“အုတ် ကျစ် ကျော် အေး – မန္တလေး” ဆိုတဲ့ ရာဇဝင်သင်္ကေတအရ ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့် ကျော် ၇ ရက် နေ့မှာ ခုနစ်ဌာနနဲ့ တပြိုင်နက်တည်း တည်ခဲ့တဲ့ မန္တလေးမြို့တော်ဟာ “အင်း ဂ လိပ် တက် – မန်းမြို့ပျက်” ဆိုတဲ့ ဥဒါန်းစကားနဲ့ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် (၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်) နေ့မှာ ပျက်သုဉ်းခဲ့ရ ပါတယ်။ ဒီအချိန်က စပြီး မြန်မာတပြည်လုံး သူ့ကျွန်လက်အောက် ရောက်ရတာပဲ မဟုတ်လား။
မန္တလေးက ဘုရင့် မင်းနေပြည်တော် ဖြစ်ခဲ့တယ်၊ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက မြို့တည် နန်းတည် ခုနစ်ဌာနမှာ ကျုံးတော်၊ ရွှေမြို့တော်ဆိုတာ၊ နိုင်ငံနဲ့ အဝန်း အာဏာ ၃ ရပ် တည်ရှိရာ အဓိက အမြင့်မားဆုံး နေရာပဲ ဖြစ်တယ်။
သက်ဦးဆံပိုင် ပဒေသရာဇ်နဲ့ အတူ အာဏာ ၃ ရပ်ကို ကိုင်စွဲထားတဲ့ မူးကြီးမတ်ရာ၊ စစ်သူကြီး သေနာပတိ တို့ရဲ့ စိုးစံရုံးစိုက်ရာ ဖြစ် တယ်။ အာဏာရဲ့ အထွဋ်အထိပ် ဖြစ်တဲ့ ရာဇပလ္လင် ၉ ရပ်ရှိတဲ့ နန်းတော်ကြီးတွေနဲ့အတူ လွှတ်တော်ရုံးလည်း ရှိတယ်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော် ကာလ အချိန်အခါကဖြင့် မန္တလေးနန်းမြို့ဟာ တတိုင်း တပြည်လုံးရဲ့ အထွဋ်အထိပ်၊ အမြင့်အမြတ် နေရာပါပဲ။
နယ်ချဲ့စစ်တပ်က မန္တလေး နေပြည်တော်ကို သိမ်းပိုက်၊ ရှင်ဘုရင်နဲ့ တကွ မိဖုရား အခြွေအရံတွေ ဖမ်းဆီးပြီး အိန္ဒိယပို့၊ လွှတ်တော် ကို ဖျက်သိမ်း၊ အချုပ်အခြာ အာဏာပိုင်မှု အမှတ်အသား ရတနာပုံက ဒေါင်းအလံကို ဖြုတ်ချပြီး ယူနီယံဂျက် အလံလွှင့်ထူ လိုက် တာ နဲ့ တပြိုင်နက် “ရွှေမှန်ကင်းအစစ်က၊ ထင်း ဖြစ်ခဲ့” ရတာပါပဲ။
တချိန်က လုံခြုံရေးရဲမက် အဆင့်ဆင့်ကို ဖြတ်သန်း၊ ခွင့်ပြုမှ ရှေ့တော်မှောက် ခစား ရောက်ရတာ၊ မော်ဖူးစေဆိုမှ မျက်နှာမော့ခွင့် ရတဲ့ သီဟာသန ပလ္လင်ရှေ့မှာ နယ်ချဲ့ စစ်ဗိုလ်ချုပ်တွေ ဖန်ခွက်ချင်းတေ့၊ အောင်ပွဲခံပြီး တံခါးမရှိ ဓားမရှိ ဖြစ်သွားတာပါပဲ။ မြနန်းစံ ကျော် ရွှေနန်းတော်ကြီးဟာ နယ်ချဲ့တို့ရဲ့ ပါတီပွဲကျင်းပရာ နေရာကြီး ဖြစ်သွားတယ်။
စောင်းညင်းပတ်သာနဲ့ ဘုန်းတော်ဘွဲ့ သီချင်းသံ အစား၊ အင်္ဂလိပ်ဘင်ခရာအဖွဲ့က “နေမဝင် အင်ပါယာအရှင်၊ ဝိတိုရိယဘုရင်မကြီး” ကို ချီးမွမ်းထောမနာ ပြုတဲ့ သီချင်းသံတွေ ခြိမ့်ခြိမ့်ညံသွားတော့တယ်။
