Human Rights

အညွန့်ချိုးခံလိုက်ရတဲ့ အနာဂတ်တခု

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြောက်ဒဂုံ မြို့နယ် ၄၆ ရပ်ကွက် ဆယ်ပေ ပတ်လည်သာသာရှိသည့် ပျဉ်ထောင်အိမ် အခန်းကျဉ်းလေးထဲတွင် လူငယ်တဦး ထိုင် နေ ၏။

သူထိုင်နေရာ ကြမ်းပြင်အောက်တွင်လည်း အိုင်နေသော မသန့်ရှင်းသည့်ရေဆိုးများကြောင့် အနံ့အသက်များကလည်း မကောင်း လှ။

ထိုင်နေသည့် အဆိုပါ လူငယ်၏အမည်မှာ မောင်ဝေယံနိုင်ဖြစ်ပြီး လက်ရှိတွင် အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိသည့် သူ၏အခြေအနေ ကို စိတ်ပျက်လက်ပျက် ဖြစ်လျက်ရှိသည်။

သူသည် အသက်မပြည့်သေးဘဲ စုဆောင်းခံရသည့် ကလေးစစ်သားတဦး ဖြစ်ခဲ့ရပြီး လက်ရှိအချိန်တွင် မိခင်ဈေးရောင်းရသည့် ငွေဖြင့် သာ စားသောက်နေရသည့်အတွက် ဝင်ငွေရရှိမည့် အလုပ်တခုကို အမြန်ဆုံး လိုအပ်နေခြင်း ဖြစ်၏။

သူ စစ်သားဖြစ်လာခဲ့ခြင်းမှာလည်း ဝါသနာပါ၍တော့ မဟုတ်၊ လွန်ခဲ့သည့် ၂၀၀၆ ခုနစ် ၁၂ လပိုင်းက အင်းစိန်ဘက်သို့ ကားလျှောက် စီးရာမှ ယူနီဖောင်းဝတ် ရဲတဦးက ခေါ်ယူကာ စစ်တပ်ထဲသို့ သွင်းလိုက်သည့်အတွက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

စစ်ထဲသို့ အသွင်းခံရကာစက အသက် ၁၃ နှစ်သာ ရှိသေးသည့် သူ့ကို ဒညင်းကုန်း၊ မင်္ဂလာဒုံ စစ်သားစုဆောင်းရေး ဌာနသို့ ပို့ဆောင် ခဲ့သည်။

“ကျနော့်ကို စခေါ်သွားတုန်းက ထမင်းစားကတ် ရမယ် လိုက်ခဲ့လို့ပြောလို့ လိုက်သွားတာပါ”ဟု စစ်သား စုဆောင်းခံရစဉ်က အခြေ အနေကို မောင်ဝေယံနိုင်က ပြန်လည် ပြောပြ၏။

ရွယ်တူလူငယ် ၂၀၀ ခန့် စုဆောင်းရေးတွင် တွေ့သော်လည်း တဦးနှင့်တဦး မည်သို့မည်ပုံ ရောက်လာသည်ကို မမေးဝံ့ကြဟု သူက ဆက်ပြောသည်။

စုဆောင်းရေးတွင် ၁၂ ရက်ခန့်၊ ထိုနောက် ရန်ကုန်တိုင်း ဖောင်ကြီး- မင်းကုန်း ကြည်း ၊ ရေ၊ လေ သင်တန်းကျောင်းတွင် ၄ လ ခန့် စစ်ပညာ သင်ကြားရလေသည်။

သင်တန်းတက်သည့် အချိန်မှာတော့ အိမ်နှင့်အဆက်အသွယ် ပြတ်ခဲ့ရပြီး သင်တန်းဆင်းချိန် မိခင်ဖြစ်သူ ဒေါ်ဥမ္မာထံ စာရေး အကြောင်းကြားခဲ့သည့်အခါမှသာ သားဖြစ်သူ စစ်တပ်ထဲသို့ ရောက်ရှိမှန်း သိခဲ့ရသည်။

