[irrawaddy_gallery]
ပြည်တွင်း ပြည်ပ ပညာရှင်ပေါင်းများစွာက ဆယ်စုနှစ်ပေါင်းများစွာဆွေးနွေး၊ ငြင်းခုံ၊ အဖြေထုတ်နေဆဲဖြစ်သော သုဝဏ္ဏဘူမိ မြို့ဟောင်း ရှာပုံတော် ပဟေဠိအတွက် အထောက်အထားသစ်များ ထပ်မံတူးဖော် ရရှိနေသဖြင့် ရေရှည် ရှာဖွေရေးဘတ်ဂျက် အခက်အခဲရှိသည့်တိုင် သုဝဏ္ဏ ဘူမိရှာပုံတော်ခရီး နီးလာပြီ ဟု ဆိုနိုင်ပေသည်။
ကေလာသပေါစဘုရား၏ အနောက်မြောက်ထောင့်
သုဝဏ္ဏဘူမိဒေသ၏ တည်နေရာကို မွန်ဘုရင် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီ မင်းတရားကြီး၏ ကလျာဏီ မွန်ကျောက်စာ၌ အောက်ပါအတိုင်း ဖော်ပြခဲ့၏။ “သာသနာ တည်စိမ့်သောငှာ၊ သောဏနှင့် ဥတ္တရ ဟူသော ငါတို့ အရှင်နှစ်ပါးတို့ သုဝဏ္ဏဘူမိတိုင်းဟု ဆိုအပ် သော ရာမညအရပ်သို့ စေလွှတ်ပြီး ထို အရှင် မထေရ်နှစ်ပါး ရောက်သော အချိန်တွင် သုဝဏ္ဏဘူမိတိုင်း၌ သီရိမာသောက မည် သော မင်းသည် မင်းပြု၏။ ထိုမင်း၏ နေပြည်တော်သည် ကေလာသပေါစဘုရား၏ အနောက်မြောက်ထောင့်၌ ရှိ၏”ဟု ဖော်ပြထား သည်။
မြို့တဝက်က တောင်ပေါ် အခြားတဖက် မြေပြန့်ဟု ဆိုခဲ့သည့် အချက်များကား တိုက်ဆိုင်ခြင်း မဟုတ်နိုင်ပေ။ လက်ရှိ တူးဖော်နေ သည့် နေရာနှင့် အပ်ကျမတ်ကျပင် ဖြစ်နေသည်။ ထိုမြို့သည်သမုဒ္ဒရာ နှင့် နီးသောကြောင့်ဟု ဆိုထားရာ ကပ္ပလီပင်လယ် ပြင်၏ မုတ္တမကွေ့ရေပြင်ကို လှမ်း၍ မြင်နေရလေ သည်။ ဤနေရာကား ကေလာသပေါစဘုရား၏ အနောက်မြောက်ထောင့် သုဝဏ္ဏဘူမိ ၏ တည်နေရာ ဘီးလင်းမြို့နယ်ရှိ ဝင်းကရွာ၊ ရက်ကန်းသည်မရွာ နေရာတဝိုက်ပင် ဖြစ်သည်။ ကလျာဏီကျောက်စာ နှင့်အညီ ဖြစ် သည်။
အလွှာသုံးလွှာ၊ အထပ်သုံးထပ်
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ဝင်းကရွာရှိ တူးဖော်မှုအကွက် အမှတ် (၇) တွင် ပေ ၂၀ ခန့်အနက်၊ ပတ်လည်ပေ ၃၀ ခန့်ရှိ တူးဖော်မှုကို ရှေးဟောင်းသုတေသန ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက လိုက်လံပြသခဲ့သည်။ ၁၉၇၄-၇၈ တွင် တူးဖော်ခဲ့သည့် နေရာအနီးမှာပင်ဖြစ်သည်။ ယခင်က တူးဖော်ခဲ့ရာတွင် အပေါ်ယံအလွှာ တူးဖော်ခဲ့ ခြင်းဖြစ်ပြီး ယခုတူးဖော်မှုမှာ အောက်သို့ ၁၅ ပေနှင့် ပေ ၂၀ ခန့်အား တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ဤတူးဖော်မှု၌ ထူးခြားချက်မှာ အုတ်သား၊ ကျောက်သား၊ အင်္ဂတေတို့သည် တလွှာတည်း၊ တချပ်တည်း၊ တဆက်တည်းမဟုတ်ဘဲ အလွှာ ၃ လွှာ၊ အချပ် ၃ ချပ် အထပ်လိုက် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