မန္တလေးနန်းမြို့တွင်း အဆောင်ဆောင် အနန်းနန်း၊ ကြငှာန်း ပြာသာဒ်များဟာ အုပ်ချုပ်ရေးရုံး၊ စစ်ရုံးစိုက်ရာ အဆောက်အအုံတွေ၊ ပါတီပွဲကျင်းပရာ အဆောက်အအုံတွေ ဖြစ်သွားတယ်။ ဒါ့အပြင် ၄၈ ရပ် ပြာဿာဒ်ရှိတဲ့ အနက် မြို့ရိုး မြောက်ဘက်ခြမ်း၊ ဘုံ ၅ ဆင့် နဲ့ စည်သာတံခါး ပြာဿာဒ်တော်ကြီးကို အတွင်းကနေ ပြန်လည်မွမ်းမံ ပြင်ဆင်ပြီး ဘုရင်ခံအိမ်တော် အဖြစ်ပင် အခြေစိုက်လိုက်ကြ တယ်။
တကယ်တော့ ရှင်ဘုရင်ကို ကြက်ကလေး၊ ငှက်ကလေးများ သဖွယ်၊ လွယ်လင့်တကူ ဖမ်းဆီးကာ တပြည်လုံး သိမ်းပိုက်လိုက် ပေမယ့် တကယ့် တိုင်းသူ ပြည်သား အများစုကြီးကတော့ ဒီသိမ်းပိုက်မှုကို လွယ်လွယ်ကူကူ လက်မခံပါဘူး။ မန္တလေး နေပြည်တော် အပါအဝင် တပြည်လုံး အတိုင်းအတာနဲ့ ရရာလက်နက် ဆွဲကိုင်ပြီး ပြန်လည်တော်လှန် ပုန်ကန်ကြတယ်။ တပ်ဖွဲ့တပ်စု အလုံး အရင်း အနေနဲ့ရော၊ ပြောက်ကျားပုံစံနဲ့ရော ပုန်ကန်ကြလို့ အင်္ဂလိပ် စစ်တပ်အနေနဲ့ နှစ်ပေါင်း ဆယ်ချီပြီး နှိမ်နင်းခဲ့ရသတဲ့။ ဒီတော့ သူတပါး တိုင်းပြည်ကို လာပြီး မတရား သိမ်းပိုက်ထားသူများအဖို့ သူတို့ လုံခြုံရေးဟာ ရတက် မအေးဖွယ်ရာ ပါပဲ။
ဒီလို ခေါင်းငုံ့မခံ၊ အခွင့်အရေး ရရင် ရသလို ပြန်လည်ပုန်ကန်တဲ့ အခြေအနေမှာ မန္တလေး နန်းမြို့ကြီးဟာ အင်္ဂလိပ် အုပ်စိုးသူ၊ အင်္ဂလိပ် စစ်တပ်အတွက်တော့ “ရေကန်အသင့်၊ ကြာအသင့်” ဆိုရလောက်တဲ့ ခံတပ်ကြီးပါပဲ။ တဖက်ကို ၁ မိုင် ၂ ဖာလုံ၊ ၅၅ ကိုက် အရှည်ရှိတဲ့ လေးထောင့်စပ်စပ် နန်းမြို့ကြီးဟာ အမြင့်ပေ ၃၀ နီးပါး ထု ၁၀ ကျော်ရှိတဲ့ အုတ်မြို့ရိုးကြီးလည်း ပတ်ရံထားတယ်။ ဒီ အုတ်မြို့ရိုးကြီးကိုပဲ အကျယ်ပေ ၂၀ဝ နီးပါး၊ အနက်ပေ ၂၀ ဝန်းကျင်ရှိတဲ့ ရေကျုံးကြီးနဲ့လည်း လေးဘက်လေးတန် ဆီးရံ ထားသေး ရဲ့။
အုတ်မြို့ရိုးကြီး လေးထောင့်စပ်စပ်မှာ အဝင်အထွက် အတွက် တံခါးမကြီး ၄ ပေါက်၊ မလွယ်ပေါက် ၈ ပေါက်ပဲ ရှိတယ်။ ကျုံးကြီး ကို ဖြတ်ဖို့ အတွက်လည်း အရေးပေါ်ရင် အလယ်က အခင်းနင်းကြမ်းတွေ လွယ်လင့်တကူ ဖြုတ်လို့ ရတဲ့ တံတား ၅ စင်းပဲ ရှိတယ်။
ဒီတော့ မန္တလေးနန်းမြို့ဟာ လုံခြုံရေးအတွက် စိတ်ချရပြီပေါ့။ ဒါကြောင့် နယ်ချဲ့ အင်္ဂလိပ်က အုပ်ချုပ်ရေး ရုံးတွေ အပါအဝင် သူ့ရဲ့ စစ်တပ်တွေကို မန္တလေးနန်းမြို့တွင်းမှာပဲ နေရာချ ပေးလိုက် တော့တယ်။
