Health

မိုးဦးကျမှာ ဖြစ်တတ်တဲ့ ဝေဒနာတွေ

This article has been converted from Zawgyi One to Unicode

မိုးရိပ် လေရိပ်ဆင်လို့ မိုးစက်ကလေးတွေ တဖွဲဖွဲကျလာပြီ ဆိုမှဖြင့် တနွေလုံး ညည်းညူခဲ့ရတဲ့ အပူဒဏ်တွေ၊ နေရောင်ခြည်တွေ လျော့ပါးချေရော့မယ် ဆိုပြီး စိတ်သက်သာရာ ရကြတာ ဓမ္မတာပါ။ အပူလျော့ပါးတာ တခုကြောင့်ကိုပဲ မိုးက စိတ်ကို ကြည်လင်စေ တယ် မဟုတ်လား။

ဒါပေမယ့်လည်း သဘာဝတရား ဆိုတာက ငယ်စဉ်ဘဝ သမဝါယမ ဆိုင်မှာ ဆပ်ပြာတတုံး လိုချင်ရင် အပ်ချည်လုံး အဆွေးပါ တွဲယူရ သလိုမျိုး အဆိုးလေး ကလည်း ပါလာတာ ပေါ့။ မိုးမိတာ၊ လမ်းတွေ ရေမြုပ်တာကအစ သွားလာ လုပ်ကိုင်ရာမှာ ခက်ခဲတာမျိုးတွေ တွေ့ကြုံရင်ဆိုင် လာရတာ သာမက၊ ကျန်းမာရေးမှာလည်း ဆိုးကျိုးလေးတွေ လက်ဆောင် ပေးတတ်ပါတယ်။

မိုးဦးကျပြီ ဆိုတာနဲ့ အာဂန္တု ရောဂါမျိုးစုံပါ မုတ်သုံလေနဲ့အတူ သယ်ဆောင်လာခဲ့ တာပါပဲ။ တကယ်တော့ မိုးရာသီ ဆိုတာကလည်း အိမ်ထဲက အင်းဆက်ပေါင်းစုံ၊ ဘက်တီးရီးယားနဲ့ မှိုလို ရောဂါပိုးစုံ ပေါက်ဖွားဖို့ အခြေအနေကောင်းတခု ဖြစ်နေလို့ပါ။ အဲဒါကြောင့် လည်း ရောဂါပေါင်းစုံ ကူးစက်ပြန့်ပွားဖို့ အနေအထားကို ရောက်ရတာပါပဲ။ လူတိုင်းသတိပြု ဂရုစိုက်ဖို့ လိုတာကိုတော့ သိကြမှာပါ။

မိုးဦးကျမှာ ရောဂါဝေဒနာ ခံစားရတဲ့သူတွေကိုကြည့်ရင် အသက်အရွယ်မရွေးဘဲ မဟုတ်ပါလား။ တတ်နိုင်သမျှ နေထိုင် စားသောက် မှု ဆင်ခြင်ရင်တော့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ မိုးဦးကျမှာ အဖြစ်များတဲ့ ရောဂါတွေကို ကြည့်ရင်..

နှာစေးချောင်းဆိုးနဲ့ ဗိုင်းရပ်စ် အဖျား

ဒါကတော့ မိုးဦးကျမှာ တွေ့ရအများဆုံးနဲ့ လူတိုင်းအနည်းနဲ့အများဆိုသလို ခံစားရတဲ့ ဝေဒနာပါပဲ။ လူတွေမှာ ပူအိုက်စွတ်စိုတဲ့ ရာသီ ဥတုကို ထိတွေ့ရာကနေ နှာစေးချောင်းဆိုး ဖြစ်လာကြလို့ ပါပဲ။ ရာသီကြောင့်ဖြစ်တဲ့ နှာစေး ချောင်းဆိုးကနေ နောက်ဆက် တွဲ ဗိုင်းရပ်စ်ဖျား ကိုပါ သယ်ဆောင်လာပါတော့တယ်။ မိုးရေစိုလိုက်၊ အသေအချာ ခြောက်သွေ့အောင် မလုပ်ဘဲ နေလိုက် ဆိုတဲ့ အမူအကျင့်တွေက အအေးမိ နှာစေးခြင်းကို ဖိတ်ခေါ်လာခဲ့တာပေါ့။

အဲဒီလို မဖြစ်အောင် ကာကွယ်လို့ ရနိုင်တာလေးတွေတော့ ရှိပါတယ်။

• ခြောက်သွေ့တဲ့ အဝတ်တွေ ဝတ်ဆင်တာ၊ စိုနေရင် အကြာကြီးမထားဘဲ အဝတ်ခြောက်နဲ့ လဲလှယ်ပေးတာ၊

• နှာစေးချောင်းဆိုး လက္ခဏာရှိနေသူနဲ့ ထိတွေ့ မိပြီးတဲ့ အခါမျိုးမှာ လက်ကို စင်ကြယ်အောင် ဆေးကြောတာ၊ (ဘယ်အချိန်မဆို လက်ဆေးတာကတော့ အကောင်းဆုံး ကြိုတင်ကာကွယ် နည်းပါ)

