[irrawaddy_gallery]
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ညဈေးတွေဟာ နိုင်ငံတကာက လာလည်တဲ့ ဧည့်သည်တွေအတွက် မသွားမဖြစ် သွားရောက်လည်ပတ်ရမယ့် နေရာတခုလို့ ဆိုရင်လည်း မမှားပါဘူး။ ချင်းမိုင်မြို့ရဲ့ ပေါ်ပြူလာဖြစ်တဲ့ နေရာတွေ အနက် ညဈေးတွေဟာ လူကြိုက်အများဆုံးနေရာတွေ ဖြစ်ပါတယ်။ အဲဒီညဈေးတွေထဲက တနင်္ဂနွေ ညဈေး က တော့ အစည်ကားဆုံးလို့ ဆိုရမှာပါ။
ချင်းမိုင်မြို့မှာ စနေဈေး၊ တနင်္ဂနွေ (Sunday Walking Street )၊ Night Bazzar စတဲ့ ညဈေးတွေဟာ ဆယ့်နှစ် ရာသီပတ်လုံး ကြိတ်ကြိတ်တိုးအောင် စည်ကားလေ့ရှိပါတယ်။ အဲဒီဈေးတွေမှာ ရောင်းနေတဲ့ ပစ္စည်းတွေက တော့ လက်မှုပစ္စည်းမျိုးစုံ၊ အဝတ်အထည်တွေ၊ ကလေးအသုံးအဆောင် ပစ္စည်းတွေနဲ့ အစားအသောက်မျိုးစုံ တို့ကို ရောင်းချကြပါတယ်။
ရောင်းချနေတဲ့ ပစ္စည်းအားလုံးနီးပါးရဲ့ ဈေးနှုန်းတွေဟာလည်းပဲ လူတန်းစားမရွေး ဝယ်ယူနိုင်တဲ့ နှုန်းထားတွေ ပါ။ ညဈေးတွေကို လာတဲ့သူတွေဟာ ပစ္စည်းဝယ်ယူတာထက် ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ လူအုပ်ကြီးကြား မှာ လမ်းလျှောက်ရတာကို ပိုပြီးသဘောကျကြပါတယ်။ လူတွေ ထူထပ်ပြွတ်သိပ်နေပေမယ့်လည်း တဦးကိုတဦး စိတ် အနှောင့်အယှက် လုံးဝ မဖြစ်စေရပါဘူး။
ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့တော်လို့ လူသိများတဲ့ ချင်းမိုင် (ခေါ်) ဇင်းမယ်မြို့ဟာ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့ တော် ဖြစ်တာကြောင့် ရှေးဟောင်း အငွေ့ အသက်ကို ခံစားရနိုင်သလို တောတောင်တွေ ပတ်လည်ဝိုင်းရံနေ တာ ကြောင့် အေးချမ်းသာယာလှတဲ့ ရာသီဥတုကိုလည်း ခံစားရပါတယ်။
ညဈေးတွေရဲ့ ဖွဲ့စည်းထားပုံကလည်း ရှည်လျားတဲ့ ကားလမ်းမတွေကို ပိတ်ပြီး လုပ်ထားတာပါ။ တနင်္ဂနွေဈေး ကတော့ ကျုံး ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် ဆက်သွယ်ထားတဲ့ မြို့ဟောင်း လမ်းမရှည်ကြီးပေါ်မှာ ဖြစ်ပါတယ်။ အစားအသောက်၊ အဝတ်အထည်စတဲ့ ပစ္စည်းမျိုးစုံ ရောင်းကြပေမယ့် အမှိုက်မရှုပ်၊ ညစ်ပတ်မှု လုံးဝ မရှိတာ ဟာလည်း ဈေးကိုလာရောက်သူတွေအတွက် ဆွဲဆောင်မှု တခုလို ဖြစ်နေပါတယ်။
