Culture

ရှေးဟောင်း ပျူမြို့သုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ပါ့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး စတဲ့ မြန်မာတို့ရဲ့ ရှေးဟောင်းမြို့သုံးမြို့ကို World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်၊ မဝင်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဆုံးဖြတ်ဖို့ အချိန်နီးကပ်လာပြီ ဖြစ်ပါတယ်။

လာမည့် ဇွန်လ ၁၅ ရက်မှာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတော့မယ့် အဖွဲ့ဝင် နိုင်ငံ၂၁ နိုင်ငံ ပါဝင်တဲ့ ကမ္ဘာ့အမွေအနှစ် ကော် မတီရဲ့ “၃၈” ကြိမ်မြောက် အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်ကြမှာပါ။

ယဉ်ကျေးမှု ဝန်ကြီးဌာနက ပျူမြို့ ၃ မြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ ၂၀၁၁ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

အဲဒီလို ပြင်ဆင်နိုင်ဖို့ အတွက် ယူနက်စကို (UNESCO) က အမေရိကန်ဒေါ်လာ ၃ သောင်း ကူညီခဲ့ပြီး အီတလီ နိုင်ငံက ယူရို ၄ သိန်း နဲ့ ရှေးဟောင်း ပညာရှင်တွေပါ ပို့လွှတ်ပြီး ထိန်းသိမ်းနည်း အတတ်ပညာတွေ သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် ပျူမြို့ဟောင်းတွေ အတွက် Management Plan ဆွဲဖို့ သီရိလင်္ကာနိုင်ငံက ပညာရှင်တွေ၊ ပျူရှေးမြို့ဟောင်းတွေနဲ့ ပတ် သက် ပြီး ပြုစုမယ့် စာတမ်းများကို တည်းဖြတ်ဖို့ အင်္ဂလန်က ပညာရှင်တွေကိုလည်း ငှားရမ်းခဲ့ရပါတယ်။

ပြည်ထောင်စု အစိုးရ ယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်စန္ဒာခင် ကိုယ်တိုင် ကမ္ဘောဒီးယား နိုင်ငံကို သွားရောက်ကာ “၃၇” ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးမှာ ပျူမြို့ သုံးမြို့နဲ့ ပတ်သက်ပြီး နိုင်ငံတကာကို မိတ်ဆက်ခဲ့သလို၊ သမ္မတ ဦးသိန်းစိန် က ၎င်းရဲ့ ပြင်သစ်ခရီးစဉ်မှာ ယူနက်စကို ညွန်ကြားရေးမှူးချုပ် မစ္စ အီရိနာဘိုကိုဗာနဲ့ တွေ့ဆုံကာ မြန်မာတို့ရဲ့ ပျူသုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး လျှောက်ထားတဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းမှာ ပျူမြို့ သုံးမြို့အကြောင်းကို ဒီနည်းလမ်းနဲ့ လှည့်လည် မိတ်ဆက်ခဲ့သလို ပြည်တွင်းမှာလည်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါတယ်။

Nomination Dossier လို့ ခေါ်တဲ့ ရှေးဟောင်း ပျူမြို့တွေအကြောင်း၊ ဆင်းသက်လာပုံက အစပြုစုထားတဲ့ စာတွဲတွေကို အကြိမ်ကြိမ် ရေးသား ပြင်ဆင်ခဲ့ရသလို၊ Aerial Map လို့ ခေါ်တဲ့ ကောင်းကင်မြေပုံတွေ၊ မြေမျက်နှာသွင်ပြင်ပြတဲ့ Topographic Map တွေကို တင်ပြရပါတယ်။