• ချဉ်တဲ့ သစ်သီးဝလံတွေ စားပေးတာကလည်း ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အအေးမိတဲ့ ဝေဒနာမျိုးကို ကာကွယ် ပေးနိုင်ပါတယ်။

သွေးလွန်တုပ်ကွေး

မိုးဦးနဲ့ မိုးတွင်းမှာ အမြဲ ရင်ထိတ် နေရတာက ဒီရောဂါ ပါပဲ။ ရေဝပ်တာ၊ ရေစီးရေလာ မကောင်းတာတွေနဲ့ ချုံတွေ ထူထပ်လာရာက ခြင်တွေ ပေါက်ပွားပြီး နေ့လယ်ပိုင်းကိုက်တဲ့ ခြင်တွေကနေ ကူးစက် ပြန့်ပွားစေတာပါ။ သာမန် ဖျားနာသလောက်နဲ့ သက်သာနိုင် သလို၊ အသက်အန္တရာယ်လည်း ရှိနိုင်တာမို့ အထူးဂရုပြု ကြရပါတယ်။

ဖျားတာ၊ အနီအစက် ကလေးတွေ ပေါ်လာတာ၊ ကော်ဖီရောင်တွေ အန်တာ၊ ခန္ဓာကိုယ်တွင်း အလိုအလျောက် သွေးယိုစိမ့်တာ စတဲ့ လက္ခဏာတွေကနေ သွေးလန့်တဲ့ ရှော့ခ် အထိ ဖြစ်ပြီး အသက်ဆုံးရှုံး နိုင်တာပါ။ အသေးစိတ်ကို နောက်မှ တင်ပြပါမယ်။ အရေးကြီးတာက နေ့လယ်နေ့ခင်းမှာလည်း ခြင်ကိုက် မခံရအောင် ဂရုစိုက်ဖို့၊ ခြင်မပေါက်ပွားအောင် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေ မဝပ်ရေး၊ သိုလှောင်ထားတဲ့ ရေတွေကို အနည်း ဆုံး ၂ ရက်ကို တကြိမ်လောက် မှန်မှန် လဲလှယ်ပေးဖို့ တွေကို တခုတ်တရ လုပ် ဆောင်ကြရမှာပါ။

ငှက်ဖျား

ခြင်ကြောင့်ဖြစ်တဲ့ ဒီအဖျားကလည်း မိုးတွင်းမှာ ပိုဖြစ်လာတာ တွေ့ရတတ်ပါတယ်။ ငှက်ဖျားကတော့ ညဘက် ကိုက်တဲ့ခြင်ကြောင့် ဖြစ်ရတာမို့ ညဘက်မှာလည်း ခြင်အကိုက် မခံရအောင် ဂရုစိုက်ရမှာပါပဲ။ ငှက်ဖျားက အားသာချက်အဖြစ် ဆေးပတ်လည်အောင် သောက်ရင် အမှန်တကယ် ပျောက်ကင်းတဲ့ ရောဂါမို့ “ချမ်းတုန်ဖျား” လိုမျိုး ဖျားပြီဆိုတာနဲ့ သွေးစစ်ပြီး ဆေးကုသမှု ခံယူနိုင်ရင် စိုးရိမ် စရာ မရှိလှပါဘူး။

တခြား အဖျားရောဂါ တချို့

နေ့လယ်ကိုက်တဲ့ ခြင်ကြောင့်ပဲဖြစ်ပြီး အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်ပြီး ကိုယ်ပေါ်မှာ အင်ပြင်တွေလို ပေါ်လာတတ်တဲ့ အဖျား (Chikungunya) လိုမျိုးတွေလည်း မိုးဥတုမှာ ဖြစ်လာတတ် ပါတယ်။ ဒါကြောင့် ခြင်ကိုက်မခံရဖို့ သိပ် အရေးကြီးတာပါ။

ဒဏ်ရာတွေ၊ အနာတွေကို ဝင်ရောက်တတ်တဲ့ ရောဂါပိုးကတဆင့် ဖြစ်လာတတ်တဲ့ (Leptospirosis) လို ရောဂါ အတွက်လည်း ကာကွယ်နိုင်အောင် ဒဏ်ရာ၊ အနာတွေကို လမ်းပေါ်က ညစ်ထေးတဲ့ ရေတွေ မဝင်အောင် ကာကွယ် ထားဖို့ လိုအပ်ပြန်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့သန်ကောင်ရောဂါများ

မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေတွေကနေ ဖြစ်တတ်တဲ့ ရောဂါတွေ ပါပဲ။ မိုးဦးကျမှာ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ကြောင့် ပေါက်ပွားမှု များလာတဲ့ ယင်ကောင်တွေက တဆင့် ပေါပေါများများ ရတတ်တဲ့ ရာသီစာ အမှည့်လွန် သစ်သီးတွေ၊ အသုပ်စုံ တွေ၊ အညှီနံ့ရှိတဲ့ အစားအသောက်တွေ ကနေ ရောါပိုး ကူးစက်စေတာပါ။

