Health

ရာသီ အပြောင်းအလဲနဲ့ ဓာတ်မတည့်သူတွေ

This article has been converted from Zawgyi One to Unicode

အပြောင်းအလဲဆိုတာက လောကသဘာဝ တခုပါပဲ။ လူတွေလုပ်လို့ ပြောင်းလဲရတဲ့ အရာတွေ ရှိသလို သဘာဝတရားအရ ပြောင်း လဲတာတွေလည်း ရှိပါတယ်။ ရာသီဥတု အပြောင်းအလဲဆိုတာက သဘာဝတရားပေမို့ ပြုပြင်ဖို့ မဖြစ်နိုင်ပေမယ့် အပြောင်းအလဲနဲ့ နေသားကျအောင်၊ အပြောင်းအလဲကြောင့် ဖြစ်လာမယ့်အခြေအနေတွေကို ခံနိုင်ရည်ရှိအောင်၊ ကာကွယ်နိုင်အောင် လုပ်ယူကြရပါတယ်။

လူကြောင့်ဖြစ်တဲ့ အပြောင်းအလဲက ပြင်ဆင်ဖို့လွယ်တယ် ထင်ရပေမယ့် အဲဒါက ပိုခက်တာတွေ့ရ မှာပါ။ လူဆိုတာကလည်း အပြောင်းအလဲ တခုမှာ တသားတည်း တူညီတဲ့ ခံစားမှု မရှိနိုင်ပေဘူး။ ကိုယ့်အတွက် အဆင်ပြေ သက်သောင့်သက်သာ ရှိတဲ့အနေ အထားကနေ ပြောင်းလဲရမှာကို လက်မခံချင်ဘူး မဟုတ်လား။ အဲဒီတော့ အပြောင်းအလဲနဲ့ဓာတ်မတည့်တဲ့ လက္ခဏာတွေနဲ ပဋိပက္ခ တွေ ဖြစ်လာတတ်ပါတယ်။ ဘာပဲ ပြောပြော ရာသီဥတု အပြောင်းအလဲနဲ့ ဓာတ်မတည့်တာကလည်း လူသားအတွက် သဘာဝ ဘေးဒဏ်လိုပါပဲ။ အကြီးအကျယ် ထိခိုက်မှု မရှိတောင်မှ အောင်သီးအောင့်သက်နဲ့ အခံရခက်လှပေတာကိုး။

ပူလောင်လှတဲ့ နွေအပူဒဏ်ကို ကျောကော့ခံခဲ့ ကြရာကနေ မိုးကလေးဖွဲဖွဲစွေတော့ စိတ်ဖြေရာ ရပြီရယ်လို့ ကျေနပ်မိကြတာပေါ့။ ဒါပေမယ့်လည်း မိုးနဲ့အတူ တွဲပြီးပါလာတဲ့ ဟပ်ချိုးအသံတွေ၊ နှာခေါင်း တရှုံ့ရှုံ့ နှာရည် တရွှဲရွှဲ၊ ချောင်းတဟွတ်ဟွတ် တွေကလည်း အနီးဝန်းကျင်မှာ မြင်လာကြားလာရပြန်ပါတယ်။ တချို့ကတော့ ရာသီ အပြောင်းအလဲ ဖြစ်တိုင်းမှာ ဒီလို ဖြစ်တတ်ကြပါတယ်။

အထူးသဖြင့် နှာချေ၊ နှာမွှန်၊ နှာရည်ယိုတာတွေက ရာသီအပြောင်းအလဲနဲ့ ဓာတ်မတည့်လို့ ဖြစ်ရတဲ့ လက္ခဏာတွေပါ။ ဒီ လက္ခဏာ တွေကိုပဲ နှစ်စဉ်ဖြစ်နေကျ အချိန်မှာ ဖြစ်တတ်ပြီ ဆိုရင်ဖြင့် ရိုးရိုး နှာစေးချောင်းဆိုး မဟုတ်တော့ဘဲ ရာသီအပြောင်းအလဲနဲ့ ဓာတ် မတည့်တာ (Seasonal Allergies or Hay Fever) လို့ပဲ သတ်မှတ်ခေါ်ဆိုပါတယ်။

ဒီရောဂါက လူတိုင်းမှာဖြစ်နိုင်သလို အချိန်မရွေးလည်း ဖြစ်တတ်ပါတယ်။ တယောက်နဲ့တယောက် မတူပါဘူး။ တချို့က မိုးနဲ့ ဆောင်း အပြောင်း၊ တချို့က ဆောင်းနဲ့ နွေ၊ တချို့ကျတော့ နွေနဲ့မိုး အကူးအပြောင်းတခုခုမှာ ဓာတ်မတည့်ခြင်း ဖြစ်တာပါ။ တချို့ကျတော့လည်း ရာသီဥတု ပြောင်းတိုင်း ဖြစ်နေတတ်ပြန်ပါရော။