အဲဒီကာလ နယ်ချဲ့စစ်တပ် ဆိုတာ ပြည်သူကို ကာကွယ် စောင့်ရှောက်ဖို့ မဟုတ်ဘူး။ သူတို့ အစိုးရအဖွဲ့၊ သူတို့ အာဏာပိုင် အဖွဲ့အစည်း၊ သူတို့ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်။ နယ်ချဲ့စစ်တပ် ဆိုတာ ပြည်သူ့ အကျိုးစီးပွား ထိခိုက်မယ့်၊ ပြည်သူကို ထိပါးမယ့် အန္တရာယ် ရန်စွယ်ကို တိုက်ခိုက် တွန်းလှန်ဖို့ မဟုတ်ဘူး။ သူတို့ အစိုးရ၊ သူတို့အာဏာ၊ သူတို့ အကျိုးစီးပွားကို ထိခိုက်မယ့်၊ အန္တရာယ် ရှိနိုင်မယ့်၊ သူတို့ မတရား ဖိနှိပ်အုပ်ချုပ်မှု အပေါ် ပြန်လည် ခုခံတွန်းလှန် ပုန်ကန်မယ့် မြန်မာပြည်သူ ကိုပဲ နှိမ်နင်းဖို့၊ ဖြိုခွင်းဖို့ ဖြစ်တယ်။
ဒါကြောင့် သူတို့ အတွက် လုံခြုံရေးကိုပဲ အဓိက ထားတယ်။ သူတို့ လုံခြုံမယ့် မန္တလေး နန်းမြို့တွင်းမှာပဲ၊ ရေကျုံးတတန်၊ မြို့ရိုးတတန်၊ အဝင်အထွက် အစစ်အဆေး အကွပ်အညှပ် အတန်တန်နဲ့ မတရား သိမ်းပိုက် နေထိုင်ခဲ့ကြတယ်။ ဒါဟာ သူ့ကျွန်ဘဝ တုန်းက ကျနော်တို့ ပြည်သူလူထု ရရှိခဲ့တဲ့ အမွေဆိုး တခုပါပဲ။
ဒီ အမွေဆိုးဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာပြီး ကိုယ့်အမျိုးသား အလံ လွှင့်ထူပြီးချိန် အထိ ကျနော်တို့ ပြည်သူလူထု ဆက်ခံရဆဲ ပါပဲ။
အုပ်စိုးသူ ကိုယ့်အမျိုးသား အစိုးရရဲ့သဘောထားနဲ့ အတူ အချင်းချင်း မညီညွတ်မှုများကြောင့် လွတ်လပ်ရေး ရပြီး မကြာခင်မှာပဲ ပြည်တွင်း စစ်မီးကြီး ဟုန်းဟုန်းထ၍ တောက်လောင်တော့၊ အစိုးရအာဏာနဲ့ အစိုးရအုပ်ချုပ်မှု ယန္တရားကို ကာကွယ်ဖို့ အမျိုးသား တပ်မတော်ကလည်း အင်္ဂလိပ်ရဲ့အမွေကို ဆက်ခံကာ မန္တလေးနန်းတွင်းမှာပဲ အခိုင်အမာ တပ်စွဲ ထားဆဲ ပါပဲ။
ပြည်သူလူထုကို ကာကွယ်ရမယ့် အစား လက်နက်ကိုင်ထားတဲ့ စစ်တပ်က ကျုံးလေးတန် ကာဆီးပြီး အုတ်မြို့ရိုးကြီး အခိုင်အမာနဲ့ နန်းတွင်းမှာပဲ လုံခြုံစွာ နေထိုင်တော့တယ်။ လေးဘက်လေးတန် မြို့ရိုးမှာရှိတဲ့ အဝင်အထွက် တံခါးမကြီး ၄ ပေါက်ကိုသာ အစစ် အဆေး၊ အမေးအမြန်း ထူထပ်ကျပ်တည်းစွာနဲ့ နေ့ပိုင်းအချိန် တွေမှာသာ ဖွင့်လှစ် ပေးထားတယ်။ ကျန်တဲ့ မလွယ်ပေါက် တံခါး ၈ ပေါက်ကိုတော့ အသေပိတ်လိုက်တယ်။ ကျုံးကူးတံတားကြီး ၅ စင်း အနက် ၄ စင်းကိုပဲ ပြန်လည် ပြင်ဆင် အသုံးပြုခဲ့တယ်။ အသုံး မပြုတဲ့ ရှေးဟောင်း တံတားကြီး ၁ စင်းဖြစ်တဲ့ စည်ရှည်တံတားကို လွန်ခဲ့တဲ့ ၄ နှစ်ခန့်က အုတ်မြစ် ပါမကျန် ဖျက်ဆီးပစ်လိုက်ပါ သေးတယ်။
