အင်တာနက်နဲ့ ပတ်သက်ပြီးတော့ ဆယ်ကျော်သက် အရွယ် ကလေးများ အတွက် စာတပုဒ်လောက်တော့ ရေးဦးမှပဲလို့ ကျမ တွေးမိတာ ကြာပါပြီ။ ဆယ်ကျော်သက် အရွယ် ကလေးတွေကို အင်တာနက် ပေးသုံးတဲ့ အခါမှာ မိဘရဲ့ လမ်းညွှန်မှုနဲ့ ထိန်းသိမ်း စောင့် ရှောက်မှု လိုအပ်တယ် ဆိုတာကို ကျမတို့နိုင်ငံက တချို့မိဘများ အနေနဲ့ သိပ်မသိကြ သေးပါဘူး။
အင်တာနက် ဆိုတာက ကွန်ပျူတာမှာ၊ ဖုန်းမှာ ပေါ်နေတဲ့ အရာမို့ လူကို တိုက်ရိုက် မထိခိုက်နိုင်ဘူးလို့ ထင်တတ်ကြ ပါတယ်။ ကိုယ့်ရဲ့ သားသမီးတွေက ကိုယ့်ရဲ့ အိမ်ထဲမှာပဲ လုံလုံခြုံခြုံနဲ့ အင်တာနက်ကို ထိုင်သုံးနေကြတာမို့ အင်တာနက် သုံးတာ အန္တရာယ် ကင်းတယ် လို့တောင်မှ ထင်တတ်ကြ ပါသေးတယ်။
အင်တာနက်လို့ ပြောလိုက်ရင်ပဲ ကျမတို့ဆီမှာ ကလေး၊ လူကြီး အများဆုံး သုံးကြတာက အင်တာနက် ဂိမ်းများနဲ့ Facebook တို့ပါပဲ။ အင်တာနက်ဆိုင်များမှာ အုပ်စုဖွဲ့ပြီးတော့ ဂိမ်းကစားနေကြတဲ့ ကလေးတွေကို ကျမတို့ မြင်တွေ့နေ ကြရပါတယ်။ ကျောင်းက ဆင်း တာနဲ့ အိမ်မပြန်ဘဲ၊ ကျူရှင် မသွားဘဲနဲ့ အင်တာနက်ဆိုင်မှာ ဂိမ်းဝင်ကစား နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေ၊ ဟိုဘက် ဒီဘက် အုပ်စုလိုက် ဂိမ်းကစားကြတဲ့ အခါမျိုးမှာ လောင်းကစား ကြေးနဲ့ ဂိမ်းကစားနေတဲ့ ဆယ့်သုံးလေးနှစ် အရွယ် ကလေးတွေကို ကျမ မြင်တွေ့ရတိုင်း ဒါကို တိုးတက်မှုတခု အနေနဲ့ ဘယ်လိုမှ မြင်ကြည့်လို့ မရပါဘူး။
အိမ်မှာ ကွန်ပျူတာနဲ့ အင်တာနက် ချိတ်ပြီးတော့ သုံးနိုင်တဲ့ မိဘများကျပြန်တော့လည်း ကိုယ့်ရဲ့ကလေးက ကိုယ့်မျက်စိ ရှေ့တင် (အိမ်ထဲမှာ ရှိနေတာမို့) အန္တရာယ် မရှိနိုင်ဘူး ထင်ပြီးတော့ လွှတ်ထားကြ ပြန်ပါတယ်။
ကိုယ့်ရဲ့ကလေးက ဘာဂိမ်းကို ဘယ်သူတွေနဲ့ ကစားနေတာလဲ၊ ကိုယ့်ကလေးရဲ့ တနေ့တာအချိန်တွေထဲမှာ အချိန် ဘယ်လောက် များများကို အင်တာနက် ဂိမ်းသုံးပြီးတော့ နေနေသလဲ ဆိုတာကို မိဘများအနေနဲ့ သတိပြုသိထားဖို့ လိုပါတယ်။ မိသားစုနဲ့ စကား မပြောနိုင်လောက်တဲ့ အထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဘာဆိုဘာမှ မလုပ်နိုင်တဲ့အထိ ကွန်ပျူတာ ဖန်သားပြင်၊ တယ်လီ ဖုန်း ဖန်သားပြင် ပေါ်မှာပဲ မျက်နှာအပ် မနေဖို့ကိုလည်း မိဘများ သတိပြုပေးရပါမယ်။
