ခွက်ချင်းထိသံ၊ ပုလင်းချင်း ထိသံတွေလွင့်ပျံနေတဲ့ တာမွေမြို့နယ်ထဲက ဘီယာဆိုင်လေးတဆိုင်က မနက် အာရုဏ်တက်ချိန်ထိ တိုင် ဧည့်သည်တွေနဲ့ စည်ကားနေကြတုန်းပါပဲ။ သူတို့ ကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်ဖြစ်တဲ့ အီတလီနဲ့ အင်္ဂလန်ပွဲကို ကြည့်နေ ကြတာပါ။
English Premier League ကို အမြဲတမ်းစောင့်ကြည့်နေကြတဲ့ မြန်မာပရိတ်သတ်တွေအတွက်တော့ အင်္ဂလန်က စားသမား တွေနဲ့ပိုပြီး နီးစပ်မှုရှိတာကြောင့်လားမသိ အီတလီထက် အင်္ဂလန်ကို အားပေးတဲ့ ပရိတ်သတ်က ပိုများပါတယ်။ ပွဲအပြီးမှာတော့ အီတလီအသင်းက အင်္ဂလန် အသင်းကို ၂-၁ ဂိုးနဲ့ နိုင်သွားတော့ ဆိုင်ထဲမှာ ရှိတဲ့ စားပွဲဝိုင်းတွေ အကြားမှာ စုပ်သပ်သူကသပ် အောင်ပွဲခံပြီး ခွက်တိုက်သူကတိုက်နဲ့ အသံမျိုးစုံနေတော့တာပါပဲ။
စားပွဲဝိုင်းတချို့မှာ ထိုင်နေကြသူတွေရဲ့ မျက်နှာတွေက ပြုံးရွှင်နေသလို တချို့ စားပွဲဝိုင်းတွေမှာ ထိုင်နေကြတဲ့ လူတချို့ရဲ့ မျက်နှာတွေကတော့ မသာမယာနဲ့ ညည်းတွားပြောဆိုသံ တွေတောင် ကြားရပါတယ်။ တချို့ စားပွဲဝိုင်းတွေကတော့ တဝိုင်းနဲ့တဝိုင်း အပြန်အလှန် လှမ်းနောက်နေကြတာတွေ့ရပါတယ်။
“တွေ့တယ်မှတ်လား။ ငါက ဘယ်တော့မှ အင်္ဂလန် အသင်းကို မယုံဘူး။ မင်းသာယုံလို့ အခု ခံရပြီ။ ငါအခု တပုံး (ကျပ်တသိန်း) နိုင်ပြီ။ မင်းက လောင်းတာ အသင်းစွဲနဲ့ လောင်းတာကိုးကွ။ လောင်းကစား လုပ်တယ်ဆိုတာ အသင်းစွဲ လုပ်လို့မရဘူး။ စီးပွားရေး ကို စီးပွားရေးလို လုပ်မှရမှာကွ။ ဒီဝိုင်းကိုတော့ ငါရှင်းလိုက်မယ်” လို့ လှမ်းပြောသံကိုကြား လိုက်ရတယ်။
မြန်မာနိုင်ငံမှာ ဘောလုံးအားကစားဆိုရင် လူတော်တော်များများက အရူးအမူး အားပေးကြတယ် ဆိုတာကတော့ အံ့သြစရာ မလို ပါဘူး။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ဘရာဇီး အသင်း ပြင်သစ်ကို ရှုံးပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့လို့ ပွဲအပြီးမှာ ဘရာဇီးအသင်းကို အသဲစွဲ အားပေးခဲ့ကြတဲ့ မြန်မာ ပရိတ်သတ်တွေ လည်း အသဲကွဲခဲ့ရဖူးပါတယ်။
၁၉၉၄ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာတုန်းကလည်း ဘရာဇီးနဲ့ အီတလီ တို့တွေ့ဆုံရာမှာ အီတလီကစားသမား ဘက်ဂီယို ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် အီတလီအသင်း ဖလားလက်လွှတ်ခဲ့ရသလို ဘက်ဂီယိုကို အသဲစွဲ အားပေးတဲ့ မြန်မာ ပရိတ်သတ်တွေလည်း မျက်ရည်ကျခဲ့ရတာ မှတ်မိကြဦးမှာပါ။