နိုင်ငံတကာ ခရီးသွားတွေ စိတ်ဝင်စားတာကတော့ လက်မှုပစ္စည်းတွေ ဖြစ်ပါတယ်၊ ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် အုန်းသီးကိုအထဲက အသားတို့ အရည်တို့လောက်ပဲ စားသောက်ပြီး အခွံကို လွှင့်ပစ်လေ့ရှိပေမယ့်၊ ထိုင်းနိုင်ငံ မှာတော့ အတိုအစ ထည့်လို့ရတဲ့ ခွက်တွေ၊ ဇွန်း၊ ပန်းကန်လုံးစတဲ့ လှပ နှစ်လိုဖွယ်ကောင်းတဲ့ အသုံးအဆောင် ပစ္စည်းလေးတွေအဖြစ် ပြုလုပ်ပြီး ထိုင်းဘတ်ငွေ ၁၀ ကနေ ၅၀၊ ၁၀ဝ အထိ ဈေးတွေနဲ့ ရောင်းချလေ့ရှိပါတယ်။
တန်းဖိုးမရှိတဲ့ အုန်းသီးခွံတွေကို ပုံစံမျိုးစုံ ပြုလုပ်ပြီး တန်ဖိုးရှိလာအောင်၊ စိတ်ဝင်စားစရာဖြစ်အောင် လုပ်တတ် တဲ့ စိတ်ကူးဟာလည်း အတုယူစရာကောင်းတဲ့ အရာတခုပါ။ အလားတူ ဝါးလုံးတွေကိုလည်း အသုံးအဆောင် ပစ္စည်းလေးတွေ ပြုလုပ်ရောင်းချကြပါတယ်။
ညဈေးတွေကို လာလည်သူတွေအတွက်တော့ ထိုင်း အမှတ်တရ ပစ္စည်းတွေဝယ်မယ်ဆိုရင် တပုံတပင်ပါ။ ခဏ တာ လာလည်ပြီး ပြန်ရမယ့်သူတွေအတွက် အိမ်ပြန်လက်ဆောင်တွေ၊ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေကိုပေးဖို့ လက်ဆောင်တွေ ဝယ်မယ်ဆိုရင် ရွေးစရာပစ္စည်းတွေက အစုံပါပဲ။ အမှတ်တရ ပစ္စည်းတွေထဲမှာ အများဆုံးတေ့ွ မြင်ရတာကတော့ အရွယ်စုံ ဆင်ရုပ်လေးတွေပါ။ ထိုင်းလူမျိုးတွေဟာ ဆင်တွေကို အလေးအမြတ်ထားလေ့ရှိပြီး၊ ညဈေးတွေအပြင် ရှော့ပင်းစင်တာတွေနဲ့ မြို့ထဲက နေရာ အတော်များများမှာလည်း ဆင်ရုပ်တွေကို ရောင်းကြ ပါတယ်။
ဆင်ရုပ်တွေကို ကျွန်းသစ်လိုမျိုး မာကျောတဲ့ သစ်သားတွေနဲ့ ထုလုပ်ထားတာဖြစ်ပြီး၊ သုတ်ဆေး အနက်ရောင်၊ အညိုရောင်တွေ ဆိုးပြီး ရောင်းချကြပါတယ်။ ညဈေးတွေမှာ ရောင်းချတဲ့ ဆင်တကောင်ကိုတော့ ၁၀ ဘတ် ( ကျပ် ၃၀ဝ ဝန်းကျင် ) ကနေ ဘတ် ၃၀ဝဝ၊ ၅၀ဝ၀ အထိ ဈေးရှိပါတယ်။
ဒါ့အပြင် သွပ်ကိုအသုံးပြုပြီး ဒီဇိုင်းမျိုးစုံ ပစ္စည်းတွေဖြစ်တဲ့ လှပတဲ့ နတ်ရုပ်၊ မယ်တော် ရုပ်တုလေးတွေ၊ ပန်း ကနုတ်ဖော်ထားတဲ့ ခွက်၊ ဖလား၊ နံရံကပ် အလှဆင်ပစ္စည်းတွေ လုပ်ထားတာကလည်းပဲ စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ ညဈေးမှာရောင်းတဲ့ ပစ္စည်းတွေထဲမှာ ကလေးငယ်တွေ၊ လူငယ်လေးတွေ ကြိုက်နှစ်သက်မယ့် ဖန်စီအရုပ်လေးတွေ အများအပြားလည်း ရှိပါတယ်။
ရိုးရာ ချည်ထည် အဝတ်အစား မျိုးစုံ၊ ခြုံထည်ပဝါ၊ လည်စည်း၊ တဘက်၊ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ်၊ ခြေညှပ် ဖိနပ် စတဲ့ ပစ္စည်းတွေကိုလည်း ကလေး၊ လူကြီး အရွယ်စုံရောင်းကြပါတယ်။