ကိုယ့်ရဲ့ ကလေး ကစားနေတဲ့ အင်တာနက် ဂိမ်းတွေဟာ သူတို့အရွယ်အတွက် မသင့်လျော်တဲ့၊ မကစားသင့်တဲ့ ဂိမ်းတွေလား၊ ကလေးနဲ့ အတူတူ ကစားနေတဲ့ ကစားဖော်တွေကရော ဘယ်သူတွေလဲ၊ ဘယ်သူတွေနဲ့ ဘယ်လို ကစားနေကြသလဲ ဆိုတာကို လည်း မိဘများ အနေနဲ့ သိထားဖို့ လိုပါတယ်။
အင်တာနက်ရဲ့ အန္တရာယ်ထဲမှာ အိမ်ထဲမှာနေတဲ့ ဆယ်ကျော်သက် အရွယ်ကလေးတို့ အိမ်ပြင် မထွက်ရဘဲနဲ့ အန္တရာယ် ကျရောက် စေနိုင်တဲ့ အရာတခုကတော့ ဆိုရှယ်မီဒီယာ တခုဖြစ်တဲ့ Facebook ပဲ ဖြစ်ပါတယ်။ Facebook ကို ကျမတို့နိုင်ငံမှာ ဆယ်ကျော်သက် အရွယ်ကို ချင်းနင်းဝင်ရောက်ခါစ အရွယ် ဆယ်နှစ်၊ ဆယ့်တနှစ်ကလေး တော်တော်များများ စသုံးစ ပြုလာကြပါပြီ။ ဒီအရွယ် ဒီကာလ ကလေးများဟာ နဂိုမူလအားဖြင့် စိတ်ကူးယဉ်တတ်ကြ၊ စိတ်ကစားတတ်ကြတဲ့ အရွယ်များပါ။ ဘာကိုမှလည်း သိပ်မသိကြ၊ နားမလည် တတ်ကြပါဘူး။
Facebook Account စဖွင့်ပေးတော့မယ် ဆိုတာနဲ့ တပြိုင်နက်တည်း မိဘတို့ အနေနဲ့ Facebook နဲ့ ပတ်သက်ပြီးတော့ သိသင့်၊ သင်သင့်တဲ့အရာ မှန်သမျှကို ကိုယ့်ရဲ့ကလေးကို သင်ပြပေးဖို့ လိုပါတယ်။ ဆိုရှယ်မီဒီယာ တခုဖြစ်တဲ့ Facebook ကို မသမာတဲ့ နည်းနဲ့ အသုံးပြုနေတြတဲ့ သူတွေ အများကြီးပဲ ရှိပါတယ်။
ဒါကြောင့်မို့လို့ မိဘများအနေနဲ့ ဆယ်ကျော်သက် အရွယ် ကလေးတို့ကို Facebook Account ဖွင့်ပေးတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ အိမ် လိပ်စာ အမှန်၊ တယ်လီဖုန်း နံပါတ် အမှန်အတိုင်း ထည့်မရေးပေးဖို့ လိုပါတယ်။
ဆယ်ကျော်သက်အရွယ် ကလေးတို့ရဲ့ Facebook မိတ်ဆွေ
ဖေ့စ်ဘုတ်ခ် မိတ်ဆွေ (Facebook Friends) ကို ကလေးတို့ လက်ခံကြတဲ့ အခါမျိုးမှာ အပြင်မှာ ကိုယ်သိထားတဲ့၊ အကြောင်းသိပြီး သား လူများကိုသာ လက်ခံဖို့ ကလေးကို ပြောထားရပါမယ်။ ဘယ်ကမှန်း၊ ဘာလုပ်မှန်း မသိတဲ့ လူများကို လက်မခံဖို့ ပြောထားပါ။ Facebook မှာက နာမည် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ မိတ်ဖွဲ့လာတတ်တဲ့ မသမာသူများလည်း ရှိနေတတ်တာမို့ အထူးသတိပြုဖို့ လိုပါတယ်။
နောက်တခုကတော့ ကလေးတို့ အသုံးပြုနေတဲ့ Facebook Account ရဲ့ Password နံပါတ်ပါ။ ဒီနံပါတ်ကို မိဘတို့ သိထားဖို့ လိုပါတယ်။ ကလေးတို့ ဘယ်သူနဲ့ စကားပြောနေ တယ်။ ဘာတွေကို ပြောနေတယ် ဆိုတာကို သိထားရပါမယ်။
ဓာတ်ပုံတွေ တင်တဲ့အခါ
Facebook မှာ ဓာတ်ပုံတွေ ရိုက်ပြီးတော့ တင်ကြတာမျိုး၊ ကိုယ့်ခံစားချက်တွေကို ရေးပြီးတော့ တင်ကြတာမျိုးတွေဟာ ဆယ်ကျော်သက်တွေကြားထဲမှာ အတော်ခေတ်စား ပါတယ်။ ချစ်သူရည်းစားရတာ၊ ချစ်သူရည်းစားပျက်တာ စသဖြင့် အမျိုးမျိုးရေးကြ တင်ကြ နဲ့ပါ။ ကိုယ့်ရဲ့ စာမျက်နှာပေါ်မှာ ကိုယ်ရေးချင်တာကို ကိုယ့်ဘာသာကိုယ် ရေးတင်တယ် ဆိုပေမယ့်လည်း မရေးသင့်၊ မရေးထိုက် တဲ့ အကြောင်းတွေကို မရေးဖို့ ကလေးကို သင်ကြားပေးထားရပါမယ်။ ကလေးတို့ တင်လိုက်တဲ့ စာတကြောင်း၊ ပုံတပုံဟာ လူတွေ အများကြီးဆီကို ပျံ့နှံ့သွားစေတာမို့ ဘာကိုပဲ ရေးရေး၊ ဘာကိုပဲ တင်တင် ကလစ်တချက် မနှိပ်ခင်မှာ စဉ်းစားတတ်ဖို့ သင်ကြားပေး ထားရပါမယ်။
ကွန်ပျူတာကို သုံးတဲ့အခါ
ကလေးရဲ့ အခန်းထဲမှာ ကလေးတယောက်တည်း ကွန်ပျူတာကို သုံးခွင့် ပေးမထားရပါဘူး။ မိသားစုအားလုံး မြင်ရတဲ့ ဧည့်ခန်းလို နေရာမျိုးမှာပဲ ကွန်ပျူတာကို ပေးသုံးရပါမယ်။ အင်တာနက် ချိတ်ထားတဲ့ အချိန်မှာ ကိုယ့်ရဲ့ကလေးဟာ သူ့အရွယ်နဲ့ မသင့်လျော်တဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်နေသလား၊ ဘာတွေကို ဝင်ဖတ်နေသလဲ၊ ဘယ်ပုံတွေကိုများ ဝင်ကြည့်နေသလဲ ဆိုတာကို မိဘ တို့ အနေနဲ့ သတိကြီးကြီးထားပြီးတော့ သိဖို့လိုပါတယ်။
ကိုယ့်ကလေးရဲ့ မိတ်ဆွေတွေဟာ ဘယ်သူလဲ၊ ဘယ်သူတွေနဲ့ ဘာအကြောင်းကို ပြောနေသလဲ ဆိုတာကိုလည်း မိဘများအနေနဲ့ မျက်ခြည် မပြတ် သိထား ကြည့်ထားဖို့ လိုပါတယ်။ ကိုယ်မသိလိုက်တဲ့ အချိန်မှာ ကိုယ့်ရဲ့ကလေးဟာ သူတို့ မသိတဲ့ လူတယောက် ယောက်ကို မိတ်ဆွေအဖြစ် လက်ခံချင် လက်ခံထားတတ် ပါတယ်။
ဆယ်ကျော်သက် အရွယ် ကလေးများကို ရည်ရွယ်ချက်ရှိရှိ နဲ့ ပစ်မှတ်ထားတတ်တဲ့ အွန်လိုင်းမုဆိုး တယောက်ယောက်နဲ့ ကိုယ့်ရဲ့ ကလေး မိတ်ဆွေ ဖြစ်မသွားဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့လို့ မိဘများအနေနဲ့ ကလေးရဲ့ အွန်လိုင်းပေါ်က မိတ်ဆွေတိုင်းကို သိထားဖို့ လိုပါတယ်။
အင်တာနက်ဆိုတာ
တကယ်တော့ အင်တာနက်ဆိုတာ ဂိမ်း ကစားရုံ၊ Facebook သုံးရုံပဲ မဟုတ်ပါဘူး။ အသုံးပြုတတ်ရင် ပြုတတ် သလောက် အကျိုးရှိ ပါတယ်။ ကိုယ်သိချင်တဲ့ အကြောင်းရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ အင်တာနက် ကနေတဆင့် ရှာဖွေကြည့်ရှုလို့ ရပါတယ်။ ကိုယ့်ရဲ့ကလေးဟာ Facebook ပေါ်မှာ ဂိမ်းတွေအပေါ်မှာပဲ အချိန် မကုန်စေဘဲနဲ့ အကျိုးရှိတဲ့ အသုံးပြုနည်းနဲ့ အင်တာနက် ကို အသုံးပြုတတ်အောင်လို့ မိဘများက သင်ကြားပြသထားဖို့ လိုပါတယ်။
ကလေးနဲ့အတူတူ အင်တာနက်သုံးပါ