ဘာကြောင့်ဖြစ်ရသလဲ

တကယ်တော့ ဒီဓာတ်မတည့် တုံ့ပြန်မှုက ရာသီပြောင်းချိန်မှာ လေထုထဲ ရောက်လာတဲ့မှို ပေါက်ပွားမယ့် မျိုးမှုန်တွေ၊ သစ်ပင်၊ မြက် နဲ့ ပေါင်းပင်တွေရဲ့ ဝတ်မှုန်တွေကြောင့် ဖြစ်ရတာပါ။ အဲဒီအရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့ ဖြစ်စဉ်ပါ။ မျိုးမှုန်၊ ဝတ်ဆံတွေက သွေး ထဲမှာ ဓာတ်မတည့်ခြင်း ဖြစ်တတ်တဲ့ Histamine လို ဓာတုပစ္စည်း ထွက်လာစေလို့ အဲဒါကို တုံ့ပြန်ရာက ဓာတ်မတည့်ခြင်း လက္ခဏာ တွေ ပေါ်ပေါက်လာရတာပါ။

တချို့က တမျိုးတည်းကို ဓာတ်မတည့်မှု ဖြစ်တတ်သလို တချို့ကျတော့လည်း တမျိုးထက်ပိုပြီး ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ရာသီ အပြောင်းအလဲ အလိုက် မျိုးပွားမယ့် ဝတ်ဆံတွေ ရှိနေသမျှ ဓာတ်မတည့်ခြင်း ကလည်း တနှစ်ပတ်လုံးဖြစ်ဖို့ ရှိနေတော့တာပါပဲ။ တခါမှ မဖြစ်ဖူးပါဘူး ဆိုသူတွေတောင် တကြိမ်ကြိမ်တော့ ဖြစ်တတ် ပါတယ်။ တချို့ဆို ကလေးအရွယ် ၁၀ နှစ်သားလောက်မှာ စတင်ဖြစ်တတ်ပြီး အသက် ၂၀ လောက် ရောက်ရင် အရမ်းခံစားရ တတ်ကာ ကြီးလာတော့လည်း ပြန်ပြီး ပျောက်ကင်းသွား ကြတာ ရှိပါတယ်။

သာမန်အားဖြင့်တော့ ဓာတ်မတည့်ခြင်း လက္ခဏာတွေက ခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တခြား ဓာတ်မတည့်မှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကတော့ နာတာရှည် ဖြစ်တတ်ပါတယ်။ ရင်ကျပ်ပန်းနာလို၊ နှင်းခူလို ရောဂါမျိုးတွေပေါ့။ မိသားစုမှာ ရောဂါရှိသူ တယောက် ရှိနေရင် တခြားသူတွေလည်း ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတော့တယ်။

တွေ့ရတတ်တဲ့ လက္ခဏာတွေ

နှစ်စဉ် ဖြစ်နေကျ အချိန်မှာ ဒီလက္ခဏာတွေ ခံစားရပြီဆိုရင်တော့ ဒါဟာ ရာသီအပြောင်းအလဲနဲ့ ဓာတ်မတည့်တာပဲလို့ သတ်မှတ် လို့ ရပါတယ်။ လက္ခဏာတွေက ရုတ်တရက် ပေါ်ပေါက်လာတတ်ပါတယ်။ အများအားဖြင့် –

• နှာချေတာ

• နှာခေါင်း၊ မျက်စိ၊ လည်ချောင်းနဲ့ အာခေါင်တွေ ယားယံတာ

• နှာပိတ်တာ၊ သို့မဟုတ် နှာရည်ယိုတာ

• ချောင်းဆိုးတာ

• နှာခေါင်းပိတ်လို့ ဖြစ်လာတဲ့ ခေါင်းကိုက်တာတွေပါပဲ။

ဒါတွေတင်မကဘဲ တချို့ကျတော့ မျက်စိနာတာ၊ မျက်လုံးတွေ ယား၊ မျက်ချေးတွေ ထွက်ပြီး မျက်စိ နီရဲ လာတာမျိုး၊ ရင်ကျပ် ပန်းနာ၊ အသက်ရှူကျပ်ပြီး တရွှီရွှီ မြည်နေတာမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။

ဒီလက္ခဏာတွေကြောင့် နေရထိုင်ရ ခက်ပြီး အာရုံစူးစိုက်ဖို့ ခက်ခဲတာ၊ ကောင်းကောင်း အိပ်မပျော်တာတွေပါ ဖြစ်လာပါတော့တယ်။ ဒီလက္ခဏာတွေက တနှစ်ပတ်လုံး လိုလို ခံစားနေရတယ် ဆိုရင်တော့ အိမ်ထဲမှာ ရှိနေတဲ့ ဖုန်တွေ၊ အိမ်မွေး တိရစ္ဆာန်တွေရဲ့ အမွေးအမှင်တွေ၊ အိမ်မှာ တက်နေတဲ့ မှိုတွေကြောင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်တာကိုလည်း စဉ်းစားရပါလိမ့်မယ်။