ဒီတော့ မြန်မာ တမျိုးသားလုံးရဲ့ အမျိုးသား လက္ခဏာအသွင် အထင်အရှား ကျန်ရစ်ကာ တန်ဖိုးထားအပ်တဲ့ မန္တလေး နန်းမြို့ကြီး အတွင်း အင်္ဂလိပ်က စစ်တပ်များ နေရာပေး ချထား တပ်စွဲခဲ့ခြင်းဟာ “အမွေဆိုး” တခု ဖြစ်တယ်။ ဒီအမွေဆိုးကို အကြောင်း ပြချက်များစွာနဲ့ နိုင်ငံ လွတ်လပ်ရေး ရခဲ့သော်လည်း မြန်မာ့တပ်မတော်က ကျေနပ်စွာ လက်လွှဲခံယူခဲ့တယ်။ နောက်ပိုင်း ဖဆပလ ခေတ်၊ အိမ်စောင့်အစိုးရ ခေတ်၊ တော်လှန်ရေး အစိုးရ ခေတ်၊ လမ်းစဉ်ပါတီ ခေတ်၊ နဝတ ခေတ်၊ နအဖ ခေတ်အထိ ခေတ် စနစ် အမျိုးမျိုး ပြောင်းခဲ့ငြား၊ ဒီအမွေဆိုးကို ကျေနပ်စွာ ထွေးပိုက် ထားဆဲပါပဲ။
ရှစ်လေးလုံး လူထုတော်လှန်ရေး အပြီး စစ်တပ်အာဏာသိမ်း နန်းတွင်းမှာ ရှိတဲ့ စစ်တပ်များရဲ့လုံခြုံရေးကို ပိုပြီးဆောင် ရွက်လာပါတယ်။ ၁၉၅၈ ခုနှစ် ကတည်းက တည်ဆောက်ခဲ့တဲ့ တောင်ဘက် ကျုံးနဲ့ မြို့ရိုးကြားက “မန်းသီတာ” အမည်ရှိ လူထု အပန်းဖြေ ဥယျာဉ်ကြီးကို ဖျက်သိမ်းလိုက်တယ်။ နန်းတွင်းက ဖြတ်တဲ့ မတ္တရာ ရထားလမ်းကို ဖျက်သိမ်းလိုက်တယ်။ အပန်းဖြေ ပေါင်းကူး တံတားတွေလည်း ဖျက်သိမ်းလိုက်တယ်။ ကျုံးကို ပြန်လည် တူးဖော်ပြီး သံပန်း အကာအရံတွေ ကာလိုက်တယ်။ နန်းမြို့တွင်း အဝင် အထွက်တွေကို ကျပ်တည်းစွာ ကန့်သတ်လိုက်တယ်။
အခု ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရခေတ် ရောက်ပြီလို့ ကမ္ဘာ့အလယ်မှာ ကြေညာ ရပ်တည် နေပါပြီ။
ပြည်သူ့တပ်မတော်က ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုပီပြင် လာစေရပါ တော့မယ်။ ဒါကြောင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်ကတည်းက မန္တလေးနန်းမြို့တော်တွင်းမှာ အခိုင်အမာ တပ်စွဲခဲ့တဲ့ အင်္ဂလိပ်စစ်တပ်မှသည် မြန်မာ့ တပ်မတော်အထိ လာမယ့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်ရောက်ရင် နှစ်ပေါင်း ၁၂၉ နှစ် ရှိနေပါပြီ။
လက်ရှိ မြန်မာ့ တပ်မတော် အနေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေတာ ဖြစ်လို့မို့ အင်္ဂလိပ် အမွေဆိုးကို ပစ်ချပြီး ပြည်သူနဲ့ တသားတည်းလည်းဖြစ်၊ ပြည်သူကို တကယ် ကာကွယ် စောင့်ရှောက်ခြင်းလည်း လျော်ညီအောင် ကျုံးမြို့ရိုး အလယ်က အပြီးတိုင် ထွက်ခွာကြပြီး မန္တလေးမြို့ပြင် လျော်ကန်သင့်မြတ်တဲ့ နေရာမှာသာ အခြေချနေထိုင် တပ်စွဲ ထားသင့်ပါကြောင်း။ ။