ညဈေးတွေမှာ ရောင်းချနေတဲ့ အဝတ်အထည်တွေ အနက် ရိုးရာချည်ထည်တွေဟာ နိုင်ငံခြားသားတွေအတွက် အထူးနှစ်သက်စရာ ပစ္စည်းဖြစ်ပါတယ်။ နိုင်ငံခြားသား အများစုဟာလည်းပဲ ရိုးရာချည်ထည်တွေကို အလေး ထား ဝယ်ယူလေ့ ရှိကြပါတယ်။ ဈေးနှုန်းတွေကလည်း သင့်တင့်တဲ့ ဈေးနှုန်းတွေပါ။ ဘတ်ငွေ ၁၀ဝ ဝန်းကျင် ကနေ ၅၀ဝ ဝန်းကျင် ပစ္စည်းတွေဖြစ်ပါတယ်။ တချို့ပစ္စည်းတွေကတော့ ဘတ်ငွေ ၁၀ဝ၀ ဝန်းကျင်လောက် ရှိပါတယ်။
တနင်္ဂနွေဈေးတန်းဘေးမှာ မြန်မာ့ပန်းချီပြခန်း တွေလည်းရှိပြီး ထိုင်းနိုင်ငံသားတွေရဲ့ ပန်းချီပြခန်းတွေ၊ နိုင်ငံ ခြား သား ပန်းချီဆရာတွေရဲ့ ပန်းချီပြခန်း တွေကိုလည်း ညဈေးတန်းလျှောက်ရင်း ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါ တယ်။
ဈေးတန်းလျှောက်ရင်း အညောင်းမိပြန်ရင်လည်း လမ်းဘေးက မာဆတ်တွေမှာ နာရီဝက်၊ တနာရီ အနှိပ်ခံလို့ရ ပါသေးတယ်။ မာဆတ် ( Massage) လို့ ပြောလိုက်ရင် မကောင်းတဲ့ နေရာတခုလို မြန်မာပြည်မှာ ယူဆတတ် ကြပေမယ့် ထိုင်းမှာတော့ အညောင်း အညာပြေ အနှိပ်ခံ၊ ဇိမ်ခံ အနားယူတဲ့ သဘောပါပဲ။ ထိုင်းနိုင်ငံရဲ့ မာ ဆတ်လုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းကြီးတခုလို ဖြစ်နေပါတယ်။
လမ်းဘေးမှာဖြစ်စေ၊ ခြံဝင်းထဲမှာဖြစ်စေ ပက်လက် ကုလားထိုင်လေးတွေ တန်းစီထားပြီး ခုံပေါ်မှာ လဲလျောင်း နေပေးလိုက်ရင် နှိပ်ပေးတဲ့သူက ခြေထောက်ကနေ ခေါင်းအထိ နှိပ်ပေးပါတယ်။ နှိပ်ပေး သူတွေဟာလည်း အ မျိုးသားရော အမျိုးသမီးပါ ရှိပြီး နှိပ်ပေးတဲ့အခါလည်း ညင်ညင်သာသာလေးပါပဲ။ ခြေထောက်သီးသန့်ပဲ အနှိပ် ခံချင်ရင်လည်းရပါတယ်။ ဈေးနှုန်းလည်း ချိုသာပါတယ်။
ညဈေးနဲ့ကပ်နေတဲ့ လမ်းဘေးက အိမ်တချို့ကလည်း စားသောက်ဆိုင်၊ ကော်ဖီဆိုင်လေးတွေ ဖွင့်ထားကြပြီး အနောက်တိုင်း သီချင်းတွေ၊ ထိုင်းသီချင်းတွေကို စားသောက်ရင်း နားထောင်၊ အနားယူ အပန်းဖြေကာ ဈေး တန်းလျှောက်နေတဲ့ လူတန်းကြီးကိုလည်း မျက်စိ စားပွဲထိုင်ရင်း အပန်းဖြေနိုင်ပါတယ်။
ညဈေးတွေမှာ ရောင်းတဲ့သူတွေဟာလည်း ထိုင်းနိုင်ငံသားတွေရော မြန်မာနိုင်ငံကလာတဲ့ ရှမ်း၊ အခါ၊ ကချင်၊ ကရင်၊ မွန်၊ ဗမာ စတဲ့ တိုင်းရင်းသားတွေနဲ့ တခြား တိုင်းရင်းသားတွေ အစုံရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ က နေအခက်အခဲမျိုးစုံကြောင့် ရောက်လာကြတဲ့ ရွှေမြန်မာတွေအတွက်တော့ ချင်းမိုင်ည ဈေးတွေဟာလည်း အ လုပ် အကိုင် အခွင့်အလမ်းအတွက် မျှော်လင့်စရာ နေရာဆိုရင်လည်း မမှားပါဘူး။