နောက်ပိုင်းမှာလည်း လေးနှစ် တကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အကြိမ်ကြိမ်ကျင်းပခဲ့သလို ကျင်းပတဲ့ နှစ်တိုင်းမှာလည်း မြန်မာဘောလုံး ဝါသနာအိုးတွေက အရှုးအမူးအားပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဟိုအရင်ကလို ဘောလုံးကစားခြင်းကိုသာ ခုံခုံ မင်မင် အားပေးရုံမကဘဲ အလောင်းအစားလုပ်ပြီး အားပေးမှုတွေကလည်း တကြိမ်ထက် တကြိမ် အရှိန်အဟုတ်မြင့်လာ ပါတယ်။
“အခု ဘောလုံးလောင်းကစားတာက အရင်ခေတ်တွေကလို မဟုတ်တော့ဘူးဗျ။ ဖုန်းတွေလည်း ပေါလာတော့ ဖုန်းနဲ့ပဲ မတ်ဆေ့ချ် အပြန်အလှန်ပေးပို့ ပြီးလောင်းကြတော့တယ်။ ဒိုင်လုပ်တဲ့သူက လောင်းကြေးကို မတ်ဆေ့ချ်နဲ့ပို့တယ်။ ကျနော်တို့က ကိုယ်လောင်းချင်တဲ့ဟာကို ဘယ်လောက်လောင်းတယ်ဆိုတာ ပြန်ပို့လိုက်။ ပြီးရော။ ငွေပေးငွေယူကတော့ အမျိုးမျိုးရှိတာပေါ့။ တချို့က နေ့ချင်းရှင်း၊ တချို့က တပတ်ရှင်းပေါ့။ ယုံကြည်မှုပေါ်မူတည်တာပေါ့” လို့ ရန်ကင်းမြို့နယ်က ကိုအောင်မျိုးက ဧရာဝတီကို ပြောပြတယ်။
မြန်မာနိုင်ငံက ဘောလုံးလောင်းကစားမှုဟာ ဒေသတွင်း အာရှနိုင်ငံများနှင့်လည်း မတူသလို အနောက်နိုင်ငံတွေနဲ့လည်း ကွဲပြားကြောင်း မရမ်းကုန်းမြို့နယ်ရှိ လောင်းကစားဒိုင်တဦးက ဧရာဝတီကို ပြောပြတယ်။
“ဒီမှာက လောင်းကြေးကို ကြိုဖွင့်လေ့ မရှိဘူးဗျ။ ဘယ်သူမှလည်း မလောင်းကြသလို ဘယ်ဒိုင်မှလည်း မလုပ်ကြဘူး။ အခု နောက်ပိုင်း လက်ကြီးကစားကြတဲ့ သူတွေကြားမှာ ခေတ်စားလာတဲ့ အင်တာနက် လောင်းကစား ဝက်ဆိုက်ဒ်မှာလည်း ဒီအတိုင်းပဲ။ မနက်ဖြန်ကန်မယ့်ပွဲ လောင်းကြေးကို ဒီနေ့မှဖွင့်တာ” လို့ သူကဆက်ပြောတယ်။
အင်တာနက် လောင်းကစား ဝက်ဘ်ဆိုဒ်မှာ လောင်းကစားကြတာက အသင်းဝင်တယောက် ဖြစ်ဖို့ဆိုရင် အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ ၅၀ ကြား ငွေသွင်းထားရပြီး အသင်းဝင်မဟုတ်တဲ့သူ ဆိုရင် အဲဒီဆိုဒ်ကို ဝင်ကြည့်လို့တောင် မရဘူးလို့ ဆိုပါတယ်။
ကိုယ်သွင်းထားတဲ့ ငွေပမာဏပေါ် မူတည်ပြီး တော့ လောင်းကြေးဖွင့်ထားတဲ့ ပွဲတွေကိုရွေးပြီး ကိုယ်လောင်းချင်တဲ့ ပမာဏနဲ့ လောင်းကြတယ်။ သွင်းငွေ ကုန်သွားမယ်ဆိုရင်တော့ အဲဒီလူက ထပ်လောင်းလို့မရဘူး။ ငွေထပ်သွင်းမှ လောင်းလို့ရတယ်။ ကိုယ်နိုင်လို့ ငွေထုတ်ချင်တယ်ဆိုရင်လည်း ဘဏ်မှာပြန်ထုတ်လို့ရအောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