ဝမ်းအရည်တွေ သွားတာ၊ အော့အန်တာတွေ ဖြစ်စေပြီး ဂရုတစိုက် မကုသရင် ခန္ဓာကိုယ်မှာ ရေဓာတ် ခြောက်ခန်းပြီး အသက်သေ စေ ပါတယ်။ သန်ကောင်စွဲ ရောဂါဆိုတာလည်း မသန့်ရှင်းတဲ့ လက်ကနေ ကူးစက်တာ၊ ဖိနပ်မပါတဲ့ ခြေထောက်တွေနဲ့ ရွှံ့ထဲ ရေထဲ သွားတာတွေကနေ ရရှိတတ်တာမျိုး ဆိုတော့ မိုးအခါမှာ ပိုအဖြစ် များတတ်တာပါပဲ။ ဝမ်းပျက်တာ၊ ဗိုက်အောင့် ဗိုက်နာတာတွေက ရောဂါ လက္ခဏာတွေပေါ့။ ကာကွယ်လို့ ရသလို အစွမ်းထက်တဲ့ ဆေးတွေလည်း ပေါ်နေပြီမို့ ကုသဖို့တော့ လွယ်ပါတယ်။

အသည်းရောင် အသားဝါ (အေ) ရောဂါ

ဒါကလည်း မုတ်သုံကာလမှာ အတွေ့ရများပြီး မသန့်ရှင်းတဲ့ အစာတွေ၊ ရေတွေကနေ ကူးစက်တာပါပဲ။ ဖျားမယ်၊ အဆစ်အမြစ်တွေ ကိုက်မယ်၊ အော့အန်မယ် ဆိုတာတွေ ဖြစ်တတ်ပါတယ်။ သိပ်ပြီး ဒုက္ခပေးတတ်တာ မဟုတ်ပေမယ့် ပေါ့ဆလို့တော့ မဖြစ်ဘူး ဆို တာ သိထားစေချင်ပါတယ်။

အရေပြားရောဂါများ

မုတ်သုံရာသီက အရေပြားရောဂါနဲ့ဆက်စပ်မှု အများဆုံးလို့ ဆိုရမလိုပါပဲ။ အရေပြားမှာ ပူအိုက်စွတ်စိုမှုကနေ ရောဂါပိုးပေါင်းများစွာ မွေးဖွားလာစေ တာပါ။ နှင်းခူလို ရောဂါက ထကြွလာတတ်သလို သဲဝဲ၊ ရေဝဲရောဂါနဲ့ တခြား ယားနာတွေလည်း ဖြစ်ပွားစေပါတယ်။

အထက်မှာ အကြမ်းဖျင်း ဖော်ပြခဲ့တာလေးတွေ ကြည့်ရင် မိုးဦးကျ ရာသီဆိုတာ အေးချမ်းစိုစွတ်မှုနဲ့အတူ ရောဂါဘယတွေ သယ်ဆောင် လာတတ်တဲ့ ရာသီဆိုတာ မြင်သာမှာပါ။ အဲဒီတော့လည်း ကာကွယ်လို့ရမယ့် အတိုင်းအတာကို ကာကွယ်ဖို့ ကတော့ ကိုယ့်တာဝန်လို့ ခံယူထားသင့်ကြပါတယ်။ တကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတွေကို ပုံမှန်လုပ်ရုံနဲ့ကိုပဲ တော်တော်များများ ကာကွယ်ပြီး ဖြစ်မှာပါ။

ကိုယ့်အိမ်ကို သန့်ရှင်း ခြောက်သွေ့နေအောင် ထားပါ။ နေ့ရောညပါ ခြင်ကိုက်မခံရဖို့ အထူးဂရုစိုက်ပါ။ မသန့်ရှင်းတဲ့၊ အသေအချာ ချက်ပြုတ် မထားတဲ့ အစားအသောက်တွေ ရှောင်ကြဉ်ပါ။ သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်တွေသာ ဝတ်ပါ။ ရေသန့် ဒါမှမဟုတ် ကျိုချက်ထားတဲ့ရေကိုသာ သောက်ပါ။ အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင် ထားပါ။

ဒီလို ကာကွယ်ထားရင်းနဲ့မှ ရောဂါဘယ တခုခု ခံစားရပြီ ဆိုရင်ဖြင့် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆေးခန်းမှာ ပြသပြီး ကုသမှု ခံယူတာ က စိတ်အချရဆုံး ဖြစ်မှာပါ။

မိုးဦးကျဖြစ်တတ်တဲ့ ရောဂါ အများစုက ဂရုတစိုက် ကုသရင် ရက်အနည်းငယ်နဲ့ သက်သာပျောက်ကင်း ပါတယ်။ ကိုယ့်ဘက်က အပန်းမကြီး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မလုပ်မိလို့ ဆေးခန်းရောက်၊ ဆေးရုံရောက် ဖြစ်ကြပြီ ဆိုရင် ရောဂါတော့ သက် သာ ပေမယ့် ဆေးကုသစရိတ်ကတော့ သက်သာမှာ မဟုတ်တာ ထပ်လောင်း သတိပြုစေချင်ကြပါရဲ့။ ။

Loading