တကယ်တော့ မောင်ဝေယံနိုင်မှာ တချိန်က ငှက်ဖျားဒဏ်ကြောင့် ဦးနှောက်ကို ထိခိုက်ထားသည့် ရောဂါသည်တဦးဖြစ်ရာ မိခင်ဖြစ် သူက တာဝန်ရှိသူများကို ရှင်းလင်းပြ၍ ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း စစ်သားအဖြစ် စုဆောင်းခံထားရစဉ်က မွေးသက္ကရာဇ်နှင့် မိခင်နာမည်ကိုလည်း ပြင်ဆင်ရေးသားထားသည့် အတွက် မအောင်မြင်ခဲ့ပေ။

“ကျမ သူ့စစ်သင်တန်းကို ရောက်သွားတဲ့အချိန်မှာ တပ်ကြပ်က အဒေါ့်သားက ကျပ်မပြည့်ဘူးလို့ ဆိုတယ်၊ ကျပ်မပြည့်ရင် ကျမကိုပြန်ပေးပါလို့ ပြောတော့၊ စစ်တပ်မှာ အရည်အချင်းမလိုဘူး အရည်အတွက်ပဲ လိုတယ်၊ ကိုယ်ပိုင်နံပါတ် တပ်ပြီး သွားပြီ၊ ပြန်လိုချင် ရင် သူ့တပ်ရင်းကို သွားလို့ပြောတယ်”ဟု ဒေါ်ဥမ္မာက သားဖြစ်သူ စစ်ထဲရောက်ကာစ အခြေအနေကို ပြောသည်။

ဤသို့ဖြင့် ၂၀၀၇ ခုနစ် ၄ လ ပိုင်းတွင် ပုလောမြို့ ခြေလျင် တပ်ရင်း(ခလရ) ၂၈၅ သို့ တပ်သားသစ် တဦး အဖြစ် ရောက်သွားခဲ့ပြီး တပ်ထဲတွင် အသက် ငယ်ရွယ်သူဖြစ်သည့်အတွက် အရာရှိများ ရှေ့တန်းထွက်လျှင် အိတ်များလွယ်ပေးရခြင်း၊ သေနတ်တိုက်ရခြင်း စသည့် အောက်ခြေသိမ်း အလုပ်များ လုပ်ကိုင်ရလေသည်။

ထို့နောက် ထိုင်းနိုင်ငံသို့ တိရစ္ဆာန် မှောင်ခိုတင်သွင်းသည့်ကိစ္စတွင် တပ်ကြပ်ကြီးတဦး လာဘ်စားမှုနှင့်ပတ်သက်ပြီး မောင်ဝေယံနိုင် ကိုပါ အရေးယူ ခံရသည်။ အရေးယူမှုတွင် အထက်အရာရှှိက သူ့ကို တပ်နယ်မြေပတ်လည် ကျင်းတူး အပြစ်ပေးရာမှ စတင်၍ တဖက် နိုင်ငံသို့ တပ်ပြေး အနေဖြင့် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“အစကတော့ သူငယ်ချင်း သုံးယောက်လောက် ထွက်ပြေးဖို့တိုင်ပင်တယ်၊ ဒါပေမယ့် သူတို့တွေက ကျနော်နဲ့မလိုက်ခဲ့ဘူး၊ တောမှာ ဆိုတော့ ငှက်ပျောအူရေနဲ့ အသက်ရှင်ခဲ့ရတယ်၊ တောထဲမှာ တပတ်လောက် အစာမစားဘဲ နေလာရတာ”ဟု ၎င်းက ဆိုသည်။

တောထဲ၌ ရက်သတ္တ တပတ်ကြာနေပြီးနောက် ထိုင်းနယ်စပ်သို့ ရောက်ရှိကာ မှတ်ပုံတင် မရှိသည့်အတွက် စက်ရုံ တရုံတွင်အလုပ် လုပ်ခဲ့ပြီး ၂၀၁၂ ခုနစ်တွင် မိဘထံ ဆက်သွယ်နိုင်ခဲ့သည်။

ကလေးစစ်သား
ကလေးစစ်သား မစုဆောင်းရန် သတိပေးသည့် ကြော်ညာဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)
ကလေးစစ်သား မစုဆောင်းရန် သတိပေးသည့် ကြော်ညာဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)

“ကျမသား စစ်တပ်ကနေ ထွက်ပြေးသွားတာကို မပြောဘဲ ရှေ့တန်းမှာ ကျန်ခဲ့တယ်လို့ အကြောင်းကြားလာတယ်၊ သေသွားပြီလား ဆိုတော့၊ သူတို့က မသိဘူးလို့ဘဲ ပြောပါတယ်”ဟု မောင်ဝေယံနိုင် ၏ မိခင်က ပြောပြသည်။