“ဝက်ဘ်ဆိုဒ်မှာလောင်းတာက စိတ်အချရဆုံးပဲ။ ဖုန်းမက်ဆေ့ချ်ဆိုရင်တောင် တကယ်တမ်းစစ်ဆေး မယ်ဆိုရင် စစ်ဆေးလို့ ရသေးတယ်။ အခုကဘယ်သူ မှမသိတော့ဘူးလေ။ ဒါပေမယ့် ငွေကြေးနည်းနည်းနဲ့ တော့မရဘူး။ တပတ်မှာ အနည်းဆုံး ကျပ် ၁၀ သိန်း ဖိုးလောက်မှ အဝင်အထွက်မလုပ်ရင် အဲဒီလူကိုလည်း မန်ဘာအဖြစ်က ပြန်ထုတ်ပယ်တတ်တယ်” လို့ လောင်းကစား ဝက်ဘ်ဆိုဒ် အသင်းဝင်တဦးက ရှင်းပြပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလားပွဲကတော့ လောင်းကစား ကြသူတွေကြားမှာ ခေတ်စားနေပေမယ့် လောင်းကစားမလုပ်ဘဲ ဘောလုံးကိုသာ အားပေးကြတဲ့ ပရိတ်သတ်တွေကြားမှာ အရင်နှစ်တွေကလောက် ရေပန်းစားမှု အနည်းငယ် လျော့နည်းတယ်လို့ တချို့ ဘောလုံးပရိတ်သတ်တွေက သုံးသပ်ပြောဆိုသံတွေလည်းကြားရပြန်ပါတယ်။
တောင်အမေရိကတိုက်ရဲ့ ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ဒီနှစ် ကမ္ဘာ့ဖလားကို မြန်မာပြည်က ဝါသနာအိုးတွေ အားပေးမှု လျော့နည်း ရတဲ့ အဓိက အကြောင်းရင်းတရပ်က ဘောလုံးပွဲကန်ချိန်က မြန်မာစံတော်ချိန်နဲ့ မကိုက် ညီကြတာကြောင့်လို့ တချို့ကဆိုကြ ပါတယ်။
ပွဲကြီးပွဲကောင်းတော်တော်များများဟာ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲ၊ ၄ နာရီခွဲ စတဲ့ အချိန်တွေမှာ ယှဉ်ပြိုင် ကစားတာဟာ အခြေခံလူတန်းစားများပြီး နေ့ခင်းပိုင်းတွေမှာ ဝမ်းရေး အတွက် အလုပ်လုပ်ကြရမယ့် မြန်မာတွေအတွက် အကန့်အသတ်လို ဖြစ်တာပါ။ သူတို့အတွက်တော့ ကမ္ဘာ့ဖလားပွဲရှိတဲ့ တလတာ အချိန်ကာလမှာ အလုပ်ကနေ အနားယူလို့ကို မဖြစ်တဲ့ အခြေအနေပါ။
“ဒီနှစ်ကျင်းပချိန်က အချိန်နည်းနည်း နောက် ကျတော့ တချို့ကကိုယ့်အလုပ်နဲ့ချိန်ပြီး သိပ်အိပ်ရေး အပျက်မခံကြတော့တာလို့ ထင်တယ်။ နောက်ပြီးတော့ ရုပ်သံလိုင်းမှာဆိုရင်လည်း ထုတ်လွှင့်ခွင့်ကို Sky Net က မူပိုင် သိမ်းလိုက်တာကြောင့် Sky Net မရှိတဲ့ သူတွေကြတော့ ကြည့်ဖို့ အခက်ခဲဖြစ် သွားတာလည်းပါမယ်။ မြန်မာ့အသံက အခုနောက်ပိုင်း တချို့ပွဲတွေကို ပြတယ် ဆိုပေမယ့် တချို့ကသိပ် မသိကြတော့ဘူး” လို့ ကိုအောင်မျိုးဝင်း က လက်ရှိအခြေအနေတွေကို ရှင်းပြပါတယ်။
