ဆောင်းပါး

လက်ပံတောင်းက ဆည်တည်းရွာသို့ တခေါက်

This article has been converted from Zawgyi One to Unicode


ရွာရဲ့ ဝင်ပေါက်မှာ ထနောင်းဆူး၊ ကန္တာရဆူးတွေနဲ့ တံခါးလုပ်ထားသလို ဘေးမှာလည်း အနီရောင်ပိတ်စကို အလံလုပ် လွှင့်ထူ ထား တယ်။ ရွာထဲဝင်တဲ့ အပေါက်တိုင်းကို ညဘက်မှာ ဆူးတွေနဲ့ ပိတ်ထား၊ ရွာသားတွေက ကင်းစောင့်ကြနဲ့ အပြင် သူစိမ်းတွေကို ရွာထဲဝင်ဖို့ စိစစ်ကြတဲ့အထိ ဖြစ်နေတဲ့ ရွာ။

လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာတွေ အတင်းသိမ်း၊ မျှတတဲ့ လျော်ကြေးမပေးသေးဘဲ အာဏာနဲ့ ဖိနှိပ် ထား တယ်လို့ ရွာသားတွေက ယူဆပြီးတော့ လုံခြုံရေး တင်းကျပ်ထားတာမို့ အုပ်ချုပ်ရေး အာဏာပိုင်တွေက အစ ဒီရွာထဲကို ဘယ်သူမှ မသွားရဲ၊ မလာရဲလောက်အောင် ဖြစ်တဲ့ ရွာ။

အဲဒီရွာကတော့ လက်ပံတောင်း စီမံကိန်း ပတ်ဝန်းကျင်မှာ သူပုန်ရွာပုံစံ အသွင်ပြောင်းခံနေရတဲ့ ဆည်တည်းရွာ ပါပဲ။

“ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ တချိန်မှာ ဒေသခံတွေနဲ့ တရုတ်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီတို့ ကြားမှာ ထိပ်တိုက် တွေ့ကြ တော့မှာပဲ။ ဒေသခံတွေ အနေနဲ့က သူတို့ရဲ့ဘဝရပ်တည်မှု အတွက် အကြမ်းဖက်ခံရရင် ပြန် အကြမ်းဖက်ကြဖို့ ဝန်မလေးကြဘူး။ ဒါ့ကြောင့်ပဲ အခု အခြေအနေက တကယ့်ကို လိပ်ခဲတည်းလည်း ဖြစ်နေတာ။ ဒီထက်သာ ပိုဆိုးသွားမယ် ဆိုရင် သူတို့ အနေနဲ့ ခေတ်သစ် သူပုန်တွေလို ဖြစ်သွားမှာပဲ” လို့ လက်ပံတောင်း ဒေသခံတွေ ဘက်က ရပ်တည်ကူညီပေးနေတဲ့ မန္တလေး ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် တဦးဖြစ်တဲ့ မဖြူနှင်းထွေးက သုံးသပ်ပြတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီ၊ ဝမ်ပေါင်ကုမ္ပဏီ တို့ရဲ့ မတရား မြေသိမ်းယူခဲ့မှုတွေကြောင့် ၂၀၁၀ ခုနှစ် ကတည်းက စတင်ပြီး ပဋိပက္ခ ဖြစ်ခဲ့ရာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အရောက်မှာတော့ ဆန္ဒပြတဲ့ သပိတ်စခန်းကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရတဲ့ ဖြစ်ရပ်တွေက နိုင်ငံတကာ အထိ သိရှိ ပျံ့နှံ့ခဲ့ရပါတယ်။

ဒီ ဖြစ်ရပ်ကြောင့်ပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ လေ့လာ သုံး သပ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တဲ့၊ စုံစမ်းရတဲ့ အထိ ဖြစ်လာကာ နောက်ဆုံး အစီရင်ခံစာကို အဲဒီနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ရာ မီးခိုးဗုံးတွေ အသုံးပြုတယ်လို့ ဆိုခဲ့တယ်။

အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်း ဒီစီမံကိန်းက အစိုးရ အတွက် အကျိုးရလဒ် နည်းပါးတာကို စာချုပ်အသစ် ပြန်ချုပ်ဖို့၊ ဒေသခံ လူထုနဲ့ ပတ်သက်ပြီးတော့ သင့်လျော်တဲ့ စိုက်ပျိုးမြေ၊ သင့်လျော်တဲ့ လျော်ကြေးငွေ တို့ကို ပေးအပ်ဖို့ အကြံပြုထားခဲ့ပြီး အကောင် အထည် ဖော်ရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မတီက လက်ပံတောင်း ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံတဲ့ အခါမှာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆည်တည်းရွာ ဒေသခံတွေအကြားမှာ တင်းမာမှုတချို့ ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းရေး ကော် မတီ အပေါ် ဒေသခံတချို့က အယုံအကြည် မရှိဘဲ ဆက်လက် ဆန္ဒပြတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အကောင်အထည်ဖော်ရေး ကော်မတီနဲ့ ကုမ္ပဏီတွေ ဘက်က အစီရင်ခံစာက အကြံပြု ထားတာတွေကို လက်တွေ့မှာ တခုမှ ပီပြင်အောင် အကောင်အထည်မဖော် သေးကြောင်း၊ အစီရင်ခံစာက အကြံပြုထားတဲ့ လယ်တီသိမ် ရွှေ့ပြောင်းမှုနဲ့ ပတ်သက်ရင် အထင်ရှားဆုံး ဖြစ်ကြောင်း ဆည်တည်းရွာ ဒေသခံတွေက ပြောဆိုကြပါတယ်။

“အစီရင်ခံစာကို ဘယ်လောက်အထိ မလိုက်နာသလဲ ဆိုတာ လယ်တီသိမ်ကြီးကို ဖျက်ဆီးလိုက်တာက နမူနာပဲ။ သူတို့တွေက ဒေသခံတွေ ဘက်ကို ဘာတခုမှ အစီရင်ခံစာအတိုင်း လိုက်နာပြီး လုပ်ပေးတာ မရှိသေးဘူး။ အဲဒီတော့ ဒေသခံတွေက သူတို့ ပြော နေတာတွေကို ဘယ်လိုလုပ် ယုံကြည်ကြတော့ မှာလဲ” လို့ ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဖိုးဇော်က ဆိုပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ မိမိတို့က အစီရင်ခံစာအတိုင်း စီမံကိန်းစာချုပ် အသစ်ချုပ်ဆိုခဲ့သလို ဒေသခံတွေ အတွက် အစီရင် ခံစာ အတိုင်း ဆောင်ရွက်ပေးနေကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက်လည်း စီးပွားရေးဇုန်၊ ဆေးရုံ၊ ကျောင်းများကိုလည်း ဆောင်ရွက် ပေးနေကြောင်း ဝမ်ပေါင်ကုမ္ပဏီရဲ့ Managing Director ဖြစ်သူ Mr.Geng Yi က မေ၂၃ ရက်က ဝမ်ပေါင်ကုမ္ပဏီရဲ့ ရုံးခန်းမှာ သတင်း မီဒီယာများနဲ့ တွေ့ဆုံတဲ့ အခါက ပြောခဲ့ပါတယ်။

“အကြောင်း တစုံတရာကြောင့် စီမံကိန်း ရပ်လိုက်ရမယ်ဆိုရင် မြန်မာဆီက လျော်ကြေး တောင်းမလား” ဆိုတဲ့ ဧရာဝတီရဲ့ မေးခွန်း ကို Mr.Geng Yi က စီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ လောက် အထိ ရင်းနှီးမြုပ်နှံ ထားပြီး ဖြစ်လို့ ဒီစီမံကိန်းက ဘယ် လိုမှ ရပ်တန့်စရာ မရှိကြောင်း၊ ဒေသခံတွေနဲ့ ပြေလည်တဲ့ အထိ လုပ်ယူမှာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့တယ်။

