မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် သမိုင်းမှာ ကိုကိုးကျွန်းတိုက်ပွဲတွေပြီးရင် အင်းစိန်ထောင်က စက်တင်ဘာ ထောင်တွင်း လှုပ်ရှားမှုကြီး နဲ့ ထောင်တွင်း ဖိနှိပ်မှုကြီးက နိုင်ငံရေးအကျဉ်းသား လောကမှာ အထင်အရှားပြောစမှတ် ဖြစ်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ် စက်တင်ဘာလထဲမှာ အဲဒီအချိန်က ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ဂန္ဒီကြေညာချက်အပြီး အင်းစိန် ထောင်တွင်း မှာ အစာငတ်ခံ ဆန္ဒပြပွဲကြီးတခု ဖြစ်ပွားခဲ့ပါတယ်။
အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ အသက်နဲ့ ရင်းရတဲ့ စွန့်စားမှုကြီးတခုလည်း ဖြစ်ပါတယ်။ သက်ရှိသတ္တဝါတိုင်းရဲ့ အသက်ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့အပေါ် တည်မှီပါတယ်။ ဒီအထဲမှာ အာဟာရဟာ လူသားတိုင်း၊ သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန် စေ တဲ့ အဓိက အကြောင်းတခုပါပဲ။ မြန်မာစကားပုံတခုမှာ ထမင်းအသက် ၇ ရက်၊ ရေအသက် ၁ နံနက်လို့ ဆိုထားပါတယ်။
ကျနော်တို့ဘဝမှာ အစာအာဟာရဟာ အရေးကြီးတဲ့ အသက်ရှင်သန်ရာ အထောက်အပံ့လည်းဖြစ်ပါတယ်။ ဒါပေမယ့် အသက် သေဆုံးရမှာကိုမကြောက်ဘဲ မိမိရဲ့ယုံကြည်ချက်နဲ့ ဆုံးရှုံးနစ်နာနေတဲ့ အခွင့်အရေးတွေကို တောင်းဆိုရင်း အစာအငတ်ခံပြီး မိမိဆန္ဒကို ထုတ်ဖော်ပြသခြင်းဟာ ဘဝမှာအမြင့်မားဆုံး စွန့်လွှတ်စွန့်စားခြင်းလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင် လက်အောက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက မကြာခဏ ဆို သလို အစာငတ်ခံ ဆန္ဒပြလေ့ ရှိကြပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကို နဝတ စစ်အစိုးရက အာဏာလွှဲပြောင်းဖို့ တာဝန် ပျက်ကွက်နေတာကို အကျဉ်းထောင်ထဲက သေဒဏ်ကျ အကျဉ်းသားတွေ၊ နိုင်ငံ ရေး အကျဉ်းသားတွေအပြင် တခြားအကျဉ်းသား ၂၀ဝ လောက်က အာဏာလွှဲပေးရေး၊ မတရား အကျဉ်းချခံထားရသူတွေကို ခြွင်း ချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ အကျဉ်းသား အခွင့်အရေးတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
ဂန္ဒီကြေညာချက်ရဲ့ အကျိုးဆက်လို့ ပြောရင်လည်း ရမယ်ထင်ပါတယ်။ အနိုင်ရ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် တခြားဒီမိုကရက်တစ် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ရှိ ဂန္ဒီခန်းမမှာ စုဝေးခဲ့ကြ ပြီး တော့ စစ်အစိုးရရဲ့ကတိအတိုင်း လွှတ်တော်ခေါ်ပေးရမယ်လို့ ၁၉၉၀ စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး တောင်းဆို ကြေညာခဲ့ပါတယ်။
ဂန္ဒီ ကြေညာချက်တွေလည်း အင်းစိန်ထောင်တွင်းက ကျနော်တို့ လက်ဝယ် ရောက်ရှိနေကြပြီး နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် တခြား ကြိုးသမားတွေ (သေဒဏ်ကျ အကျဉ်းသားများ) က လည်း စစ်အစိုးရရဲ့ မရိုးသားမှု၊ ကတိမတည်မှု အပေါ် မကျေမနပ် ဖြစ်နေကြချိန်လည်း ဖြစ်တယ်။
အင်းစိန်ထောင် အဆောင် အမှတ် ၃၊ ၄၊ ၅ တွေမှာရှိကြတဲ့ အခြေခံပညာ ကျောင်းသား သမဂ္ဂ (အကသ) အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေက အစာငတ်ခံ ဆန္ဒပြမှုကိုစတင်ခဲ့တဲ့ သတင်းဟာ အင်းစိန်ထောင် ကြိုးတိုက်နဲ့ ကပ်လျက် ရှိတဲ့ အမျိုးသမီး ဆောင်ကိုလည်း ပျံ့နှံ့ ရောက်ရှိသွားခဲ့တယ်။
အကသ ကျောင်းသားငယ်တွေရဲ့ အစာငတ်ခံ ဆန္ဒပြခြင်းဟာ Black September လို့ နာမည်ကြီးတဲ့ အင်းစိန်ထောင်တွင်း ကြီးမား တဲ့ ထောင်တွင်း တိုက်ပွဲကို ဆက်လက် ဖြစ်ပေါ်စေခဲ့တယ်။
ဒီသတင်းကို ကြိုးတိုက်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် ကျန်သေဒဏ်ကျ အကျဉ်းသားတွေက စိုးစဉ်းမျှ မသိခဲ့ကြပါဘူး။ ဒါဟာ ထောင်တွင်းတနေရာက သတင်းအချက်အလက် ဖြစ်ပျက် နေမှုတွေကို နောက်တနေရာက မသိအောင် လုပ်ထားတဲ့ အင်းစိန်ထောင်တွင်း ကန့်သတ်မှုတွေ ကြီးမားတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
အင်းစိန်ထောင် ထောင်ပိုင်အဆင့် ၂ ဖြစ်တဲ့ ဗိုလ်မှူး အုန်းဖေ၊ ထောင်ပိုင်အဆင့် ၁ ဖြစ်တဲ့ ဦးဘိုကြည် (အထူးထောင်ပိုင်)၊ ထောင် ပိုင်လေး ဦးလှကြည်၊ ဦးဇော်အုံး စတဲ့ တာဝန်ရှိသူတွေနဲ့ အင်းစိန် ထောင်တွင်း တာဝန်ယူထားကြတဲ့ စစ်ထောက်လှမ်းရေး တွေ က သတင်း မကူးစက်ရေးအတွက် နိုင်ငံရေးအကျဉ်းသား အများစုရှိတဲ့ တိုက်ဝန်း အဝင်အထွက် ကို တင်းကျပ်ထားချိန် ဖြစ်ပါတယ်။
သေဒဏ်ကျ ကြိုးသမားများ ၁၀ ယောက်တတွဲစီ ရေချိုးဆင်းချိန် အမျိုးသမီးဆောင်ဘက်ကနေ အုတ်ရိုးကို ကျော်ပစ်လိုက်တဲ့ အထုပ် တထုပ်ကို ကြိုးသမား တယောက်က ကောက်ရလိုက်တယ်။
အဲဒီ အထုပ်ထဲမှာ စာတစောင်နဲ့ သနပ်ခါး တခဲပါတယ်။ ပလတ်စတစ်ကို စက္ကူအဖြစ် အသုံးပြု ရေးထားတဲ့ စာကတော့ အကသ ကျောင်းသားလေးတွေ တိုက်ပွဲဝင် အစာငတ်ခံ ဆန္ဒပြနေပြီတဲ့။
ဒါဟာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေက ပေးပို့လိုက်တာလား ဆိုတာတော့ သေချာမသိရပါဘူး။ အဲဒီအချိန်က ကြိုးတိုက်နဲ့ နံရံ တချပ်ခြားနေတဲ့ အမျိုးသမီးတိုက်ထဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်ဇင်ရဲ့ ဇနီး ဒေါ်ကြည်ကြည်နဲ့ သမီးမဒုံ အပါအဝင် နိုင်ငံရေးအကျဉ်းသူ တချို့လည်း ရှိနေကြပါတယ်။
အဲဒီ စာကြောင့် တိုက်ဝန်းအတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပူးပေါင်းပါဝင်ရေး၊ ကြိုးတိုက်ထဲက အကျဉ်းသားတွေ အလှည့် ကျ အစာငတ်ခံ ဆန္ဒပြကြရေး တိုင်ပင်ကြပါတော့တယ်။
“ထောင်တွင်းတိုက်ပွဲ ဖော်တဲ့အခါ အထူးသဖြင့် အစာငတ်ခံ ဆန္ဒပြမယ်ဆိုရင် သေချာ စဉ်းစားကြပါ၊ ဖြစ်နိုင်ရင် နိုင်ငံရေး တောင်း ဆိုမှု မလုပ်နဲ့၊ အကျဉ်းသား ရပိုင်ခွင့်ပဲ တောင်းကြတာ ပိုကောင်းတယ်။ ဒီလိုမဟုတ်ရင် မင်းတို့အကုန် သေသွားတာပဲ အဖတ်တင် မယ်”လို့ အမှတ် (၁) တိုက်က ဝါရင့် နိုင်ငံရေးအကျဉ်းသားကြီး ဦးမန်းဒါဝိတ် က ကျနော်တို့ကို အကြံပေးပါတယ်။
အစာငတ်ခံ ဆန္ဒပြပွဲတွေကို ထောင်အာဏာပိုင်တွေက ကြမ်းကြမ်း တမ်းတမ်း ရက်ရက် စက်စက် ဖြေရှင်းတတ်တယ် ဆိုတာကို လေ့လာ သိရှိထားတာကြောင့် ဖြိုခွင်းခံရမှုခြင်းအတူတူ နိုင်ငံရေးတောင်းဆိုမှုတွေပါ ထည့်သွင်းတောင်းဆိုမယ်လို့ ကြိုးတိုက်ထဲက ကျနော်တို့ နိုင်ငံရေးအကျဉ်းသား တချို့က ဆုံးဖြတ်လိုက်ကြပါတယ်။
“ဒါကမင်းတို့ ဆုံးဖြတ်ချက်နဲ့ မင်းတို့ပဲ။ ဒါပေမယ့် အစာငတ်ခံ ဆန္ဒမပြခင်ကြိုတင် ပြင်ဆင်ရမှာတွေကိုမင်းတို့ လုပ်ဆောင်ရမယ်။ ဒီလိုမှ မဟုတ်ရင် မင်းတို့ ၄ ရက် မကျော်ဘူး”လို့ ဦးမန်းဒါဝိတ်က အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အစာငတ်ခံ ဆန္ဒပြတဲ့အခါ တယောက် ကျ၊ တယောက်တက် စနစ်သုံးရေး တိုင်ပင် ကြတယ်။
ပထမ အဆင့် အလှည့်ကျ အစာငတ်ခံ ဆန္ဒပြကြမယ့်သူတွေက ကြိုးတိုက်ထဲက နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အစိုးရက ဖမ်းဆီး ထောင်ချထားသူတွေအပြင် သေဒဏ် ချမှတ်ခံထားတဲ့ ကြိုးသမားအများအပြားလည်း ပါဝင်ပါတယ်။
ကြိုးသမားဆိုတာက မနက်ဖြန်ဆိုတဲ့ အနာဂတ် ပျောက်ဆုံးနေသူတွေ ဖြစ်တာကြောင့် အာဇာနည်အဖြစ် သေဆုံးသွားလည်း ကောင်းတယ် ဆိုပြီး သဘောထား ရှိနေတာပေါ့။ တဖက်ကလည်း ဦးမန်းဒါဝိတ်ရဲ့ အကြံပြုချက်ကို ယုံကြည် လေးစားစွာနဲ့ ပြင်ဆင်ခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ ဝမ်းနုတ်ဆေးတွေ စားကြပြီး ဝမ်းစင်စင်သွားတဲ့အထိ ရေကိုသာ သောက်သုံးကြတယ်။ နောက်တနေ့ မနက်ကျတော့ ထောပတ် မရှိတဲ့အတွက် စားအုန်းဆီကို ဆားအနည်းငယ် ခတ်ပြီး လက်ဖက်ရည် ဖန်ခွက်ငယ် တလုံးနီးပါးကို ရေသောက် သလို မျိုချပြီး ကျနော်တို့ ကြိုးသမားတချို့နဲ့ နိုင်ငံရေးအကျဉ်းသားတချို့က အစာငတ်ခံ ဆန္ဒပြ ဖို့ ပြင်ဆင်ကြတယ်။
အဲဒီမှာပဲ ကြိုးတိုက်ကိုလာရောက် ဝေငှတဲ့ နေ့လယ်စာ ထမင်း၊ ပဲဟင်း၊ ငါးပိ ဆိုတဲ့ စားစရာတွေ ကိုလက်မခံလိုဘူးလို့ ငြင်းဆို လိုက်ကြတယ်။ အကြောင်းကတော့ အဆောင် အမှတ် ၃၊ ၄၊ ၅ မှ အစာငတ်ခံ ဆန္ဒပြသူတွေနဲ့အတူ အစာငတ်ခံ ဆန္ဒပြတာ ဖြစ် တယ်လို့ တိုက်ထောင်မှူး ဦးမင်းသူရွှေအုံး ကို ခေါ်ယူ အကြောင်းကြားခဲ့တယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ကျနော်တို့ အစာငတ်ခံ ဆန္ဒပြတာ ၁ ရက် ပြည့်သွားတဲ့ အချိန်အထိ ဘယ်ထောင် အာဏာ ပိုင် ကမှ ကျနော်တို့ အစာငတ်ခံ ဆန္ဒပြနေသူတွေကို ဘာဆိုဘာမှ မေးမြန်းခြင်း မရှိဘဲ ထောင်ပုံစံ ထမင်း၊ ဟင်းတွေကို လာပေးနေမြဲ ပေးနေပါတယ်။