နောက်ဆုံးတွင် ထိုင်းနိုင်ငံ နယ်စပ်မှ အလုပ်ပွဲစား ဦးမြင့်အောင်က ငွေကျပ် သုံးသိန်း ခြောက်သောင်းနှင့် ရွေးလာ၍ ရန်ကုန်သို့ ခေါ်ခဲ့သော်လည်း ရန်ကုန်ရောက်သည့် အခါ စစ်ပြေးအမှုဖြင့် အဖမ်းခံရလေသည်။

ထို့နောက် ထောင်ဒဏ် ၁ နှစ် ၆ လ နှင့် ကြိမ်ဒဏ် အချက်ပေါင်း ၂၀ အရိုက်ခံရသည်ဟု မောင်ဝေယံနိုင် က ပြောဆိုသည်။

ထိုသို့ စစ်တပ်မှ ထွက်ပြေးသည့်အတွက် ဥပဒေအရ ပြစ်ဒဏ်ကျခံခဲ့ရသော်လည်း တပ်မတော် အတွင်း၌ နေစဉ် ရရှိသည့် လစာ စုဆောင်းငွေ ကျပ် ၂ သိန်း ကျော်ကိုမူ တပ်မတော် တာဝန်ရှိသူများက ပြန်မပေးခဲ့ဟု ဆိုသည်။

“ကျနော် စစ်တပ်တုန်းက စုဆောင်းထားတဲ့ ဘဏ်က ပိုက်ဆံ နှစ်သိန်းနှစ်သောင်း ပြန်လိုချင်တယ်၊ အခုအထိ ပြန်မပေးသေးဘူး၊ ပြန် ရရင်တော့ ကျနော် အလုပ်တခု လုပ်မယ်”ဟု မောင်ဝေယံနိုင်က ပြောသည်။

ကလေးစစ်သားအများစုမှာ မိမိ အိမ်နှင့်အဆင်မပြေကာ ဝင်ရောက်ခြင်း၊ တချို့သည် စစ်သားများက လိမ်ညာခေါ်ခြင်း၊ ခြိမ်းခြောက် ခေါ်ယူခြင်း နည်းမျိုးစုံကြောင့် ပညာကို ပစ်ပယ်၊ မိဘကို စွန့်လွှတ်၍ စစ်တပ်ထဲသို့ ရောက်လာခဲ့ကြသူများ ဖြစ်၏။

အသက် မပြည့်သေးသည့် ကလေးအရွယ်များ စစ်ထဲသို့ ရောက်လာကြခြင်းမှာ တပ်ရင်းတရင်းလျှင် တပ်သားသစ် ၁၀ ဦး စုဆောင်း ရမည် ဆိုသည့် စနစ်ကြောင့်ပင် ဆိုရမည်။

မြန်မာ တပြည်လုံးရှိ တပ်ရင်းများကို တလလျှင် စစ်သား ၁၀ ဦး စုဆောင်းပေးရမည်ဆိုသည့် စနစ် ဆက်လက် ကျင့်သုံး နေပါက ကလေးစစ်သား စုဆောင်းမှု မပျောက်နိုင်ကြောင်း မင်္ဂလာဒုံတွင် နေထိုင်သည့် အငြိမ်းစား စစ်မှုထမ်းဟောင်းတဦး က ဧရာဝတီသို့ပြောသည်။

အသက် ၁၈ နှစ်ပြည့်သူကိုသာ စစ်သား စုဆောင်းရမည်ဟု သတ်မှတ်ထားသော်လည်း စစ်သား ၁၀ ဦး မပြည့်လျှင် ထုချေလွှာတောင်းခံရကာ၊ ရာထူးမတိုးမည်ကို စိုးရိမ်သဖြင့်၊ အသက်မပြည့်သည့် ကလေးငယ်များကို မှတ်ပုံတင်လိပ်စာ အတုများပြုလုပ်၍ ခေါ်ယူစုဆောင်းသည့် အလေ့အကျင့်ကို ၁၉၈၀ ခုနှစ် နောက်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ စုဆောင်းခံရသည့် ကလေးသူငယ်များအနေဖြင့် ပညာရေးပိုင်းတွင်လည်း ပြန်လည်ရပ်တည်ရန် ခဲယဉ်းသကဲ့သို့ လူမှု အသိုင်း အဝန်းတွင်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