ဒီစီမံကိန်း အတွက် ဘယ်ဒေသခံမဆို သူတို့နဲ့ လာရောက်ညှိနှိုင်းဖို့ အမြဲတမ်း တံခါးဖွင့်ထားပြီး အခုလည်း သူတို့အနေနဲ့ ဒေသခံ တွေရဲ့ ဖွံ့ဖြိုးမှုတွေ၊ ဒေသခံတွေရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေကို သိအောင်လို့ လိုက်လံမေးမြန်း စစ်တမ်းတွေ ကောက် ယူနေ တယ်လို့ သူက ဆိုပါတယ်။

လက်ပံတောင်း စီမံကိန်းဝန်းကျင်က ၃၃ ရွာရှိ တဲ့အနက် ၁၄ ရွာကို အဲဒီလို စစ်တမ်းမျိုး ကောက်ယူ ထားပြီး ဒေသခံတွေ အတွက် ဧက ၄ ရာ ကျော် ကျယ်ဝန်းတဲ့ အထူးစီးပွားရေးဇုန် တခုကိုလည်း စီမံထားကြောင်း၊ အဲဒီ စီးပွားရေးဇုန်မှာ ဒေသခံတွေ အနေနဲ့ သူတို့ စစ်တမ်းအရ အခုခေတ်စားနေတဲ့ ကိုရီးယား အကင်စက်ရုံလေးတွေက အစ တည်ထောင်လို့ ရအောင် လိုအပ်တဲ့ အသေး စား ချေးငွေ ကိုလည်း စီမံပေးမယ်လို့ Mr.Geng Yi က ပြောပြတယ်။

“ကျနော်တို့ဘက်က အမြဲကြိုဆိုပါတယ်။ အခု ကျနော်တို့နဲ့ ပြဿနာဖြစ်နေတာက စီမံကိန်းနဲ့ အကျုံးဝင်တဲ့ ဒေသခံတွေ အားလုံး မဟုတ်ပါဘူး။ လူနည်းစုလေးပါ။ သူတို့တွေကိုလည်း ကျနော်တို့ ဘက်ကတော့ ညှိနှိုင်းချင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း မေ ၂၃ ရက်က လက်ပံတောင်း စီမံကိန်း ဝန်းကျင်က ပလောင်ကျေးရွာကို ဝမ်ပေါင်ကုမ္ပဏီက လူထုနဲ့ ထိတွေ့ပြီး စစ်တမ်းကောက်ယူတဲ့ပွဲမှာ လက်ရှိ ဝမ်ပေါင်ကုမ္ပဏီရဲ့ သင်တန်းသား အလုပ်သမားတွေနဲ့ ပြဿနာတက်နေတဲ့ အကြောင်းကို အခြေခံပြီးတော့ ပွဲမပြီးခင်မှာပဲ ဒေသခံလူထု တွေက ထပြန်သွားတဲ့ ဖြစ်ရပ်လည်း ဖြစ်ပျက်ခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ စီမံကိန်းနဲ့ ဒေသခံတွေ အကြားမှာ အမှန်တကယ် လိုအပ်နေတာက တွေ့ဆုံ ညှိနှိုင်းရေးပါပဲ။ ဝမ်ပေါင် ကုမ္ပဏီဘက်ကိုလည်း အထူး အကြံပြုချင်တာက ဒေသခံတွေနဲ့ ပြေလည်အောင် များများ တွေ့ဆုံပြီး တော့ ညှိနှိုင်းမှုတွေ များများလုပ်ဖို့ လိုအပ်ကြောင်း၊ ဒေသခံတွေ ပြောတဲ့ စကားသံကို များများနားထောင်ဖို့ လိုအပ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီက ငှားရမ်းထားတဲ့ Myanmar-I Consultancy အကြံပေး ကုမ္ပဏီက ဒု ဥက္ကဋ္ဌ Samah EI- Shahat က ဧရာဝတီကို ပြော ပါတယ်။

“ကျမအနေနဲ့ ဝမ်ပေါင်ကို ခဏ ခဏ တိုက်တွန်းပါတယ်။ ဒေသခံတွေကို များများတွေ့ပါ။ သူတို့ ပြောတာကို များများနားထောင်ပြီး တော့ ဆွေးနွေးပါ။ ဒီပြဿနာကို ပြေလည်ဖို့ ဆိုရင် ဆွေးနွေး ညှိနှိုင်းမှုက အဓိက ဖြေရှင်းတဲ့ နည်းလမ်းပဲ” လို့ သူက ဆိုပါတယ်။

ဆွေးနွေး အဖြေရှာတဲ့ နေရာမှာ ဒေသခံတွေ ဘက်ကလည်း အပေးအယူ အလျှော့အတင်း ရှိရမှာ ဖြစ်သလို ဒီလိုသာ ပြေလည်မှု မရှိဘူးဆိုရင် စီမံကိန်းကတော့ အဟန့်အတား ဖြစ်နေဦးမှာပဲလို့ သူက ဆက်ပြောတယ်။

“ဝမ်ပေါင် ဘက်ကလည်း ရာနှုန်းပြည့်မရနိုင်သလို ဒေသခံတွေဘက်ကလည်း ၁၀၀ ရာနှုန်း မရနိုင်ဘူး။ ၂ ဘက်လုံးကို အကြံပြုချင် တာက ဝမ်ပေါင်အနေနဲ့က လုပ်ငန်းခွင်မှာ တော်တော်လေး အရှေ့ရောက်နေသလို ဒေသခံတွေဘက်ကိုလည်း မနစ်နာစေချင်ဘူး။ ဒါ့ကြောင့် တွေ့ဆုံမှုတွေကို များများလုပ်ဖို့ ကျမအနေနဲ့ အားပေးချင်တယ်”လို့ သူက ဆိုပါတယ်။

လက်ပံတောင်း စီမံကိန်း အခုနှစ်ကုန်ပိုင်းမှာ တည်ဆောက်ရေးကာလ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အခုချိန်အထိ တည် ဆောက် မှု အပိုင်းတွေကို ကောင်းစွာ မလုပ်နိုင်တဲ့အတွက်ကြောင့် သက်တမ်း ထပ်တိုးရမယ့် အနေအထား ဖြစ်နေတယ်လို့ ဝမ်ပေါင် ကုမ္ပဏီရဲ့ စီမံကိန်း မန်နေဂျာ ဦးမြင့်သိန်း (Mr.Dong Yunfei) က ဧရာဝတီကို ပြောပါတယ်။

လက်ရှိ လက်ပံတောင်းတောင်ကနေ ကြေးနီ ထုတ်လုပ်တဲ့အဆင့် မရောက်သေးခင်မှာဘဲ ဒေသခံတွေနဲ့ ပြဿနာတွေ မပြီးပြတ် သေးတာကြောင့် နှစ် ၃၀ စီမံကိန်းကို အကောင်အထည် မဖော်နိုင်သေးကြောင်း၊ တကယ်လို့ စီးပွားဖြစ် ထုတ်လုပ်ရေးကာလကို ရောက်ခဲ့မယ် ဆိုရင် တနှစ်ကို သန့်စင်ပြီး ကြေးနီ တန် ၁ သိန်းလောက် ထွက်ရှိလိမ့်မယ်လို့ သူက ဆိုပါတယ်။

