အဲဒီတုန်းက ကြိုးတိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကြိုးသမား စုစုပေါင်းအကျဉ်းသား ၁၃၀ လောက်ရှိတယ်။ ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြကြတာဖြစ်လို့ ဆူပူအော်ဟစ်မှုတွေကို ရှောင်ကြဉ်ကြဖို့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေက သတိပေး ကြ တယ်။
“ငါတို့ အစာငတ်ခံ ဆန္ဒပြရင် သူတို့ကရေပါ ဖြတ်လာမယ်၊ သူတို့ဖြတ်တာကို ငါတော့ လက်မခံဘူး၊ ဒီတော့ ငါ့ရေအိုး ငါရိုက်ခွဲ မယ်” ဆိုပြီး အရိုး ကျီးပေါင်းတက် ရောဂါ ခံစားနေရပြီး လမ်းလျှောက်ရ ခက်ခဲနေတဲ့ ဗိုလ်မှူးဟောင်း၊ စာရေးဆရာ မောင်သော်က (ဦးသော်က) က အများကြားအောင် ပြောဆိုပြီး သူ့အခန်းရှေ့က သောက်ရေအိုးကို ရိုက်ခွဲလိုက်တယ်။
ဦးသော်ကဟာ ဆန္ဒပြပွဲအပြီး မကြာမီ ကြိုးတိုက် အခန်းနံပါတ် ၂၇ မှာ လဲကျ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင် တွေက သူ့ကို ရန်ကုန်ဆေးရုံကြီးကို ထုတ်သွားပြီးမှ ဆေးရုံကြီးမှာပဲ ဆေးကုသခံယူရင်း သေဆုံးသွားတာ ဖြစ်တယ်လို့ သတင်း လွှင့်ခဲ့ပါတယ်။
ကြိုးတိုက်တွင်းရှိ အကျဉ်းသား အများစုကလည်း ကိုယ့်အခန်းရှေ့က သောက်ရေအိုးတွေကို ဦးသော်ကလိုပဲ ရိုက်ခွဲလိုက်ကြတယ်။ ကြွေးကြော်သံတွေကိုလည်း ကျနော်တို့ အခန်းက ပလတ်စတစ်ပေါ်မှာရေးပြီး အခန်းတခန်းချင်းစီကို ထောင်ဝင်စာပါလာတဲ့ သံပရာ သီး လုံးတွေမှာ ပတ်ချည်ပြီး အခန်းစေ့ကို ပစ်ပေါက်မျှဝေပေးခဲ့တယ်။
ဒီတော့ ကြိုးတိုက်ထဲက ကြွေးကြော်သံတွေက တသံတည်း၊ တပြိုင်တည်း အစီအရီ ပေါ်ထွက်လာနေတယ်။ တိုက်ဝန်းထဲမှာရှိတဲ့ အခြားတိုက် ၄ တိုက်က နိုင်ငံရေး အကျဉ်းသားတွေလည်း ကြိုးတိုက်ကအသံတွေ အတိုင်းသား ကြားနေမှာပါပဲ။ ဒါပေမယ့် သူတို့တွေဟာ ကြိုးတိုက်တွင်းက အခြေအနေမှန်ကို သိပုံတော့ မရခဲ့ပါဘူး။
အဲဒီအချိန်မှာပဲ ကြိုးတိုက်ရဲ့ နောက်ဘက်တွေ မှာနံပါတ်တုတ်တွေ၊ လေးခွတွေ၊ ဂန်းပိုက် (မီးသတ် ပိုက်တို) စတာတွေ ကိုင် ထား တဲ့ ထောင် ဝန်ထမ်းတွေနဲ့ စစ်ခွေးတွေ (ထောင်လုံခြုံရေးအတွက် ညဘက်ကင်းလှည့်တဲ့အခါ အသုံးပြုဖို့ လေ့ကျင့်ထားတဲ့ခွေး) ရဲ့ အင်အားပြ ခြိမ်းခြောက်သံတွေ ကြားနေခဲ့ရပါပြီ။
ကြိုးတိုက် ဆန္ဒပြမှုကို ဖြိုခွဲမယ့် လက္ခဏာတွေ မြင်တွေ့ရချိန်မှာပဲ တချို့ ကြိုးသမားတွေကလည်း သည်းမခံနိုင်တော့ဘဲ ထမင်းစား တဲ့ ပုံစံပန်းကန်တွေ နဲ့ တံခါးသံတိုင်တွေကိုခေါက်ပြီး “အာဏာရှင်ကို တောခြောက် မောင်းထုတ်ကြ”လို့ အော်ဟစ် ကုန်ကြတယ်။
မူလစီစဉ်ထားခဲ့တဲ့ ငြိမ်းချမ်း တိတ်ဆိတ်စွာ အစာငတ်ခံ ဆန္ဒပြခြင်းအစား အော်ဟစ်ပြီး အစာငတ်ခံ ဆန္ဒပြတဲ့ အခြေအနေ တခု ဆီသို့ တွန်းပို့ခြင်းခံလိုက်ကြရတယ်။ တိုက်ဝန်းအတွင်းမှာရှိတဲ့ တခြားတိုက်တွေကလည်း ထောက်ခံသံတွေနဲ့ ပူးပေါင်းခဲ့ကြတယ်။
တနေကုန်တောင်းဆိုသံ၊ နိုင်ငံရေးတရားဟောသံတွေကို ကြိုးတိုက်နောက်ဘက်မှာအရေးပေါ် တပ်ဆင်ထားကြတဲ့ ဆက်သွယ်ရေး စက်တွေကတဆင့် တနေရာကိုသူတို့ သတင်းပို့နေတာတွေလည်း တိုက်ခန်းပြတင်းပေါက်ငယ်ပေါ် တက်ကြည့်တဲ့အခါ မြင်ကြရ တယ်။
အဲဒီလို တိုက်ဝန်းအတွင်းက အော်ဟစ် တောင်းဆိုသံတွေကို ဖုံးလွှမ်းသွားစေရေး၊ ဟန်ပြင်နေတဲ့ ရိုက်နှက်ညှဉ်းပန်း သံတွေ ထောင်ပြင်ပက မကြားစေရေးအတွက် ဟင်္သာတထွန်းရင်ရဲ့ “စာဥ”သီချင်းကို အင်းစိန်ထောင် ပင်မဘူးကြီး(ပင်မတံခါးပေါ်က ကင်းစခန်း) နဲ့ တခြားဘူးတွေ (ထောင်အုတ်ရိုးပေါ်ရှိလက်နက်ကိုင် အစောင့်တွေရဲ့ကင်းတဲများ) ပေါ်က အသံချဲ့စက်တွေနဲ့ ကျယ်ကျယ် လောင် လောင် ဖွင့်ပါတော့တယ်။
အင်းစိန်ထောင် အထူးထောင်ပိုင် ဦးဘိုကြည်၊ ဒုညွှန်ချုပ် ဦးအုန်းဟန် အပါအဝင် စစ်ထောက်လှမ်းရေးတချို့က လမ်းလျှောက် စကား ပြောစက်တွေ ကိုင်ပြီး ကြိုးတိုက်ထဲက အခန်းတခုချင်းစီကို ချဉ်းကပ်လာတယ်။ စစ်ဝတ်စုံဝတ်ထားတဲ့ အရာရှိ ၂ ဦးနဲ့ အရပ် ဝတ် စစ်ထောက်လှမ်းရေးတွေလည်း ပါတယ်။
“မင်းတို့ တောင်းဆိုချင်တာ ပြောလေကွာ”လို့ သူတို့က ပြောပြီး စကားပြောစက်တွေကို အခန်းတံခါးနားကို ထိုးပေးတယ်။
ခါးကြားမှာ သေနတ်ချိတ်ထားတဲ့ အကျဉ်းဦးစီး ဒုညွှန်ချုပ် ဦးအုန်းဟန်ကတော့ အမှတ် (၁) တိုက်ရှိ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းဇေယျာ အခန်းရှေ့ရပ်ပြီး ဘောင်းဘီဇစ်ကိုဆွဲချွတ်ကာ “မင်းတို့လိုချင်တဲ့ ဒီမိုကရေစီတော့ မရဘူး၊ ဒါပဲရမယ်” လို့ ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။ တခြား ကြိုးတိုက် အခန်း တချို့ရဲ့ရှေ့မှာလည်း အလားတူ ပြုမူခဲ့ပါသေးတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ အင်းစိန်ထောင် က ဝန်ထမ်းဦးရေ ၁၅၀ လောက်နဲ့အတူ (အကစ) ရုံးချုပ်နဲ့ အင်းစိန် အကျဉ်းဦးစီး သင်တန်းကျောင်းမှာ သင်တန်းလာတက်နေသူ ဝန်ထမ်းစုစုပေါင်း ၃၀ဝ ကျော်လောက်က ကြိုးတိုက်ထဲကို လူတရပ်ကျော်ရှိတဲ့ သစ်သား တုတ်တွေ၊ လေးခွတွေ၊ လက်ထိပ်တွေနဲ့ ခေါင်းစွပ်တွေ ယူလာပြီး ဝင်လာကြတယ်။
အဲဒီကစပြီး အခန်းတခန်းချင်းစီကိုဖွင့်၊ ကြိုးတိုက်ထဲက နိုင်ငံရေး အကျဉ်းသားတွေ၊ ကြိုးသမားတွေကို ခေါင်းစွပ်စွပ်၊ လက်ထိပ်ခတ်ပြီး အခန်းထဲ က ဆွဲထုတ် သွားကြတယ်။
မှတ်မှတ်ရရ ကြိုးတိုက်ထဲက ပထမဆုံး ခေါ်ထုတ်ခံရသူတွေထဲ တဦးအပါအဝင်ဖြစ်တဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ဆိုရင် “မင်းလားကွ ဒေါက်တာ တင်မျိုးဝင်း”၊ “စုနိုင်မှ ချမ်းသာမည်”ဆိုတဲ့ ထောင် ဝန်ထမ်းတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ ထောင်ပိုင်လေး ဦးပြုံးချို ကစပြီး ရင်ဘတ်ကို လက်သီးနဲ့ စထိုးလိုက်တယ်။
တခြား ထောင်ဝန်ထမ်းတွေကလည်း အကုန်ဝိုင်းပြီး ဆွမ်းကြီးလောင်းလိုက်တာ ဒေါက်တာ တင်မျိုးဝင်း ခင်မျာ “အွန့်” ဆိုတဲ့ အသံပဲ ထွက်လာပြီး ကြိုးတိုက်အလယ်က လမ်းပေါ် တရွတ်တိုက် ပါသွားတော့တာပါပဲ။
အဲဒီအချိန်က ထောင်ပိုင်လေး ဦးပြုံးချိုဟာ ဒေါက်တာ တင်မျိုးဝင်း အခန်းထဲက ယင်ကောင်နားရင် အုပ်ဖို့ ကြိုးသမားတချို့က ဝါးနဲ့လုပ်ပေးထားတဲ့ အုပ်ဆောင်းမှာ “စုနိုင်မှ ချမ်းသာမည်” လို့ ရေးထားတာကို သိမ်းသွားခဲ့ပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ကြိုးတိုက် တတိုက်လုံးနဲ့ပါ အချေအတင်ဖြစ်ပြီးနောက်ဆုံး အဲဒီအုပ်ဆောင်း ပြန်ပေးခဲ့ရလို့ ဒေါက်တာ တင်မျိုးဝင်းကို အခဲမကြေ ဖြစ်နေ သူပါ။ နောက်ပိုင်းမှာ ထောင်ပိုင်လေး ဦးပြုံးချိုဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
ကျနော့်ကိုလည်း အခန်းထဲကထုတ်၊ ခေါင်းစွပ် စွပ်၊ လက်ထိပ် နောက်ပြန်ခတ်ပြီး မိုင်ဝက်နီးပါးလောက်ရှိတဲ့ မြေလမ်းအတိုင်း ထောင် ဘူးဝ နားက အချုပ်ရုံးရှိရာကို အတင်းဆွဲခေါ်သွားကြတယ်။ တလမ်းလုံးလည်း ထောင်ဝန်ထမ်းတွေက ထိုးကြိတ်၊ ရိုက်နှက် ကြပါတယ်။ ပြီးတော့ အချုပ်ရုံးနားက ကွက်လပ်တခုမှာ ခဏဝမ်းလျားမှောက်ထားပြီး ခြေချင်းခတ်လိုက်တယ်။
ကျနော့်လိုပဲ အခန်းတွေထဲက ဆွဲထုတ်၊ ထိုး ကြိတ်၊ ရိုက်နှက်လာခဲ့သူတွေလည်း အဲဒီမှာရှိနေ သံတွေကြား ရတယ်။ ခေါင်းစွပ်တွေကို ဖြုတ်မပေးတော့ အပြင်မြင်ကွင်းကို မမြင်ရဘူး။
အချုပ်ရုံးရှေ့ကနေ ခြေချင်းခတ်ပြီး မိန်းဂျေးလ် အဝိုင်းနား ပြန်ခေါ်လာပြီး မိန်းဂျေးလ် ပတ်လည် မြေနီဂဝံခဲ လမ်းပေါ် ဝမ်းလျား မှောက်ခိုင်းပြီး ထောင်ဝန်ထမ်းတွေက သစ်သားတုတ်တွေ၊ ဂန်းပိုက် လို့ခေါ်တဲ့ မီးသတ်ပိုက်တွေ၊ ရော်ဘာတုတ်တွေနဲ့ ရိုက်၊ စစ်ဖိနပ် တွေနဲ့ ကန်ကျောက်၊ တန်းစီ ဝမ်းလျားမှောက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျောပြင်တွေပေါ် ထောင်ဝန်ထမ်းတွေက တက်ခုန်ရင်း ရိုက်နှက်၊ ခေါင်းစွပ်စွပ်ထားတဲ့ ဦးခေါင်းကို ဖိနပ်နဲ့ နင်းခြေပြီး ရက်စက်မှုအပေါင်းနဲ့ သရဖူဆောင်း ခဲ့ကြတယ်။
“ကြောက်ပြီလားကွ”လို့အော်ပြီး ရိုက်နှက်ချက် တွေကြားမှာ မကြောက်ဘူးလို့ ပြန်အော်သံတွေ ထွက်ပေါ်ခဲ့တယ်။
ကျနော့်ဘေး ရှိနေသူတွေထဲမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျ ဆိုရင် “မကြောက်ဘူးကွ”လို့ အော် သံ နက်ကြီးကို အကြိမ်ကြိမ် အော်ဟစ်လို့ သူ့ဆီကို ဝန်ထမ်းတွေ စုပြုံသွားပြီး ရိုက်ကြတာ ကြားနေရတယ်။
ဒီလို ရိုက်နှက်သံတွေကို“စာဥ”သီချင်းသံနဲ့ ဖုံးလွှမ်းထားတယ်။ ဒါကြောင့် “စာဥ”သီချင်းသံ ကြားတိုင်း အလိုလိုနေရင်း မကြားချင် စိတ် နဲ့ အတူ အတိတ်အနာဟောင်းတွေ အသစ်ဖြစ်တဲ့ ခံစားမှု ဖြစ်ပေါ်လာတတ်တယ်။
ရိုက်နှက်မှုတွေက များလွန်းတော့ နောက်ပိုင်းနာကျင်မှုမဖြစ်တော့ဘဲ ထုံသွားသလိုခံစားခဲ့ရတယ်။ အဲဒီလို ရိုက်နှက် နှိပ်စက်နေချိန် မှာ ယောက်ျားမာနနဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ထောင်ဝန်ထမ်းတွေက လုပ်ကြတယ်။
ဒါကတော့ ကျနော်တို့ရဲ့ အမည်နာမရှေ့မှာ“မ”တပ်ခေါ်ပြီး“ရှင်”လို့ ထူးခိုင်းတယ်။ “မ —- –”လို့ ထောင်ဝန်ထမ်းက ခေါ်ရင်“ရှိ”လို့
ဖြေရမယ့်အစား အမျိုးသမီးတွေ ဖြေသလို “ရှင်” လို့ ရိုက်နှက် နှိပ်စက်ရင်း ထူးခိုင်းတာပါပဲ။
နိုင်ငံရေး အကျဉ်းသားတွေကလည်း မာနကိုချိုးနှိမ်လိုတဲ့ ထောင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်ကို အန်တုပြီး “ရှိ” လို့ပဲ ပြန်ထူးကြတယ်။ ဒါကြောင့် ရိုက်နှက်မှုတွေက အဆက်မပြတ်တော့ဘူး။ တချို့ဆို အသံတောင် မထွက်တော့။
အဲဒီလို အကျဉ်းထောင်သမိုင်းမှာ အကြီးမားဆုံး ထောင်တွင်းဖိနှိပ်မှုကြီးနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဝိုင်းရိုက်နှက်နေစဉ်မှာ အဲဒီ အချိန်က အင်းစိန်ထောင် ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးကြည်က အကျဉ်းသားတွေရဲ့ ရင်ဘတ်ကိုနားကြပ်နဲ့စမ်းပြီး “မသေနိုင် သေးဘူး၊ ရိုက်လို့ရသေးတယ်”လို့တောင် ပြောပါတယ်။
ဆရာဝန်တဦး ဖြစ်ပေမယ့် အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်ခွင့်၊ ဆေးပညာနဲ့ လူသားတွေကို ဒုက္ခပေးခဲ့တဲ့ ဒေါက်တာ စိုးကြည်ကို နောက်ပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနက သူကောင်းပြုတဲ့ ဆုတံဆိပ်ကိုတောင် ချီးမြှင့်ခဲ့ပါသေးတယ်။
ဒဏ်ရာတွေဗရပွနဲ့ ကျနော့်လည်း အဆက်မပြတ် ဝိုင်းရိုက်နေတဲ့ ဒဏ်တွေကို ဆက်လက်ခံနိုင်စွမ်း မရှိတော့ဘူး။ ဒီတော့ ရိုက်နှက် ညှဉ်းပန်းမှုတွေ ရပ်တန့်သွားဖို့အတွက် ဇောချွေးပြန်အောင် စဉ်းစားပြီးနောက်ဆုံး အဖြေတခု ထွက်လာတယ်။
“မ —-”လို့ ထောင်ဝန်ထမ်းက ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ရင်း ခေါ်လိုက်တဲ့အခါ ကျနော် က “ရှိ” နဲ့ “ရှင်” အကြား “ရှိန့်” လို့ ထူးလိုက်တယ်။ အဲဒီမှာ ကျောပြင်နဲ့ ဦးခေါင်းအပါအဝင် တကိုယ်လုံးအပေါ် အဆက်မပြတ် ရိုက်ချက်တွေ ရပ်တန့် သွားတယ်။ ။
ဆက်လက်ဖော်ပြပါမည်။