“ဒါကတော့ ဒီနေရာမှာ ခေတ်တခေတ်တည်း မြို့ပြထူထောင်ခဲ့တာ မဟုတ်ဘဲ ခေတ် ၃ ခေတ်၊ အကြိမ် ၃ ကြိမ်၊ မြို့ပြတခု ပျက်စီးခြင်းပေါ်မှာမှ နောက်တကြိမ် ပြန်တည်ဆောက်ခဲ့တာလို့ သုံးသပ်လို့ရပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆို၏။ နက်နက်နဲ့ ကျယ်ကျယ် ပြန့်ပြန့် တူးနိုင်လေ ပိုပြီး ပေါ်လွင်လေဖြစ်မှာပါဟုလည်း ဆိုသည်။
ဒွါရာဝတီခေတ် လက်ရာ
တူးဖော်မှုလုပ်ကွက်ကုန်း အမှတ် (၈) တွင် မတ်လ၏ ပူပြင်းသော နေပူရှိန်အောက်၌ နီးစပ်ရာ ကျေးရွာများမှ အလုပ်သမား၊ အလုပ်သမများ ရှေးဟောင်းသုတေသနမှ ဝန်ထမ်းများ၊ တိုင်းတာရေး ကိရိယာများဖြင့် အားကြိုးမာန်တက် လုပ်နေကြသည်။ ဦးကျော်မျိုးဝင်းက သမားရိုးကျတူးဖော်ခြင်း မဟုတ်ဘဲ မြေကို အကွက်ချ၍ ထောင့်ဖြတ် တူးဖော်နေခြင်းမှာ အလွှာလိုက်တည်ရှိနေမည့် အနေအထား တွေ့မြင်နိုင်ရန်ဖြစ်ကြောင်း ပြောသည်။
“ဒါက ဒီနေရာကို တူးဖော်တုန်း ရခဲ့တဲ့ အုတ်ခွက်လေးပါ။ ကျနော်တို့ရဲ့ ဒုညွှန့်ချုပ်ကတော့ ဒွါရာဝတီခေတ် ၆ ရာစုက လက်ရာလို့ ခန့်မှန်းပါတယ်” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။ ဒွါရာဝတီ ခေတ် ၅ ရာစု၊ ၆ ရာစုဆိုလျှင် သုဝဏ္ဏဘူမိ၏ ကာလနှင့် တိုက်ဆိုင် သည်။
မြို့ရိုးနှင့်ပစ္စင်
ဝင်းကရွာနှင့် ဇုတ်သုတ်ရွာသွား ကားလမ်းကြား တောင်ပေါက်အရပ်၌ ကားလမ်းကို ဖြတ်လျက်ရှိနေ သော မြို့ရိုးကြီးမှာ ၁၈ ပေခန့် မြင့်မားကာ ထုမှာ ပေ ၃၀ ခန့် ရှိသည်။
ကျောက်ချပ်များ၊ အုတ်ချပ်များ၊ သရွတ်ကိုင်ထားမှုများကို တွေ့ရသည်။ အပေါ်တွင်မူ မြေသားများ ဖုံးနေပြီး မြို့ရိုး၏ အပေါ်တွင် အလွန်ခိုင်မာသော အဆောက်အအုံ အုတ်မြစ်တခုကို တွေ့ရ၏။ အုတ်မြစ်၏ ထုထည်ကို ကြည့်ခြင်းအားဖြင့် ကြီးကျယ်မြင့်မား သော အဆောက်အအုံတခု မြို့ရိုးပေါ်တွင် တည်ဆောက်ခဲ့ဟန်တူသည်။ တောင်စွယ်တွင် ပင်လယ်ကမ်းခြေသည် နီးလျက်ရှိနေ သည်။ မြို့ရိုးကြီးသည် အရှေ့ဘက်သို့တောင်ကြောတလျှောက် ဂဝံချပ်များ၊ အုတ်ချပ်များ တံတိုင်းတည်ထားလျက် ရှိလေသည်။
“သုဝဏ္ဏဘူမိကိုတော့ ကျနော်တို့ တွေ့နေပြီလို့ ပဲဆိုရမှာပါ”ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
ကျိုက်တလန်းနှင့် ကျန်စစ်သားမင်း၏ ကျောက်စာ