“ဒီ လက်ပံတောင်းတောင်က ထွက်မယ့် ကြေးနီတွေက စံပယ်တောင်၊ ကြေးစင်တောင်တွေထက် ပိုများတယ်လို့ စမ်းသပ်မှုတွေက ဆိုထားတယ်။ ဒါ့ကြောင့် ကျနော်တို့က ဒီစီမံကိန်းကို ဆက်လုပ်ရမှာပဲ။ ရပ်တန့်လို့ မရဘူး။ ဒီ စီမံကိန်းအတွက် ကျနော်တို့ ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ ရှိတယ်။ အခုက တည်ဆောက်ရေးကိုပဲ ပီပီပြင်ပြင်လုပ် မရသေးဘူး။ လုပ်ငန်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်သေးတာ”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် စွန့်ပစ်မြေထဲမှာ ပါနေတဲ့ အက်ဆစ်ဓာတ်တွေက မြေပေါ်၊ မြေအောက်ရေတို့နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးဝါးတဲ့ အန္တရာယ်ဖြစ်စေ နိုင်ကြောင်း၊ စွန့်ပစ်မြေပေါ် ရေ၊ လေတို့နဲ့ ထိတွေ့ခဲ့ရင် အက်ဆစ်ဓာတ်က ပြန်ပါလာပြီး ပတ်ဝန်းကျင် ပျက်စီး မှုကို ဖြစ်စေနိုင်ကြောင်း ဝမ်ပေါင်ကုမ္ပဏီက အကြံပေးအဖြစ် ငှားရမ်းထားတဲ့ Knight Pie’s sold အဖွဲ့ရဲ့ယခုနှစ် မတ် လ ၂၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီအက်ဆစ်ဓာတ် သတ္တုရေတွေကို ဓာတ်ပျက် ပြယ်သည် အထိ ဆောင်ရွက်ရမည်က စီမံကိန်း ပိတ်သိမ်းပြီးတဲ့နောက်မှာ သီးခြား စီမံဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပြီးတော့ ဂရုတစိုက် ဆောင်ရွက်တာ မရှိရင် ပတ်ဝန်းကျင် ဆိုင်ရာအတွက် အလွန် အန္တရာယ်ရှိတဲ့ အမွေဆိုးအဖြစ် ကျန်ရစ်မယ် လို့ ဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မြန်မာနိုင်ငံမှာ မြစ်ဆုံ စီမံကိန်းပြီးရင် ပြည်သူတွေ ဆန့်ကျင်ကြတဲ့ တရုတ် စီမံကိန်းကြီး တခုဖြစ်တာမို့ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ဒေသခံတွေနဲ့ထိတွေ့ စည်းရုံးမှုတွေ လုပ်ဖို့ ပြင်ဆင်လာပါတယ်။

လတ်တလော ဝမ်ပေါင်ကုမ္ပဏီနဲ့ တရုတ် အစိုးရက မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ စည်းရုံးမှုတွေ ဆက် တိုက် လုပ်လာပါတယ်။ ဝမ်ပေါင်ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ထဲကို သတင်းမီဒီယာ အများအပြား လေ့လာခွင့် ရအောင် မေ ၂၃ ရက်နေ့က စီမံပေးခဲ့ ပါသေးတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို တရုတ်နိုင်ငံသို့ လေ့လာရေး အတွက် တရုတ်နိုင်ငံ ဘက်က ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ စီစဉ်ပေးခဲ့ပါတယ်။

ပြည်သူ ထောက်ခံမှုများတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း တရုတ်နိုင်ငံက တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံပြီး မြစ်ဆုံ စီမံ ကိန်း ပြန်လုပ်ချင်တဲ့အကြောင်း အတိအလင်း ပြောဆိုခဲ့ဖူးပါတယ်။