တခြား ဆိုးရွားတဲ့ အခြေအနေမရှိဘဲ ဒီလက္ခဏာတွေ သက်သက်ဆိုရင်သာ ရာသီပြောင်းလို့ ဓာတ်မတည့်ခြင်း အဖြစ် သတ်မှတ် တာကို သတိပြုစေချင်ပါတယ်။ အခြေအနေတွေက ပိုဆိုးလာတယ်၊ ပုံမှန် သက်သာ ပျောက်ကင်းရမယ့် အချိန်မျိုးမှာ မသက်သာ ဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

ဘယ်လို သက်သာအောင် လုပ်မလဲ

ကိုယ်ဖြစ်နေကျ အချိန်၊ ဖြစ်နေကျ လက္ခဏာကို ခံစားရတဲ့ အခါမျိုးမှာ အပြင်သိပ်မထွက်ဘဲနေတာ၊ အမှုန်အမွှားတွေနဲ့ မထိတွေ့အောင် နေတာမျိုးကို လုပ်နိုင်ရင် ကောင်းပါတယ်။ တခြား အိမ်သုံးဆေးဝါးလေးတွေ ဆောင်ထားတာရှိရင်လည်း ဆေးအညွှန်း တိကျစွာ သောက်ပြီး သက်သာရာ ရနိုင်ပါတယ်။

Histamine ဆန့်ကျင်ဆေးတွေ ဖြစ်တဲ့၊ အိပ်မငိုက်စေတဲ့ Loratadine, Cetrizine တွေ သောက်သုံးနိုင်သလို နှာခေါင်းထဲဖျန်းတဲ့ ဆေး၊ မျက်စဉ်းဆေးရည် အစရှိတာတွေ သုံးလို့ရ ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာအပေါ် မူတည်လို့ရယ်၊ ဆေးရဲ့ ဘေးထွက် ဆိုး ကျိုးတွေ ချိန်ဆဖို့ရယ်၊ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်လို့သာ ကုသမှု ခံယူသင့်ပါတယ်။

တခြား ကာကွယ်လို့ ရနိုင်မယ့် နည်းလမ်းတွေကတော့

• ဓာတ်မတည့်မှု ဖြစ်တဲ့ ရာသီမျိုးမှာ တံခါးတွေ ပိတ်ထားဖို့

• ဝတ်မှုန်တွေ အထွက်များတဲ့ နံနက်စောစောနဲ့ ညနေ ၄ နာရီ ပတ်ဝန်းကျင်တွေမှာ မြက်ခင်းတွေ၊ ပန်းခြံတွေနဲ့ ဝေးဝေးနေဖို့

• နေကာမျက်မှန်လိုမျိုး တပ်ဆင်ပြီး မျက်စိထဲ အမှုန်အမွှား မဝင်အောင် ကာကွယ်ဖို့

• အပြင်က ပြန်လာတိုင်း ရေချိုး၊ ခေါင်းလျှော် လုပ်ဖို့

• အိပ်ရာခင်းတွေ၊ အဝတ်အစားတွေကို မြက်ခင်းတွေ၊ သစ်ပင်တွေ အနီးမှာ လျှော်တာ၊ လှန်းတာ ရှောင်ကြဉ်ဖို့

• နှာခေါင်းဝမှာ ပရုတ်ဆီလေး သုတ်ထားတာမျိုး၊ သနပ်ခါးလို အကာတခုခု ကိုယ်မှာ လိမ်းတာမျိုး၊ အစရှိတဲ့ နည်းလမ်းတွေနဲ့လည်း အထိုက်အလျောက်တော့ ကာကွယ်နိုင်ပါတယ်။

အဲဒီတော့ အခုအချိန်ဟာ ရာသီပြောင်းပြီမို့ သတိပြုကြဖို့ပါ။ တချို့ကတော့ ရာသီပြောင်းမှ နေထိုင်ကောင်းတတ်သလို ရာသီဟောင်း မှာပဲ ကောင်းနေသူတွေကလည်း အပြောင်းအလဲကို မနှစ်လို ဖြစ်ကြပေမပေါ့။ ဒါပေမယ့်လည်း သဘာဝတရားရဲ့ ဖြစ် စဉ်ကို လွန်ဆန်မရတဲ့ ဓမ္မတာမို့ ပြောင်းလဲတဲ့ ရာသီမှာ ဖြစ်လာမယ့် ဓာတ်မတည့် ဝေဒနာတွေကို ဆင်ခြင်သုံးသပ် နေတတ်ထိုင် တတ်အောင် သိစရာ မှတ်စရာ မျှဝေပေး လိုက်ပါတယ်။ ။

Loading