တချို့က နေအိမ်မှာ Sky Net ရုပ်သံလိုင်းကို တပ်ဆင်ထားပေမယ့် တကယ်တမ်း အခမပေးရဘဲ ကြည့်ရှု့ခွင့်ရှိတဲ့ ရုပ်သံလိုင်း လောက်သာ ကြည့်ကြပြီး ကမ္ဘာ့ဖလားနီးတော့မှ ငွေသွင်းကြသူတွေရှိသလို တချို့ကတော့ ပွဲစဉ် ကစားမယ့် အချိန်တွေ နောက်ကြတာကြောင့် ကြည့်ဖို့စိတ်ကူး မရှိတော့လို့ ငွေမသွင်းတော့ဘဲ ကိုယ်ကြည့်ချင်တဲ့ ပွဲလောက်သာ နီးစပ်ရာ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ သွားကြည့်ကြတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးအောင်ကိုကလည်း ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က Sky Net ရုပ်သံလိုင်းရဲ့ ငွေသွင်းပမာဏကို ပြသမယ့်လိုင်းပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့တာကြောင့် တချို့ ဘောလုံးပရိတ် သတ်တွေကြားမှာ Sky Net အပေါ် အမြင်ကြည်လင်မှု သိပ်မရှိတာကလည်း ဒီနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ရှုတာမှာ သက်ရောက်မှု ရှိမယ်လို့ ဦးအောင်ကိုက ယူဆနေပါတယ်။
“Sky Net အပေါ် အခပေးကြည့်တဲ့သူတွေက သိပ်အမြင်မကြည်လင်တာတော့ အမှန်ပဲ။ ကျနော် ဆိုလည်း ရွေးချယ်စရာ မရှိလို့သာ ကြည့်နေရတာ။ သူတို့က တကယ့်ပွဲကောင်းတွေ ကြည့်မယ်ဆိုရင် လွှင့်သမျှလိုင်းတွေ အကုန်ဝယ်မှ ရမယ့် အနေ အထားမျိုး ခွဲခြားလိုက်တော့ ကိုယ့်ပရိတ်သတ်ကို တကယ် စေတနာ မရှိဘူးဆိုတာ ထင်ရှားတယ်။ ဒါတောင်မှ ကိုယ့်မှာက စီးပွားရေးကလည်း ရှိနေသေးလို့ လိုင်းအကုန်ကို ငွေသွင်းထားတာ” လို့ သူကပြောပါတယ်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ ၂၂ ပွဲ အခမဲ့ပြသရမှာ ဖြစ်ပေမယ့် မြန်မာပြည်မှာ ၈ ပွဲသာ ပြမယ်လို့ အစိုးရက ကြေညာပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပြသတဲ့ဆိုင် တွေလည်း လျော့နည်းခဲ့တာကို တွေ့ရတယ်။ အရင် က ကျောက်မြောင်း၊ သတိပဌာန် လမ်းတလျှောက် ဘောလုံးပွဲချိန်ဆိုရင် စည်ကားပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပချိန်မှာ တချို့ဆိုင်တွေက ပိတ်ပြီး မပြသတာကို တွေ့ရပါတယ်။
“ပွဲကျင်းပချိန်က အရမ်းနောက်ကျတော့ လာကြည့်ကြမယ့်လူတွေက ပြသတဲ့အချိန်မှာ တော်တော် လေးမူးနေတတ်လို့ မပြတော့ဘူး။ ကျနော်တို့ကတော့ ကိုယ်လည်း ကြည့်ချင်တာကြောင့်သာ ဆိုင်ကိုဆက် ဖွင့်ထားတာ။ ဆိုင်ဝန်ထမ်းတွေမှာလည်း မိုးလင်းပေါက်လိုဖြစ်ကြတော့ ပင်ပန်းကြတယ်” လို့ သတိ ပဌာန်လမ်းက ဘီယာဆိုင်မန်နေဂျာတဦးက သူမြင်တွေ့နေရတဲ့ အခြေအနေကိုရှင်းပြပါတယ်။