မြန်မာပြည်သူတွေ ဆန့်ကျင်ခြင်း ခံနေရတဲ့ တရုတ်နိုင်ငံဟာ ဒေသတွင်းမှာလည်း အာဆီယံ ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံနေရပါတယ်။ တရုတ် နိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ သာမက အာရှဒေသ တွင်းမှာလည်း အိမ်နီးချင်း နိုင်ငံတွေနဲ့ ရေပိုင်နက် ကိစ္စနဲ့ ပတ် သက်ပြီး ပြေလည်မှု မရှိပါဘူး။ တောင် တရုတ်ပင်လယ်မှာ ရေနံတူးစင် တည်ဆောက်မှုကြောင့် အခုနှစ် မေ ၁၃ ရက်က ဗီယက်နမ်နိုင်ငံတွင်းမှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်ခဲ့ကာ စက်မှုဇုန်အတွင်းက တရုတ်စက်ရုံတွေကို မီးရှို့တဲ့အထိ ဖြစ်ပျက် ခဲ့ပါတယ်။

ဒီ ဖြစ်ပျက်မှုက ၁၉၇၉ ခုနှစ်ကတည်းက ယနေ့အချိန်အထိ တရုတ်နိုင်ငံနဲ့ ဗီယက်နမ် နှစ်နိုင်ငံအကြားမှာ အဆိုးဝါးဆုံး ဆက်ဆံရေး ကျိုးပေါက်မှု တခုဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ဒေသတွင်းမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေနဲ့လည်း ဒီတောင်တရုတ် ပင်လယ် အရေးနဲ့ အငြင်းပွား နေခဲ့ပါတယ်။

တောင်တရုတ် ပင်လယ် အရေးနဲ့ ပတ်သက်ပြီးတော့ စောစောပိုင်းနှစ်တွေမှာ မြန်မာအစိုးရက နှုတ်ဆိတ်နေခဲ့တာကြောင့် ၂၀၁၁ ခုနှစ် အတွင်း အာဆီယံနိုင်ငံတွေ အပေါ် မဟာသစ္စာဖောက်တဲ့ လုပ်ရပ်တခုအဖြစ် The Vancouver Sun သတင်းစာမှာ နိုင်ငံ တကာ ရေးရာ ပင်တိုင်ဆောင်းပါးရှင် Jonathan Manthorpe က ဝေဖန်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့်ပဲ အခုနှစ်မှာ မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဒီတောင်တရုတ် ပင်လယ် အရေးက ရေပန်းစားခဲ့ပါတယပ်။

လက်တလော တရုတ်နိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေး ပြေလည်ဖို့၊ မြန်မာပြည်သူတွေက တရုတ် စီမံ ကိန်းတွေကို မဖျက်ဆီးဖို့ နည်းမျိုးစုံနဲ့ စည်းရုံးနေပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာလည်း တရုတ်နဲ့ မြန်မာ ဆက်ဆံရေးကို အရှိန်တိုးမြှင့်ဖို့အတွက် မြန်မာပြည်သူများ အကြားမှာလည်း ပေါင်း ကူးမှု တခုအဖြစ် မြန်မာလူမျိုးတို့ အလွန်ရင်းနှီးခဲ့တဲ့ စွန်းဝူခုံး ရုပ်ရှင် ဇာတ်လမ်းတွဲရဲ့ စွန်းဝူခုံး အဖြစ် သရုပ်ဆောင်တဲ့ မင်းသားက အလည်အပတ် ခေါ်ဆောင်တာမျိုး တရုတ်နဲ့ မြန်မာရုပ်ရှင်လောက သားများ ပူးပေါင်း သရုပ်ဆောင်ခဲ့တဲ့ အပိုင်း ၄၂ ပိုင်းရှိတဲ့ “ဒဏ္ဍာရီထဲက တေးကဗျာ” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူး ထုတ်လွှင့်တာမျိုးတွေ လုပ်နေပါတယ်။

တရုတ်တွေ ဘယ်လိုပဲ စည်းရုံးနေပါစေ လက်ပံတောင်းတောင် ဒေသခံတွေက တရုတ်တွေကို ရင်ထဲ အသည်းထဲက နာကျည်း နေ ပုံ ရှိပါတယ်။