“အရည်မ” ဟု တချို့သိပြီး “ရက်ကန်းသည်မ” ဟုလည်း အမည်တွင်သည့်ရွာသို့ အသွား ကျိုက်တလန်း စေတီကုန်းသို့ ကျောက် ခင်းလမ်း အတိုင်း ခဲယဉ်းစွာ တက်ရသည်။ မြန်မာသက္ကရာဇ် ၄၆၀ တွင် ကျန်စစ်သားမင်းက ဘုရားစေတီများကို ပြုပြင်ပြီး ကျိုက် တလန်းစေတီ၌ သမိုင်းဝင် ကျောက်စာကိုရေးထိုးခဲ့သည်။ ပြုပြင်ထိန်းသိမ်းထားသော စေတီမှာ ကြည်ညိုဖွယ်ရှိသော်လည်း အဓိက ကျသည့် ကျိုက်တလန်း ကျောက်စာနေရာတွင် မြန်မာဘာသာပြန် ကျောက်စာတချပ် စိုက်ထူထားသဖြင့် အရုပ်ဆိုးနေသည်။ မူရင်း ကျိုက်တလန်းကျောက်စာမှာ ရန်ကုန်မြို့ဖယ်ယာပြတိုက်၊ ထိုမှတဆင့် အတွင်းဝန်ရုံး၊ နောက်ဆုံးတွင် တက္ကသိုလ်များ စာကြည့် တိုက်သို့ အဆင့်ဆင့် ရောက်ရှိနေသည်။ စေတီတော်ဝင်းအတွင်းတွင် ရုပ်ရှင်သရုပ်ဆောင် လူမင်းလှူဒါန်းထားသည့် ကျန်စစ်သားနှင့် မဏိစန္ဒာ ကြေးရုပ်ကိုလည်း ခန့်ညားစွာ တွေ့ရသည်။
“မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ မူရင်း ကျိုက် တလန်း ကျောက်စာကို ဒီစေတီပေါ် ပြန်ရောက် အောင် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးပါ။ ဒါမှ စေတီကြီး ပြန်အသက်ဝင်လာမှာပါ”ဟု စေတီကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသည့် တောင်ကြီးသား ဦးသိန်းနိုင်က ဆို သည်။
ကျယ်ပြန့်လှသော သုဝဏ္ဏဘူမိ
ကျိုက်ထီးဆောင်းစေတီရှိရာ ဇုတ်သုတ်ရွာကို ဖြတ်ပြီး တောင်စွန်းရွာကို ထွက်လိုက်လျှင် ဆံတော်ရှင် ကေလာသကို လှမ်း၍ ဖူးမြင် ရသည်။ ထိုမှ မြို့ရိုးကြီးကို ကျော်ထွက်လာလျှင် တောင်ကျော်၊ ကုန်းအမှတ် (၇)၊ (၈) တို့ကို တူးဖော်နေသည့် ဝင်းက ရွာ၊ ကျိုက်တလန်း စေတီတည်ရှိရာ ရက်ကန်းသည်မရွာ တို့ ရှိသည်။
အိမ်များ၏ အောက်ခြေများကို တူးလျှင် ၁ ပေ အုပ်ချပ်များ၊ လက်ရာစင်း အုတ်ချပ်များတွေ့ရသည်။ မရမ်းကုန်း၊ ရွာတန်းရှည်ဘက် ရောက်ရှိနေသည့် ရှေးဟောင်းသုတေသန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးစံမင်းက ထပ်မံတူးဖော်တွေ့ရှိရသည်များကို ရွာသားများနှင့်အတူ လိုက်လံ ပြသသည်။
ယခင်လုပ်ကွက်များ၏ အပြင်ဘက်၊ မရမ်းကုန်း၊ ရွာတန်းရှည် တဝိုက်တွင်လည်း ဂဝံဗုဒ္ဓရုပ်ပွားတော်၊ စေတီနေရာ၊ လျောင်းတော်မူ ဗုဒ္ဓပုံတော်ဟု ယူဆသောနေရာ၊ ဂဝံ ခြင်္သေရုပ်နှစ်ရုပ်တို့နှင့် လက်ရာစင်းပါ အုတ်ချပ်များစွာ ထပ်တွေ့ရသည်။