ဒီလို တင်ပြတဲ့ နေရာမှာ ကောင်းကင် မြေပုံတွေ ကြည်လင်ပြတ်သားမှု မရှိလို့ ပြန်ရိုက်ပေးရတာ အကြိမ်ကြိမ်ပါ၊ တကြိမ်မှာ သရေ ခေတ္တရာ မြို့ဟောင်းပုံကို ဓာတ်ပုံရိုက်ပေးနေစဉ်မှာ ငှားရမ်းထားတဲ့ လေယာဉ် ပျက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ရှေးဟောင်း ပျူသုံးမြို့ကို ယူနက်စကိုက လက်ခံ အသိအမှတ်ပြုအောင် လုပ်ဆောင်နေပေမယ့်၊ တဖက်က ဒေသခံ လူထုကို ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတတ်အောင်၊ မြတ်နိုးတတ်အောင်၊ စိတ်ဝင်စားလာအောင် ပညာပေးမှု အပိုင်းမှာ အားနည်းတာ တွေ့နေရပါတယ်။

ဥပမာ ပြရရင် ရွှေဘိုကနေ ဟန်လင်းအထိ သွားရတဲ့လမ်းက ၄၅ မိနစ်လောက် ကြာပြီး မြေလမ်း ဖြစ်တဲ့ အပြင် လမ်းလည်း မကောင်းသလို တောင်တွင်းကြီးကနေ ဗိဿနိုးမြို့ဟောင်း သွားတဲ့လမ်း ဆိုရင်လည်း မြေလမ်းဖြစ်တဲ့ အတွက် မိုးတွင်း သွားလာလို့ မရပါဘူး။

ဒါ့အပြင် ပြည်မြို့က သရေ ခေတ္တရာမြို့ဟောင်း အဝင်ဖြစ်တဲ့ ရွှေတံခါးဂိတ်နားက အမှိုက်ပုံကြီးက မြင်မကောင်းသလို၊ ကျူးကျော်အိမ်များကလည်း ခေါင်းခဲစရာ ဖြစ်ပြီး၊ တခါတလေ မြို့ဟောင်းတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက် လည်ပတ်တာထက် ဒေသတွင်းက သမီးရည်းစား စုံတွဲများ စတည်းချစရာ ဖြစ်နေပါတယ်။

ဒီပြဿနာတွေကို သေချာ မကိုင်တွယ်ကြရင် ပျူမြို့ဟောင်း သုံးမြို့ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးမှာ အတားအဆီး ဖြစ်လာနိုင်ပါတယ်။

လာရောက် စစ်ဆေးတဲ့ ယူနက်စကို အကြံပေးအဖွဲ့ International Council on Monuments and Sites (ICOMOS) အနေနဲ့ ပျူမြို့ဟောင်းတွေကို စစ်ဆေးတဲ့အခါ မြို့ရိုး၊မြို့တာပေါ်တွေကို နင်းတာ၊ စည်းကမ်းမဲ့ တံတွေးထွေးတာက အစ တွေ့ရင် လက်မခံပါဘူး။

ပုဂံ ယဉ်ကျေးမှုဇုန်ထက် စာရင် ပျူမြို့ဟောင်း သုံးမြို့ အားသာချက်က ရှေးဟောင်းဇုန် အတွင်းမှာ အခိုင်အခံ့ ဟိုတယ်များ၊ စားသောက်ဆိုင်များ မရှိခြင်းဘဲ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်းက စစ်အစိုးရလက်ထက် ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းဖို့ ယူနက်စကိုမှာ လျှောက်ထားပေမယ့် ပယ်ချ ခံခဲ့ရပါတယ်။

ပျူသုံးမြို့သာ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်သွားခဲ့မယ် ဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရအတွက် ကြီးကျယ်တဲ့ အောင်မြင်မှု တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ယဉ်ကျေးမှု့ ဝန်ကြီးဌာန အနေနဲ့ ၂ နှစ်တာ အချိန်တို အတွင်းမှာ ကမ္ဘာ့အမွေအနှစ် အဖြစ် ယူနက်စကိုရဲ့ အသိ အမှတ်ပြု ခံရဖို့ တွန်းတွန်းတိုက်တိုက် ပြင်ဆင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ ပျူသုံးမြို့ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရေး လုပ်ဆောင်ချက်တွေဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် အချိန်ယူ ပြင်ဆင်ခြင်း မရှိဘဲ အလောသုံးဆယ် နိုင်တယ်လို့ ဆိုရမှာပါ။