ကျနော်တို့ကလည်း ဆက်ပြီး ငြင်းပယ်ဆဲ ငြင်းပယ်မြဲပါပဲ။ ထူးထူးခြား ခြားစက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းမှာတော့ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကြိုးတိုက်ကို ထောင် အာဏာပိုင်တွေက ဘယ်ထောင်ဝန်ထမ်းကိုမှ ပေးမဝင်တော့ဘဲ တိုက်ရဲ့ အပြင်ဘက်ကသာ စောင့်ခိုင်းပြီး ဘယ်အခန်းကဘာတွေ အော်ပြောနေသလဲ ဆိုတာတွေကိုပဲ မှတ်တမ်းယူနေခဲ့တယ်။
ဒီတော့ ကြိုးတိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကြိုးသမားတွေလည်း စိတ်မကျေနပ်မှုတွေ တိုးလားခဲ့ပြီး တေးရေးဆရာ နိုင်မြန်မာ ရေးတဲ့ “ကမ္ဘာမကျေဘူး”သီချင်း အပါအဝင် နိုင်ငံရေးတက်ကြွစေတဲ့ သီချင်းတွေကို တဦးစ နှစ်ဦးစ သီဆိုကြတယ်။
ကြိုးတိုက်ထဲကိုလည်း ဘယ်ထောင်ဝန်ထမ်းမှ ဝင်မလာခဲ့ဘဲ တဖက်တချက်က ကြိုးတိုက်အဝင် တံခါးတွေကို အပြင်က ချက်ထိုး ပိတ်ထားတယ် ဆိုတာ သိရတယ်။
ည ၉ နာရီထိုးလို့ အိပ်ဆောင်ပိတ် သံချောင်းခေါက်သံ၊ ခရာသံတွေကြားရင် ထောင်ဥပဒေ စည်းကမ်းအရ ခေါင်းချ အိပ်ရမှာ ဖြစ် ပေမယ့် ကြိုးတိုက်တွင်းက ကြိုးသမားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ က ဆန့်ကျင်အန်တုပြီး သံပြိုင် နိုင်ငံရေးသီချင်းတွေ သီဆို သံဟာ ကြိုးတိုက်အတွင်းကနေ ကျယ်ကျယ်လောင်လောင် ပျံ့ထွက် လာခဲ့ပါတယ်။
ည သန်းခေါင်ကျော် မနက် ၂ နာရီထိုးချိန်အထိ ကြိုးတိုက်တွင်းမှာ ဗိုလ်မှူးဟောင်း စာရေးဆရာ မောင်သော်က (NLD) ၊ လူ့ဘောင် သစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျ၊ ဒေါက်တာ တင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်)၊ ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်၊ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူ (NLD) ၊ လူ့ဘောင်သစ် ပါတီက ကိုမိုးဟိန်း၊ သေဒဏ်ကျခံနေရတဲ့ NLD ပါတီလူငယ် ကိုသန့်ဇော် တို့ကလည်း အလှည့်ကျ နိုင်ငံရေးမိန့်ခွန်းတွေ ပြောကြတယ်။
မေလ ၂၅ ရက်နေ့ မနက် ထောင်ဖွင့်ချိန် ရောက်တဲ့အခါ ကြိုးတိုက်တံခါးတွေကို လာရောက် ဖွင့်ပေးခြင်း မရှိတော့ပါ။ နေ့စဉ် မနက် တိုင်း လူရေတွက်တာအပါအဝင် အိပ်ဆောင်ဖွင့်ပြီး လုပ်နေကျ အခန်းတံခါးတွေဖွင့်၊ ဆီးခွက်၊ မိလ္လာခွက်တွေ သွန်ဖို့ သန့်ရှင်း ဖို့အတွက် အခက်အခဲဖြစ်နေခဲ့ပါပြီ။
အခန်းတွင်းဆီး၊ မစင် (မိလ္လာ) ခွက်တွေ ပြည့်လျှံလာနေတော့ အခက်အခဲတွေ ရှိလာသလို ကြိုးတိုက်ရှိ အကျဉ်းသားအားလုံး မကျေ မနပ် ဖြစ်လာ ကြပါတော့တယ်။
အဲဒီလို အချိန်မှာပဲ နေ့လယ်စာကို အရင်က ပုံမှန် လာဝေငှတာထက်စောပြီး ကြိုးတိုက်ထဲကို ထောင်ကျ အကျဉ်းသားတချို့နဲ့ လက်ထဲမှာ နံပါတ်တုတ်တွေ အသီးသီးနဲ့ ဝတ်စုံပြည့် ထောင် ဝန်ထမ်းတွေက ဝင်လာပြီး နေ့လယ်စာ ထမင်းနဲ့ ဟင်းတွေကို ဝေငှခဲ့တယ်။ အဲဒီမှာပဲ တတိုက်လုံးက လက်မခံပဲ ငြင်းဆိုလိုက်ကြတယ်။
ဆက်လက်ဖော်ပြပါမည်။