ဆောင်းပါး

ဗျူရိုကရက် ကောင်းတွေ အလိုရှိသည်

This article has been converted from Zawgyi One to Unicode

မိုက်ကယ်ဟာ စားသောက်ကုန် ဖြန့်ဖြူးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာ နှစ်ပေါင်း ၂၅ နှစ် ကျော်ကြာခဲ့ပါပြီ။ အမေရိကန် အလယ် ပိုင်း အော်ရိုရာမြို့မှာ ကုမ္ပဏီ စတည်ကတည်းက မိုက်ကယ် အလုပ်ဝင်ခဲ့တာမို့ ကုမ္ပဏီ တခုလုံး မိုက်ကယ်ကို မသိတဲ့သူ မရှိပါဘူး။ စီအီးအိုက အစ မိုက်ကယ်နဲ့ ရင်းနှီးမှု ရှိပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေ အားလုံးမှာ မိုက်ကယ်ဟာ နှံ့စပ်မှုရှိတဲ့ စာရေးကြီး တဦး ပါ။

တနေ့တော့ မိုက်ကယ်ကို မန်နေဂျာကခေါ်ယူပြီး သူလက်ရှိ ထမ်းဆောင်နေတဲ့ အလုပ်တာဝန်ကနေ အမေရိကန် အရှေ့ပိုင်းက ကော်နက်တီးကတ် ပြည်နယ်ကို ပြောင်းရွှေ့လုပ်ကိုင်ရမယ်လို့ ပြောပါတယ်။ ဒါကြောင့် မိုက်ကယ်ဟာ ပြောင်းရွှေ့မလား၊ အလုပ် ကနေ ထွက်မလား ဆိုတာကို ရွေးချယ်ရပါတယ်။ ဆယ်စုနှစ် ၃ ခုနီးပါး လုပ်ခဲ့တဲ့ ကုမ္ပဏီကနေ နောက်ဆုံးတော့ မိုက်ကယ် နှုတ် ဆက်ထွက်ခွာသွား ပါတယ်။

ယေဘုယျ ကြည့်ရင် ကုမ္ပဏီက ဒီလောက်သက်တမ်း ကြာရှည် တာဝန်ထမ်းဆောင် လာခဲ့တဲ့ ဝန်ထမ်းတယောက် အပေါ်မှာ စာနာ စိတ် မရှိဘူးလားလို့ မေးစရာရှိပါတယ်။ အမှန်က ဗျူရိုကရေစီလုပ်ထုံး လုပ်နည်း အတိုင်း မိုက်ကယ့်ကိစ္စကို ကုမ္ပဏီက ကိုင်တွယ် ခဲ့တာပါ။ ဒါဆို ဗျူရိုကရေစီ သဘောတရားနဲ့ ဗျူရိုကရက်တွေ ဆိုတာ ဘာတွေလဲ၊ ဗျူရိုကရေစီဟာ အဖွဲ့အစည်း အဆောက်အအုံ ကို သဘောတရားရေးရာ အရ ဆောက်တည်မှု ဖြစ်ပြီး ဗျူရိုကရက်တွေ ဖြစ်တဲ့ မန်နေဂျာ၊ ဝန်ကြီး၊ ဌာနခေါင်းဆောင်၊ ဆူပါဗိုက်ဆာ ဆိုသူတွေဟာ အဲဒီ သဘောတရားတွေကို အကောင်အထည် ဖော်ရသူတွေ ဖြစ်ပါတယ်။

ဗျူရိုကရေစီရဲ့ ဝိသေသနကို ဖော်ထုတ်ခဲ့သူဟာ ဂျာမန် လူမှုဗေဒ ပညာရှင် မက်စ်ဝက်ဘာ (၁၈၆၄-၁၉၂၀) ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေကို စီမံခန့် ခွဲတဲ့ နေရာမှာ ဗျူရိုကရေစီဟာ အထိအရောက်ဆုံး ပုံစံဖြစ်တယ် လို့ မက်စ်ဝက်ဘာက တင်ပြပါတယ်။ ဗျူရိုကရေစီရဲ့ အခြေခံအုပ်မြစ် ၄ ချက်ရှိပါတယ်။

(၁) ပုဂ္ဂလိက မဆန်မှု (ဝါ) လူ့ခံစားချက်ကို ထည့်သွင်းမစဉ်းစားမှု (Impersonal or Dehumanizing)

(၂) စနစ်တကျပုံစံ ရှိမှု (Formalistic)

(၃) စည်းဘောင်အပေါ် အခြေခံမှု (Rule-bound)