တခြားသော နိုင်ငံတွေဆိုရင် ၄ နှစ်တာ အချိန်ယူပြီး သေချာအောင် ပြင်ဆင်ပြီးမှသာ ယူနက်စကိုရဲ့ အစစ်အဆေး ခံယူကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှာ ယူနက်စကို အကြံပေးအဖွဲ့ ICOMOS က ပညာရှင်တွေ လာရောက်ပြီး ယူနက်စကို ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ညီ မညီ စစ်ဆေးသုံးသပ်ခဲ့ပြီးနောက် လိုအပ်ချက်တွေ ရှိနေတဲ့ အတွက် “Defer” ဆိုကာ နောက်ထပ် ၂ နှစ် အချိန်ယူ ပြင်ဆင်ပြီးမှာသာ တင်ပြဖို့ ဧပြီလ၂၅ ရက်က အကြောင်းပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ICOMOS အဖွဲ့ ထောက်ပြတဲ့ အချက်တွေက ပျူမြို့ဟောင်းများနဲ့ ပတ်သက်ပြီး ရေးသားတင်ပြတဲ့ စီမံခန့်ခွဲမှု (Management Plan)၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး (Tourism Management Plan)၊ သဘာ၀ ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ (Disaster risk Management plan) တွေ ပြန်လည် ရေးဆွဲဖို့ အကြောင်းပြန်ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မြို့ဟောင်း ၃ မြို့ရဲ့ ကြားခံဇုန် (Buffer Zone) မှာ ရှိတဲ့ ရွာနဲ့ဘုန်းကြီးကျောင်း အရေအတွက်တွေ ထည့်သွင်းဖို့၊ ကျေးရွာနဲ့ ဘုန်းကြီးကျောင်းတွေရဲ့ နေရာတွေကို ဖော်ပြပေးဖို့၊ အဲဒီဒေသမှာရှိတဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူနေမှုဘဝ မြင့်မားအောင် လုပ်ပေးဖို့၊ ဘုရားဖူးတွေ တိုးပွားအောင် လုပ်ဖို့၊ လက်ရှိ ပျူမြို့ဟောင်း မြေပုံတွေထက် ကြီးမားပြီး နေရာတွေ တိကျစွာ ဖော်ပြပေးနိုင်တဲ့ မြေပုံတွေ ပံ့ပိုးပေးဖို့၊ ပျူမြို့ဟောင်းတွေမှာ အသုံးပြုခဲ့တဲ့ ရေသုံးစွဲမှု စနစ်ကို တိကျစွာဖော်ပြဖို့၊ လက်ရှိ ကျန်ရှိနေသော ရေပေး ဝေ ဆည်မြောင်း၊ ချောင်းကန် နေရာကို ထိန်းသိမ်းထားဖို့၊ ဟန်လင်း ရှေးခေတ် သချႋုင်းလို တူးဖော်တွေ့ရှိတဲ့ သချႋုင်း နေရာများကို ထိန်းသိမ်းထားဖို့ ဆိုတဲ့ လုပ်ဆောင်ရမယ့် မြေပြင် အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။

ယူနက်စကို စစ်ဆေးရေး အဖွဲ့ ICOMOSရဲ့ဒီလို နောက်ထပ် ၂ နှစ် ထပ်မံ ပြင်ဆောင်ရွက်ဖို့ ဆုံးဖြတ် ပြောဆိုခြင်းဟာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်တယ်လို့ ယဉ်ကျေးမှူ ဝန်ကြီးဌာနက ဆိုပါတယ်။