ဆည်တည်း၊ ဝက်မှေး၊ ဇီးတော၊ မိုးကြိုးပြင်၊ တုံရွာ၊ အလယ်ရွာ စတဲ့ရွာတွေ အားလုံးက ဒေသခံတွေ အနေနဲ့ ညဘက်တိုင်းမှာ စိတ် ချ လုံခြုံအေးချမ်းစွာ အိပ်စက်နိုင်ခွင့်တွေ ဆုံးရှုံးနေပါတယ်။ ညဘက်တိုင်းမှာလည်း ရွာထဲက ယောကျာ်လေး မှန်သမျှ ရွာ အဝင် တံခါးတိုင်းမှာ စောင့်ကြပ် ကင်းလှည့် နေကြရတယ်။

“ကျမတို့ ရွာကို ရဲတွေက ဘယ်အချိန် ဝင်စီးမယ် ဆိုတာ ဘယ်သူမှ အတတ် မပြောနိုင်ဘူး။ အဲဒီ အပြင် အခုလို အာဏာပိုင်တွေ၊ ဝမ်ပေါင်ကုမ္ပဏီတို့နဲ့ ပြဿနာ တက်နေချိန်မှာ ဘယ်အချိန် ကိုယ့်ရွာထဲကို မီးဝင်ရှို့တာမျိုး၊ ပြဿနာတခုခု ဖန်တီးတာမျိုး လုပ်မလဲ ကို စိုးရိမ်နေရတယ်။ အဲဒါကြောင့်ပဲ ကိုယ်မသိတဲ့ အပြင်လူတွေ၊ နောက်ဆုံး၊ သတင်းသမားလို့ နာမည်ခံထားတဲ့ သူတွေကိုတောင် ကျမတို့က သေချာ စိစစ်ပြီးမှ အဝင်ခံတာ။ အာဏာပိုင်တွေဘက်က ကျမတို့ကို အချိန်မရွေး ဒုက္ခပေးနိုင်တာကို အမြဲသတိထား နေ ရတယ်” လို့ ဆည်တည်း ရွာဒေသခံ မရီရီဝင်းက ပြောပြတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကလည်း လွန်ခဲ့တဲ့ ၂ လကျော်လောက်က လက်ပံတောင်း စီမံကိန်းနဲ့ပတ်သက်ပြီး အတိုက်အခံ ဖြစ် နေတဲ့ ဝက်မှေးရွာ ဟောင်းထဲမှာ မီးလောင်မှုတခု ဖြစ်ခဲ့တယ်။ နေအိမ်တလုံးပဲ မီးလောင် ပျက်စီးခဲ့တယ် ဆိုပေမယ့် အခုချိန်ထိ ဘယ်သူ့ကြောင့် မီးလောင်မှု ဖြစ်တယ် ဆိုတာကို အတိအကျ မစုံစမ်းနိုင်၊ မဖော်ထုတ်နိုင်သေးတာက အဓိက ကျတယ်လို့ ဒေသခံ တော်တော်များများက ယူဆထားတယ်။

ဒေသခံတွေ ဒီရွာ၊ ဒီယာတွေကို ဘာ့ကြောင့်များ ဖက်တွယ်ထားရသလဲဆိုတာက သူတို့ ဘဝတွေဆိုတာ မြေရှိမှသာ ဆက်ရှင်သန်နိုင်မှာ၊ လျော်ကြေး ပေးလို့လည်း ခဏတာပဲခံမယ် ဆိုတဲ့အသိက စွဲနေပြီလို့ ဆိုရင် မမှားပါဘူး ။ ဒါ့ကြောင့်လည်းပဲ လက်ပံတောင်း ပြဿနာ ၃ နှစ် ကျော်လာတဲ့ အချိန်မှာ ဆည်တည်း ရွာထဲက အိမ်အရေအတွက် ထပ်တိုးလာတဲ့အပြင် အခုဆိုရင် မိုးရာသီ ရောက် လာတဲ့ အတွက်ကြောင့် တချို့အိမ်တွေကို အသစ်ပြန်ဆောက်နေတာကိုလည်း တွေ့ရပါတယ်။ ။

Loading