ကြည့်ရှုသူ လျော့နည်းပေမယ့် လောင်းကြတဲ့ သူတွေကြားမှာတော့ ၄ နှစ်မှတကြိမ်မှ ရတဲ့ အခွင့်အရေးမို့ လက်မလွှတ်စတမ်း လောင်းကြတယ်။ English Premier League ပွဲစဉ်တွေမှာ လောင်းကြတဲ့ ပမာဏထက် ပိုများကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်က လောင်းကစားဒိုင်တဦးက ဆိုပါတယ်။
ဒီအထဲမှာ သူ့အတွက်လည်း တရက်ကို ကျပ် ၃ သိန်းလောက် ဝင်ငွေရှိပြီး ဒါဟာလည်း English Premier League ပွဲစဉ်တွေရှိတဲ့ ကာလတွေထက် ဝင်ငွေပိုရသလို ကမ္ဘာ့ဖလားပွဲက နေ့စဉ်ရှိနေတဲ့အတွက်သူ့အတွက်လည်း ပုံမှန် ရရှိနေတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ တနေ့တာ လည်ပတ်ငွေက ကျပ်သိန်း ရာဂဏန်းရှိပေမယ့် သူကိုယ်တိုင်ကလည်း ဒိုင်ချုပ်တဦးမဟုတ်ဘဲ သူ့ထံမှာ ငွေထုတ်ရင်းတဲ့ ဒိုင်ချုပ်တဦး ရှိတယ်လို့သိရပါတယ်။ သူ့လက်အောက်မှာလည်း အသေးစားလောင်းကြတဲ့ ကောင်မရှင်စား ဒိုင်လေးတွေ ၁၀ ဦးထက်မနည်း ရှိတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ (၁) လုံး လောင်းကစားလို့ လူသိများတဲ့ ဘောလုံးလောင်းကစားမှုက အမြစ်တွယ်နေတာ ၁၀ စုနှစ်ထက် မနည်းရှိနေပါပြီ။ ငွေပေး ငွေယူ အရှုပ်အရှင်း ဖြစ်လာခဲ့မယ်ဆိုရင် အာဏာပိုင်တွေကို အကူညီတောင်းလို့မရတဲ့ အနေအထား ဖြစ်တာကြောင့် လောင်းကစားဒိုင်နဲ့ ကစားသမားကြားမှာ ယုံကြည်မှု တခုတည်းကိုသာ အားကိုးနေကြရကြောင်း မြောက်ဒဂုံ မြို့နယ်က ကော်မရှင်စား ဒိုင်တဦးက ပြောပြတယ်။
သူနေထိုင်ရာနေရာမှာ လောင်းကစားဒိုင် တဦးအဖြစ် နာမည်ထင်ရှားမှုမရှိအောင် နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံရဲ့ လောင်းကစားဒိုင်တွေ အနေနဲ့ တနှစ်မှာ အမေရိကန်ဒေါ်လာ သန်းချီတဲ့ ပမာဏလောက် လည်ပတ်နေကြဖို့ လိုတယ်ယ်လို့ လည်း ဆိုပါတယ်။
လောင်းကစားကနေရတဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် ပြန်လုပ်ဖို့ဆိုတာလည်း လက်ရှိ အိမ်ခြံမြေ လောကမှာအသုံးပြုတာ အကောင်းဆုံးလို့ ယူဆတယ်လို့ မရမ်းကုန်မြို့နယ်က လောင်းကစားဒိုင် တဦးက ရှင်းပြပါတယ်။
“ကိုယ့်ငွေကို အခု အခွန်ဥပဒေအသစ်အရ ဝင်ငွေရလမ်း မပြနိုင်တဲ့ ငွေအဖြစ် ၃၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်ရင်ပဲ ငွေက ဖြူသွားပြီ။ ကိုယ်က ဒိုင်အသေးလေးတွေနဲ့ကြားမှာ လက်ခွဲဒိုင်လေးတွေ လည်းထားတာကြောင့် ဘယ်သူကမှ ကိုယ့်စီးပွား ရေးကို မသိနိုင်တော့ဘူး။ တဖက်မှာ ကိုယ့်လုပ်ငန်းကလည်း ရှိနေတော့ ကိုယ့်စီးပွားရေး အမှန်ကို ဘယ်သူကသိတော့မှာလဲ” တဲ့ …။