“World Heritage Centre ကို မင်းတို့ ပညာရှင်တွေ ဖတ်တာ ရှန်းဖတ်ထားတာဖြစ်လို့ မင်းတို့ပြောတဲ့ အားနည်းတယ် ဆိုတာ ဘယ်အချက်က စာမျက်နှာ ဘယ်လောက်မှာ ဆိုတာ ပြန်ဖတ်ဖို့ သူတို့ကို ထောက်ပြ ထားပါတယ်” ဆိုပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြီးခဲ့တဲ့ရက်ပိုင်း ပြည်မြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီ သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ပြင်သစ်နိုင်ငံ ပါရီကို သွားရောက်ခဲ့တဲ့ ယူနက်စကို ညွန်ကြားရေးမှုးချုပ်၊ ယူနက်စကို ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်၊ ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် သံအမတ်ကြီး ၂၁ ဦး၊ ကမ္ဘာ့ အမွေအနှစ် ကော်မတီရဲ့ အကြံပေး အဖွဲ့ဖြစ် တဲ့ ICOMOS က တာဝန်ရှိသူတွေကို ပျူမြို့ဟောင်းတွေနဲ့ ပတ်သက်ပြီး ခေတ်ကာလ ကြာမြင့်တာနဲ့အမျှ ရေရှည်တည်တံ့ ခိုင်မြဲ ရေး ယူနက်စကိုရဲ့အကူအညီနဲ့ အမြန်ဆုံး ထိန်းသိမ်းဖို့လိုတယ် ဆိုတာကို သွားရောက် ရှင်းပြခဲ့ပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပျူမြို့ဟောင်း သုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရေးကို တိုင်းပြည် ခေါင်းဆောင် ပိုင်းနဲ့ ပြည်သူတွေရဲ့ အားပေးမှုက နည်းပါးနေပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ ရှေးဟောင်း သုတေသန ဌာနဘက်က အား သွန်ခွန်စိုက် လုပ်ဆောင် နေရတယ်လို့ ထောက်ပြပါတယ်။

“ဒီလို ပျူသုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သာ အလောသုံးဆယ် လုပ်နေပေမယ့် သမ္မတဦးသိန်းစိန်က အစ တိုင်းပြည်ခေါင်းဆောင်တွေ တယောက်မှ အဲဒီမြို့တွေကို သွားရောက် မကြည့်ဖူးဘူး၊ ဘာတွေ လိုအပ်နေတယ် ဆိုတာတောင် သိမှာ မဟုတ်ဘူး၊ ICOMOS က ပျူမြို့ဟောင်းတွေ လာစစ်တဲ့ အခါ မြို့တွေရဲ့ အခြေအနေ ကြည့်ပြီး နိုင်ငံတော် ခေါင်းဆောင်တွေ ဘယ်လောက် စိတ်ဝင်စားမှု ရှိမရှိ ဆိုတဲ့ အချက်ကလည်း အရေးပါ ပါတယ်” လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာဆိုတဲ့ ပျူမြို့ဟောင်းကြီး သုံးမြို့သာ ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် အသိအမှတ်ပြု ခံရရင် တော့၊ ယူနက်စကိုဆီက ထိန်းသိမ်းဖို့ ရန်ပုံငွေ ရရှိမှာဖြစ်ပြီး သူတို့ဆီက ပညာရှင်များကလည်း ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းမှုတွေကို ပြု လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံက အယုဒ္ဓယ၊ လာအိုက လွမ်ဘရာဘန်၊ ကမ္ဘောဒီးယားက အန်ကောဝပ် တို့လို ကမ္ဘာလှည့် ခရီးသွားတွေကို စွဲဆောင်နိုင်ရင်  ဒေသခံတွေ အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိခံစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာတို့ရဲ့ ယဉ်ကျေးမှု အစလို့ ဆိုရမယ့် ပျူသုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်း (World Heritage List) ဝင် မဝင်ကို ယူနက်စကိုရဲ့ ပံပိုးကူညီမှုနဲ့ ရမရ ဆိုတာက လာမယ့် ရက်ပိုင်းမှာ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ် ပါတယ်။     ။

ဧရာဝတီ သတင်းထောက် ကောင်းမြတ်မင်း ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading