Health

မြန်မာပြည်အတွက် သန့်ရှင်းသော အိမ်သာများစွာ အလိုရှိသည်

This article has been converted from Zawgyi One to Unicode


လူတယောက်ရဲ့ နေ့စဉ် အသက်ရှင်မှု ဘဝအတွက် အိမ်သာဆိုတာ တကယ်ကို အရေးကြီးတဲ့ အရာ ဆိုပေမယ့် လူတွေက အိမ်သာလို့ ဆိုလိုက်ရင် အရင်ဆုံး နှာခေါင်းရှုံ့ မိတတ်ကြပါတယ်။ စားရင်း သောက်ရင်း အိမ်သာ အကြောင်း ပြောတာမျိုးဆို ပိုပြီး မကြိုက်တတ်ကြပါဘူး။ ရိုင်းတယ် ထင်တတ်ကြ ပါတယ်။

“ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူး” ဆိုတဲ့ ရှေးမြန်မာ စကားက အိမ်သာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာရဲ့ သက်သေပါပဲ။ ကျန်းမာရေး အတွက် အိမ်သာဆိုတာ နံပါတ်တစ် အရေးအပါဆုံး အရာလို့ သွယ်ဝိုက်ပြောလိုက် တာလို့ ကျမ ထင်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က ချယ်ရီ မဂ္ဂဇင်းမှာ ချယ်ရီရောင် အတွေးသစ် စာတမ်းများ ဆိုပြီး ပါတတ်ပါ တယ်။ အဲဒီခေတ်က ချယ်ရီပရိသတ်တွေ စာတမ်းလေးတပုဒ်ကို မှတ်မိနေဦးမှာပါ။ စာရေးဆရာ မင်းလူ ရေးတဲ့ “အိမ်သာတလုံး အလိုရှိသည်” ဆိုတဲ့ စာတမ်းလေး ဖြစ်ပါတယ်။ အဲဒီ စာတမ်းလေးကို ကျမ ဖတ်ပြီး ဒီနေ့အထိ သဘောကျနေဆဲ ဖြစ်ပါတယ်။ ဆရာမင်းလူက စာရေးဆရာတယောက်ရဲ့ အမြင်နဲ့ အိမ်သာဆိုတာကို ဖွဲ့နွဲ့ပြ ထားတာဟာ တခြားသူတွေ မမြင်မိတဲ့ ရှုထောင့်သစ်တခုက မို့လို့ ဒီနေ့အထိ မှတ်မိနေတာပါ။ သူက အိမ်သာ ဆိုတဲ့ နာမည်လေးကို ကလောင်နာမည် အဖြစ်တောင် သုံးချင်မိတယ်ဆိုလို့ ပြုံးမိပါသေးတယ်။

တကယ်တော့ အိမ်သာ ဆိုတာဟာ သူ့တာဝန်နဲ့ သူ့နာမည် အလိုက်ဖက်ဆုံး ပါပဲ။ အိမ်သားတွေ ကျန်းမာရေး ကောင်းမွန်နေတာ အိမ်တအိမ်သာယာစေတဲ့ အချက်တချက်ပဲ မဟုတ်လား။ အိမ်တအိမ် သာယာဖို့ အရေးကြီးဆုံး နေရာတခုဟာ အိမ်သာ ဖြစ်သင့်တာပေါ့။

ကျမ ငယ်ငယ်ကတည်းက အိမ်သာ သန့်သန့်၊ လှလှပပတွေကို စိတ်ဝင်စားမိ တတ်ပါတယ်။ ကျမ လူငယ်ဘဝက ခရစ္စမတ် သီချင်းလိုက်ဆိုရင်း နိုင်ငံကျော် အဆိုတော်ကြီး တယောက်အိမ်ကို ရောက်သွားပါတယ်။ သူ့ဆီမှာ ၁၀ နှစ်၊ ၁၁ နှစ်ဝန်းကျင် ကလေးအရွယ် သမီး သုံးယောက် ရှိပါတယ်။ အဲဒီ အိမ်မှာ ခဏနားရင်း အိမ်သာဝင်တော့ စိတ်ဝင်စား စရာ ကောင်းလှတဲ့ အိမ်သာတလုံးကို တွေ့ခဲ့ပါ တယ်။ အိမ်သာက ကျယ်ဝန်းပြီး မွှေးပျံ့နေတဲ့အပြင် အိမ်သာထဲမှာ စာအုပ်စင်ကလေး တခု၊ အဲဒီစာအုပ် စင်ပေါ်မှာ လူကြီးတွေ အတွက် ဖတ်စရာ စာအုပ် တအုပ်နှစ်အုပ်အပြင်၊ ကလေးတွေ အတွက် ရွှေသွေး၊ တေဇ စတဲ့ စာအုပ် ကလေးတွေပါ တင်ထားတာပါ။ ဒါဟာ သိပ်ကိုကောင်းမွန်တဲ့ အိမ်သာလေး တလုံးကို ကျမ ပထမဆုံး တွေ့ဖူးခြင်း ပါပဲ။

ထိုင်းနိုင်ငံမှာ နေတုန်းကလည်း ကျမ သဘောကျမိတဲ့ အိမ်သာတွေ အမြောက်အများ တွေ့ခဲ့ဖူးပါတယ်။ အထူးသဖြင့် စားသောက်ဆိုင် တွေကို ကျမ တို့ ရွေးတဲ့အခါ အိမ်သာကို ကျမ အမြဲသတိထား ကြည့်ပါတယ်။ ထိုင်းနိုင်ငံ ဇင်းမယ်မှာ တော့ စားသောက်ဆိုင်တွေက အိမ်သာတွေဟာ အများသော အားဖြင့် အထူးကောင်းမွန် လှပါတယ်။ အိမ်သာ ဆိုပြီး ပစ်စလခတ် မထားဘဲ အမျိုးသမီး၊ အမျိုးသား သီးသန့် ထားပေးတဲ့ အပြင်၊ အမျိုးသမီး အမျိုးသား ဆိုတာကို ရုပ်တုလေးတွေနဲ့ ခွဲထားပေးတတ်တယ်၊ ပြီးတော့ အိမ်သာတွေဟာ မွှေးပျံ့ လုံခြုံပြီး အမြဲသန့်ရှင်း နေတတ်တယ်။

လက်ဆေး ဆပ်ပြာခွက်၊ ဘေစင်နဲ့ တစ်ရှူးလိပ် ထားပေးထားတဲ့ အပြင်၊ တချို့ စားသောက်ဆိုင်တွေဆို လက်အခြောက်ခံစက် ကလေးတွေပါ တပ်ထားတယ်။ ကျမတော့ သိပ်သဘော ကျမိတာပဲ။ အဲဒီလို အိမ်သာ ကောင်းကောင်း ထားပေးတာဟာ ဈေးကြီးတဲ့ စားသောက်ဆိုင် ကြီး တွေတင် မကဘဲ ဈေးနှုန်းသင့်တင့်တဲ့ စားသောက် ဆိုင်ငယ်ကလေးတွေ မှာပါ တွေ့ရတာ ကတော့ ထူးခြားချက်ပါ။ ဒါဟာ နိုင်ငံ တနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကို ပြတာပဲလို့ ယူဆပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးထွက်တဲ့ အခါမှာလည်း အိမ်သာကြောင့် စိတ်ချမ်းသာရတာ ပါပဲ။ ဇင်းမယ်နဲ့ မယ်ဆိုင်ကြားက မြို့လေးတမြို့က White Pagoda ဆိုတဲ့ စေတီတဆူမှာ ဆိုရင် ကျမ အထူးကို အံ့ဩမိခဲ့ရတဲ့ အိမ်သာတလုံး ရှိပါတယ်။ ဒီစေတီကတော့ လူတယောက် တည်ထားတာ ဆယ်စုနှစ် တခုကျော်ကျော် လောက်ပဲ ရှိပါသေးတယ်။ စေတီအပါအဝင် ရုပ်တုတွေ၊ အဆောက်အအုံတွေ အားလုံး ဖြူဝင်းပြီး ငွေရောင် တောက်လက်နေတဲ့ အတွက် သူက ဘုရားဖြူလို့ နာမည်ပေးထား တာပါ။ ဒါပေမယ့် အိမ်သာကျ တော့ ရွှေရောင် ဆေးသုတ်ထား ပါတယ်။ အဖြူရောင် တွေကြား ရွှေရောင်တောက်နေတဲ့ အိမ်သာက ကြီးမားကျယ်ပြန့်ပြီး သန့်ရှင်းသပ်ရပ် နေတာပါ။

အိမ်သာ ဆိုတာကို အဲဒီလောက် ကြီးကြီးကျယ်ကျယ် ဖန်တီးပေးဖို့ မလိုအပ်ပေမယ့် အများသုံး အိမ်သာတလုံးဟာ သန့်ရှင်းလုံခြုံမှုနဲ့ ပြည့်ဝပြီး သပ်ရပ်နေဖို့တော့ လိုအပ်ပါတယ်။

ကျမ မြန်မာပြည် ပြန်ရောက်တော့ စားသောက် ဆိုင်တွေ ထိုင်မိတဲ့ အခါ စိတ်အနှောင့်အယှက် ဖြစ်ရတာ  အိမ်သာ ကိစ္စ  ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဟိုတယ်ကြီးတွေနဲ့ ဈေးကြီး စားသောက်ဆိုင်ကြီးတွေက လွဲရင် သာမန် စားသောက်ဆိုင်တွေရဲ့ အိမ်သာတွေက ဖြစ်သလို ဖန်တီးပေးထားတာ၊ အလွန် မသန့်ရှင်းတာ တွေ့ရပါ တယ်။

တချို့ စားသောက်ဆိုင်တွေက အိမ်သာတွေ ဆိုရင် အမျိုးသမီး၊ အမျိုးသား သီးသန့် မရှိပါဘူး။ အပြင်ဘက် အခန်းမှာ အမျိုးသားတွေ အတွက် ဆီးခွက်တွေ ထားပြီး အဲဒါကို ဖြတ်ကျော်ပြီးမှ အမျိုးသမီးတွေ သွားနိုင်တဲ့ အိမ်သာတွေဆီ  ရောက်ပါတယ်။ နေရာအခက်အခဲ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အခုခေတ်မှာ အမျိုးသားတွေသာ မကဘဲ အမျိုးသမီးတွေပါ စားသောက်ဆိုင် ထိုင်လေ့ ရှိနေကြပြီ ဖြစ်တဲ့ အတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် ဖြစ်ပါတယ်။

နောက်တခုက အခုအချိန်မှာ နိုင်ငံခြားသား ဧည့်သည်တွေ ဝင်ထွက်သွားလာမှု များလာတဲ့ အချက်ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ နိုင်ငံခြားသား ဆိုတိုင်း စားသောက်ဆိုင်ကြီး တွေမှာ ထိုင်ကြတာ မဟုတ်ပါဘူး။ ရန်ကုန်မြို့လယ်က လမ်းဘေး စားသောက် ဆိုင် ကလေးတွေမှာပါ နိုင်ငံခြားသားတွေ ဥဒဟို ဝင်ထွက်နေတာ တွေ့ရမှာပါ။ အဲဒီလို အချိန်မှာ သန့်ရှင်းမှု မရှိတဲ့၊ အမျိုးသမီး အမျိုးသား သီးသန့် မဟုတ်တဲ့ အိမ်သာတွေကြောင့် သူတို့ စိတ်အနှောင့်အယှက် ဖြစ်ရုံ မကဘဲ၊ ကျမတို့ မြန်မာလူမျိုးတွေကိုပါ အထင်သေးနိုင်ပါတယ်။

နောက်တချက်ကတော့ ရန်ကုန်မြို့လို မြို့ကြီး မှာ နေထိုင်ပြီး လမ်းဘေး ကြုံရာ နေရာမှာ အပေါ့စွန့်တဲ့ ကိစ္စပါ။ ဒါကလည်း ညဘက်တွေမှာ ဖြစ်တတ်တာပါ။ ရန်ကုန်မှာ ညဘက်ဖွင့်တဲ့ အများသုံးအိမ်သာ မရှိသေးသမျှတော့ ဒီပြဿနာ ပြေလည်နိုင်မယ် မထင်ပါဘူး။

တချိန်က အခု ဆူးလေရှန်ဂရီလာ (အရင် ကုန်သည်ကြီးများ) ဟိုတယ်ကြီးရဲ့ အစွန်ဘက်မှာ အများသုံးအိမ်သာ တလုံး ရှိခဲ့ဖူးတာ မှတ်မိကြမှာပါ။ အဲဒီနေရာကို ပန်းခြံလေးလို ဖန်တီးပေးထားပြီး လူတွေ ထိုင်စရာ ခုံလေးတွေနဲ့ ပြင်ဆင်ထားပါတယ်။ ဗန်းခင်း ဂျာနယ်ဆိုင်လေးလည်း ရှိပါတယ်။ အဲဒီ အိမ်သာဟာ ရန်ကုန်မြို့လယ်မှာ သွားသုတ်သုတ် လာသုတ်သုတ် ဖြတ်သန်းနေကြတဲ့ လူတွေအတွက် အန္တရာယ်ဖြေရှင်းဖို့ တော်တော်လေး အထောက်အကူ ဖြစ်ခဲ့ပါတယ်။

အခုတော့ အများပြည်သူပိုင်လို့ ကျမ ထင်ထားတဲ့ နေရာက ဆူးလေရှန်ဂရီ လာဟိုတယ် ပိုင်နေရာ ဖြစ်သွားပါပြီ။ အိမ်သာလည်း မရှိတော့ ပါဘူး။ အဲဒီနေရာဟာ လူအစည်ကားဆုံး နေရာတွေ ထဲက တခုဖြစ်တဲ့ အတွက် အများသုံး အိမ်သာ တလုံးတော့ ရှိကိုရှိရမယ့် နေရာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ အများသုံး အိမ်သာတွေ လုံလုံလောက်လောက် ရှိနေတဲ့ အပြင် ညဘက်တွေမှာ ရွေ့လျား အိမ်သာတွေပါ ထားပေးတဲ့ အတွက် လမ်းဘေးမှာ အခင်းကြီး အခင်းငယ် စွန့်ဖို့ မလိုပါ ဘူး။ ဆယ်ဘီး ကားကြီး တစီးကို ရွေ့လျားအိမ်သာ အဖြစ် ဖန်တီးပေးထားပြီး လူထူထပ်တဲ့ ပွဲဈေးတန်းလို နေရာတွေမှာ အမြဲရှိနေ တတ်ပါ တယ်။ မြန်မာ ပြည်က ဘုရားပွဲကြီးတွေ၊ ပွဲဈေးတန်းကြီးတွေမှာ အဲဒီလို ရွေ့လျားအိမ်သာမျိုး စီစဉ်ပေးရုံ မကဘဲ၊ ရန်ကုန်မြို့လယ်လို လူထူထပ်တဲ့ နေရာတွေမှာ ညဘက်တွေ အန္တရာယ်ဖြေရှင်းနိုင်ဖို့ ရွေ့လျားအိမ်သာတွေ ထားပေးရင် သိပ်ကောင်းမှာပဲ လို့ ကျမ တောင့်တမိပါတယ်။

ကျမတို့ မြန်မာပြည်မှာ အခုလို အမြန်လမ်းမကြီးတွေ မဖောက်ခင် ခရီးသွားတဲ့ အခါ “ပေါက်တော” ဆိုတဲ့ စကားတရပ် ထွန်းကားခဲ့တာ မှတ်မိကြမှာပါ။ ခရီးသွားတဲ့ အခါ အန္တရာယ်ကို မလွယ်နိုင်ရင် ကားက လမ်းဘေး ကြုံရာနေရာမှာ ရပ်လိုက်တာ ပါပဲ။ စပယ်ယာက “ပေါက်တော” လို့ အော်လိုက်တာနဲ့ မိန်းမ၊ ယောက်ျား၊ ကလေး အကုန်လုံး ကားပေါ်က ဆင်းပြီး ကြုံရာ ခြုံကွယ်ကို တိုးကြရတော့ တာပါပဲ။

အခုတော့ အမြန်လမ်း ကြီးတွေနဲ့၊ လမ်းမှာ ယာဉ်ရပ်နား စခန်းတွေနဲ့ ဆိုတော့ အိမ်သာ ကိစ္စ အနည်းငယ် ပြေလည်တယ် ဆိုပေမယ့် အဲဒီနေရာတွေ မရောက်မချင်း အန္တရာယ် မလွယ်ထား နိုင်သူတွေ၊ ကျန်းမာရေး သိပ်မကောင်းသူတွေ အတွက်ကတော့ ပြဿနာ တက်နေဆဲပါ။ အိတ်စ်ပရက်စ်ကား ကောင်းကြီးတွေမှာ အိမ်သာ ပါပေမယ့် အဲဒီအိမ်သာကို သန့်ရှင်းရေး ပုံမှန် မလုပ်နိုင်တဲ့ အတွက် အသုံး ပြုခွင့် မပေးဘဲ တံခါး အသေပိတ်ထားတာ တွေ့ရပါ လိမ့်မယ်။ ထိုင်းနိုင်ငံမှာလည်း ယာဉ်ရပ်နားစခန်းတွေနဲ့ အများသုံးအိမ်သာတွေ ရှိပေမယ့် ကားပေါ်မှာပါ အိမ်သာပါတဲ့ အတွက် ကျန်းမာရေး အတွက် အဆင်ပြေပါတယ်။

ကျမတို့ သန်လျင်မြို့မှာ လူလတ်ပိုင်းတွေ၊ လူငယ်တွေ စုစည်းထားတဲ့ Thanlyin Development Association  (TDA) ဆိုတဲ့ လူမှုရေး အဖွဲ့လေး တဖွဲ့ရှိပါတယ်။ သန်လျင်မှာ နာရေးကူညီမှုလို၊ သွေးလှူတဲ့ အဖွဲ့လို လူမှုရေးအဖွဲ့ တွေလည်း ရှိနေပါတယ်။ TDA ကတော့ သန်လျင်မှာ ရှိနေတဲ့ စာသင်ကျောင်းတွေ အတွက် အဓိကထားပြီး လုပ်ဆောင်ပေးတဲ့ အဖွဲ့လေးပါ။

အရင် နှစ်တွေကတော့ TDA က ကျောင်းတွေမှာ ခြင်ဆေး လိုက်ဖြန်းတာ၊ မြက် လိုက်ရှင်းတာ စတဲ့ အလုပ်တွေ လုပ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ဖော်ပြပါ အလုပ်တွေ အပြင်၊ ကျောင်းအိမ်သာတွေ သန့်ရှင်းရေးအတွက် အဓိက လိုက်လံ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျောင်းအိမ် သာတွေကို  TDA  အဖွဲ့ဝင်တွေ၊ လူငယ် ဗော်လံတီယာ (Volunteer) တွေစုပြီး လိုက်လံဆေးကျော ကြတာ ဖြစ်ပါ တယ်။

ကျမက သန်လျင် အထက ၃ ကျောင်းထွက် ဖြစ်ပါတယ်။ ကျောင်းကနေ ဆယ်တန်းသာ အောင်သွားရော ကျောင်းအိမ်သာမှာ လက်ဆေးကန်၊ လက်ဆေးဆပ်ပြာ စသည်ဖြင့် ရှိတာ မတွေ့ခဲ့ဖူး ပါဘူး။ ကျောင်းကျန်းမာရေးက ပညာပေးတာတွေတော့ ရှိပါတယ်။ အိမ်သာဝင်ပြီး လက်ဆေးရမယ် ဆိုတာလည်း သိပါတယ်။ လက်ဆေးရမယ် ဆိုတာ သိပေမယ့် လက်ဆေးဖို့ ရေနဲ့ ဆပ်ပြာ မရှိရင် ဘာနဲ့ သွားဆေးမလဲ ဆိုတာ စဉ်းစားမိပါတယ်။ ပညာပဲ ပေးရုံနဲ့တော့ မရနိုင်ပါဘူး၊ ပစ္စည်းပါ ရှိဖို့ လိုအပ်တယ်လို့  ယူဆတဲ့ အတွက်  TDA  အဖွဲ့ဝင်တွေက ကျောင်း တွေရဲ့ အိမ်သာတွေကို သန့်ရှင်းရေး လိုက်လုပ်ရုံ တင်မက လက်ဆေး ဆပ်ပြာရည်၊ ဆပ်ပြာခဲ စသည် ဖြင့် လိုက်လံ တပ်ဆင် ထည့်သွင်းကြဖို့ပါ လုပ်ကြပါတယ်။

ကျောင်းအိမ်သာ တလုံးကို ဆေးပြီးတိုင်း၊ သန့်ရှင်းသပ်ရပ်သွားမှုကို မြင်လိုက်ရတဲ့ အခါတိုင်း ဒီအိမ်သာကို အသုံးပြုမယ့် ကလေးတွေ ကိုယ်စား ပျော်ရွှင်မှု ပီတိကို ခံစားရတာ လက်တွေ့ ဖြစ်ပါတယ်။ ကျမတို့ ကလေးဘဝ အလယ်တန်း၊ အထက်တန်း တက်စဉ် ကာလက မရခဲ့တဲ့ ပီတိကို ကျမတို့ နောက် မျိုးဆက် ကလေးတွေ ခံစားရတော့မှာပါလား ဆိုတဲ့ စိတ်က ချမ်းမြေ့သာယာ လှပါတယ်။