ထို့အတွက် ကလေးစစ်သားအဖြစ်မှ ပြန်လည်လွတ်မြောက်လာသူများကိုလည်း အစိုးရအနေဖြင့် အသက်မွေးဝမ်းကျောင်း ပြုစုမွမ်း မံ သင်တန်းများပြုလုပ်ပေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ စစ်သားစုဆောင်းခံရသည့် ကလေးသူငယ်များကို ကူညီပေးနေသည့် ဒေါ်လေးလေးက ဧရာဝတီသို့ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) က အစိုးရအဖွဲ့များ၊ NGO များနှင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်မှ နုတ်ထွက်ခွင့် ပေးလိုက်သည့် ကလေးစစ်သားများ ရေရှည် ပြန်လည် ထူထောင်ရေးအတွက် တာဝန်ယူပံ့ပိုးမှုများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

စစ်တပ်မှ နုတ်ထွက်ခွင့်ရသည့် ကလေးစစ်သားဟောင်းများကို ထောက်ပံ့ပေးရန် ILO က ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ အစိုးရ အဖွဲ့များ၊ NGO နှင့် INGO များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး သုတေသန စစ်တမ်းကို Myanmar Marking Research Development (MMRD) ကောက်ယူပေးနေကြောင်း၊ ကလေးစစ်သားဟောင်း အားလုံးကို ထောက်ပံ့နိုင်ရန်နှင့် ရေရှည် စီးပွားဖြစ် တည်နိုင်ရန်လည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ILO အနေဖြင့် ပြန်လွတ်လာသည့် ကလေးစစ်သား အများစုရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း ဒေသများတွင် လုပ် ငန်း များ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပြီး နယ်မြေ အကြောင်းကိုလည်း စုံစမ်းသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အစိုးရ တပ် နှင့် သဘောတူညီချက်အရ လုပ်ဆောင်နေသည်။

ထိုသို့ ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂနှင့်မြန်မာအစိုးရတို့ လက်တွေ့ လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘော တူညီမှု (Plan of Action) စာချုပ်ကို မကြာသေးခင်က နေပြည်တော်တွင် လက်မှတ်ရေး ထိုးခဲ့သည်။

နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှုကို တပ်မတော်သာမက တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း များကလည်း အသုံးပြုလျက်ရှိသည်ဟု နိုင်ငံတကာ လေ့လာသူများက ပြောဆိုမှုများ ရှိသည်။

ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့ရှိသည့်အနက် ကုလသမဂ္ဂက လေ့လာပြုစုထားသည့် မြန်မာနိုင်ငံ၏ ၂၀၁၃ ခု နှစ် နောက်ဆုံး အစီရင်ခံစာတွင် ပါဝင်သော တပ်ဖွဲ့ ၇ ဖွဲ့နှင့်သာ ကလေးစစ်သား ပပျောက်ရေးကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာလုပ်ငန်း အကောင်အထည် ဖော် ရေး အဖွဲ့ ဥက္ကဌ လူဇင်ဘတ် နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး Ms.Sylvie Lucas က ဆိုသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) အနေဖြင့် ၂၀၁၄ ခုနစ်တွင် မြန်မာနိုင်ငံ တဝန်းလုံး၌ ကလေးစစ်သား လုံး၀ ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်မပြည့်သည့် ကလေးငယ်များကို လက်နက်ကိုင်အဖွဲ့များက အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်ဟု နိုင်ငံတကာ ဥပဒေတွင် ပြဌာန်းထားကြောင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူများကို လက်နက်ကိုင်အဖွဲ့များက အသုံးပြုခြင်းသည် အရွယ်မရောက်သေးသူအား စစ်မှုထမ်းစေခြင်း ဖြစ်ကြောင်း သတ်မှတ် ထားသည်။

ကလေးစစ်သားနှင့် အရွယ် မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေသည်မှာ မြန်မာအစိုးရ စစ်တပ်တခုတည်းသာ မဟုတ်ဘဲ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စသည်တို့လည်း ပါဝင်ကြောင်း ကုလသမဂ္ဂ၏ ၅ နှစ် စစ်တမ်းတွင် ဖော်ပြ ထား သည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading