကြတဲ့ စကားတွေကို ကျနော့်ဘက်က ထောင်ဝန်ထမ်းတဦးနဲ့ ကျနော့် မိဘတွေဘက်မှာ ထောင် ဝန်ထမ်းတဦးတို့က အကုန်လိုက်မှတ်နေကြတာကို နောက်မှ သတိထားမိတယ်။

သူတို့တွေရဲ့မျက်နှာမှာ ကျနော်တို့ မိသားစုရဲ့ ပြောစကားတချို့ဟာ သူတို့အတွက် ခံစားမှုတခုခု ဖြစ်နေတယ်ဆိုတာတော့ ထပ်ပြီး သတိထားမိလိုက်တယ်။

ထောင်ဝင်စာတွေ့ချိန် ၁၅ မိနစ်ဆိုတဲ့ သတိပေး ခေါင်းလောင်းသံကိုတောင် ကျနော်တို့မိသားစု သတိ မထားမိလိုက်ပါဘူး။ သားဖြစ် သူကို သေဒဏ် ကျ ကြိုးသမားအဖြစ်နဲ့ ပထမဆုံး တွေ့ရချိန်လေးကို မေမေက နှမြောတသဖြစ်နေပါတယ်။

ကျနော်လည်း ထောင်ဝန်ထမ်းတွေ ခေါ်ဆောင်ရာ မေမေနဲ့ဖေဖေတို့ကို သံဆန်ခါ အခန်းထဲ ထားရစ်ခဲ့ပြီး ကြိုးတိုက်ကို ပြန်လာခဲ့ တယ်။

ထောင်ဝင်စာ အခန်းက ဆင်းတာနဲ့ မိသားစု ပေးလိုက်တဲ့ စားသောက်ဖွယ်ရာ၊ အဝတ်၊ စောင် စတာတွေကို ထောင်ဝန်ထမ်းတွေက စစ်ဆေးကြတယ်။ ပြီးတော့ မိန်းဂျေးလို့ ခေါ်တဲ့ နေရာမှာ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတချို့က အထုပ်တွေထဲ ဇွန်းတွေနဲ့ မွှေနှောက်စစ်ဆေးတယ်။ ပြီးတော့ တိုက်ဝန်းရုံးခန်းမှာ တခါ စစ်ဆေးပြန်တယ်။ နောက်ဆုံးမှ ကြိုးတိုက်ထဲက နေထိုင်ရာ အခန်းကို ပြန် ရောက်လာတော့တယ်။

တချို့အကျဉ်းသားတွေကတော့ လမ်းတလျှောက် ထောင်ဝင်စာ စစ်ဆေးရေး ဂိတ်တွေက တဇွန်း ၂ ဇွန်းနဲ့ ယူထားလိုက်လို့ နေထိုင် ရာ အခန်းထဲ ရောက်တဲ့အချိန်မှာ ဟင်းထုပ်ကလေးက မရှိသလောက် ဖြစ်သွားရသူတွေလည်း ဒုနဲ့ ဒေးပါ။

ကျနော့်မှာတော့ ပထမဆုံး ထောင်ဝင်စာမှာ မိသားစုက ပေးလိုက်တဲ့ စားစရာနဲ့ အသုံးအဆောင်တွေမှာ ကြိုးသမားအသစ် ဖြစ်တာကြောင့် နုတ်ယူထားတာမျိုး မကြုံလိုက်ရပါဘူး။ ဝမ်းသာစရာတခုကတော့ ကျနော့်အတွက် စာကြည့်တိုက်ကြီးတလုံး ပါလာခဲ့တာပါပဲ။     ။

ဆက်လက်ဖော်ပြပါမည်။

Did you find apk for android? You can find new Free Android Games and apps.
Loading