နိုက်ဘဇား (Nignt Bazzar) လို့ အမည်ရတဲ့ ညဈေးမှာဆိုရင် အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဈေးအတွင်းကို လှည့်ပတ်ကြည့်ရင် ဗမာစကားပြောသံတွေကို ကြားရမှာဖြစ်ပြီး မြန်မာပြည်ထဲက နေရာတခုကို ရောက်နေသလိုပါပဲ။
ညဈေးကို လာကြတဲ့သူတွေထဲမှာ အရွယ်စုံကို တွေ့မြင်ရတတ်ပြီး အများစုကတော့ လူငယ်တွေဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေ၊ တရုတ်၊ ကိုးရီးယား စတဲ့ အာရှသားတွေ၊ အနောက်နဲ့ဥရောပ နိုင်ငံအစုံက လူတွေကို တွေ့ရ တတ်ပါတယ်။ ထူးခြားတာက နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး စည်ကားနေတာပါပဲ။ ဘယ်နေ့ပဲဖြစ်ဖြစ် လူ တွေတိုးမပေါက်အောင် စည်ကားပါတယ်။
တနင်္ဂနွေညဈေး အပါအဝင် ချင်းမိုင်မြို့ ညဈေး တွေဟာ လာလည်တဲ့ ဧည့်သည်တွေကို ဆွဲဆောင်တဲ့ နေရာ တခု ဖြစ်သလို လူအများကလည်းပဲ အလုပ်အကိုင်တွေ ရကြပါတယ်။
အခုအခါမှာ မြန်မာနိုင်ငံမှာလည်း ခရီးသွား လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတာတွေ ရှိ နေပြီဆိုတော့ နိုင်ငံတကာ ဧည့်သည် တွေအတွက် ဆွဲဆောင်မှုရှိတဲ့ လည်ပတ်စရာနေရာတွေ ဖန်တီးပေးသင့် ပါတယ်။ အဲဒီလို တည်ဆောက် ပေးမယ် ဆိုရင်လည်း စနစ်တကျ ဆောင်ရွက်ပေးဖို့ လိုအပ်သလို သန့်ရှင်း သပ် ရပ်မှုဟာလည်း အလွန် အရေးကြီးပါတယ်။
ရန်ကုန်မြို့ကြီးလို နေရာမျိုးမှာ ညဈေးတွေ ဖန်တီးပေးနိုင်မယ့် နေရာတွေ အများအပြား ရှိပါတယ်။ ဥပမာ- ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းမကြီး၊ ဘားလမ်း စတဲ့နေရာတွေမှာ လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် အဲဒီ လမ်းမကြီးတွေကို ဖြတ်သန်းသွားနေတဲ့ မော်တော်ကားတွေကို လမ်းကြောင်း ဘယ်လိုပြောင်း ပေးမလဲ၊ ကား လမ်းတွေ မပိတ်ရအောင် ဘယ်လိုဆောင် ရွက်မလဲဆိုတာတွေကိုတော့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်မှာပါ။ အဲဒီနေရာတွေက ရုံးတက်ရုံးဆင်းချိန် တွေမှာဆိုရင်တောင်မှ ကားလမ်းတွေ ပိတ်ဆို့နေလေ့ရှိတဲ့ နေရာ ဖြစ်လို့ ပါပဲ။