ကျောင်းနေတဲ့ ကလေးတိုင်းရဲ့ အိမ်သာလေးတွေ သန့်ရှင်းသပ်ရပ် နေရင် ဘယ်လောက် ကောင်းလိုက်မလဲ။ မြန်မာ တပြည်လုံး အတွက်တော့ သန်လျင်က TDA တဖွဲ့တည်း မတတ်နိုင်ပါဘူး။

အိန္ဒိယ ဝန်ကြီးချုပ်သစ် နရိန်ဒြာမိုဒီ မဲဆွယ် စည်းရုံးစဉ်က အိမ်သာအကြောင်းကို အထူး ထည့် သွင်း ပြောဆိုသွားတာ တွေ့ရပါတယ်။

မိုဒီက သူ့ပါတီသာ အနိုင်ရရင် “အိမ်သာတွေ ပထမ၊ ဘုရားကျောင်းတွေက နောက်မှ” (Toilets first, Temples later) ဆိုပြီး အထူးပြု ပြောဆိုသွား တာပါ။ သက်ကြီးရွယ်အို တွေအတွက် ဆေးရုံဆေး ပေးခန်းတွေ၊ အိမ်တိုင်း လျှပ်စစ်မီး ရရေး ကိစ္စတွေ၊ ကလေးတိုင်း အတွက် ပညာရေး ရရှိဖို့ ကိစ္စတွေနဲ့ တန်းတူ အိမ်တိုင်းစေ့ အိမ်သာ ရှိရေး ဆိုတာကို အသားပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံမှာလည်း အဝေးပြေး ကားဂိတ်လို လူများတဲ့ နေရာတွေမှာ မသန့်ရှင်းတဲ့ အိမ်သာတွေ ရှိနေဆဲပါ။ အိမ်သာ သန့်ရှင်းမှုနဲ့ ပတ်သက်ရင်တော့ အရှေ့တောင်အာရှမှာ စင်ကာပူက ထိပ်ဆုံးမှာ ရှိနေတယ်လို့ WHO ရဲ့ စစ်တမ်းတွေ အရ သိရပါတယ်။ မလေးရှားနိုင်ငံ မှာလည်း အများသုံး အိမ်သာတွေ သန့်ရှင်းမှု ရှိတယ်လို့ ဆိုထား ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ တော်တော်လေး ဆိုးရွားပါတယ်။ ၂၀၁၂ ခုနှစ် WHO ရဲ့ စစ်တမ်းအရ မြန်မာ ပြည်မှာ လူဦးရေရဲ့ ၇၇ ရာခိုင်နှုန်းသာ အိမ်သာရှိ တယ်လို့ သိရပါတယ်။

အိမ်သာဟာ အိမ်တလုံး အတွက်၊ ဈေးတဈေး အတွက်၊ လမ်းမပေါ်မှာ လှုပ်ရှားသွားလာ နေသူတွေ အတွက် အချိန်မရွေး၊ နေရာမရွေး နေ့စဉ်ဘဝတွေ အတွက် တကယ့်ကို အရေးပါသလို၊ အဲဒီအိမ်သာတွေ သန့်ရှင်းမှု ရှိဖို့ ကလည်း သိပ်ကို အရေးပါ ပါတယ်။

အိမ်သာတွေ သန့်ရှင်းမွှေးကြိုင်နေတာဟာ တိုင်းပြည် သန့်ရှင်းမွှေးကြိုင်နေတာနဲ့ အတူတူပါပဲ။

ဆရာမင်းလူက သူ့ရဲ့ စာတမ်းမှာ “အိမ်သာ တလုံး အလိုရှိသည်” ဆိုပြီး အဆုံးသတ်ထားပါတယ်။ ကျမကတော့ “မြန်မာပြည်အတွက် သန့်ရှင်းသပ်ရပ်တဲ့ အိမ်သာများစွာ အလိုရှိသည်” ဆိုပြီး အဆုံးသတ် ချင်ပါတယ်။

Loading