(၄) တင်းကျပ်တဲ့ စည်းကမ်းရှိမှု (Highly Discipline) တို့ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ဖို့၊ သတ်မှတ် ဘတ်ဂျက် ပြည့်မီဖို့၊ ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေရှိဖို့ ဗျူရိုကရက်တွေက တာဝန်ခံရ ပါတယ်။ ဗျူရိုကရေစီ စနစ်မှာ အရာအားလုံးကို စာနဲ့ ပေနဲ့ မှတ်တမ်းကျန်အောင် လုပ်ရပါတယ်။ လုပ်ငန်း လိုအပ်ချက် အတွက် အလုပ်ခေါ်ရာမှာလည်း ကျား၊ မ၊ အသက် အရွယ်၊ လူမျိုး၊ ဘာသာ၊ ကိုယ်အင်္ဂါ သန်စွမ်းမှု ရှိမရှိ ဆိုတာ ခွဲခြားမှု မရှိရပါဘူး။ လုပ်ငန်း အတွက် ကိုက်ညီတဲ့ အရည်အသွေး ရှိမရှိကိုပဲ ဆုံးဖြတ်ရပါတယ်။

မြန်မာနိုင်ငံက အလုပ်ခေါ်စာတွေမှာလို အမျိုးသမီး အရောင်းစာရေး အသက် ၃၆ နှစ်အောက် ဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေဟာ ကောင်းမွန်တဲ့ ဗျူရိုကရေစီနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ အားလုံး တန်းတူ အခွင့်အရေး (Equal Opportunity) မရှိဘူး ဆို တာ ဖော်ပြနေတာ ဖြစ်ပါတယ်။

ထို့အတူ လက်သင့်ရာ စားတော်ခေါ်တဲ့ ဆွေမျိုးကောင်းစားရေး ဝါဒ (Nepotism) ကို ဗျူရိုကရေစီက ဆန့်ကျင်ပါတယ်။ ပြည့်မီတဲ့ အရည်အချင်းရှိသူ မည်သူကို မဆို ခွဲခြားမှုမရှိဘဲ လုပ်ငန်းခွင်မှာ ပါဝင်ခွင့် ရှိစေဖို့ ဗျူရိုကရေစီက တွန်းအားပေး ပါတယ်။

အထက်အောက်ဆန်တဲ့ အုပ်ချုပ်ရေး ပုံစံဖြစ်ပြီး အပြန်အလှန်ထိန်းကျောင်းမှု ရှိတဲ့ စနစ်ဖြစ်လို့ နိုင်ငံ တော်တော်များများမှာ ဗျူရိုကရေစီ အုပ်ချုပ်ရေးပုံစံ ထားရှိပါတယ်။

ဗျူရိုကရေစီစနစ်ဟာ ဗျူရိုကရက်တွေ အပေါ်မှာ မှီတည်ပေမယ့် ပုဂ္ဂိုလ်ရေးဆန်စွာ တည်ရှိနေတာတော့ မဟုတ်ပါဘူး။ ငကန်း သွားရင် ငစွေလာမယ် ဆိုတဲ့ လူအပေါ်မှာ အခြေမခံဘဲ အဆောက်အအုံ တည်ရှိမှု အပေါ်မှာ အခြေခံထားတာကြောင့် ကုမ္ပဏီမှာ မည်သူ မဆို ဖြစ်စေ အလုပ်ကနေ ထွက်သွားရုံနဲ့ လုပ်ငန်းပိုင်းမှာ ထိခိုက်မှု ပြောရလောက်အောင် မရှိပါဘူး။ ငါရှိမှ အလုပ်ဖြစ်မယ် ဆိုတဲ့ အယူအဆကို ဗျူရိုကရေစီက လက်မခံပါဘူး။ အဆောက်အအုံ တည်မြဲမှုသာ ပဓာနဖြစ်ပြီး ကျန်တာတွေကို သာမညလို့  သဘောထား ပါတယ်။

မြန်မာပြည်မှာတော့ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုပုံစံ ဖြစ်တာကြောင့် ဗျူရိုကရေစီကို ကြိုးနီစနစ်လို့ အဆိုးဘက်က အများမြင်နေပါတယ်။

လက်ရှိ မြန်မာပြည်မှာ တခုခုဖြစ်ရင် သမ္မတဆီ တိုက်ရိုက် မေတ္တာရပ်ခံရတာတို့၊ တိုင်ကြားရတာတွေ တွေ့နေရ ပါတယ်။ အဲဒါဟာ သမ္မတရဲ့ ဝန်ကြီးအဖွဲ့နဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ စွမ်းဆောင်ရည် အားနည်းမှုတွေကို ဖော်ပြနေ ပါတယ်။