မိဘများအနေနဲ့ ကလေးတို့ သိချင်တဲ့ အကြောင်းအရာလေးတွေကို ကလေးနဲ့အတူတူ အင်တာနက်မှာ ရှာဖွေကြည့်ရှုပါ။ သိချင်တဲ့ အကြောင်းအရာ၊ ဖတ်ချင်တဲ့ စာတွေကို ဘယ်လို ရှာဖွေရမယ် ဆိုတဲ့အကြောင်းကို သင်ကြားပေးထားရ ပါမယ်။ Facebook တို့၊ အင်တာနက်ဂိမ်းတို့မှာ အချိန်များစွာ အကုန်ခံမယ့်အစား ကိုယ်သိချင်တဲ့၊ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာတွေကို အွန်လိုင်းပေါ်မှာ ဖတ်လို့ ရတယ်ဆိုတဲ့ အကြောင်းကလေးကို သင်ကြားပေးထားရပါမယ်။
ကလေးတို့ ဖုန်းမှာ အင်တာနက် ချိတ်မပေးပါနဲ့
ဖုန်းနဲ့ အင်တာနက် ချိတ်ပြီးတော့သုံးရတာဟာ နိုင်ငံရပ်ခြားမှာတော့ တော်ရုံလူ မသုံးနိုင်ကြပါဘူး။ ဈေးကြီးလို့ပါ။ ကျမတို့ ဆီမှာတော့ ဖုန်းကတ်တကတ် ဝယ်ဖြည့်ထားရင် အင်တာနက်သုံးခက တော်တော် ဈေးသက်သာတာမို့ သူသူ ကိုယ်ကိုယ် တော်တော်များများက ဖုန်းနဲ့ အင်တာနက် သုံးကြပါတယ်။
ဖုန်းတွေကလည်း အရင်ကထက် စာရင် တော်တော်လေးကို သက်သက်သာသာနဲ့ ရလာကြတာမို့ တချို့မိဘတွေက ဆယ်ကျော်သက် အရွယ်တင် မဟုတ်ဘဲ ဆယ်ကျော်သက်ထက် ငယ်တဲ့ ကလေးတွေကိုတောင်မှ ဖုန်းလေးတွေ ပေးကိုင်ထားတတ်ကြပါတယ်။ ဖုန်းမှာ အင်တာနက်လည်း ချိတ်ပေးထားလိုက်ပါသေးတယ်။ ဒါဟာ ကလေးတို့ အတွက် အင်မတန်မှ အန္တရာယ်ကြီးတဲ့ ကိစ္စရပ်ကြီးပါ။ ဖုန်းကို ပေးသုံးမယ် ဆိုရင်တောင်မှ ကလေးရဲ့ဖုန်းမှာ အင်တာနက် မချိတ် ပေးထားပါနဲ့။
ကလေး အင်တာနက် သုံးချင်ရင် အိမ်မှာပဲ ကိုယ့်ရဲ့ ဖုန်းကနေ ဝိုင်ဖိုင် (Wi-Fi) လွှတ်ပြီးတော့ ကွန်ပျူတာနဲ့ သုံးခိုင်းတာ အကောင်း ဆုံး ပါပဲ။
တိုးတက်လာတဲ့ ခေတ်ပေမို့ တက်ဘလက်၊ အိုင်ပက်၊ ကွန်ပျူတာ၊ အင်တာနက် စတာတွေကို ကျမတို့က ဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ကလေးများ အန္တရာယ် ကင်းစွာနဲ့ ဘေးကင်း လုံခြုံစေဖို့ အတွက်တော့ ကျမတို့ သတိထား ရမှာပါ။
ဒီခေတ်က ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အန္တရာယ်ရှိနိုင်တဲ့ ခေတ်ပါ။ လိင်အကြမ်းဖက်မှုတွေ၊ အယုံသွင်း ဆွဲဆောင်မှုတွေက အစ ငွေကြေးများစွာကို လိမ်လည်လှည့်ဖြားယူကြတဲ့အထိ မသမာသူများက ဆိုရှယ်မီဒီယာကို အသုံးပြုလာကြပါပြီ။
ဒါကြောင့်မို့လို့ အန္တရာယ်ကင်းစွာနဲ့ အင်တာနက်ကို အကျိုးရှိရှိ သုံးတတ်စေဖို့အတွက် မိဘများအနေနဲ့ ကိုယ့်ရဲ့ ကလေးများကို သင်ကြား လေ့ကျင့်ပေးဖို့ လိုနေပါပြီ။ လေ့ကျင့် သင်ကြားပေးကြပါဦး။ ။