သုဝဏ္ဏဘူမိနေရာသည် ယခင်တူးဖော်နေသည့် ဝင်းက၊ ရက်ကန်းသည်မမှသည် ယခု မရမ်းကုန်း၊ ရွာတန်းရှည်အထိ ရှည်လျားနေ သည်။ နေရာတိုင်းတွင် အုတ်ချပ်၊ အုတ်ခွက်၊ စေတီ၊ ဆင်းတုများနှင့် ပြည့်နေသည်။
သုဝဏ္ဏဘူမိ ရှာပုံတော်
သုဝဏ္ဏဘူမိကို ရှာပုံတော် ဖွင့်ခဲ့ရာ ၁၉၇၄-၇၈ အတွင်း တူးဖော်မှုတွင် အိုးချမ်းပဲ့တခုအား စမ်းသပ်ရာ ၁၃ ရာစုဟု ခန့်မှန်းကာ ရပ်တန့်သွားခဲ့သည်။ အစွဲမကင်းသည့် သမိုင်းဆရာတချို့၊ သုတေသနသမား တချို့တို့ကြောင့် မွန်သမိုင်းနှင့်ပတ်သက်၍ တိမ်မြုပ်မှုများရှိကြောင်း၊ ယင်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိပါးစေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ဗိဿနိုး၊ ဟံလင်းကြီး၊ သရေခေတ္တရာ၊ ပျူတို့ကို တူးဖော်သကဲ့သို့ သုဝဏ္ဏဘူမိကို နိုင်ငံတော်အဆင့်က အာရုံစိုက် တူးဖော်ပါက ပိုမို ရှင်းလင်းတိကျစွာ သိရှိ နိုင်လာမည် ဖြစ်သည်။ မွန်မြို့ဟောင်း ဖြစ်စေ၊ ဗမာ မြို့ဟောင်းဖြစ်စေ နိုင်ငံ၏ သမိုင်း၊ အရှေ့တိုင်းဒေသ သမိုင်းအမွေဖြစ်သည်။
သို့သော်လည်း ယခု သုဝဏ္ဏဘူမိ တူးဖော်၍ အရှိန်ကောင်းဆဲတွင် ယခုနှစ် အတွက် ဘတ်ဂျက်ငွေ ကုန်သဖြင့် တူးဖော်မှု ရပ်စဲရ တော့ မည်ဟု သိရသည်။ ယခုနှစ် ဘတ်ဂျက် သိန်း ၂၀ဝ ကျပ်သည် မကျန်တော့ဟု ဆိုသည်။
မန္တလေးတိုင်း အမရပူရတွင် ထိုင်းဘုရင်မျိုးဆက်တပါး အုတ်ဂူ ရှာဖွေ တူးဖော်ရေးအတွက် ကျပ်သိန်း ၃၀ ချပေးခဲ့သည်။ ယခု သုဝဏ္ဏဘူမိ တူးဖော်ရေးအတွက် တနှစ်တာ ဘတ်ဂျက်ကျပ်သိန်း ၂၀ဝ ချပေးခဲ့သည်။ နောက်နှစ်အတွက် ဘတ်ဂျက် အရေအတွက်ကို မသိရသေးပေ။
ရှေးဟောင်းတူးဖော်မှုများအတွက် တနှစ်လျှင် ကျပ် သိန်း ၂၀ဝ မှာ ထိရောက်မှုမရှိကြောင်း၊ မြို့ဟောင်း တူးဖော်မှု ဧရိယာကိုလည်း မထိန်းချုပ်နိုင် သဖြင့် ရှေးဟောင်း ပစ္စည်းများ ခိုးထုတ်မှုကိုလည်း မတားဆီးနိုင်ကြောင်း၊ အုတ်ကျိုးများ၊ ကျောက်ချပ်များကိုပင် တူးဖော်၍ ရောင်းချနေကြကြောင်း သိရသည်။ ရှေးဟောင်းသုတေသန အမွေအနှစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြည်သူလူထု ကို ပညာပေးမှုလည်း မလုပ်ဆောင်နိုင်သေးကြောင်း၊ ပြည်နယ် အစိုးရကလည်း တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်မှု အားနည်းပြီး တနိုင် တပိုင် တူးဖော်ရသည့် အခြေအနေ ဖြစ်နေသည်။
နိုင်ရဲဇော်သည် ဒု ဗိုလ်မှူးကြီး(ငြိမ်း) တဦး ဖြစ်ပြီး ယခုအခါ မွန်ရှေးဟောင်း သုတေသန အသင်းတွင် တွဲဖက် အတွင်းရေးမှူး တာဝန် ယူထားသည်။