ရန်ကုန်မြို့တော် ခန်းမရှေ့က ကွင်းပြင်မှာလည်း မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း လက်ထက်က ည ဈေးလုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ထွက်ရှိလာမယ့် အမှိုက်တွေ၊ အညစ်အကြေးတွေကြောင့် ပတ်ဝန်းကျင်ညစ်ပတ်မှာကို အကြောင်းပြပြီး ပျက်ပြယ်သွားခဲ့ပါတယ်။
ချင်းမိုင်က ညဈေးတွေဟာ ရန်ကုန်မြို့တော်ခန်း မရှေ့က နေရာထက် ရှည်လျှားပြီး ဈေးဆိုင်ပေါင်း သောင်းချီရှိ ပါတယ်၊ ဈေးကို လာရောက်သူတွေဟာလည်း မရေတွက်နိုင်လောက်ပါပဲ။ ဒါပေမယ့် လူတွေ အားလုံးဟာ ကိုယ့် အသိစိတ်ဓာတ်နဲ့ကိုယ် အမှိုက်ကို စနစ်တကျ စွန့်ပစ်လေ့ရှိသလို စည်ပင်သာယာကလည်း စနစ်တကျဖြစ် အောင် ဆောင်ရွက်ပေးထား ပြီးသားပါ။
စည်ပင်သာယာကလည်း အမှိုက်တွေကို ဘယ်မှာပစ်ရမယ်ဆိုတာကို စနစ်တကျ စီစဉ်ဆောင်ရွက် ပေးထားတဲ့ အတွက် အမှိုက်ပစ်သူ တွေကလည်း စနစ်တကျ စွန့်ပစ်တာတွေ့ရပါတယ်၊ စည်ပင်သာယာ အဖွဲ့ အနေနဲ့ ဈေးခ ကောက်တာ၊ အခွန်ကောက်တာလောက်ပဲ စိတ်ဝင်စားမယ်ဆိုရင်တော့ ဘာမှ တိုးတက်ပြောင်းလဲမှု ရှိလာမှာ မ ဟုတ်ပါဘူး။ အခွန်ကောက်လို့ ရတဲ့ ငွေတွေနဲ့ ဈေးတွေ၊ ရပ်ကွက်တွေနဲ့ မြို့ရဲ့ လိုအပ်ချက်တွေကို စနစ်တကျ ပြန်လည် အကျိုးပြုပေးဖို့လည်း လိုအပ်ပါတယ်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့တွေ၊ စည်ပင်သာယာရေး အဖွဲ့တွေကသာ စေတနာအပြည့် အဝနဲ့ ဆောင် ရွက်ပေးမယ်၊ ရှေ့ဆောင်လမ်းပြ လုပ်ပေးမယ်ဆိုရင် ပြည်သူတွေကလည်း သူ့အသိစိတ်နဲ့သူ အလိုလို ပြောင်း လဲလာမှာ အသေအချာပါပဲ။ ပြည်သူတွေကို စည်းကမ်းမဲ့လွန်းတယ်လို့ အပြစ်တင်နေရုံနဲ့ တော့ဘာမှ ထူးခြား လာမှာ မဟုတ်ပါဘူး။
နိုင်ငံတကာ ခရီးသွားဧည့်သည် အဝင်အထွက် များပြားလာတဲ့ မြန်မာနိုင်ငံအနေနဲ့ ညဈေးတွေကို မြို့ကြီးတွေ တိုင်းမှာ မလုပ်ဆောင်နိုင်သေးရင်တောင် လူဦးရေများပြားတဲ့ ရန်ကုန်မြို့ကြီးမှာတော့ ဆောင် ရွက်ပေးသင့် ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို လာလည်ကြတဲ့ နိုင်ငံခြားသားတွေကို ချင်းမိုင်မြို့မှာ ဘယ်နေရာ အကြိုက်ဆုံးလဲ မေး ရင်တော့ အများစု က ညဈေးတန်းတွေပါလို့ပဲ ရည်ညွှန်းလေ့ရှိကြပါတယ်။ ထူးခြားတာကတော့ ညဈေးကြီးဟာ နံနက် မိုးလင်းချိန် ရောက်ရင်တော့ ညတုန်းက စည်ကား နေခဲ့တဲ့ ဈေးတန်းကြီးတခုလို့ မထင်ရလောက်ကို သန့်ရှင်းသပ်ရပ်နေလေ့ရှိနေတာပါပဲ။