ဥပမာ ကျောင်းဆရာမ အလုပ်ပြုတ်တာက အစ သမ္မတက လိုက်ရှင်းနေရမယ် ဆိုရင် ပညာရေး ဝန်ကြီးဌာန ဟာ ဘာအတွက်ကြောင့် ရှိနေရသလဲ။ အမေရိကန် ဗျူရိုကရက်တွေ လုပ်ငန်းခွင်မှာ ထည်လဲသုံး ပြောလေ့ရှိတဲ့ စကားတခွန်းက “မင်းလုပ်ငန်းကိစ္စကို မင်းဘာသာ ဆုံးဖြတ်၊ မဖြေရှင်းနိုင်ဘူး ဆိုရင် မင်းကို ဘာဖြစ်လို့ လစာပေးပြီး ငါတို့ ငှားထားတာလဲ” ဆိုတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် လည်း သူ့ဝန်ကြီးတွေကို ဒီမေးခွန်းမေးဖို့ လိုအပ်ပါတယ်။

အလုပ်ကနေ ထွက်သွားတဲ့ မိုက်ကယ်ဟာ ကုမ္ပဏီအပေါ်မှာ စိတ်ကွက်တာ မရှိပါဘူး။ ကုမ္ပဏီဟာ လိုအပ်ချက် အတွက်၊ လုပ်ငန်း ပိုမို ဖြစ်ထွန်းစေဖို့ အတွက် သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းကို အခြားပြည်နယ်ကို ပြောင်းရွှေ့ ရတယ်ဆိုတာ နားလည်ပါတယ်။

မိုက်ကယ်လို အခြေအနေမျိုးနဲ့ ဥပမာပေးပြောရရင် ဗျူရိုကရက်တွေဟာ လုပ်ငန်း ထိရောက်မှုကို ဦးစားပေး လုပ်ကိုင်ရသူတွေ ဖြစ် ပါတယ်။ စွမ်းဆောင်ရည် မြင့်မားမှု (Higher Performance)၊ ခိုင်မာတဲ့ ထိရောက်မှု (Strong Efficiency) နဲ့ စံချိန်မီ ကုန်ထုတ် အရည်အသွေးရှိမှု (Quality Production) တို့ဟာ ဗျူရိုကရက်တွေ တိုင်းတာတဲ့ ပေတံတွေပါ။

မြန်မာပြည်က ဝန်ကြီးတွေ၊ မန်နေဂျာတွေ၊ သတင်းမီဒီယာ စီးအီးအိုတွေ၊ ဌာနဆိုင်ရာ အကြီး အကဲတွေ၊ ကျောင်းအုပ်တွေ၊ ပါမောက္ခချုပ်တွေ၊ ဆေးရုံအုပ်တွေ၊ ရဲစခန်းမှူးတွေဟာ ဗျူရိုကရက်တွေ ပါပဲ။ ထိရောက်တဲ့ စွမ်းဆောင်ရည် ရှိ မရှိသာ ကွာခြား ပါတယ်။ မြန်မာပြည်မှာ ဗျူရိုကရေစီ အားကောင်းဖို့ အခက်အခဲဖြစ်နေတာ က ကြောက်မက်ဖွယ် ခြစားမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ခံမှု ကင်းမဲ့မှု၊ စွမ်းဆောင်ရည်ရှိသော ခေါင်းဆောင် နည်းပါးမှု၊ ကိုယ့်လူကိုယ် နေရာပေး အရေးပေးမှု၊ ဆုပေး ဒဏ်ပေး စနစ် မရှိမှု စတာတွေကြောင့် ဖြစ်ပါတယ်။

စံ၊ မူ၊ စည်းကမ်းတွေ ရှိပြီး ဘက်လိုက်မှု ကင်းတဲ့ ဗျူရိုကရက်တွေ ပေါ်ထွန်းလာဖို့ မြန်မာပြည်မှာ နီးပြီလား ဆိုတာ အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ ထိရောက်တဲ့ တိုင်းပြည်တည်ဆောက်ရေးနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ ဝန်ဆောင်မှုတွေကို ပြုနိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံမှာ ဗျူရိုကရက်ကောင်းတွေ အများကြီး ရှိဖို့ လိုအပ်ပါတယ်။     ။

စာရေးသူသည် အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်တွင် အခြေစိုက် နေထိုင်သည့် မြန်မာ စကားပြန် တဦး ဖြစ်သည်။

Loading